Monday, April 30, 2012

သြော်.. ကောင်းလေစွ...





စကားလုံး မရှိတဲ့ နေ့မှာ ကမ်းတွေကပျိုကျလို့ လေတွေက ခပ်ကြမ်းကြမ်း.. တဝုန်းဝုန်းနဲ့..! အသံမဲ့တဲ့ ည မှာတော့ စကားလုံးတွေ ကို ကိုယ်တိုင် ဖြိုချဖြစ်တယ်.. စာတွေအဖြစ်ပေါ့..!! အကောင်းအဆိုးတွေကို တိုင်ပင်ဖော် မဲ့တဲ့ နေ့ညတွေမှာ အရာရာဟာ မှုန်ဝါးမသွားပဲ ပိုပိုထင်းလို့လာနေပြန်တာ မမိုက်ဘူး..!!

“ခဲလေ သမျှ သဲရေကျ ပုလဲမြေခ သြော်..ကောင်းလေစွ...” တဲ့ မောင်မောင်ဇော်လတ်က ဆိုထားတယ်.. ကျွန်မ အဲ့ဒီ သီချင်းကို အရမ်းကြိုက်တယ် ဆိုတာ ရှင်လည်းအသိ.. ရှင်ကရော အခုလိုအချိန် ဘယ်လို သီချင်း မျိုး နဲ့ မွေ့ပျော် လို့ နေပါလိမ့်..!! သိချင် တယ် ဒါပေမဲ့.. မသိချင်ပြန်ဘူး..!!

အပိုင်းပိုင်း အစစ အတွေးတွေက ရောင်စုံ ဖန်ဂေါ်လီလုံးတွေလို ဟိုလိမ့် ဒီကပ်.. အတွေးတွေ အရောင်စုံ.. စိတ်တွေ လည်း ရောင်စုံ.. လွင့်ပျံ့မှုတွေကလည်း ရောင်စုံ.. တိမ်တွေပေါ် ခုန်တက်လိုက်.. မြေကို လျှိုး လိုက်.. ရေပြာပြာ မှာ ငုတ်လျှိုး ကူးခတ်လိုက်.. အမှောင်အတိပြီးတဲ့ စကြဝဠာရဲ့ အမည်းရောင် ကော်ဇော ထက် မှာ နားခို အိပ်စက်လိုက် နဲ့.. ကဲ.. ဘာ ကျန်သေးလဲ...!! ဖြစ်ချင်တိုင်းဖြစ်နေတဲ့ "စိတ်.." ဟူးးးးး.......!!

ယဉ်တယ် ယဉ် တယ် နဲ့ ပြောပြောနေကြတဲ့ ဘန်းစကားက အတွေးမှာလာကပ်တော့ မချိပြုံးတစ်စက လှစ်ကနဲ.. ကလိ သလိုလို သရော် သလိုလို ကိုယ့်အပြုံးနဲ့ကိုယ် အဘိဇ္ဇာတွေပွားလို့.. အပြုံးက အသံ အဖြစ်ပြောင်း လို့ ခပ်အက်အက် ထရယ်မိပြန်ရော.. သြော်.. အရေးထဲ မောင်မောင်ဇော်လတ်က ပြန်ကျော့ နေပြန် ပါပြီ.. "အကုန်ပြည်ဖုံးကားချ.. သြော်... ကောင်းလေစွ..." တဲ့... အဟက်..!!

ဖန်တီးမှု တစ်ခု ဟာ ချိန်းကြိုး တစ်ခုသာ ဖြစ်ခဲ့မယ်ဆိုရင်.. ဆက်ထုံးမရှိဘဲ ကွင်းဆက်တွေနဲ့တင် ကြိုးဖြစ် မလာ ဘူး... ပုံပေါ်လာမဲ့ အရာတစ်ခုဟာ ရင်တွင်းဖြစ် ဟဲန်းမိတ် (လက်ဖြစ်) စစ်စစ် ဆက်ထုံးစစ်စစ်တွေနဲ့ ဆက်ထား တာ.. ဘာမှမဆိုင်ဘဲ တဒိန်းဒိန်း ခုန်လာတတ်တဲ့ ကိုယ့်ရင်ကိုလည်း ခပ်လန့်လန့်.. ကိုယ့်ကိုယ် ကို မှန် ထဲ ငဲ့ကြည့်ဖို့လေး ကို ရင်တွေခုန်နေ ပြန်ပါပကော.. အာ.. မဟုတ်သေးပါဘူး.. ငါ့နှယ်နော်..!!

