Monday, April 30, 2012

မဖွဲ့လိုက်ရတဲ့ စာတစ်ပုဒ်

ရွက်ဝါတွေ ကြွေကျနေတဲ့ လမ်းဆုံပေါ်မှာ ခြေအစုံကိုရပ်မိတော့ သတိရ လွမ်းဆွတ်စိတ်တို့က ရင်ဝဆီတိုးဝှေ့ ဝင်ရောက် လာကြတယ်..။ လမ်းမကြီးတစ်ခုလုံး ရွက်ဝါတွေ ခင်းထားလိုက်တာများ ညိုဝါဝါပျိုးခင်းကြီး တစ်ခုလိုပါပဲ...။ အက်ကွဲကွဲ ရှတတ အရသာ တစ်ခုကို ခံစားလိုက်ရတယ်။ ခပ်လှမ်းလှမ်းဆီမှာ ရွက်ခြောက်တွေနဲ့ ဖုံးအုပ်နေတဲ့ ခုံတန်းလျားတစ်ခု... လွမ်းဆွတ်ဖွယ် ပန်းချီကားလေး တစ်ချပ်အတိုင်း အထီးကျန်စွာ လှပလိုက်နေရဲ့..။

ကားတွေ ဖြတ်သွားဖြတ်လာ မရှိတဲ့ ဒီလမ်းဆုံလေးက ဟိုး... အရင်တစ်ချိန်တုန်းကလို မပြောင်းလဲ..။ ခြောက်သွေ့ တိတ်ဆိတ် ငြိမ်သက်ဆဲ..။ နွေဦးရဲ့လေရူးတွေက ဝတ်ထားတဲ့ အင်္ကျီအဖြူလွလွလေးကို ဆော့ကစား ကြည်စယ်နေတာကရော ရာသီ အပြောင်းရဲ့ ပုံသေကားချပ်တစ်ခုကို အဓိပ္ပါယ် လှစ်ဟပြနေသလိုမျိး...။

တစ်ဖြူးဖြူး လေသံတွေကို ကဗျာတစ်ပုဒ်လို ဖတ်ချင်လာမိပြန်ပြီ..။ ကျွန်မ လက်ထဲမှာရှိနေတဲ့ လက်ကိုင်ဖုန်းရဲ့ ပါဝါကို ပိတ်လိုက် တယ်..။ လေတိုးသံတွေကလွဲလို့ တခြားအသံတစ်ခုရဲ့ နှောက်ယှက်မှုမျိုး မလိုလားမိတာ အမှန်ပါ..။ ဒီလမ်းဆုံမှာ အထပ်ထပ် ချဖူးတဲ့ ခြေရာလေးတွေအကြောင်း ခေါင်းထဲရောက်လာပြန်တယ်..။ လမ်းဆုံမှာ ဘဝမဆုံခဲ့တဲ့ လူနှစ်ယောက် ကရော... ဘဝကိုယ်ဆီကို ဘယ်လိုအနေအထားတွေနဲ့ ဘယ်လိုလမ်းတွေ ပေါ်မှာများ လျှောက်လို့နေကြပြီလဲ..!!

သေချာတာ ကတော့ အဲ့ဒီလူသားနှစ်ယောက်ထဲက တစ်ယောက်- ဒီလမ်းဆုံပေါ်မှာ အခု... လက်ရှိရပ်နေမိခြင်းပဲ မဟုတ် လား..။ ရင့်ကျက် လာသလိုနဲ့ မရင့်ကျက်သေးတဲ့ စိတ်ကို သတိပြုမိချိန်မှာ ကလေးမငယ်ငယ်လေး တစ်ယောက်လို ကျွန်မ ကိုယ် တိုင် ဟက်ဟက်ပက်ပက် ရယ်ချင်လာပြန်ရော...။ ဆည်းဆာရဲ့ တောက်ပနေတဲ့ နေခြည်က ညိုဝါဝါ ရွက်ဟောင်းခင်း ကို ရွှေရောင်တင်ပေး လိုက်သလို ဝင်းဝါလို့ လှပလွန်းလိုက်တာ..။


အခုလို ရာသီရောက်တိုင်း ရာသီစာ ကဗျာ တစ်ပုဒ်ကို ဖတ်ဖို့ လာခဲ့ဖူးတဲ့ နှစ်တွေ တောင် ထပ်တိုးလို့ လာခဲ့ပေါ့...။ ဒီနှစ်တော့ ဒီနေရာလေး အရောက် ကျွန်မ စိတ်တွေ ပိုပြီး ထူးခြား လို့ နေခဲ့တာပါ။ ကဗျာ ဖတ်ရင်း စာရေးချင် လာတဲ့ စိတ်တွေနဲ့ မွတ်သိပ် လို့ နေလိုက်တာ များ...။ အတွေးတွေ ထဲမှာပဲ စာနိဒါန်းကို အစပျိုး လိုက်ခဲ့မိ..။ ကျွန်မ ဆံနွယ်တွေ လိုပဲ စကားလုံး တွေက ဖရိုဖရဲ နဲ့ လူးလွန့်တက် လာခဲ့ပေါ့..။  လှပ သေသပ် တဲ့ စာ တစ်ပုဒ် ဖြစ်လာဖို့ အထိတော့ ကျွန်မ ပိပိရိရိ ရေးနိုင် လိမ့်မယ် မထင်..။

ဒီလိုနဲ့ပါပဲ တွေးရင်း၊ ငေးရင်း၊ လွမ်းဆွတ် ရင်း၊ မျက်လုံးတွေ က ဘာမှ ထင်ကျန်မနေတဲ့ ခြေရာတွေ နောက်- ထပ်ချပ်မခွာ လိုက်ရင်း၊ လေရူးတွေ ဆော့မြူးနေ တာကို ကြည်နူးရင်း၊ သူတို့တွေ ပေးဖတ်တဲ့ ကဗျာ တွေကို တစ်ရွက်ပြီး တစ်ရွက် လှန်ရင်း ပါပဲ..။ ကျွန်မ အတွေးထဲမှာ စရေးထားတဲ့ နိဒါန်းတွေက ရုတ်တရက်နဲ့ အငွေ့ပျံ ထွက်ပြေး သွားကြ တယ်..။ သူတို့လေးတွေ ငွေ့ရည် ဖွဲ့ပြီး ပြန်ရောက်လာတာကတော့ ကျွန်မရဲ့ မျက်ဝန်းတွေဆီကိုပါပဲ..။ နေဝင် ဆည်းဆာရဲ့ ရီဝေဝေ ပုံရိပ်က မျက်ရည်ကြည်တွေနဲ့ လဲ့ပြီး ပိုလို့ လှပ ပြည့်စုံ လာသလို...။

ကျွန်မ ငြိမ်သက်ခြင်း နဲ့ ဖျော့တော့တော့ အသက်ရှုနေမိရဲ့..။ ရွက်ခြောက် တွေပေါ်ကို ညင်ညင်သာသာ နင်းလျှောက်ရင်း ခုံတန်းလေးဆီကို တရွေ့ရွေ့။  ခုံတန်းထောင့်လေး ပေါ်က သစ်ကိုင်းခြောက်လေး ကို လက်လေးတစ်ဖက်နဲ့ ဖယ်ထုတ်ရင်း ခပ်လျော့လျော့ ထိုင်ချလိုက်မိပါတယ်။ ဝန်းကျင်တစ်ခု လုံး လေတိုး သံတွေက လွဲလို့ အရာရာဟာ ပကတိ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းလို့ပေါ့..။ အငွေ့ပျံသွားတဲ့ နိဒါန်းကို စာပြန်စီရင်း နောက်တစ်ကြောင်းကို ထပ်စတော့... ခပ်နွဲ့နွဲ့ ရယ်သံလေး တစ်ချို့က နွေလေညှင်းနဲ့အတူ ကျွန်မနားဝဆီ တိုးဝင် ရောက်ရှိ လာခဲ့ပါတယ်..။

ကျွန်မ လှမ်းကြည့်မိလိုက်တယ် ဆိုရင်ပဲ......။ ကောင်မလေး တစ်ယောက် ခိုးခိုး ခစ်ခစ်လေး ရယ်မောလို့.. ကောင်ကလေး တစ်ယောက်ကလည်း ကောင်မလေးရဲ့ လက်ကလေး ကို ကြင်ကြင်နာနာ ဆုပ်ကိုင်ထားလျက်..။ ကောင်လေးရဲ့ နဖူးပေါ်မှာ ဆံနွယ် ခပ်ပျော့ပျော့တွေက ဝေ့ဝေ့ ဝဲဝဲလေး...။ ကောင်မလေး မျက်နှာ တစ်ခြမ်းကိုတော့ ဆံနွယ်ရှည်တွေ ဖုံးအုပ်ထားတယ်။ ကောင်မလေးမျက်နှာပေါ်မှာ ဖုံးအုပ်နေ တဲ့ ဆံပင် ရှည်တွေ ကို ကောင်လေးက သပ်တင်ပေးတော့ ကောင်မလေးက ခေါင်းကိုရမ်းခါလို့ ဆံနွယ်တွေကို ပို ရှုပ်သွားအောင် လုပ်ရင်း ကြည်စယ် စနောက်လို့နေပါတယ်..။

ကိုယ်စီ မျက်ဝန်းလေးတွေထဲမှာ နုနယ် ဖြူစင်ရှင်းသန့်ခြင်းတွေက အတိုင်းသား...။ သူတို့ ကို လှမ်းကြည့်ရင်း ကျွန်မ နူးနူးညံ့ညံ့ရင်ခုန် ကြည်နူးလာခဲ့ပေါ့...။ ကောင်မလေး ပုခုံးပေါ်က လျှောကျလု လွယ်အိပ်လေးကို ကောင်လေးက ပြန်တင်ပေးရင်း.. နဖူးလေးကို ငုံ့အနမ်း.. ခေါင်းငုံ့ တိမ်းရှောင် လိုက်တဲ့ ကောင်မလေးရဲ့ မျက်နှာလေးကို ကောင်လေးက စိုက်ကြည့်ရယ်မောလို့..။ အနမ်းလေးအစား နဖူးကို လက်သီးဆုပ်လေး နဲ့ ဖွဖွလေးတို့ထိရင်း ကြည်စယ်နေပြန်သေးရဲ့...။ ကောင်မလေးက ခြေဖျားလေးကို ထောက်- ခေါင်းလေး ကို မော့ရင်း ကောင်လေးရဲ့ နားတစ်ဘက် အနားကပ်ပြီး တစ်စုံတစ်ရာ အပြောမှာ... ကောင်လေးက ရယ်သံကိုဖြတ်ချတယ်...။

အဲ့ဒီနောက် ကဗျာလေး တစ်ပုဒ်ကို တိုးတိုးလေး ရွတ်ပြ နေပေါ့..။ သူတို့ မျက်နှာလေးတွေမှာ သွက်လက် ဖြူစင်မှုတွေ နဲ့ ငြိမ်းချမ်းလိုက်တာ..။ ကောင်လေးရဲ့ ကဗျာရွတ်သံကို နားထောင်နေတဲ့ ကောင်မလေးက မျက်လုံးလေးတွေကို ဖွဖွလေး မှိတ်ထားတယ်..။ ကဗျာလေး ရွတ်အပြီး ကောင်လေးက ကောင်မလေးရဲ့ လက်ဖဝါးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်တော့ ကောင်မလေးက လက်ကလေး ကိုရုန်းရင်း.....

"နောက်တစ်ခေါက် ထပ်ရွတ်ပြ.."

ကောင်လေးက ချစ်စနိုးမူဟန်နဲ့ မျက်မှောင်ကျုံ့ရင်း ကောင်မလေးမျက်နှာနားကို ဝေ့ကျလာတဲ့ ရွက်ဝါလေးတစ်ရွက်ကို လှမ်းဖမ်း လိုက်တယ်..။ ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို တယုတယဖြည်ချရင်း ရွက်ဝါလေးကို ကောင်မလေးလက်ထဲ ထည့်ပေး လိုက်ပြန် တယ်..။  ကောင်မလေးရဲ့ တိုးဖွဖွ အသံ ချိုချိုလေးတစ်သံ သူ့ နှုတ်ခမ်းပါးလေးတွေဆီက ခုန် ထွက်ကျ လာတယ်..။

"သိပ်ချစ်တာပဲ..."

အိုး... ဒီအသံတွေ နဲ့ ဒီပုံရိပ်လေးတွေကို ကျွန်မရင်းနှီး နေလိုက်တာ..။ အာရုံ ထပ်စိုက်ရင်း သေချာနားထောင်မိတော့...
ကျွန်မ..!! ဟုတ်တယ်.. ဒါကျွန်မရဲ့ ရယ်သံတွေ..။ သေချာပါတယ် ဒါဟာ ကျွန်မကိုယ်တိုင်ရဲ့ ရယ်သံတွေနဲ့ ကျွန်မပါပဲ..။ လွယ်အိပ်လေး ကရော ကျွန်မရဲ့ လွယ်အိပ်ကလေး..!! ကောင်မလေးရဲ့ ဆံနွှယ်တွေ..!! အို.. ကျွန်မဆံနွယ်တွေပဲ မဟုတ်လား...!!

"မောင်က အများကြီး ပိုပါတယ်..."

ဟင်..!! ဒါ... ဒါဟာလည်း... သူ... သူ့အသံ..!! သူ့အသံလေး..!! နွေးထွေးနူးညံ့ ချိုသာလိုက်တာ..။ သူ့လက်ချောင်း ရှည် သွယ်သွယ်လေး တွေ... သူ့ဆံပင် ပျော့ခွေခွေလေးတွေပဲ မဟုတ်လားကွယ်..။


"မောင်တို့တွေ ဘယ်တော့မှ မခွဲကြဘူးနော်.."


ကျွန်မနားအစုံ ကို လက်ဖဝါးနှစ်ဖက်နဲ့ ဖိအုပ်ပြီးခေါင်းကို ခပ်ကြမ်းကြမ်း ရမ်းခါလိုက်ပေမဲ့.. သူတို့ အသံလေးတွေကို ကြားနေ ရဆဲ...။ ကျွန်မကို ငြင်းပယ်ခွင့်ပြုကြပါ..။ ကျွန်မ လက်မခံ ပါရစေနဲ့..။ ဟင့်အင်း.... ကျွန်မ ဘေးနားက ထွက်ခွာ သွားကြပါ..။  အသံလေး တွေရယ်.. ကျွန်မဆီ မလာကြပါနဲ့..။ 

"ဒီလမ်းဆုံလေးပေါ်မှာ ဖိုးဖိုးဖွားဖွားတွေ ဖြစ်တဲ့အထိ မောင့်... လက်ကိုတွဲရင်း နေ့တိုင်းလျှောက်မှာပေါ့..."

ကျွန်မ မျက်ဝန်းတွေ ကို တင်းနေအောင်ပိတ်ရင်း.. ခေါင်းငုံ့ပြီး ရှိုက်ကြီးတငင် ငိုအချမှာ- ဆည်းဆာကို အမှောင်တွေက ဝါးမျို လို့...။ ခပ်ရင့်ရင့် နွေလေရူးက ကျွန်မ ရှိုက်သံတွေကို သူနဲ့အတူ ဆွဲခေါ်သွားပြန်တော့ ရော်ရွက်ဝါတွေက လွမ်းချင်းတစ်ပုဒ်ကို ဟစ်အော် သီကျူးရင်း ကခုန်ကြတယ်...။ ဒါတွေအားလုံးဟာ ကောင်းချီးပေးသံလား..!! နှလုံးခုန်သံတွေကို တစိမ့်စိမ့် ရက်ရက်စက်စက် ဆွဲထုတ် ပြစ်လိုက်သံတွေ များလား..!!

အိုးး ဘာဆို ဘာမှ မသိလိုတော့တာပါ..။ ထားခဲ့ကြပါ..။ သွားကြပါ..။ ကျွန်မကို ထားသွားကြ ပါတော့..။ ကျွန်မ တစ်ယောက်တည်း နေနေပါရစေနော်..။ အသံတွေ အားလုံး ဆိတ်ငြိမ်သွားခဲ့ပါပြီ...။ ကျွန်မ ကျေနပ်သွားပါသလား..!! ကျွန်မကိုယ် ကျွန်မ ဘာမှ မသိလိုက်..။  ဘယ်လို အသံမျိုး မှ မရှိတော့ချိန်ဟာ ကျွန်မရင်အစုံ၊ နားဝတစ်စုံထံကို  အကျယ်လောင်ဆုံး အဖြစ်နဲ့ ရောက်ရှိလာလိမ့်မယ်လို့ ကျွန်မ မသိခဲ့ခြင်း ပါပဲ...။ တကယ်တော့... တိတ်ဆိတ်သွားမှုနဲ့ ဒွန်တွဲကပ်ပါလာတဲ့ ပုံရိပ်လေးတွေက အခုမှ အရှိန်အဟုန် ပြင်းပြင်းနဲ့ တရိပ်ရိပ် ထပ်မံ တိုးဝှေ့လို့ လာနေပေါ့...။

ရွက်ဝါကြွေတွေနဲ့ အလှဆင် ခင်းကျင်းဖွဲ့သီထားတဲ့ ဒီလမ်းဆုံမှာ ရစ်ဝဲနေတတ်တဲ့ ဝိဉာဉ်တွေ အကြောင်းကို ဆည်းဆာကတောင် ရိပ်မိနိုင်မယ် မထင်ပါဘူး...။ ပိန်းပိတ်အောင် မှောင်သွားတဲ့ လမ်းပေါ်မှာ- ရွက်ဝါကြွေလေးတွေ တစ်ဖတ်ပြီး တစ်ဖတ်၊ တစ်ထပ်ပြီး တစ်ထပ်ပဲပေါ့..။ ထိုင်သူ မဲ့တဲ့ ခုံတန်းရှည်ပေါ်က ရွက်ဝါလေးတွေက ကြေကြေကွဲကွဲ ဟောင်းနွမ်းလွန်းလှပြီ..။

ဒီလိုပါပဲ.. ကျွန်မရင်ထဲက မဖွဲ့ဖြစ်လိုက်တဲ့ စာလေးတစ်ပုဒ်ကလည်း အစဉ်အမြဲ  လတ်ဆတ်ခြင်းတွေနဲ့ ခြောက်သွေ့ ဆွေးမြည့် လို့...။



 (ခင်လေးငယ်)

2 comments:

Anonymous said...

တင်ထားတဲ့ပုံလေးကိုမြတ်နိုးတယ်။အမည်မသိခံစားမူတရပ်ရင်ထဲမှာနှောင်ဖွဲ့လာခဲ့ပြီးတဲ့နောက်..ဒီနေရာ..ဒီခုံကလေး...မှာ...အတူထိုင်ခဲ့တဲ့လက်တွဲဖေါ်ဘယ်ရောက်သွားပြီလဲလို့ တွေးနေမိပြီ။
အပြစ်ရှိလို့ထားခဲ့တာလား..အပြစ်ရှာလို့ထားခဲ့တာလား...ဘယ်လိုဘဲဖြစ်ဖြစ်...ထားခဲ့လဲ..သူသတိရနေမှာပါ..။။

khin thaung said...

တင်ထားတဲ့ပုံလေးကို...နှလုံးသားထဲက..တရှိုက်မက်မက်..ခံစားတွယ်တာမိတယ်..။ဒီခုံလေးပေါ်မှာ..ချစ်သူကို
( တက္ကသိုလ်ကျောင်းကငွေလမင်း)သီချင်းကိုဆိုပြခဲ့ဘူးတယ်..။သိနေတာက...မဆုံနိုင်ဘူးဆိုတာကိုပါဘဲ...
ချစ်ချြင်းတရားမှာ ဆုံနိုင်ခြင်း/မဆုံဖြစ်နိုင်ခြင်းက အဓိကမဟုတ်ဘဲ..နှလုံးသားချင်းထပ်တူသိနေဘို့အဓိကဖြစ်ကြောင်းခံစားမိတယ်။ဒီမိုးမြေအောက်မှာ အတူရှိနေ
သရွေ့........သူသတိရနေမယ်ဆိုတာယုံကြည်တယ်..။ဒါလေးနဲ့ဘဲကျေနပ်ပါတယ်...။
ခုချိန်ထိ..သတိရနေလျက်ပါဘဲ...။