သူ.. နှင့် ပါတ်သက်နေရသမျှ (သို့မဟုတ်) ထွေလီကာလီလေးများ ~
-
နှင်းဟာ
စကားလေး တစ်စွန်းတစ်စကို လေကြုံပါးခဲ့ပုံပါဘဲ။ ထိုနေ့ဟာ တစ်နေကုန်
နေရောင်ကို မမြင်နိုင်ခဲ့တဲ့နေ့။ လမ်းတွေတိုင်းဟာ ခပ်မှိုင်းမှိုင်း။
အဲ့ဒီလမ်းတွေပေါ်မှာ ကျွန်မ လမ်းလျှောက်နေခဲ့တယ်။
နှင်း စကားကို ကျွန်မနားနဲ့ လွတ်လွတ်လပ်လပ်၊ လျောလျောရှုရှု ကြားနာယူဖို့ မဖြစ်နိုင်ခဲ့တဲ့နေ့ ဆိုပါတော့။
နားဟာ
သူ့ခန္ဓာရုပ်ကို ပီသစွာ ဂုဏ်ဖော်ပြသခြင်းငှာ မစွမ်းဆောင်နိုင်ခဲ့တဲ့
နေ့လည်း ဖြစ်ခဲ့ပါတယ်။ ပန်းနုရောင်ကွပ်ထားတဲ့ မီးခိုးရင့်ရင့် သိုးမွှေး
အရံအကာတွေနဲ့ နားလေးတစ်စုံဟာ သနားစရာလေးပါ။
နောက်ဆုံးမှာတော့ နှင်းပါးလိုက်တဲ့ လေကြုံစကားကို နားဟာ အောင်မြင်စွာ ကြားနိုင်သွားခဲ့ပါတယ်။ နှင်း စကားလေးက တစ်ခွန်းတည်းရယ်ပါ။
“ဆောင်းဟာ ချမ်းနေတယ်....” တဲ့။
နှင်းရဲ့စကားသံဟာ
နားလေးကတစ်ဆင့် ကျွန်မ နှလုံးသား တစ်စုံထဲအထိ “စိမ့်” ကနဲ
တိုးဝင်သွားခဲ့ပေါ့။ ကျွန်မကိုယ် ကျွန်မလည်း သနားမိသွားပါတယ်။
အရိုးရှင်းဆုံး ဝန်ခံပါ့မယ်။
“အဲ့ဒီနေ့မှာ ကျွန်မ.. အေးခဲနေခဲ့ပါတယ်..”
~ တစိမ်းမဟုတ်သော.. ~
ဒီနေ့
သူ့ကို ကျွန်မတွေ့ရလိမ့်မယ်လို့ တကယ် မသိခဲ့ပါဘူး..။ ဖြတ်ကနဲ
ကျွန်မပါးလေးကို သူလာနမ်းခဲ့တယ် ဆိုပါတော့..။ သူ့နှုတ်ဆက်ခြင်းလေးကြောင့်
အံ့သြတကြီး ရှက်စနိုးဖြစ်သွားတဲ့ အသိလေးနဲ့ သူ့ကို မော့ကြည့်လိုက်မိတယ်။
“မင်း သိပ်နေနိုင်တာပဲ..”
“အို.. ကျွန်မတို့ မတွေ့တာ သိပ်ကို ကြာနေခဲ့ပြီပဲနော်”
သူ ကျွန်မကို မျက်စောင်းထိုးပါတယ်။ ကျွန်မကို စကားနာထိုးဖို့ သူ့နှုတ်ခမ်းလေး ခပ်စစ လှုပ်ခတ်လာပေါ့။
“ကိုယ့်ကို မေ့ထားတယ်ပေါ့”
“ကျွန်မ ဝန်ခံပါတယ်.. ဟုတ်တယ်.. ကျွန်မ မေ့နေခဲ့ပါတယ်”
“ကိုယ်တို့ နောက်ဆုံးတွေ့ခဲ့ ကြတဲ့နေ့ကိုကော.? ”
“ဟင့်အင်း... ကျွန်မ မမှတ်မိဘူး”
သူ ကြည်ကြည်လင်လင်လေး ပြုံးပါတယ်။
“ဒါဆို ကိုယ် အစဖော်ပေးရတော့မှာပေါ့..”
“......”
“အဲ့ဒီနေ့က မင်းရေးခဲ့တဲ့ စာလေး ကိုယ် ခုထက်ထိ အမှတ်ရနေမိဆဲ..”
“အို...”
“သူများတွေ
လက်ဆောင်လှလှလေးတွေဖလှယ်၊ ချော့ကလက်လေးတွေ အပြန်အလှန်ခွန့်ကျွေး
ကြည်နူးနေကြချိန်မှာ ကိုယ့်မှာတော့ ရှာမီးသကြားလုံးတောင် မရပါလား.. လို့
ရွှတ်နောက်နောက်လေး မင်းရေးခဲ့တယ်နော်”
“အို့ အို... ကျွန်မ မှတ်မိပြီ”
ဟက်ဟက်ပက်ပက်လေး
ကျွန်မ ရယ်ချလိုက်မိပါတယ်..။ ဟုတ်တယ်.. သိပ်ဟုတ်တာပေါ့။ ကျွန်မနဲ့ သူ
နောက်ဆုံး အကြိမ်အဖြစ် တွေ့ခဲ့.. အလုအယက်နဲ့ စကားတွေ တဝကြီး ပြောခဲ့ကြတာ..
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တစ်ဆယ့်လေးရက်၊ (ဗယ်လင်တိုင်းနေ့) လေးမှာပေါ့။
“မင်း အတော်ဆိုးတယ်..”
“ဟင့်အင်း..”
သူနဲ့
ကျွန်မ ဟိုးအရင်နှစ်က အချိန်လေးတွေထဲက အတိုင်း အပြန်အလှန် ရယ်မော စနောက်
လို့ပါ။ ကျွန်မတို့ သိပ်ကို ရင်းနီးနေကြဆဲ။ ကျွန်မနဲ့သူ့ရဲ့ ဆက်ဆံမှုလေးတွေက
ဘာမှ မပြောင်းလဲသေးဘူးပဲကွယ်..။
“ကျန်းမာရေးကို ဂရုစိုက်.. ကိုယ် ဒီတစ်ခုလေးပဲ မှာချင်တယ်”
“ဟုတ်ကဲ့.. ကျွန်မ မေ့ထားမိတာတွေကို တောင်းပန်ပါတယ်နော်..”
“လွတ်လပ်ကြည်ရွှင်စွာ မင်း ပျော်နေဖို့ကိုပဲ ကိုယ်ဆုတောင်းပါတယ်”
“ကျွန်မကို နားလည်ခွင့်လွှတ်ပါနော်.. ကျွန်မ သွားတော့မယ်”
သူ့ကို
တောင်းပန် နှုတ်ဆက်ရင်း ကျွန်မ ခြေလှမ်းလေးတွေ ချိုးကွေ့လိုက်ကာ
အဆောက်အဦတစ်ခုထဲကို ဝင်ခဲ့လိုက်ပြီ။ လမ်းခွဲနှုတ်ဆက်လိုက်ပေမဲ့ အတွေးမှာ
ထပ်တူ ငြိတွယ် ကပ်ပါလာတာ သူပါဘဲ..။ သူ မရှိတော့မှန်း မကြားနိုင်တော့မှန်း
သိနေပါရက်နဲ့ တိုးဖွဖွလေး ကျွန်မ တောင်းပန်နေမိဆဲ..။
ကျွန်မကို
ခွင့်လွှတ်ပါ “နှင်း” ရယ်.. “နှင်း” ကို ကျွန်မ သိပ်ချစ်ပါတယ်။ “နှင်း” နဲ့
တစ်နှစ်တာ ခွဲခွာနေရပြီး ဒီနေ့ ပြန်တွေ့ရမယ် ဆိုတာလေးလောက်တော့ ကျွန်မ
ကြိုသိထားသင့်တာပေါ့နော်..။
ဟုတ်တယ် “နှင်း” ရဲ့။ ကျွန်မလေ.. ကျွန်မ..!!
မိုးလေဝသ သတင်း မကြည့်ဖြစ်တာ သိပ်ကို ကြာနေခဲ့လို့ဆိုတာ သိခဲ့ရင်.. ကျွန်မကို “နှင်း” ခွင့်လွှတ်မှာ အသေအချာပါကွယ်။
(ခင်လေးငယ်) 2012/ 01/ 20
~ သူ.. ဆိုးတဲ့ နေ့ ~
သူ.. ဒီနေ့ သိပ်ဆိုးပါတယ်..။ သူနဲ့ တိုက်ရိုက်ထိတွေ့လို့ရတဲ့ နေရာလေးက တကယ့်ကို ဘာဆိုဘာမှ မပြောပလောက်လေးရယ် ~
မျက်ခုံးနှစ်ခု
အောက်က မျက်လုံးလေးနှစ်လုံး.. ပြီးတော့ ပါးလေး နှစ်ဖက်ရယ် ဒါပဲ
ရှိခဲ့တာ..။ နှုတ်ခမ်းလေးတွေတောင် အကာအကွယ်နဲ့ ရှိနေခဲ့တာပါကွယ်..
သူ ကျွန်မကို ထိတွေ့ခွင့်ရနေတဲ့ နေရာလေးက အသားလေးတွေ ကြွေကျသွားတော့ မလို ခံစားရအောင်ကို သူ ဆိုးဝါး သောင်းကြမ်း ခဲ့တယ်ဆိုပါတော့...
ဒီည အိမ်အပြန်လမ်းမကြီးကိုတောင် “ကြည်ရွှင်ပျပျ နှုတ်ဆက်ခွင့်မရ” ခဲ့အောင် တကယ်ပါ.. သူ အရမ်း ဆိုးတယ်..
သူ့ကို
မုန်းကြည့်ဖို့ မတတ်တဲ့ ကျွန်မ.. ဒီနေ့တော့ ခဏခဏ (မကြာခဏ)
မျက်စောင်းထိုးရင်း (ခဏခဏ..! မကြာခဏ..!!) အို.. မဟုတ်ပါဘူး.. တစ်လမ်းလုံး
တောက်လျှောက်ပါပဲ..။
မျက်မှောင်ကိုကုတ် ဂြိုလ်ကြည့် ကြည့်ရင်း နောက်ဆုံးတော့ မကျေမနပ် အောင့်သီးအောင့်သက် စိတ်လေးနဲ့ အိမ်အပြန် တစ်လမ်းလုံး... ~
“ -2 °C ” ဆိုတဲ့ သူ့နံမည် ဆိုးဆိုးလေးကိုလည်း ပြောင်းသင့်တာ အသေအချာပဲပေါ့..။
“ဟွန်းးး”
(ခင်လေးငယ်) 2012/ 01/ 28
-
No comments:
Post a Comment