စိတ်အစဉ် က အရှေ့ကိုယွန်း..၊ အနောက်ကိုပြန်..၊ တောင်ကိုကပ်..၊ မြောက်ကိုနှင်..၊ အနောက်တောင်မှာ ခဏ တန့် ရင်း သက်ပျင်းချ..၊ အရှေ့မြောက်မှာ ရှေ့တစ်လှမ်းတိုး နောက်တစ်လှမ်းပြန်ဆုတ်.. အနောက်မြောက် မှာ ခပ်ပြေပြေ ခြေဆင်း ထိုင်လို ထိုင်..၊ အရှေ့တောင်မှာ အားတွေထပ်ယူ..၊ ဘုရား.. ဘုရား..!! အရပ် ရှစ်မျက်နှာမှာ လုပ်ချင်တိုင်းကို လုပ်နေတော့တာပါလား... ရှုပ်ကုန်ပြီ... ဟေးးး.. ပြန်လာ ခဲ့ ငါ့ ခန္ဓာဆီ..!!

စိတ် နဲ့ ကိုယ် အကပ်မှာ လူက ယိုင်နဲ့နဲ့... အတွေးတွေက ခပ်ထုံထုံ.. နားက ထိုင်းလာသလိုလို.. အမြင် အာရုံတွေ က မှုန်ဝါးနေပြန် ပါရော လား..!! အသံတစ်ခု ထွက်ဖို့ကိုတောင် ကြိုးစားဖန်တီး ယူနေရပြန် သလိုလို.. သက်ပြင်း ကို မှုတ်ထုတ် ဖို့တောင် ဇောချွေးတွေ ပြန်လို့.. မောင်မောင်ဇော်လတ်သီချင်း ပြန်ကျော့ မလာ မှီ မသယ်နိုင် တဲ့ လက်နဲ့ ကဗျာကောက်စပ်... အို.. မပီပြင် လိုက်တာလေ..!!

သောကစေရာ
မနေသာ၍
ပူးတုံခွာတုံ 
စိတ်ထင်ပုံပြောင်း 
အာရုံကောင်းလို့ 
ဖြစ်ကြောင်းစုံသည်
မည်သူမပြု မိမိမှုတည်း..။


ဘာမှ မဟုတ်တဲ့ စာတွေကို အဆက်စပ်မဲ့ ရေးရင်းစာပိုဒ်တွေဖြစ်.. လုပ်ဟ..!! ဒါသည်လည်း စိတ်အလိုပဲ မဟုတ်လေ လား..!! ဒီလိုနဲ့ ဒန် (မော်ဒန်) မကျ.. ဟန်မကျနဲ့ ချဉ်ခြင်းက တက်လာပြန်တော့.. ခပ်ရေးရေး အာရုံခံ လို့ နောက်တစ်ပုဒ် ကို ထပ်ရေး.. ဟားးးး... တကယ် မနိုင်ဘူးတော့ဘူး ဒီစိတ်ရယ်.....!!

ထူးမထူးတော့မသိ
ချဉ်တူးတူးကိုမှ ကြိုက်မိတဲ့အခါ..
ငါ့စိုက်ခင်းမှာ သံပုရာတွေသာပျိုးလို့
အချဉ်ပေါက်နေတဲ့ စိတ်နဲ့
ခပ်ချဉ်ချဉ်စာတွေရေးမိ
အချိုဖက်ဖို့ ကြံ မခင်းနိုင်တဲ့ ငါ့စိုက်ခင်းမှာ...
ကိုယ်တိုင်အချဉ်သိပ်
ကိုယ်တိုင်ပဲ ပွဲတည်လို့
ကဲ... ကောင်းလေစွ 
ငါ့အချဉ်ပွဲ....
ဖတ်သူချဉ်မည် မုချတည်း..။


(ခင်လေးငယ်)  
Tuesday, February 10, 2008

No comments: