Monday, April 30, 2012

အဲဒီ... နှင်းဆီ


နှင်းဆီတွေ ကို ကျွန်မသိပ်ချစ်တာ အရင်ဦးဆုံး ဝန်ခံပါရစေ။ သူတို့ကိုထိတွေ့တိုင်း ဘယ်လိုဂရုစိုက်စိုက်ပါ.. ကျွန်မ ဆူးစူးတတ် တယ် ထိန်းလို့မရဘူး။ တစ်ခါက အဆိပ်အရမ်းပြင်းတဲ့ နှင်းဆီဖြူတစ်ပွင့်ရဲ့ ဆူးစူး ခံခဲ့ရဖူး တယ်။ ကျွန်မ ညာလက်ညှိုးလေး လေးရက် တိတိ ယောင်သွားခဲ့ပါတယ်.. နာကျဉ်တဲ့ ခံစားမှုနဲ့ အတူ အဲ့ဒီ.. နှင်းဆီ ရဲ့ အဆိပ်ပြင်းခြင်းကို ဘဝမှာပထမဦးဆုံး အကြိမ် အဖြစ် မှတ်မှတ်ရရ မမေ့နိုင်စွာ..။

အံ့သြဖို့ ကောင်းတာ က အဲ့ဒီ.. နှင်းဆီ ကို ကျွန်မအရူးအမူး တွယ်တာသွားခဲ့တယ်။ ခုထက်ထိ ပန်းတွေ ဝယ်ဖို့ ပန်းဆိုင် ရောက် တိုင်း အဲ့ဒီ.... နှင်းဆီကို လက်ကလှမ်းနေမိဆဲ.. ဖွဖွလေး မထိတထိကိုင်ရင်း ပြန်ပြန် ချ ထား ခဲ့မိ တတ်သေးပေါ့။ ပန်းဆိုင်တွေ ကို ရောက်သွားတိုင်း ဘာမှ မဝယ်ခင် အဲ့ဒီ.. နှင်းဆီဆီ ရောက်အောင် သွားလို့  ဒူးထောက်..! ထိတွေ့...! ပြန်ချ...! တစ်ခြားပန်း ကို ဝယ်.. ဒီနေ့ ထိတိုင် သံသရာ လည်နေ ဆဲ..။


ဝယ်လိုက်ရင် ပိုပြီးရင်းရင်းနှီးနှီး “ကိုင်တွယ်ဖြစ်မယ်..”  ဒါလည်း သေချာတယ်။ ကိုင်တာနဲ့ ခပ်နက်နက် ဆူးစူး ခံရမှာ အသေအချာ ပဲပါ့။ အစူးခံလိုက် ရမှာကို သိပ်မက်မောနေ မိသူလိုမျိုး ခပ် ကြောင်ကြောင် စိတ်ကူးတွေ နဲ့ ကျွန်မ အမြဲ~~~ ~~~~!! အဲ့ဒီ.... နှင်းဆီက စူးလို့ ထွက်လာမဲ့ အနီရောင် သွေးစတွေ စီးကပ် ခြောက်သွေ့ သွားချိန် အထိ ကျွန်မ ကျေကျေနပ်နပ်နဲ့ ကြည့်လို့ နေချင် မိပြန်သေးတာ... ကြောက်လန့်စိတ် ဆိုတာ တစ်စလေး မှ မရှိတာ အသေအချာ အတိအကျ..။

ဒါပေမဲ့ နှင်းဆီ ကိုတော့ ကျွန်မလုံးဝ မဝယ်ဖြစ် တော့ပါ ဘူး။ အဲ့ဒီ.. နှင်းဆီ” သူ ကျွန်မကို ပေးခဲ့ဖူးတဲ့ ရသကို ဘဝ မှာ တစ်ခါ ပဲ ရင်ထဲမြတ်နိုးစွာနဲ့ တစ်သက် လုံး နက်နက် ရှိုင်းရှိုင်း သိမ်းထား ချင်မိလို့ ဆိုပါရတော့။

“ဒီလိုနဲ့ အဲ့ဒီ.... နှင်းဆီဟာ ကျွန်မ အတွေးတွေ ကို သေချာထည့်ထုပ်ထားတဲ့ အထုပ် တစ်ထုပ် ကို သူ့ လက်တွေ နဲ့ ကိုယ်တိုင် ဖဲကြိုးတစ်စ ချည်တတ် လာခဲ့ တယ်... တစ်ခါတစ်ခါ ကျွန်မ မသိစိတ်ထဲ အထိ အတင်း ဝင်ပြီး ညှို့တတ်ပြန်သေးရဲ့..။” 
သူ အညှို့ခံ ရချိန်တိုင်း လည်း ကျွန်မခြေလှမ်းတွေက ပန်း တစ်ဆိုင် ဆိုင် ကို အလိုလိုကို လှမ်းနေမိရော.. ပန်း ရနံ့ ပေါင်းစုံတဲ့ ဆိုင်မှန် တံခါးကို တွန်းဖွင့်- လှစ်ဟ- ဝင်ရင်း ခြေအစုံက အဲ့ဒီ.. နှင်းဆီ ရှေ့မှာ ရပ်လို့ ခစား..!! အဲ့ဒီ.. နှင်းဆီပေါ့..!!!

“ခပ် တည်တည်နဲ့ သူကိုယ်တိုင်ချည်ထားတဲ့ ဖဲကြိုးကို ဖွဖွဖြည် ရင်း ကျွန်မ အတွေးတွေ ကို ကဗျာတစ်ပုဒ်လို ဖတ်နေတာများ..” ချစ်ဖို့ ကောင်းစွာ ပိုင်စိုးပိုင်နင်းနိုင် လိုက်တာများလေ..။

ကျွန်မ ကိုယ်တိုင် ကကော ဘာထူးလို့လည်း..!! ဖဲကြိုးလေး ပြေကျလို့ သူဖွင့်ထားတဲ့ အထုပ်ထဲကို အတွေး တစ်စ ထပ် ထည့်ပေးခဲ့ တတ်သေး တာပဲ မဟုတ်လား..!! ဒါဟာ ကျွန်မ ချစ်တဲ့ အဲ့ဒီ.. နှင်းဆီဖတ်ဖို့ ကဗျာ တစ်ပုဒ်၊ ဒါမှမဟုတ် စာတစ်မျက်နှာ ထပ်တိုးခြင်းပဲပေါ့..။ ရှိပါစေလေ.. ကျွန်မ ကိုယ်တိုင်က ကျေနပ်ခြင်းတွေ နဲ့ ရင်ဘတ် ထဲမှာ ပြည့်.. သိပ်.. လို့... ရယ်.။။

ဒီမှာ နှင်းဆီ  ~
အတွေးတွေ ချုပ်ထားတဲ့ ကဗျာတစ်ပုဒ်ဟာ
ချိုမြိန်နိုင်မယ် ထင်လား..!!

မရယ်နဲ့ နှင်းဆီ  ~
လှောင်အိမ် ဆိုတဲ့ ကြောက်မက်ဖွယ်ကို
မင်းမှ မသိတာ..!!

လက်ထိပ်နဲ့ အခတ်ခံရမှ ခြေတွေ ထူးခတ်ခံရမှ
သံတိုင်လေးဖက် ကာရံမှ
အချုပ်ကျခြင်း မဟုတ်ဖူးဆိုတာ...!!

အိပ်မက် မဟုတ်တဲ့ နှင်းဆီအိပ်မက်က နိုးထပြန်တော့.. ကျွန်မဘေးမှာ ဖဲကြိုးချည်ထားတဲ့ အထုပ် တစ်ထုပ်..!! အထုပ် ထဲမှာ နှင်းဆီ ရနံ့တွေ ထုံအီနေတဲ့ ကျွန်မအတွေးတွေ ရှိနေတယ်။ အဲ့ဒီ.. နှင်းဆီ..!! မင်း တစ်ဝကြီး ဖတ်ဖို့ လှောင်ပိတ်မွန်းကြပ်နေတဲ့ ကြင်နာမှု ငါ့ကဗျာတွေ ရှိနေတယ်။ အို.. ကျွန်မက ဘယ်လိုပဲ ဖြစ်ဖြစ်ပါ.. အသက် ရှုမဝခြင်းတွေ ကို အသားကျရင်း ဝအောင် ရှုတတ်ဖို့ကို မေ့နေခဲ့တာတောင် နှစ်တွေချို့လို့ ဆွေးဆွေးမြေ့မြေ့။

ဒီမှာ ကျွန်မချစ်တဲ့ အဲ့ဒီ.. နှင်းဆီ..!! ငါ့အတွေး ကဗျာတွေနဲ့ မင်း လှောင်အိမ် ထဲက ငါ့ကို တစိမ့်စိမ့် မင်းငေး၊ ခပ်မေ့မေ့ ငါ့အသက်ရှူသံတွေနဲ့ မင်းကျေနပ်၊ လှုပ်လီ လှုပ်လဲ့ ငါ့သွေးစခြောက်တွေ နဲ့ မင်း ကြည်နူး၊။

ဟော.~ ဟိုမှာ 
နှင်းဆီတွေ တစ်ပွင့် နှစ်ပွင့်..!!

ဟင့်အင်း.~ ~
ပွင့်ဖတ်လေးတွေ တစ်ဖတ် နှစ်ဖတ်..!!

အို.. ဟုတ်တယ်
ဆူးလေးတွေနဲ့
နှင်းဆီတွေ....
နှင်းဆီတွေလေ..။

ကဲ... အဲ့ဒီနှင်းဆီ ကိုယ့် နှင်းဆီရေ   မင်း......  ပျော်...... ပါ.......  စေ...... ပေါ့...။

                                         (ခင်လေးငယ်)

No comments: