မိုးတွေရွာလာပြန်ပြီ “မေစီ” ရယ်..
လှိုင်းလုံးတွေလို လှိုက်ကနဲ လိမ့်တက်လာတဲ့ အလွမ်းတွေ ကိုယ်မှာ ခြုံပြီး မိုးပေါက်တွေ ကို ကျွန်မ ငေးကြည့်နေဖြစ်တယ်...
သူမနဲ့
အတူတူ ရှိခွင့်ရခဲ့တဲ့ မိုးခြိမ်းသံတွေအောက်က ခုလို
မိုးရွာချိန် မျိုးတွေမှာ ကျွန်မ ဆံနွှယ်တွေကို ဖွဖွလေး ပွတ်သပ်ပေးရင်း
နွေးထွေးတဲ့ သူမ ရင်ခွင်ထဲမှာ ခေါင်းလေး ဝှက်ထားစေခဲ့ သူဟာ “မေစီ” ပဲ
မဟုတ်လား..။
“မေစီ” ရေ... ကျွန်မ သိပ်လွမ်းတာပဲ ~
တစ်ချိန် တစ်ခါ က ကျွန်မညတွေမှာ တိုင်ပင်ဖော် တိုင်ပင်ဖက် တီးတိုးစကားဖော် “သူငယ်ချင်းလေး” ဟာ သူမ ပါ..။
အိပ်မပျော် တဲ့ ကျွန်မညတွေတိုင်းမှာ နူးနူးညံ့ညံ့ အသံလွင်လွင်လေး တစ်ခုကို တမ်းတရလွန်းပါတယ်..။
အိုကွယ် ~ ~
သူမ ဆိုပြနေကျ “လှေကလေးကိုလှော်မည်” ဆိုတဲ့ သီချင်းလေးကို လွှတ်ကနဲ ကျွန်မ ဆိုမိသွား ပါသလား..!!
~ လှေကလေး ကို လှော်မည်~ ဘေးမသန်းဘဲ အေးချမ်းတော့သည်~ မြစ်ကမ်းခြေ ရေနဒီ စိမ်းလဲ့လဲ့ကြည် ~
ဝဲတက်လာ တဲ့ မျက်ရည်တွေ ပါးနှစ်ဖက်ပေါ် စီးကျလာခဲ့ရင်တောင် ကျွန်မ သုတ်ပြစ်မိမှာ မဟုတ်ဘူး “မေစီ” ရယ်.....
ကျွန်မ ဘဝ... ကျွန်မရှင်သန်နေမှု ကမ္ဘာလေး... ထဲမှာ အချစ်ရဆုံး- တလေးတစား အရှိရဆုံး တစ်ဦးတည်းသော အမျိုးသမီးဟာ သူမ ပဲပေါ့..။
ကျွန်မတို့နှစ်ယောက် အပြန်အလှန် သိပ်ချစ်ကြတာပါ..။
ကျွန်မရဲ့ တီးတိုးဖော် သူငယ်ချင်းလေး “မေစီ” ရေ ~ လို့ အမြတ်တနိုး တိုးဖွဖွ ခေါ်နေပါရစေ..။
ကျွန်မရဲ့ ကျေးဇူးရှင် မိခင် လေးစား ချစ်မြတ်နိုးလွန်းရတဲ့ “မေမေ” ရေ ~
သူငယ်ချင်းလေး တစ်ဖြစ်လဲ “မေစီ” ဆိုတဲ့ “မေမေ့” ကို သမီး လွမ်းဆွတ် လိုက်တာ...။
(ခင်လေးငယ်)
No comments:
Post a Comment