Monday, May 14, 2012

ဈာပန



သိခြင်းရှိခြင်း ဖြစ်ပျက်ခြင်း၌
ကျိုးကြောင်းဆီလျော် ကြည့်မြင်ခက်၍
ဝိဉာဉ်သဲ့သဲ့ လှုပ်ဖူးသည် ~ 


ဝေ့ဝဲလှမ်းလာ ရော်ရွက်ဝါ၌
သူ့အနိစ္စ သင်္ခါရတို့
ဖြူစင်ဝင်းပ ရွှန်းမြ၏ ~ 


ရင်ဝယ်စွဲငြိ ထိုအသိ၌
ဆင်ခြင်သုံးသပ် ထပ်ချပ်ကပ်သော် 
မိမိကိုယ်တိုင် သိမြင်နိုင်၏
လှုပ်ဖူးဝိဉာဉ် အရူးတည်း ~




(ခင်လေးငယ်)

ချစ်ပါ.. ချစ်တတ်ပါစေ.. ချစ်ပါသည်။

တစ်ခါတရံတွင် အရာအားလုံးသည် ဖြစ်ခဲသလို ပျက်ရန် ဖျက်ရန် ခက်ခဲလှသည်။ သို့သော်လည်း တစ်ခါတရံတွင်မူ မထင်မှတ်သည့် စက္ကန့်ပိုင်းလေးတစ်ခု အတွင်းမှာပင် အကြောင်းအရာ အလုံးစုံတို့သည် ပျက်ဆီးခြင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဦးတည်သွားတတ် ကြပါသေးသည်။ ကြည့်မြင်တတ်ရန် လိုအပ် ပါသည်။ နှလုံးသွင်းတတ်ရန် လိုအပ်ပါသည်။ 

ထို့နောက် လက်ခံ ယူတတ် ရန် အလွန် အရေးကြီးကြောင်း ကျွန်မတွေး မိ လာပါသည်။


ထိုဖြစ်ခြင်း၊ ပျက်ခြင်း သဘောသဘာဝတို့ကို ကျွန်မ၏ သေးငယ်သော ဦးနှောက်လေးတစ်ခုဖြင့် အလုံးစုံကို ကြည်ဖြူ စွာ အလိုက် သင့် လက်ခံယူတတ်ရန် ဝေးနေပါသေးသည်။ တစ်ဆင့်ပြိးတစ်ဆင့်၊ တစ်ထစ်ပြိး တစ်ထစ် သင်ကြား ယူနေဆဲ ဖြစ်ပါသည်။ တရား ဓမ္မ ၌ ငြင်သာ သိမ်မွေ့စွာ မွေ့လျော်ခြင်းဖြင့် လည်းကောင်း၊ လေ့လာ ထိုက်သာ စာပေများ ဖတ်ယူခြင်းအားဖြင့် လည်းကောင်း၊ အတွေးအခေါ် ရင့်ကျက်ခိုင်မာသော ကျွန်မ ဝန်းကျင်ရှိ လေးစား ထိုက်သူများ၏ ဆုံးမစကားများကို လည်းကောင်း၊ ဖတ်မှတ် ကြားနာ လက်ခံ နာယူရင်း ထွေပြား ရှုပ်ထွေးသော စိတ်၏သဘောကို သဘာဝအလျောက် နေထိုင်တတ်ရန် ကြိုးစား ကျင့်ဆောင်နေ ဆဲ ကာလလေး တစ်ခုမျှသာ ဖြစ်ပါသေးသည်။

လူ့ အသိုက် အဝန်း ၌ အလိုက်သင့် ချောမွေ့စွာ၊ ပေါပါးစွာ၊ နေထိုင်တတ်.. နေထိုင်နိုင်ရန်၊ ထိုက်သင့်သော လက်ခံမှုနှင့် လက်ခံ ယူတတ် ရန် မှာ ကျွန်မအတွက် မလွယ်ကူလှ သေးသော်ငြား လမ်းခုလပ်တော့ ရောက် လုနေပြီ။ စိတ်အလို ဆန္ဒကြောင့် ဖြစ်တည် လာသော အချစ်၊ အမုန်း၊ လောဘ၊ ဒေါသ၊ အာသီသ၊ တဏှာ တို့ဖြင့် ကျွန်မနပမ်းလုံး နေရပါသေးသည်။ သို့သော်လည်း လွန် ခဲ့လေသော နှစ်အချို့က ကျွန်မနှင့် ယ္ခု ကျွန်မ မတူပါ။

(၂၀၁၀) ခုနှစ်က ကျွန်မနှင့် (၂၀၁၁) ကျွန်မသည်လည်း မတူပါ။ အနီးစပ်ဆုံး မိမိကိုယ်ကို နှိုင်းယှဉ်ကြည့် မိသောအခါ မနေ့က ကျွန်မနှင့် ယနေ့ကျွန်မ သည်ပင် လုံးဝမတူညီပါ။ မိနစ် အပိုင်းခြားနှင့်အမျှ ပြောင်းလဲ၍ နေတတ်သော စိတ်၊ ခန္ဓာနှင့်ပင် ရင့်ကျက်တည်ငြိမ်မှု လမ်းမ တစ်ခုပေါ်သို့ ဦးတည်၍ ကျွန်မ လမ်းလျှာက်တတ် လိုပါသည်။ (ကျွန်မ စိတ်အစဉ်၏) ပြောင်းလဲလာမှု ဖြစ်စဉ် ကို ကျွန်မ ကိုယ်တိုင် နှလုံးသွင်း လက်ခံ ယူတတ်ရန် လိုအပ် ချက် များစွာ ရှိနေပါသေးသည်။

ကွေ့ကောက် သိမ်လှီသော လမ်းကျဉ်း များစွာ၊ မာယာများသာ လှေကားထစ်ပေါင်းများစွာ၊ နက်ရှိုင်း လွန်းသော ခြောက်ကမ်းပါးပေါင်း များစွာရှိသော ထိုလမ်းမများပေါ်တွင် ရဲရင့်စွာ နင်းလျှောက်ကျော်ဖြတ် ၍ လောက လမ်းမ ကျယ် တစ်ခု အပေါ်သို့ ခြေအစုံကို ခိုင်မာစွာ ချတတ်နိုင်ရန် ကျွန်မကြိုးစား နေပါ သည်။ လောက လမ်းမများပေါ်တွင် သိမ့်မွေ့စွာ၊ တည်ငြိမ်စွာ၊ မှန်ကန်စွာ၊ ကျွန်မ လမ်းလျှောက် တတ်လိုပါသည်။ အေးဆေး လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းတတ်ရန် ခိုင်မြဲသော ခြေအစုံကို ကျွန်မ လိုအပ်ပါသည်။ ငြိမ်းချမ်း စွာ ကျွန်မ မျက်လွှာ ချလို ပါသည်။

လောကဓံတရား၏ မီးတောက်မီးလျှံတို့ကို ရဲဝံ့စွာ ကြည့်မြင်နိုင် မည့် မျက်လုံးလေးတစ်စုံ ကျွန်မ လိုအပ်ပါသည်။ ချစ်သူ၊ မုန်းသူ၊ လိုသူ၊ မလိုသူတို့ကို လှိုက်လှိုက် လှဲလှဲနှင့် အတည်ငြိမ်ဆုံး ပြုံးပြတတ်ရန် (လှပဘို့ မလိုသော) နှုတ်ခမ်းနှစ်လွှာ ကျွန်မ လိုပါ သည်။ မိတ်ဆွေ၊ မိတ်ဆွေ မဟုတ်သူ၊ ကျွန်မကိုသိသူ၊ ကျွန်မကမသိသူ၊ အသားအရောင်တူသူ၊ ကွဲပြား သူ၊ ပညာ တတ်သူ၊ ပညာ မဲ့သူ၊ ကြွယ်ဝ ချမ်းသာသူ၊ ချို့တဲ့သူ၊ ကျွန်မကို လိုလားသူ၊ ကျွန်မကို မုန်းတီးသူ၊ လူအားလုံး ကို ချစ်ခင် တတ်ရန် ကျွန်မ တွင် ရှိနေသာ နှလုံးသားကို ပိုမိုဖြူစင် သန့်ရှင်း လိုပါသည်။

(အလုံးစုံ မပြည့်ဝသေးသော်လည်း) ကြိုးစားဆဲ ကာလ လမ်းခုလပ်လေးမှာပင် သဘာဝလောကနှင့် အနီးစပ် ဆုံး သော သိရှိနေထိုင် မှု အသိတရား တစ်ခုဖြင့် မြင်မြင် သမျှ အမြင်အာရုံ၊ ကြားကြားသမျှ အကြား အာရုံ၊ ဖြစ်ခြင်း ပျက်ခြင်း သဘော သဘာဝ တို့ ၏ အကြောင်း အကျိုး အရာရာ ကို ချစ်ခင်စွာ၊ တန်ဖိုး ထား စွာ၊ လှိုက်လှဲ စွာ၊ လေးစား စွာ၊ လက်ခံ သင်ယူရင်း...

ယနေ့... ယခု... ကျွန်မနေထိုင်နေ ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှတ်ချက်။။ ကျွန်မ တွေးယူ ကျင့်ကြံနေသော အကြောင်းအရာလေး တစ်ခု အား ချရေးခြင်း သက်သက် မျှသာ။ “လူတွေကို ချစ်ပါ.. လူတိုင်း ကို ချစ်ပါ.. များများချစ်တတ်ပါစေ..” ဟု ခဏခဏ မှာတတ်သည့် ချစ်သော မွေးသမိခင် “မေမေ” နှင့် ကျွန်မ၏ စိတ်နှလုံး ကို ပိုမိုသန့်စင်လှပစေရန် လမ်းပြသွန်သင် ပေးတတ်လေ့ ရှိသော “ကိုကြီး” တို့အား ကျွန်မ ကျေးဇူးတင်ပါသည်။

(ခင်လေးငယ်)

 

~ တစ်ပွင့်တည်း ~






အို.....
စံပယ် ~ တဲ့လား..!!

တစ်ခွန်းတည်း ကြားယုံနဲ့
တစ်ခင်းလုံး ထဲ ပြုတ်- ပြုတ်- ကျနေတော့တာ


သူ့ ရနံ့တွေ နဲ့ ထုံသင်း~
ဒါ... ကျွန်မ စံပယ်ခင်း~




(ခင်လေးငယ်)

စေရာ ~

“လ” လေးက ခပ်ကွေးကွေး... တိမ်တွေက တစ်ချို့တစ်ဝက် ပြေးဆော့လို့... ဒီည ကောင်းကင်က ပြာမနေပါဘူး။ ခပ်မှိုင်းမှိုင်းနဲ့... ကြယ်လေးတွေ တစ်လုံး.. နှစ်လုံး.. သုံးလုံး.... မြင်နေရတဲ့ မြင်ကွင်းထဲမှာ ရှိနေ တာ သေချာ ရေကြည့်မယ်ဆိုရင် အားလုံး တစ်ဆယ့် သုံးလုံး တိတိ..။ လင်းတစ်ခါ မှိန်တစ်လှည့်နဲ့ မှိတ် တုတ်တုတ်..။ 

ဆောင်း ရဲ့လေက အေးစက်စက်.. လေအသော့မှာ ညိုထွေးထွေး ဆံနွယ်တွေကဝေ့ဝဲ... ပါးပြင်တွေက တင်း ခနဲ... စိတ်တွေက လေးလံ လွန်းနေဆဲ...။ 

တစ်စုံတရာပေါ်မှာ စီးမျောနေတဲ့ တစ်စုံတရာဟာ နဂါးငွေ့တန်းတွေလို ရစ်သိုင်းလို့... မှုတ်ထုတ်မိတဲ့ သက်ပြင်း ဟာ ဘာ အရောင် ရှိနေလဲ ကျွန်မ မသိ...။ နားလည်ရခက်တဲ့ အရောင်တွေကို နံမည် တတ်ရ လောက်အောင် အထိ ကျွန်မဟာ စိတ်ရှည်သူ မဟုတ်..။ လ နဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ ကြယ် တစ်ပွင့် ကို ငေးမောနေဖို့တော့ ကမ္ဘာမှာ စိတ်အရှည်ဆုံး မိန်းမ ဖြစ်ကောင်း ဖြစ် ပါလိမ့် မယ်...။ 


ကျွန်မဘေး မှာ သီချင်းတစ်ပိုဒ် ရှိချင်ရှိမယ်... တစ်ပိုင်းတစ်စ ကဗျာ နှစ်ကြောင်းလောက်လည်း ရှိနေနိုင် တယ်.... ဒါမှမဟုတ်.... ရနံ့လေး တစ်ခု...!! ချိုအီအီအနံ့ မဟုတ်တာ သေချာတယ်... ခါးသက်သက် အနံ့ ဟုတ် မဟုတ်တော့ မဝေခွဲနိုင်ဘူး... ဒါပေမဲ့ ကျွန်မ အတွေးတွေ ခါးသက်သက် ဖြစ်လို့နေတာတော့ အမှန်..။

အာခေါင်တွေက ခြောက်ကပ်ကပ်.. မျက်ဝန်းတစ်ဝိုက်မှာတော့ စိုစွတ်စွတ်...။ လေ နဲ့ အတူ ယိမ်းနေတဲ့ ဆံပင်တွေက အရိုင်းဆန်လာသလို... ငေးကြည့်နေမိတဲ့ ကြယ်တစ်ပွင့်ရဲ့ အလင်း က စူးစူးလို့ လာနေပေါ့...။ စိတ်တွေ ကို စိတ်နဲ့ကုစားဖို့ စိတ်တွေဟာ အဆိပ်သင့်နေခဲ့ပြီးသား..!! အမှတ်တရ ဆိုတာတွေကို အမှတ် ရနေဖို့ လုံလောက်တဲ့ ဦးနှောက် တစ်ခုနဲ့ သိပ်ကိုအမှတ်တရ ရှိနေပြန်ရော..။ 

တမ်းတ လွမ်းဆွတ်ခြင်းကို ခူးဆွတ် ဖို့ ရူးနေတဲ့ အရာဟာ အထစ်ထစ် အငေါ့ငေါ့ ပဲ မဟုတ်လား..!! သေချာတယ်... တိတ်ဆိတ် တဲ့ ညနဲ့ လကွေးကွေး ဟာ ကျွန်မကိုကယ်ဖို့ သူရဲကောင်းမဟုတ်... ကြယ် ကို တလို့ ရသ တစ်ပိုဒ် ဖြစ်နိုင်ချေ မရှိတာ လည်း အမှန် တရားပေါ့။ ဒါဟာ... အသက် မဲ့တဲ့ တမ်းချင်းသေတစ်ပိုဒ်...။ 

အဓိပ္ပါယ် ရှိဖို့ အဓိပ္ပါယ်မဲ့တဲ့ ဥာဏ်နဲ့စဉ်းစားမှတော့ အချီးအနှီးတွေသာ လက်ထဲပြုတ်ကျလို့ ကခုန်နေကြ ...။ အဲ့ဒီ ကြယ်ပေါ့.... ကျွန်မ ကို ငေးစေ ခဲ့တာ... မှင်တက်အောင်ပြုစားလို့... ဟော... ကြည့်..!! ခုတော့ စူး ရှရှ အလင်းတွေ နဲ့ ရသ တစ်မျိုးဖြစ်အောင် သိမ်းသွင်း ဖန်တီး လို့ နေပြန်တာ...။ ဘယ်လိုပဲဖြစ်ဖြစ်... ကျွန်မ ဆက်ငေးနေ မိဆဲ... တွေးနေ မိဆဲ... မျောလွင့်နေမြဲ...။ 

အမုန်း တရားတွေ နဲ့ နာကျင်စွာ ပိုင်နိုင်စွာ မျက်လုံး တွေ ပိတ်ပစ်ဖို့ ကြိုးစားရင်း ဒါဟာ.. အလကား....!! 

သွေးတောင့် လာတဲ့ နာရီတွေတောင် လေးပင်လို့ ပျင်းရိငြီးတွားရင်း ရပ်တန့်ကုန်ကြပေါ့....!!

ကောင်းကင် ရယ်.. လကွေးကွေးရယ်.. ကြယ်တစ်ပွင့်ရယ်.. မိန်းမတစ်ယောက်ရယ်..။ ငေးနေတုန်း “ဝုန်း” ကနဲ ကြယ်ကကြွေ ကျ... မိန်းမ တစ်ယောက်လည်း နွမ်းလျစွာ ဒူးထောက်မြေခ...။ ခပ်ကြမ်းကြမ်း ခါမိတဲ့ ခေါင်း နဲ့ ယောင်ယမ်းလို့ မျက်ဝန်းအမှိတ်မှာ စီးကြောင်း တစ်ခုက ပါးပြင်ပေါ်မှာ နွေးခနဲ...!! 

လက်သွား တဲ့ ပုလဲပွင့်တွေက လအရောင်မှာ ဝင်းကနဲ..........................။

(ခင်လေးငယ်)
 

Friday, May 11, 2012

~ ငှက်တစ်ကောင် ~

မချုပ်ကြပါနဲ့
အနှောင်အတွယ်တွေကို မုန်းလွန်းလို့ပါ ။

မတားကြပါနဲ့
အတွေးတွေကို လိုရာ လွှင့်နေချင်လို့ပါ ။

မပိတ်ပင်ကြပါနဲ့
စိတ်တွေနောက်ကို စိတ်တွေလိုက်နေချင်လို့ပါ ။

မလိုက်ခဲ့ကြပါနဲ့
တစ်ယောက်ထဲ နေသားကျနေပြီးသားမို့ပါ

နားလည်မှု ~
အချစ် ~
ဝန်တိုစိတ် ~
ပိုင်ဆိုင်လိုခြင်း ~
ဂတိ ~
စာချုပ် ~
လက်မှတ် ~
ငြိမ်းချမ်းရေး ~
အတိတ် ~
ပစ္စုပ္ပန် ~
နောင်ရေး ~
ဘာတွေလဲ.. ဘာတွေလဲ ကွယ်...!!

မလိုချင်ဘူး
ကိုယ့်အတ္တတွေနဲ့ ကိုယ်တိုင်မွေ့ပျော်နေလို့ပါ ။

မလိုအပ်ပါနဲ့
ကိုယ်တိုင်က အတ္တတွေနဲ့ ထုံချယ်ထားတဲ့ မိန်းမမို့ပါ ။

ဝမ်းနည်းပါတယ်
ကျွန်မ တစ်ကိုယ်တည်း ကြေကွဲစွာနဲ့ အတောင်ပံခတ် နေချင်လို့ပါ ။

(ခင်လေးငယ်)

Wednesday, May 9, 2012

~ မိတ်ဆွေတစ်ဦးနှင့် စကားစမြည်~

(A:)
ကဲ.. ကျွန်မ ရှင့်ကို မေးလိုတဲ့ မေးခွန်း စပါပြီ..။ ရှင် ပြောပြောနေတဲ့ “သူ..” က ဘယ်လိုလူများပါလဲ..??

(B:)
ရှင်းရှင်းလေးပါဗျ..။ သူက ကျနော် သိပ်ချစ်တဲ့ အမျိုးသမီးလေး ပေါ့ ~ တကယ့် ကလေးလေး ဆိုလည်း ဟုတ်တယ်။ တစ်ခါတစ်လေ ချွဲ တတ်သေးတယ်။ တစ်ခါတစ်လေလည်း ဂျစ်ပေပေ နဲ့ ဆိုးတယ်။ ဒါပေမယ့် ဘယ်အချိန် မဆို သူ့ကို မေးရင် ~ “ချစ်တယ်" လို့ အမြဲ ပြောလေ့ရှိတယ်။ သူ့မှာ ချစ်စရာ ဘယ်အချက်တွေ ရှိသလဲလို့ မေးကြမှာလား..!! တကယ် က သူ လွတ်လပ်စွာ ဖြစ်တည်နေ တာလေးကိုက ချစ်စရာလေး ဖြစ်နေတာ ပါဗျ... ချစ်ခြင်း သက်သက်က သူ၊ ချစ်တယ် ဆိုတာ ကိုယ်၌က သူ ~ ပဲ။ သူ့မှာ ချစ်စရာဆိုတဲ့ အခြား အချက် သပ်သပ်ခွဲထွက် မနေဘူး။ ဒါ့ကြောင့်... ကျနော် သူ့ကို ချစ်တာ က "သူ" ဆိုတဲ့ အားလုံးကို ချစ်တာ။  ချစ်ခြင်းကလည်း သူ၊ ချစ်တာကလည်း သူ၊ အချစ်ကိုယ်၌က သူ ဖြစ်ပါတယ်။

ကုန်ရော ဆိုပါတော့ ~

(A:)
ရှင့် ချစ်သူက ဒါ့ကြောင့်လည်း ရှင့်ကို ပိုချစ်တာ ဖြစ်နိုင်တယ် ထင်ပါရဲ့..!! ကျွန်မ တွေးကြည့်တာပါ..။

(B:)
ဝါးးး “ဒါ့ကြောင့် လည်း ပိုချစ်တာ” တဲ့လား ~~ အင်မတန် ချစ်ဖို့ ကောင်းတဲ့ စကားပဲ။ ဟုတ်တယ် ~ ခင်ဗျား သူ့ဆီက ဘယ် အချက်တွေ ကို ထောက်ပြမလဲ..!! သူ့ကို ဘာတွေ လက်ညှိုးထိုးပြဦးမလဲ..!! အဲ့ဒီ ထောက်ပြတဲ့ အချက် ကို မြင် ရင် ကျနော် ပိုချစ် မှာပဲ။ နောက် တစ်ချက် ထောက်ပြဦးမလား..! ကျနော် ပို~ ပို ~ ချစ်မှာပဲ.. ဘာလို့ဆို ~ ကျနော် သူ့ကို ချစ်တာက - "ပို~ ပို ပြီး" ဆိုတဲ့ ပုဒ် တစ်ခုသာ သုံးရပါလိမ့်မယ်။ ဒါလည်း အနီးစပ်ဆုံးပဲ။ ပိုပိုပြီး ချစ်လာဖို့ ~ ကျနော်နဲ့ သူ့ကြားမှာ ~ ပို ~ ပို ~ တိုးလာဖို့~ ပိုချစ် တယ်ဆိုတာပဲ ရှိတယ်။ ဥပမာ ပေးရရင် အချိန် လိုပေါ့ဗျာ..တစ်ထစ် တက်သွားတဲ့ နာရီလက်တံလေးဟာ ဘယ်တော့မှ နောက်ပြန် မဆုတ်ဘူး.။ ဆုတ်လို့လည်း မရဘူး ။ ရှေ့ဆက်ပြီး တစ်တက်တက် - ပိုတိုးသွားနေဖို့ပဲ မဟုတ်လား..!! ရှေ့ကို တစ်ထစ်ချင်း တက်သွား တယ်။ ပိုပိုပြီး တိုးသွားတယ်။ ပိုပြီးတိုးပွား သွားတာလေးကိုပဲ "ချစ်တယ်" လို့ ဝိဂြိုလ် ပြုရပါမယ်။  ~ဟုတ်တယ် ~ ခင်ဗျား ဘယ်အချက် ထောက်ပြ ပြ ~ ကျနော် သူ့ကို ပို ပိုပြီး ချစ် တယ်.. ဒါ အရိုးရှင်းဆုံးပဲ။

(A:)
အများကြီးပါရှင်.. ကျွန်မ သူ့ကို သိနေသလောက်.. မြင်နေသလောက်.. ထောက်ပြချင်စရာတွေက အများကြီးပဲကော...

(B:)
ဝါးးးးး 
ပျော်စရာ ကောင်းလိုက်တာ ~ လို့ပဲ ပြောရတော့မယ်။  ခင်ဗျားမှာ သူ့ကို ထောက်ပြချင်စရာ များလေ~ ကျနော် ချစ်ရတာ များလာလေပေါ့

(A:)
ရှင် အဲ့တာတော့ ပိုပြီ ထင်တယ်.......

(B:) 
ဟင့်အင်း ~ ခင်ဗျား အခုပြောတဲ့ “ပို” ဆိုတဲ့ စကား က ~ စောနက "ပို" ဆိုတဲ့ စကားနဲ့ မတူဘူး။ အခု ခင်ဗျား ပြောတဲ့ "ပို" ဆိုတာ - ကျနော် မဟုတ်တာကို အဟုတ်လုပ် ပြောတယ်လို့ ဆိုလိုချင်တာ။ ဟုတ်တယ်မှလား?? တကယ်က ကျနော် မဟုတ်တာကို ပြောနေတာ မဟုတ်ဘူး။ မယုံရင် ခင်ဗျား ခဏလောက်လေး ကျနော့ရင်ကို ကြည့်ကြည့်..!! ဒါမှမဟုတ် ~ ကျနော့ချစ်သူ သူ့ ရင်ထဲကို ကြည့်ကြည့်..!! ခင်ဗျားတို့ မမြင်ဖူးတဲ့ အရာလေး ကို မုချ မြင်ရမှာပဲဆိုတာ ကျနော် လောင်းရဲပါရဲ့..။ အဲ့ဒါလေးကို မြင်ရင် ခင်ဗျား တို့ သိမှာပဲ..။ တအံ့တဩ မိန်းမော သွားကြမှာပဲ..။ ကျနော်တို့မှာ ဘယ်လိုအရာကိုမှ ပူပန်စိုးရိမ်စိတ်တွေနဲ့ ရှိမနေကြဘူး.. မြင်ရဲ့လား။ တစ်ယောက်နဲ့ တစ်ယောက် ထားရှိတဲ့ ချမ်းမြေ့စိတ်ကလေး တစ်ရံစာမှ မပြတ်လပ် သွားဘူး ~ အဲ့ဒါကော တွေ့ရဲ့လား။  တကယ် လို့ ခင်ဗျားမှာ နှလုံးရောဂါတွေဘာတွေ ရှိမယ် ဆိုရင်တော့ ကျေးဇူးပြုပြီး မကြည့်ပါနဲ့ ~ ကျနော် အဲ့လိုပဲ တားရလိမ့်မယ်။ ဘာလို့ဆို သူနဲ့ ကျနော် နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ အဲ့ဒီ အံ့ဩစရာ၊ မိန်းမောသွားစရာ အရာလေးက တကယ် ကြည်ကြည် လင်လင်လေး ကျိန်းသေ ရှိနေတယ်။ ခင်ဗျား ရင်ထဲ တစ်စုံတစ်ခု ဖြစ်သွားနိုင်တယ်။ 

(A:)
အိုးး ဆိုင်လို့လား.....??

(B:)
ဆိုင်တာပေါ့ မိတ်ဆွေရဲ့.. ခင်ဗျား ရုတ်တရက် အသက်ရှုရပ်သွားနိုင်တယ် ~ အဲ့ဒါ အတိအကျပဲ။

(A:)
ကဲ.. ထားပါတော့.. ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ ရှင် ပြောသလိုဆိုရင် သာမာန် ကျွန်မ အနေနဲ့တော့ နည်းနည်း အံ့သြစိတ်လေး ဖြစ်မိပါရဲ့။ ရှင့်ချစ်ခြင်းမေတ္တာ.. ရှင်ချစ်နိုင်တဲ့ အချစ်ဟာ သေးသေးလောက်တော့ ပိုနေနိုင်မလား လို့ပါ။

(B:)
ဟင့်အင်း ~ ကျနော့ အထင် ~ လိုတောင် လိုနေသေးတယ် လို့ ပြောရမယ်။ ဘာလို့ဆို ~ သူ့ကို ကျနော် ချစ်တာ ~ ပြောပြလို့ မှ မရဘဲကိုး..။ လွတ်လပ်ပေါ့ပါးနေတယ်.. ကြည့်ကြည့်ပါ... ကျနော်တို့ ကြည်လင်နေတယ်.. ဘာအတားဆီး ဘယ်လိုခေါင်းစဉ်မျိုး အောက်မှာမှ မဝင်ပါဘဲ- အရှင်းဆုံး ရှိနေတယ်။ အခုလောက် ပြောပြနေတာတောင် ကျနော် တို့ တကယ်ချစ်တဲ့ အဖြစ် ကို ခြေဖျား မထိသေး ဘူးဗျ..။ တစ်နည်းဆိုရရင်~ ကျနော် အခုပြောနေတာက~ တကယ့်အဖြစ်ကို အတိအကျ ပြောပြနေနိုင်တာမျိုး မဟုတ်ဘူး။ ဖြစ်ချင်း ဖြစ်ရင် ~  လျော့လျော့ပေါ့ပေါ့ ပြောနေတာမျိုးပဲ ဖြစ်နေဦးမှာ။

(A:)
ကောင်းပြီ ရှင်တို့ အကြောင်းကို ကျွန်မ စာရေးရမယ်။ မေးစရာ အချက်တွေ ရှိလာခဲ့ရင် ရှင်ဖြေပေးနိုင်မလား..??

(B:)
အိုး ~ သူ့အကြောင်း၊ သူ့ကို ချစ်တဲ့အကြောင်း လား။ ~ ကျနော့ခေါင်းကို ကောင်းကောင်းရိုက်ခွဲထားခဲ့ရင်တောင် ~ ကျနော် ဖြေနိုင် ပါလိမ့်ဦးမယ်။ ကျနော့ရင်ကို သွေးစိမ်းရှင်ရှင် ခွဲထားဆဲ ရှိနေတယ် ဆိုပါစို့ ~ အဲ့အချိန် ဆိုရင်လည်း (ကျနော် သိနေပါတယ်) ကျနော် ချက်ချင်း ဖြေနိုင်တယ်။

(A:)
ရှင် အခု ပြောသွားတာလေး သေချာမှတ်ထားနော် ကျွန်မ မေးစရာ ရှိလာရင်မေးမယ်.. ကျွန်မ သူ့ကိုလည်း ပိုမို လေ့လာကြည့် ပါရစေဦး။ ရှင်ပြောတာ ဟုတ်မဟုတ်ပေါ့..!!

(B:)
ကောင်းပြီ ~ ခင်ဗျားလည်း တစ်ခု ပြန်မှတ်ထားပေးပါ ~ ကျနော် ပြောပြဖြစ်ကောင်း ပြောပြမယ့် အကြောင်းအရာတွေဟာ စကားလုံးတွေ၊ ဝေါဟာရတွေပါ။ တကယ့် အဖြစ်၊ တကယ့်အချစ်က- ခင်ဗျား ကိုယ်တိုင် မတွေ့ကြုံမိ မချင်း မသိမမြင်ပဲ ဖြစ်နေသေးဦးမှာ~ ခင်ဗျား ကိုယ်တိုင် ကြုံတွေ့မှသာ ကောင်းကောင်း သိနိုင်မှာပါ။ အဲ့ဒါကို မှတ်ထားပေးပါ။ ကျနော် သူ့ကို ချစ်တာ က စကားလုံး မဟုတ်ဘူး။ ဝေါဟာရ၊ အကြောင်းအချက် မဟုတ်ဘူးဗျ။ ကျနော် ~.~.~.~.~ “သူ့ ” ~.~.~.~.~ ကို “ချစ်တာ”။ အိုခေ !? ခင်ဗျား ဆန္ဒရှိတဲ့ အချိန် မေးနိုင်ပါတယ်။

(A:)
စကားလုံးတွေ.. ဝေါဟာရတွေ... ကဲပါ ~ ဟုတ်ပါပြီ.. ရှင်ပြောတာ ကျွန်မ သိတယ်.. သို့သော် ကျွန်မကတော့ စကားလုံးတွေ အဖြစ် အသွင် ပြောင်းရလိမ့်မယ်..။ ဒါဟာ ကျွန်မ စိတ်ဝင်စားတဲ့ အလုပ်မို့ပဲ..။

(B:)
ခင်ဗျားရဲ့ ကြိုးစားမှုအတွက် ကျနော် ဝမ်းသာပါတယ်.. တကယ့် အဖြစ်ကို မီမှာ မဟုတ်ဘူးလို့ သိနေတာလေး အတွက် ခွင့်လွှတ်ပါ။ အဲ့ဒါလေး အတွက်တော့ ကျနော် စိတ်မကောင်းဘူး။

(A:)
ကျွန်မအလုပ် ကျွန်မလုပ်တာပါ..။ ရှင် ချီးမွမ်းဖို့ စိတ်မကောင်းဖြစ်ဖို့ အဲ့တာတွေ မလိုအပ် လှပါဘူး..။ ကျွန်မ ရှင်တို့ကို စိတ်ဝင်စားတယ်.. အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်း သိလိုတယ်.. လေ့လာနေဆဲ ~ ခုချိန်မှာတော့ ရှင်တို့ကို လေ့လာနေတယ် ဆိုတဲ့ ဒီ အလုပ်ကို ကျွန်မ ဆက်လုပ်နေပါတယ်.. ဒါလေးပါဘဲ..။

(B:)
အဟားး ပြီးဆုံးတဲ့ လေ့လာမှုတော့ ဖြစ်လာမှာ မဟုတ်ဘူးဗျနော..

(A:)
အတိုင်းတာ တစ်ခု အထိတော့ ကျွန်မ စွမ်းဆောင်နိုင်မှာပါ....

(B:)
ကောင်းပါပြီ ~ ခင်ဗျားကို ထောက်ကူသောအားဖြင့် ~ ကျနော် လမ်းစတစ်ခုလောက် hint ပေးထားချင်ပါတယ်။

(A:)
ဟုတ်ပြီ.......!!

(B:)
“ကျနော်တို့” ဆိုတဲ့ အနေနဲ့ ခင်ဗျား ဘယ်တော့မှ မလေ့လာပါနဲ့။

(A:)
ကျွန်မ စိတ်ဝင်စားလျက်......

(B:)
သူ နဲ့ ကျနော် ဆိုတာဟာ နှစ်ယောက် မဟုတ်ဘူး။ တစ်ယောက်တည်း ~ တစ်ဦးတည်း ပဲ။ ကျနော်နဲ့ သူ ချစ်ကြတာဟာ - ကျနော် ဟာ ကျနော် ဖြစ်လို့၊ သူဟာ သူဖြစ်လို့ - ချစ်ကြတာ မဟုတ်ဘူး။ ကျနော် ဟာ သူဖြစ်ပြီး၊ သူဟာ ကျနော် ဖြစ်နေလို့ ချစ်တယ် ဆိုတဲ့ ဝေါဟာရနဲ့ ကင်ပွန်း တပ်ထားတာ ဖြစ်တယ်။ အဲ့ဒါလေး ထပ်မှတ် ထားပါ။ ဒါလေးပါပဲ ~ အောင်မြင်ပါစေ.။

(A:)
Thank you ပါ ~ ကျန်တာ ကျွန်မ ကိစ္စ ဖြစ်သွားပြီ..။
ထပ်ပြောပါရစေ ~ ခုလို ပြောပြတဲ့ ခဏလေးအတွက် ရှင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်..။

(B:)
ခင်ဗျားတို့ သိလိုတဲ့ လွတ်လပ်အေးမြတဲ့ ချစ်ခြင်းမေတ္တာစစ်စစ်ကို တကယ် သိနိုင်ကြပါစေဗျာ ~

(ခင်လေးငယ်) 


Friday, May 4, 2012

ရုပ်သေးရုပ်



မမြဲခြင်းသာ မြဲလွန်းတဲ့လောက
ညဟာ ညတာရှည်ရပြန်တယ်
အချစ်နဲ့စ အလွမ်းနဲ့ ဆုံးရမယ့်ဇာတ်
မ က ချင်လည်း ငါ... က... ရ... ပေါ့...။

ကြိုးရှုပ်အောင် ဆွဲတတ်တဲ့
ငါ့ဘဝ ကြိုးဆွဲဆရာရဲ့
မင်း အလိုကျ ငါ က နေမိမှတော့
ငါ့ က ကွက်ဟာ လှပါဦးမလား..!!

ငါ့ က ကွက်ကို ငါနိုင်ဖို့
ကြိုးစား က ရင်း က ကွက် တွေပျောက်
ငေါက် ကနဲ လည်း ရပ်မရ
ငါ့ကို နှောင်တွယ်ထားတဲ့ ကြိုး
ရှည်လွန်း မက ရှည်ဖို့ မင်း ပျိုးနေမှတော့
အထပ်ထပ်ငြိတာ ဆန်းတယ်လို့ မဆိုသာ...။

အသက် ကို ဖွဖွရှူရင်း
ဒုတိယ က ကွက်ကို က ဖို့စနင်း
ခြေအချ မှာ လမ်းပျောက်ကာ
ကူပါ ကယ်ပါ တစာစာလည်း မအော်သာပေါ့..။

ငါ့ ကြိုးဆွဲဆရာရယ်~
မင်း က....
ငါ့လက်ကို မ ငါ့ခေါင်းက ထ
ငါ့ခေါင်းကို မ ငါ့ခြေက ကြွ
နောက်ဆုံးတော့~
ငါဟာ အပုံ့လိုက် လဲ.. ပြို.. ကျ...။

ငါ့ ကြိုးဆွဲဆရာရေ~
ငါ့မျက်ရည်ကျ
မင်း လိုတာလည်း မရမှတော့
အနိစ္စ သဘောကို နမ်းရှိုက်
ငါ့ကြိုးတွေ ကို ဖြတ်ကိုက်
ကဲ........... မင်း
မမြဲခြင်းတရား ကို သက်သေပြလိုက်...။

(ခင်လေးငယ်)
Thursday, March 19, 2009 ~ 11:49 AM

Wednesday, May 2, 2012

ဘဝရဲ့ အပိုင်းအစ (၁)


~~~ ဖြစ်နေတဲ့ စိတ်ခံစားမှု ~~~

ဒီရေတွေလို တက်လိုက်ကျလိုက် ဖြစ်နေတဲ့ ကျွန်မစိတ်တွေရဲ့ ရွေ့လျားမှုကို ဘယ်လိုမှန်အရိပ်မှာ ပုံဖော်ကြည့်လို့ မြင်ရ နိုင်ပါသလဲ..!! လေငြိမ်နေတဲ့ ရေကန်သေ တစ်ခုက သဲ့သဲ့လေးမှ လှုပ်ခတ်မှုမရှိတဲ့ ရေပြင်လို၊ ဒေါသတွေနဲ့ ခက်ထန်နေတဲ့ ပင်လယ်ပြင်ကျယ်က ခပ်ကြမ်းကြမ်း ရေလှိုင်းတွေလို၊ ငြိမ်သက်သွားလိုက် ပရမ်းပတာ လှုပ်ရှားသက်ဝင်လာလိုက် ဖြစ်နေဆဲ ကျွန်မ နှလုံးခုန်သံတွေရဲ့ အသံဝေ့ဖ်တွေကိုရော ဘယ်လိုကရိယာမျိုးနဲ့ တိုင်းယူလို့ ရနိုင်ပါသလဲ..!!

ရနိုင်တယ်ပဲ ဆိုပါဦးလေ.. ကျွန်မမျက်လုံးတွေနဲ့ ကြည့်လို့ မြင်နိုင် မမြင်နိုင် ကျွန်မနားတွေနဲ့ နားထောင်လို့ ကြားနိုင် မကြားနိုင် ဆိုတာမျိုးကို ကိုယ်တိုင်ယုံကြည်မှု မရှိပြန်ဘူး။ သွေးလေ ခြောက်ခြားတဲ့ ညတွေမှာ သတိမထား မိလိုက်ပါပဲ “ဖေဖေရေ..” လို့ ယောင်ယောင်ပြီး အော်ခေါ်မိတဲ့ ကျွန်မအသံကို ဖေဖေ ကြားနိုင်မှာတဲ့လား။ သေချာတာ တစ်ခုကတော့ ကျွန်မ ကိုယ်တိုင် အားရကျေနပ်မှု မရှိခြင်း သက်သက်တွေနဲ့ ဖေဖေ့ကို ခုတလော သိပ်ကိုတမ်းတနေမိခြင်းပါပဲ..။

မတောက်တခေါက်သာ တီးတတ်တဲ့ ဂစ်တာ.. ကြိုးတွေ မညီချိန်မှာ ဖေဖေ့ လက်ချောင်း ရှည် သွယ်သွယ်တွေကို ကျွန်မ တမ်းတမိတယ် ဖေဖေ..။ ကျွန်မ လက်ချောင်း သေးသေးလေး တွေကို စိတ်ရှည် လက်ရှည် ဆုပ်ကိုင်ရင်း ဂစ်တာကော့ဒ်လေး တစ်ခုကို စသင်ပေးခဲ့ တုန်းက ပုံရိပ်တွေက လေပွေတွေလို ကျွန်မကို ပွေ့ဖက်လို့...။ ကျွန်မနဖူးနဲ့ ပါးလေးတွေကို နမ်းတိုင်း ရတတ်တဲ့ ဖေဖေ့ နှုတ်ခမ်းက ဆေးလိပ်နံ့တွေကို ကျွန်မ လွမ်းဆွတ်လိုက်တာ..။

ဖေဖေက ကျွန်မ မသိအောင်စဖို့ နောက်ကွယ်က တိတ်တိတ်လေး လာခဲ့ချိန်တိုင်း ဆေးလိပ်နံ့တွေ စွဲကပ်နေတဲ့ ဖေဖေ့ ကိုယ်နံ့လေးကို ကျွန်မက ကြိုရနေခဲ့ပြီးပြီ..။ ကျွန်မဟာ ဖေဖေ့သမီးလို့ ထွေထွေထူးထူး ဘယ်သူ့ကိုမှ လိုက်ပြောစရာမလိုပဲ ရုပ်ရည်ကော ဝါသနာ အမူအကျင့်တွေပါ အားလုံး တူနေခဲ့တာလေ..။ ကလေးလေး ဘဝကတည်းက အပျိုကြီးဖားဖား ဖြစ်တဲ့အထိ နွေရာသီ ကျောင်းပိတ်ရက်တွေ ရောက်တိုင်း ဂျင်းဘောင်းဘီ တစ်ထည်ကိုဝတ်လို့ ဖေဖေ သွားလေရာနောက်ကို ကောက်ကောက်ပါအောင် လိုက်တတ်တဲ့ ဖအေတူသမီး..။

ဖေဖေ ခရီးထွက်တဲ့ တောထဲတောင်ထဲ ခရီးကြမ်းကြမ်း ရာသီဥတု ကြမ်းကြမ်းတွေမှာ ဖေဖေနဲ့ အတူတူ ဖြတ်ကျော်ခဲ့ ဖူးတဲ့နေ့တွေ...။ အိမ်မှာ ကျန်နေခဲ့တတ်တဲ့ မေမေ့ ဟင်းတွေကို လွမ်းဆွတ်ရင်း ဖေဖေနဲ့ကျွန်မ စကားထိုင်ပြောဖူးတဲ့ ညတွေမှာ ဖေဖေက ဂစ်တာလေးကို သဲ့သဲ့တီးနေခဲ့တာ..။ တောတောင်ဆိုတာ ဖေဖေ့သမီး ကျွန်မအတွက်တော့ မစိမ်းခဲ့တဲ့ အရာတွေပါပဲ...။ မည်းမှောင်နေတဲ့ သစ်တောတွေထဲမှာ ဘွတ်ဖိနပ် အထူကြီးစီးထားတဲ့ ဖေဖေ လမ်းတွေလျှောက်တိုင်း ကျွန်မ ဖေဖေ့လက် ကို တွဲခိုထားရင်း တူတူလျှောက်ခဲ့ကြတာ..။


ဖေဖေ အများဆုံး ဝတ်တတ် တဲ့ ဂျာကင်ကြီး တစ်ခု ကို ခုထက် ထိတိုင် ကျွန်မ အမြတ်တနိုး သိမ်းထား မိနေဆဲ ဆိုတာ လည်း ဖေဖေ မသိ နိုင်တော့ ပါဘူး..။ ဖေဖေ သွားလေရာ ကို ယူသွား တတ်တဲ့ ဂစ်တာလေးက အိမ် သေးသေး လေး တစ်လုံးထဲက ကျွန်းစားပွဲ ပုလေး ဘေးမှာ ထောင် ထား လျှက် ပေါ့..။ ကျွန်မ လည်း ရှိနေဖို့ မဖြစ်နိုင် တဲ့ အဲ့ဒီ အိမ်လေး ထဲမှာ ခုဆို ဖုန်လေး တွေ တက်နေ မှာပဲ..။ ဖေဖေ့ ဂစ်တာ အို လေး ရဲ့ ခေါ်သံကို ကျွန်မ အိပ်မက် မှာ တစ်ခါ တစ်ခါ ကြားရ တတ်သေး တယ်..။ ဖေဖေ့ သမီး ကျွန်မ လက်တွေ ကို သူ မျှော်နေတာ သိနေတယ်..။

"ခွင့်လွှတ်ပေး ပါ ဖေဖေ့ ဂစ်တာအိုလေးရေ... ကျွန်မ ဘဝ တစ်ခု အတွက် လမ်းမောတွေ လျှောက်နေ ရလို့ပါ..။"

~~~ ဖေဖေနဲ့ အတူတူ ~~~


ဆင်တွေကို စီးပြီး နှစ်ညအိပ် သုံးညအိပ် ခရီးတွေရဲ့ ကြမ်းတမ်းမှု ရသကို ကျွန်မ အပျိုပေါက်ဖြစ်ခါစ အရွယ်မှာ စ ကြုံဖူးနေပြီ..။ တော်ရုံတန်ရုံ မိန်းကလေး တစ်ယောက် ငွေပေးဝယ်လို့မရနိုင်တဲ့ အတွေ့အကြုံတွေကို ဖေဖေနဲ့ အတူတူ ယူခဲ့ဖူးတဲ့ ဖေဖေ့သမီး ကျွန်မဟာ ဘယ်လောက်များ ကံကောင်းခဲ့ပါလဲ..!! ဖေဖေ့ တပည့်တွေ ချက်ကျွေးတဲ့ တောဟင်းပူပူတွေရဲ့ အနံ့တွေက ခုတောင်.. ကျွန်မဘေးမှာ မွှေးပျံ့လို့နေသေး...။ ထူးထူးဆန်းဆန်း ဟင်းတွေကို ဖေဖေနဲ့ တူတူ လိုက်စားခဲ့တာလည်း ကျွန်မပါပဲ.. တောကြောင်သားကြော်တို့ ယုန်သားကျပ်တိုက်တို့ မျောက်ချေးခါးတို့ ဆိုတာ ကျွန်မအတွက် ဘာဟုတ်သေးလို့လဲ..။

မြွေသားကြော်ကိုတော့ စားဖူးတယ် ရှိအောင် မြည်းကြည့်ခဲ့တုန်းက ဖေဖေက ပြုံးပြီး ကျွန်မကို သေချာစိုက်ကြည့်နေခဲ့တာလေ..။ အနက်ရောင် မဟုတ်တဲ့ မီးခိုးရောင် ဖေဖေ့မျက်လုံးတွေထဲက ဖိတ်လျှံလာတဲ့ အကြင်နာ မေတ္တာတွေက မီးပုံဘေးမှာ ထိုင်နေခဲ့တဲ့ ကျွန်မ ပါးလေးတွေကိုတောင် မီးခိုးရောင်တွေ သန်းစေခဲ့သေးလား..!! မီလာရှီကာ စိုင်းဗေဒါ ဆိုတဲ့ ဦးနေအောင်ရဲ့ ရုပ်ရှင်ထဲက ပြကွက်တွေလို ဆင်ဖမ်းနေတာကို ဖေဖေ့လက်တွေ တင်းနေအောင် ဆုပ်ကိုင်လို့ တစ်နေကုန် တစ်နေခမ်းကြည့်ရင်း အသက်ရှူတွေ မှားခဲ့ရတာပေါ့..။

ဆင်မကြီးတွေ ကိုယ်ဝန်လွယ်တဲ့ အခါ ကိုယ်ဝန်သည်ကို စောင့်ရှောက်ဖို့ နောက်ဆင်တစ်ကောင်ဟာ သွားလေရာ လိုက်ပေးတတ်တာကို ဖေဖေ့ တပည့်တွေ ရှင်းပြပေးတုန်းက ကျွန်မ အဲ့ဒီဆင်ကြီးကို အလိုလိုလေးစားလို့..။ ဖမ်းလာတဲ့ ဆင်ရိုင်းတစ်ကောင်ကို သူမာန်ချတဲ့ အထိ ကျုံးသွင်းယူရတာတွေ ပထမဦးဆုံး ကြည့်ဖူးတဲ့ ညက ကျွန်မ အိပ်မရခဲ့တာ ဖေဖေသိခဲ့တယ် မဟုတ်လား ဖေဖေ..။ ဆင်ရိုင်းတစ်ကောင် မာန်မချ မချင်း ကျုံးထဲကနေ ထုတ်ပေးလို့ မရတာကို သေချာ နားမလည်တတ်သေးခင် အချိန်အထိ ကျွန်မ မှာ မျက်ရည်တွေဝဲလို့..။


သူ့ကို ချုပ်နှောင်ထားမှုတွေ အတွက် ဒေါသတကြီးနဲ့ သူအော်တာတွေ.. သံကြိုးအကြီးကြီးတွေနဲ့ ထူးခတ်ထားတဲ့ ခြေထောက်တွေကို ရုန်းထားရာက စီးကျလာတဲ့ သွေးတွေနဲ့ ဒါဏ်ရာတွေကြောင့် ကျွန်မမှာ ထမင်းတွေ နင်လို့...။ အစာကျွေးတော့လည်း မာန်မချမခြင်း မစားဘူး တင်းထားတယ်..။ သူမာန်ချချိန်ရောက်တဲ့ အထိ သူ့ကို ကိုင်တွယ်မဲ့ ဆင်ဦးစီးက စိတ်ရှည်ရှည်နဲ့ စောင့်ယူရတာ..။ မာန်စ ချချိန်မှာ ဆင်တစ်ကောင်ဟာ ကြောင်လေးတစ်ကောင်လို နူးညံ့လာတာမျိုးပေါ့..။ အရိုင်းဆင်တစ်ကောင် ဘဝကနေ နူးညံ့လာတဲ့ ဆင်တစ်ကောင် ဖြစ်လာချိန်အထိ ကျွန်မ တစ်ပတ်တိတိ စောင့်ကြည့်ခဲ့ဖူးတယ်..။

 ဒီလို အချိန်ပေးကြည့်ဖို့ ကျွန်မရဲ့တောင်းဆိုမှုကို လိုက်ရောပေးခဲ့တဲ့ ဖေဖေ့မေးစေ့ကို ကျေးဇူးတင်စွာ မော့နမ်းမိတော့ ဖေဖေက ကျေနပ်လို့..။ ကျွန်မခေါင်းက ဆံပင်တွေကို ဖွဖွလေး ဖွရင်း ငုံ့ကြည့်နေခဲ့တဲ့ ဖေဖေ့မျက်ဝန်းတွေကို ကျွန်မ မှတ်မိနေသေးတယ်..။ သမီးဆန္ဒ တစ်ခုကို ဖြည့်ပေးလိုက်ရတဲ့ အဖေတစ်ယောက်ရဲ့ ပီတိကို ဖေဖေက နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေ လိုက်တာလေ...။

ဖေဖေနဲ့ အတူတူ တောထဲလိုက်သွားခဲ့တဲ့ လေးကြိမ်မြောက်ခရီး ကျွန်မရောက်တဲ့အချိန်မှာ ဆင်မလေး တစ်ကောင်မွေးခဲ့တာ ကျွန်မ ဘဝမှာ မေ့မရဆုံးဆိုတာ ဖေဖေသာရှိနေသေးရင် တူတူပြန်ပြောချင်တယ်..။ ဆင်ဦးစီး ဦးဦးက ကျွန်မနံမည် နှစ်လုံးကို ယူပြီး ဆင်ပေါက်စလေးကို နံမည်ပေးတော့ ဖေဖေက ဟက်ဟက်ပက်ပက် ရယ်နေခဲ့တာ..။ ဖေဖေ့သွားရှည်ရှည်တွေ ပေါ်အောင်ရယ်တိုင်း ဖေဖေ့မျက်နှာက ကျွန်မဖြစ်ဖြစ်သွားသလို..။ ဖေဖေ့နှုတ်ခမ်းဘေးက တွန့်ဝိုက်သွားတဲ့ အကွေးလေးတွေနဲ့ ဖေဖေ့မျက်နှာက သိပ်ယောက်ျား ပီသတာပဲ..။ အနည်းငယ် အနောက်တိုင်း ဆန်နေတဲ့ မျက်နှာနဲ့ဖေဖေဟာ ကျွန်မအတွက်တော့ ကမ္ဘာပေါ်မှာ မိသားစုကို အကြင်နာတတ်ဆုံး ဟီရိုးတစ်ယောက်လို မြတ်နိုးဖွယ် အကောင်းဆုံး လူသား..။ ကျွန်မရင်ကို အနွေးထွေး အလုံခြုံစေဆုံး ယောက်ျား..။

ဆင်ဦးစီးနှစ်ယောက်ကို ပြန်သတ်ခဲ့ဖူးတယ်ဆိုတဲ့ ခပ်ဆိုးဆိုး ဆင်ကြီးတစ်ကောင်ကို ပြခဲ့တုန်းက သူ့ မျက်လုံးတွေထဲကို အကြာကြီး သေချာစိုက်ကြည့်ခဲ့မိတယ်..။ ဖေဖေကတော့ အခါတိုင်းတွေထက်ပိုပြီး ကျွန်မလက်တွေကို တင်းနေအောင် ဆုပ်ကိုင်ဆွဲရင်း ကျွန်မ ပုခုံးတွေကို ဖက်ထားခဲ့တာ..။ ရွှေခဲ ဆိုတဲ့ သူ့နံမည် ကို ကျွန်မဘယ်တော့မှ မမေ့ဘူး..။ သူ့မျက်လုံးတွေကို ကျွန်မကြည့်နေတဲ့ အချိန်မှာတော့ ပကတိဖြူစင်နေတဲ့ ကလေးလေး တစ်ယောက်လို လဲ့နေတာ သိပ်လှနေခဲ့တယ်..။ သူသာ ကျွန်မနဲ့ စကားပြောတတ်မယ် ဆိုရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့မိချိန်တုန်းက ကျွန်မ အသက် ၁၂ နှစ် သမီးပဲ ရှိသေးတာ..။

 ရွှေခဲ ကိုယ်တိုင်ကကော အသိလွတ်ချိန်မှာ သတ်ခဲ့ဖူးတဲ့ သူ့သခင် နှစ်ယောက်ကို တစ်ခါတလေမှာ သတိများ ရနေမိမလားလို့ ကလေးအတွေးနဲ့ ကျွန်မ တွေးနေမိခဲ့တာ အဲ့ဒီတစ်နေ့လုံး တစ်ညလုံး..။ သူ့အစွယ်တွေကို ဖြတ်ထားတယ်ဆိုပေမယ့် ကျန်နေသေးတဲ့ အပိုင်းမှာတောင် ဖြူလဲ့ပြီး သန်မာနေလိုက်တာလေ..။ အံ့သြဖို့ကောင်းတာက ကျွန်မ ရွှေခဲကြီးကို မကြောက်မိသလို မုန်းတီးစိတ်လည်းမရှိခဲ့ပြန်ဘူး..။ သူနဲ့ စကားတွေ ပြောချင်စိတ်ကသာ ကျွန်မ အိပ်မက်ထဲအထိ စိုးမိုးလို့...။

~~~ အပြုံးကို ထွေးပိုက်ခြင်း ~~~

ဖေဖေပေးခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကံကောင်းခဲ့လွန်းသူ ကျွန်မ...။ ဖေဖေ့ရယ်သံတွေနဲ့ အတူတူ ခုထက်ထိ ကျွန်မ လိုက်ရယ်နေမိဆဲ..။ ဖေဖေ့ ဂစ်တာသံ ညက်ညက်လေးမှာ သီချင်းတွေ လိုက်ဆိုနေမိဆဲ..။ ဆေးလိပ်နံ့တွေ သင်းနေတဲ့ ဖေဖေ့ပါးတွေကို ကျွန်မ မော့မော့ပြီး နမ်းနေမိဆဲ...။ ကျွန်မအတွေးထဲမှာ မေမေက ဖေဖေ့ကို “ကို... ရေ..” လို့ ခေါ်လိုက်ချိန်တိုင်း ကျွန်မ လိုက်လိုက်ပြုံးမိနေဆဲ..။ ကြိုးမညီတဲ့ ဂစ်တာ တစ်လက်ကို ကောက်ကိုင် လိုက်မိချိန်မှာ ကျွန်မ ဘေးမှာ ဖေဖေ များရှိနေလေမလားလို့ ခေါင်းငဲ့ ရှာနေမိဆဲ..။

ကျွန်မ အားတွေငယ်လာချိန်တိုင်း မျက်လုံးတစ်စုံကို မှိတ်လို့ ဖေဖေ့ရင်မှာ တိုးဝှေ့နေမိဆဲ..။ ကျွန်မ ခေါင်းမာလွန်းလို့ မေမေက “ဖအေတူ သမီး.... သွားး....” လို့ ချစ်စနိုး အော်ငေါက် ထုတ်ချိန်တိုင်း ကျေနပ်မှုတွေနဲ့ ကျွန်မ ခေါင်းခါရယ်မောမိဆဲ..။

အထူးဆန်းဆုံးကတော့ ကျွန်မနဲ့ ဘဝခြားသွားပြီ ဖြစ်တဲ့ ဖေဖေ့ကို လွမ်းဆွတ်တိုင်း ရင်ခုန်သံတွေ နူးညံ့စွာနဲ့ ကျွန်မ ပြုံးနေမိခြင်းပါပဲ..။ ဖေဖေ့ကို တမ်းတမိတိုင်း ကျွန်မဘယ်တော့မှ မျက်ရည်မကျတတ်...။ ဖေဖေ့ကို မြင်တွေ့ချင်တဲ့ စိတ်တွေနဲ့ ကျွန်မ ဘယ်တော့မှ ငိုမိမှာ မဟုတ်ဖူး ဖေဖေ...။ ကျွန်မသိပ်ချစ်တဲ့ ဖေဖေဟာ ရုပ်ခန္ဓာတစ်ခုသာ ချုပ်ငြိမ်းသွားတာလေ...။ ဘယ်အရာနဲ့မှ လဲလှယ်လို့ မရနိုင်တဲ့ နူးညံ့မှုတွေနဲ့ ကျွန်မအတွက်တော့ ဖေဖေ ရှင်သန်နေဆဲမို့ပါ...။

ဒီလထဲမှာပဲ ဖေဖေ ဟိုးအဝေးကြီးကို ကြိုထွက်သွားနှင့်တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီ..။ ကျွန်မကိုယ်တိုင် အားရကျေနပ်မှု မရှိခြင်း သက်သက်တွေနဲ့ ဖေဖေ့ကို ခုတလော သိပ်ကို တမ်းတနေမိတာ အမှန်ပါပဲ..။ ဒါပေမဲ့ ကျွန်မ မငိုဘူး ဖေဖေ..။ ဖေဖေ့ကို လွမ်းဆွတ်ချိန်တိုင်း ဖအေတူသမီး ကျွန်မ.... တစ်ယောက်ထဲ အလှပဆုံး ပြုံးနေတယ်ဆိုတာ........။


(ခင်လေးငယ်)

ဖွင့်ဟချက်...။ ။ ကျွန်မဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပျက်ခဲ့သည့် (ဇူလိုင်လ၊ တစ်ဆယ့်ခြောက်ရက်) ဆိုသော နေ့စွဲ တစ်ခုသို့ ရေးဖွဲ့ပါသည်..။

2010 June Idea Magazine  တွင် သို့ ~  ဖေဖေ ဟူသော ခေါင်းစဉ်ဖြင့် ရေးခဲ့ဖူးပါသည်။

Tuesday, May 1, 2012

လမ်းခွဲတဲ့ည


 
ညဟာ...
တိမ်လွှာကင်းလို့ လ စသာတယ်..။
လက်လက်ထ လ ရောင်မှာ မှိုင်းပြပြ မျက်ဝန်းနဲ့ အစပြုတော့
ယောင်မှားမှင်သက်..ဝစီပိတ်ကို စ ကျင့်လိုက်တယ်..။

လက်ဖျားတွေအေးစက် အသံမဲ့ စကားက ဗုံးတစ်လုံးအလား
မြေပြင်ကျယ်ဟာ မီးထတောက်ဖို့ နှလုံးသားကို တည်ကြက်လုပ်တော့
မဲ့ပြုံးလေးတောင် မပြုံးမိအောင်အံကိုကြိတ်လို့ အကြံကိုထုတ်တယ်...။

အဲ့ဒီည... ကမ္ဘာမြေကို သွက်သွက်ခါစေဖို့ ဆာကေးတစ်ခွက်
တိုက်..
လိုက်..
တယ်.....။

ကဲ... ဘာတွေဖြစ်လာမလဲ...!!

အမြည်းမရှိတဲ့ ကမ္ဘာဟာ အနမ်းတွေ ဇောက်ထိုးမိုးမျှော်နဲ့
အလွမ်းတွေက ဝုန်းဒိုင်းကျဲ နာကျဉ်ခြင်းတွေ လျှပ်လိုထ အလက်
တရားပျက်မယ့် မိုးခြိမ်းသံနဲ့အတူ မျက်ရည်တွေ ရွာအချမှာ
ရုတ်တရက်ပါပဲ....
မင်းကိုငါ လမ်းခွဲ

နှုတ်.. ဆက်.. တယ်... "ကဝေ"။

(ခင်လေးငယ်)

ကဝေ တမ်းချင်း


တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့
စိတ်တွေဖြန့်ကျက် နေလိုက်တာ..။

အမောတကြီး ပြေးကပ်လာတဲ့ လေ-တစ်စ
ကိုယ့်ဆံနွယ်တွေကို အဖွမှာ
ယောင်ပြီး တ မိတယ် “ကဝေ”..။

လက်သွားတဲ့ အပြုံးက
ရင်ဘတ်ကနေ အန်ထွက်ကျလာလို့
ပြန်သိမ်းချိန်တောင် မရခဲ့..။

ကိုယ်မမြင်နိုင်တဲ့ ကိုယ့်အနားမှာ
ရှိနေခဲ့တာလား..!
ရှိနေပေးတာလား..!
ရှိနေပေးဦးမှာလား..!!

ဆန္ဒကို ကိုယ်ချမပြပါဘူး
သိမ်းထားတဲ့ လေးနက်မှုတွေနဲ့
တွေဝေရတာလောက် လှတဲ့အရာ
ဒီကမ္ဘာမှာ မရှိမှတော့
အလှကို ငြင်းပယ်ဖို့အထိ
မရူးသွပ်ချင်တာ အမှန်..။

ဒီအတိုင်းလေးပဲ ကောင်းပါတယ်
ရနံ့မပျယ်မယ့် ပန်းတစ်ပွင့်
ရင်မှာဝင့်နေတာ ကျက်သရေရှိလို့ပါ
နွမ်းမှာစိုးတယ် “ကဝေ”..။

အမှတ်တရ သံစဉ်တစ်ပုဒ်ကို
သိမ်းထားမှာပေါ့
သတိရတဲ့အခါ ထုတ်ကြည့်ဖို့ ~

ဒီလိုနဲ့... ထပ်ပြီး
တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့
စိတ်တွေဖြန့်ကျက် မိဦးမယ်..။


(ခင်လေးငယ်)

ဧရာဝတီရဲ့ အမှတ်တရ ပုံရိပ်များ


( Day - 1 )
လွန်ခဲ့တဲ့သုံးနှစ်က မြန်မာပြည်ကို အလည်ပြန်ခဲ့တဲ့ နေ့လေးတွေကို တမ်းတလွမ်းဆွတ် နေမိပါတယ်....!! အဲ့ဒီနေ့က ဧရာဝတီရဲ့ကောင်းကင်မှာ တစ်နေကုန် တိမ်တိုက်တွေဖုံးပြီး မိုးတွေက မပြိုပါပဲ အုံ့နေခဲ့တာလေ~  နေလုံးကြီးကို မမြင်လိုက်ရဘဲ အမှောင်တွေ ကြီးစိုးသွားမှာကို ရင်တထိတ်ထိတ်နဲ့ ကင်မရာကို ဆုပ်ကိုင်ထားရင်း ဆုတွေတောင်းလိုက်ရတာ~ ကျွန်မ ဆုတောင်းလေး ပြည့်ခဲ့ပါတယ်... နေဝင်ချိန်အရောက် တိမ်တွေ ခပ်ကျဲကျဲ ဖြစ်သွားချိန်မှာ ရိုက်ယူခဲ့တဲ့ ပုံလေးကို ခံစားကြည့်ပေးပါ...။


( Day - 2 )
အပေါ်က ပုံလေးကလည်း ကျွန်မ အင်မတန်ချစ်တဲ့ ကျွန်မတို့ရဲ့ ဧရာဝတီပါပဲ... သူ့ ရင်ခွင်စီးကြောင်း နံရံမှာ မေးတင်ရင်း အိပ်တန်းတက်ဖို့ နေဝင်ချိန်လေးကို စောင့်နေတဲ့ လှေငယ်လေးတွေပေါ့....။ ကင်မရာက အလင်းရောင်ကြောင့် သူတို့လေးတွေ အနှောက်အယှက် ဖြစ်သွားမှာကို စိုးရိမ်စွာနဲ့ တိုးတိုးလေး ရင်ခုန်ရင်း ကျွန်မလက်ဖျားတွေ အေးစက်နေခဲ့တယ်~  မင်းတို့လေးတွေ လန့်သွားခဲ့တယ်ဆိုရင် ကျွန်မကို ခွင့်လွှတ်ပေးပါနော်..။


( Day - 3 )
အဲ့ဒီညနေရဲ့ နေဝင်ချိန်မှာတော့ ဧရာဝတီကို မိုးထားတဲ့ တိမ်လေးတွေက ရဲရဲဝံ့ဝံ့နဲ့ တောက်ပလို့ နေခဲ့ရဲ့~  နေမင်းကြီးရဲ့ အလင်းရောင်ကြောင့် တိမ်လေးတွေ လှခဲ့တာလား.. ဒါမှမဟုတ်... တိမ်လေးတွေကြောင့် နေမင်းကြီးရဲ့ အဖိုးတန်မှုကို လောကကြီးက ပိုပြီး တန်ဖိုးထားတတ် သွားတာမျိုးများလား...!! ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ~  နေမင်းကြီးရယ် တိမ်လေးတွေရယ်~ ကို ကျေးဇူးတင်ရင်း သူတို့ရဲ့ တောက်ပမှုတွေ အားလုံးအတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ခဲ့ပါတယ်..:)


                                   (ခင်လေးငယ်)

ကဝေတစ်ကောင်နဲ့ ဆောင်းတစ်ည


ကဝေကိုက်တဲ့ ဆောင်းတစ်ည ~  (Was Posted On Tuesday, April 21, 2009)

ဒီည အတော်လေး အေးတယ်.. ဒီဂရီကိုကြည့်လိုက်တော့ ဇီးရိုး..!! အချိန်က ညသန်းခေါင်ကျော်ကာစ ၁၂း၃၅ လောက်ရှိမယ်..။ အပြင်မှာ ဘယ်သူမှ မရှိတော့ဘူး.. ကျွန်တော် တစ်ယောက်တည်း..။ လွတ်လပ်မှုတွေ နဲ့ အားပါးတရ ပျံသန်းနေဆဲ “ဝုန်း..” ဆိုပြီး အရမ်းလှတဲ့ မိန်းကလေး တစ်ယောက် မျက်လုံး ရှေ့ မှာ ပေါ်လာတယ်.. ဒါ ရိုးရိုးတော့ မဖြစ်နိုင်ဘူး... ဘယ်လိုပါလိမ့်..!!

သူ့ကို မြင်တာနဲ့ ကျွန်တော် အလန့်တကြား သိလိုက်ပြီ.. “ကဝေမ” တစ်ယောက်ဆိုတာ... သူ ကျွန်တော့်ကို ပညာတွေ စပြတယ်.. ၁၂ကြိုး.. ၁၃ကြိုး.. ၆ကြိုး.. ၅ကြိုး... အိုး.. ဟို့..!! အကုန်စုံသွားတာပဲ.. ကျွန်တော် စောင့်ကြည့် ရင်းနဲ့ ကြက်သီးတွေ ထနေတယ်.. သူ ကြိုးလွဲသွားမှာကိုလေ..။ ဘယ်ရမလဲ ကျွန်တော် လည်း ဒါမျိုး မကြောက်လို့ ဒီလိုအချိန်မှာ ရွာရိုး ထွက်လျှောက် လာတာပဲ မဟုတ်လား..!! ကျွန်တော်လည်း ဒီ လောကသား ဆိုတာကို သူသိပုံမရဘူး.. ဒါပေမယ့် သူနဲ့ ကျွန်တော်က လိုင်းတော့ မတူဘူး..။ အထီးကျန်ကျန် နဲ့ ထွက်လာတာတော့ တူပုံ ရတယ်..။

ကျွန်တော်က ၁၅ ကို ဘောင်တက်ထားတဲ့ သေသူ ဖြစ်နေ ပြီးသား.. ဒါပေမယ့်  သူ့ကို ကျွန်တော် အလစ် မပေးရဲဘူး..။ သူက မျက်လုံး တောက်တောက်တွေနဲ့.. ကျွန်တော့် ဝှက်ဖဲကို စိတ်ဝင်စားနေတယ်.. ကျွန်တော်ကတော့ သူ့ရဲ့ မှောက်ထားတဲ့ တစ်ချပ်ကို မှန်းထားပြီးသား..။

မရည်ရွယ်ပါဘူး.. စိန်ခေါ်သလို အကြည့်တွေ နဲ့ စ လာလို့ ကျွန်တော့် ဝှက်ဖဲကို လှန်ပြလိုက် တယ်ဗျာ..။ သူ စက္ကန့်ဝက်လောက် အသက်ရှူ ရပ်သွားတယ်.. ဘာများ ဖြစ်နိုင်လဲ ဆိုပြီးပေါ့..!!

ကျွန်တော် ဝှက်ထားတဲ့ ကျွန်တော့်ရဲ့ Queen ကို ကြည့်ပြီး.. ပထမ သူပြုံးတယ်.. နောက်.. ဟက်ဟက်ပက်ပက် အော်ရယ်ရင်း သူ့ King တစ်ပါးကို ခပ်ကြွားကြွားလေး လှမ်းပြတယ်..။ သေနေသူချင်း အတူတူ နောက်ဆုံး သူကိုယ်တိုင် ဝန်ခံသွားခဲ့တယ်.. Queen ဖြစ်မယ်လို့ သူ.. ထင်မထားခဲ့ပါဘူး တဲ့..!! သူ့ပညာ မြင့်မမြင့် မသေချာပေမယ့် လုံးဝ မနိမ့်ဘူး ဆိုတာ ကြောက်ခမန်း လိလိ ကျွန်တော် သိနေပြန် တယ်..။

ကျွန်တော့်ကိုလည်း သူ့သားကောင်ဖြစ်အောင် တခြားနည်းတွေ ပြောင်းပြီး အမျိုးမျိုး ပညာစမ်း ဖမ်းစားနေ သေးတာ.!! သူ့ရဲ့ ရာဇဝင်ကို ကျွန်တော့် အာရုံနဲ့ မသိမသာ ခိုးကြည့်တော့.. ဟိုက်ရှားဘားးး.. မနည်း ပါလား..!! သူ့ စက်ကွင်းမှာမိလို့ ခစားနေ ကြတဲ့ သူတွေ.. ကျွန်တော်လည်း ပါမသွားအောင် သတိနဲ့ အသက်တွေ ရှူပြီး ရင် တလှပ်လှပ် စောင့်ကြည့်နေ ခဲ့ရတယ်..။

တစ်ချက်မှ အလစ်ပေးလို့ မရသလို ခြေချ မှားလို့ မဖြစ်ဖူးလေ..။ ဒီလိုနဲ့ ညသန်းခေါင် အချိန်ဟာလည်း နက်သထက် နက်လို့လာပြီ ကျွန်တော်ပြန်ရတော့မယ်.. စကားစကို ဖြတ်.. လက်ပြနှုတ်ဆက် ပြန်ခဲ့တယ်..။ ဘာလို့မှန်း မသိဘူး လေတစ်ချက်ချွန်လို့ ကျွန်တော်ပျော်ပြီး ပြန်ခဲ့တယ်..။ အပြန်လမ်းမှာ လွတ်အောင် ရုန်းခဲ့နိုင်တာလား..!! ငြိတွယ် ကျန်ခဲ့တာလား..!! ဝေဝေဝါးဝါး တွေးရင်း ကျွန်တော့်အာရုံမှာ ကဝေမ ကပ်ပါ လာတယ်...။

ဘယ်လိုပဲဖြစ်ဖြစ် လွတ်တော့ လွတ်မြောက် လာပြီဆိုတဲ့ အသိနဲ့ အသက်ကို တစ်ဝကြီး ရှူရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ချ လိုက်တယ်..။ “ဖြတ်” ကနဲ မျက်လုံးကို ဖွင့်လိုက်တော့ ကျွန်တော့် တစ်ကိုယ်လုံး တဆစ်ဆစ်နဲ့ နာကျဉ်ကိုက်ခဲလို့..။ နာရီကို ကြည့်လိုက်တော့ မနက် ၉း၃၀..။ “ဟိုက်..!! သွားပြီ... အလုပ်သွားဖို့ နောက်ကျနေပြီ..” ကျွန်တော် အလန့်တကြား ရေရွတ်ရင်း ပြုံးလိုက်တယ်.. ကျွန်တော် မနေ့ညက ကဝေမ တစ်ယောက် အကိုက်ခံ ခဲ့ရ တာပါလား..!!

သေချာတယ် ကျွန်တော့်စိတ်တွေ တစ်ချက်ပါသွား ခဲ့ပြီ... အဲ့ဒီ က.. ဝေ.. မ.. ဆီ.. ကို....။


ကဝေ တစ်ကောင်သို့ ~  (Was Posted On Sunday, April 19, 2009)


ကဝေမ တဲ့.!! စွတ်စွဲတာလား..! တင်စားတာလား..! သရော်တာလား..! မြှင့်ပေးတာလား..! သတ်မှတ် လိုက်တာ လား..! မင်း ချပြ လိုက်တာ လား..! ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နားဝမှာတော့ ချိုခဲ့ပါတယ်..။ မင်း ကိုယ်တိုင်ကကော ကဝေ တစ်ကောင်ပဲ မဟုတ်လား ကွယ်..!! ကဝေဟာ ကဝေညှို့တာ ပြန်ခံရတော့ စုန်းတွေ ထတောက်လိုက်တာ အဲ့ဒီည ကောင်းကင် တစ်ခုလုံး အရောင်တွေ စုံပြီး လက်လက်ကို ထလို့..။

အနီရောင် တောက်တောက်တွေ နဲ့ အပြာရောင်တွေ လွှမ်း အသွား စိတ်နှစ်ခု ရဲ့ ရင်ဘတ်တွေမှာ ခရမ်းပုပ် ရောင် ရင့်ရင့်တွေ က နေရာယူလို့ ပြုံးကြတယ်..။ ပညာချင်း ပြိုင်တာ မဟုတ်နိုင်ဘူး..။ ဒါဟာ ကြိုးနံပါတ် အသစ်တစ်ခုကို အတူတကွ သင်ယူကြတာ မျိုးလေကွာ..။ အဲ့လို မင်း မထင်ဘူးလား..!! အို... မင်းဘယ်လိုထင်ထင်ပါ ဒါကို ကိုယ် စိတ်မဝင်စားဘူး သိလား..! ကြိုးလွဲ သွားမှာကို စိုးရိမ်စိတ်တွေ နဲ့ မင်း ရှိနေခဲ့တယ် ဆိုတာ..။

မင်းလိုပါပဲ ကိုယ်ကိုယ်တိုင်လည်း အသက်တောင် ဝဝ မရှုခဲ့မိပါဘူး..။ သင်ယူနေတဲ့ ကြိုးကွက်တွေ လွတ်ထွက် သွားမှာစိုးလို့ပေါ့..။ ခနဲ့တဲ့တဲ့ ကဝေပြုံးတော့ မပြုံးနဲ့ ကိုယ့်ဆရာရေ~  ကဝေချင်း ခြေမြင်အောင် ပညာတော့ မစမ်းဘူး..။ အနုမြူရောင်ထက် တောက်တဲ့ အရောင်တွေ ကွန့်မြူးတဲ့ ညမှာ မင်းနဲ့ကိုယ်ဟာ ရဲဘော်ရဲဘက် သွေးသောက်တွေ ဖြစ်ခဲ့တာပဲ ဟုတ်..!!

မင်း ငြင်းဖို့ ကြိုးစားမယ်တော့ ကိုယ်မထင်ဘူး ကဝေရေ..။ နှုတ်ခမ်းနှစ်လွှာကို တင်းနေအောင် မင်း စေ့ထားနေမှာ ကိုယ်သိနေတယ်..။ လွှတ်ချလိုက်ပါ.. ဆုပ်ကိုင်ထားတဲ့ အရာတွေကိုပေါ့..။ မင်း တွေးမတွေးတော့ ကိုယ်မသိဘူး.. ကိုယ်တော့ အသစ် တက်လိုက်တဲ့ ကြိုးအကြောင်းနဲ့ အတွေးတွေက ချာချာလည် မူးနောက် လို့..။

ကဲ.. မင်းဘယ်လိုထင်လဲ ကဝေ..!! ကိုယ်တို့ နောက်တစ်ကြိုး အတတ်ကို အောင်မြင်စွာ ရခဲ့တာလား..!! လေ့လာဆဲ အဆင့်လား..!! ဒါမှမဟုတ် မင်းရော ကိုယ်ပါ ပြိုင်တူ ဂုဏ်ထူးထွက်ခဲ့ကြ တာလား...!! ကဝေတွေတော့ ကြိုးတွေရှုပ်လို့ ရုပ်သေးတွေဖြစ်လိုဖြစ်..။

ဟား.. ဟား.. ဘယ်လိုပဲဖြစ်ဖြစ် ကဝေမ တစ်ယောက်ကတော့ ကဝေတစ်ကောင်ကို သတိထားလိုက်မိပြီ ဆိုတာလေးပါပဲ..။ ကိုယ်ကတော့ လုံးဝ ပညာစမ်းမှာ မဟုတ်ဘူး..။ ကစားဖို့ကိုလည်း ကိုယ် စိတ်မဝင်စားပါဘူး ဒါ.. အသေအချာပဲ..။ ကဝေတွေ မှာလည်း ရင်ဘတ်တွေ ကိုယ်စီနဲ့ဆိုတာ မင်း မေ့ထားဖို့ မကြိုးစားလေနဲ့..။

ဒါဟာ ပေါ့ပေါ့လေး မဟုတ်ဖူး ကိုယ့် ကဝေရေ ~

နားလည်မှုတွေ နဲ့ ရင်းထားတဲ့ အရာတွေ အများကြီးဆိုတာ မင်းလည်းအသိ ကိုယ်လည်း အသိနဲ့ မို့ပါပဲ.......။

                      (ခင်လေးငယ်)

မုန်တိုင်းလွန်စ နေ့တစ်နေ့


မေရေ... ဒီနေ့တော့ ဝယ်လို့ ရနိုင်တာလေးတွေ လိုက်ဝယ်ဖို့ ဈေးသွားမှ ဖြစ်မယ်... အခြေအနေက ဘာမှန်းမသိဘူးလေ.. အဝတ်လဲကွာ.. မေနဲ့ သမီးကို ဈေးမှာ ခဏချ ထားခဲ့မယ်... ဘဘကြီးတို့ အိမ်နဲ့ ကြီးမြတို့အိမ် အတွက် သောက်ရေ နည်းနည်း သွားပို့ ပေးမှဖြစ်မယ်.. ဓါတ်ဆီ ကလည်း ထုတ်လို့ရမှာ မဟုတ်သေးဘူး.. ဓါတ်ဆီ ပတ်ရှာဝယ်ပြီး အပြန်မှ ဈေးဝင်ခေါ်မယ်နော်..” ဆိုတဲ့ သမီးအဖေရဲ့ စကားသံ အရှည်ကြီးအဆုံးမှာ..

“ဟုတ်...” ဟု ခေါင်းကို ဆတ်ကနဲ ညိတ်ရင်း အိပ်ရာ နိုးကာစ ဆံပင် စုတ်ဖွားလေး နဲ့ သမီးကိုပါ အင်္ကျီလဲပေးလိုက်သည်..။

“ဇင်မာရေ အစ်မနဲ့လိုက်ခဲ့ရမယ်နော်.. အိမ်နောက်က တံခါးတွေ သေချာပိတ်.. ဦးဦးကားပေါ် ရေတင်နေတာလည်း ကူလိုက် ပါဦး ကွယ်...” ဟု ဇင်မာ့ကို လှမ်းပြောရင်း မကြာမီပင် အပြင်ထွက်ဖို့ သမီးရော ကျွန်မပါ အဆင်သင့်ဖြစ် နေခဲ့ပြီ…။

မုန်တိုင်း အလွန် နေ့များထဲမှ ပထမဦးဆုံး အပြင်ထွက်ခြင်းပင် ဖြစ်သည်။ တစ်နေ့က တိုက်သွားတဲ့ မုန်တိုင်းက တကယ့်ကို သွေးပျက် ချောက်ချားစရာ။ လှမ်းမြင်ရ တဲ့ မြင်ကွင်းတိုင်းက ရင်ထဲကို မချိမဆန့် ဝင်လာနေသည်။ ပြိုလဲနေသော ညောင်ပင်ကြီးတွေ၊ ဓါတ်တိုင်ကြီးတွေ၊ လွင့်စင်ပြန့်ကျဲ နေသော သွပ်ပြားတွေ၊ အစိတ်စိတ် အမွှာမွှာ ဖြစ်နေသော မှန်ကွဲ အပိုင်းအစတွေ၊ အပုံ့လိုက် ပြိုပျက် နေ သော အိမ်သေးသေးလေးတွေ၊ မြင်မြင်သမျှ အားလုံးက စိတ်မကောင်းစရာအတိ..။ 

“ကို..” ကတော့ ဘီးလေးဘီး လှိမ့်၍ရလို့သာ ကားဟုခေါ်လို့ရသော ကားစုတ်လေးကို သတိထားရင်း အပျက်အစီးတွေကို ကွေ့ဝိုက် မောင်းနှင် နေသည်..။ အချို့နေရာ ရေလျှံ၊ အချို့နေရာမှာ လမ်းတွေပိတ်နဲ့ ဈေးသို့ တော်တော်နှင့် မရောက်နိုင်..။ ကျွန်မ မျက်လွှာကိုချကာ ဘုရားစာ တချို့ တ၀က်ကို ရွက်ဆိုရင်း လိုက်ပါခဲ့သည်။ မြင်နေကြမဟုတ်တဲ့ မြင်ကွင်းတွေက ငါးနှစ်သာရှိသေးတဲ့ သမီးလေး အတွက်တော့ အသစ်အဆန်း ဖြစ်နေသည် ထင်၏။ 

အင်မတန်သွက်လက်တဲ့ သမီးလေးတောင် မျက်လုံးလေး အ၀ိုင်းသားနှင့် ငြိမ်သက် လွန်းနေသည်။ သမီးလေး အတွေးမှာ စိုးရိမ်ထိတ်လန့်မှုတွေများ ကျန်ရှိနေလေဦးမလား..!! ကျွန်မ ကိုယ်တိုင်ကတော့ မီးစက်လေးနှင့် မနေ့က ရေလေး နည်းနည်း တင်၍ ရလိုက်သော တိုက်ခန်းကျဉ်းလေး ကို ကျေးဇူးတင်နေမိသည်။ 

“တစ်ပတ်စာ နီးနီးတော့ လောက်မှာပါနော်..”
ဆိုတဲ့ “ကို့” အသံကြားမှ ပိုက်ဆံအိတ် ပါးပါးလေးကို ငုံ့ကြည့်ကာ နွမ်းလျ ဖျော့တော့စွာဖြင့်.....
“အင်း..”
ဟု ဖြေရင်း သက်ပြင်း အချမှာပင် ဈေးရောက်နေပြီ ဆိုတာ သတိထား မိတော့သည်။

သမီးလေးကို မတတ်သာလို့သာ ခေါ်ခဲ့ရပေမယ့် နောင်တက ရချင်ချင်။ အပြိုအပျက် များကြားတွင် ရအောင် ဖွင့်ထားသော ဈေးလေးက တိုးမပေါက်..။ အလုအယက် ကြပ်သိပ်ရှုပ်ထွေးစွာနှင့် ဆူညံလို့နေသည်။ သမီးလေးလက်ကို တင်းနေအောင်စွဲယူရင်း အပူတွေ ကိုယ်စီ ထွေးပိုက်ထားသည့် လူတွေကြား တိုးဝှေ့ဝင်ခဲ့သည်။ ကြက်ဥ တစ်လုံးကို ၃၅၀ ကျပ်တဲ့ ကုန်ဈေးနှုန်းက တစ်ခါမှ မကြားဖူးတဲ့ အဆင့်ကို ခုန်တက်သွားပြီ။ 

လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော နွမ်းဖတ် ရိသဲ့နေသည့် တစ်ထောင်တန် အဟောင်းလေး ငါးရွက်ကို ကျွန်မ ဖြန့်ကြည့်မိ လိုက်သေးသည်။ ရှိတာလေးနှင့် ရသလောက် အမြန်ဆုံး တိုးဝယ်ပြီး ပြန်ထွက် ရုံသာ..။ “တစ်ပတ်စာ လောက်တော့..” ဟု ပြောသွားခဲ့သော “ကို့..” စကားကို သတိရမိရင်း ကျွန်မ ဝယ်လို့ရလိုက်တာက သုံးရက်စာပင် မရှိပေ။ အတွေး များစွာနှင့် သက်ပြင်းကို ဖွဖွချရင်း ဈေးမှအထွက် မထင်မှတ်တဲ့ မြင်ကွင်းလေးတစ်ခုက ကျွန်မရင်ဝကို လာ ဆောင့် သည်။ မြောင်းဘေး က မြေကြီးပေါ်မှာ ထိုင်နေကြသော မည်းညစ် ချောက်ကပ်နေသည့် ကလေးငယ်နှစ်ယောက်..။ 

အရိုးပေါ် အရည်တင် မျက်နှာလေးက ကြေကြေကွဲကွဲနှင့် ကျွန်မကို စိုက်ကြည့်နေ၏။ လိုအပ်တာထက် ပိုပြူး နေသည်ဟု ထင်ရသည့် မျက်လုံးလေး တစ်စုံက ကျွန်မကို ကျောက်ရုပ်တစ်ရုပ် ဖြစ်သွားစေသည်။ အကြီးမလေးက သူ့မောင်လေးဟု ယူဆရသော ကလေးငယ်၏ ကျောကုန်းကို ကုတ်ပေးနေသည်။ ခြင်ဖုလေးတွေကို ကုတ်ရင်း ကြီးလာဟန်တူသော အနာလိုလို အပိန့် အကြီးကြီး တွေနှင့် ကလေးငယ်က ယားလွန်း၍လား ဆာလောင်၍ လားမသိ... ကျယ်လောင်စွာ အော်ဟစ်ငိုယိုလို့ နေသည်။

“ဘုရား.. ဘုရား..!! သူတို့မိဘတွေရော..!! သူတို့မောင်နှမ..!! ပြန်စရာအိမ်..!! စားစရာ...!! ဟင့်အင်း..!!” ကျွန်မ အာခေါင်တွေ ခြောက်ကပ်ကွဲအက် လာလိုက်တာ အသက်ရှူလို့ပင် မဝတော့။ သမီးလေးလက်ကို ပိုမိုတင်းနေအောင် ဆုပ်ကိုင်လိုက်သည်။ ပါသမျှ လေးနှင့် သုံးရက်စာမရှိတရှိ ဝယ်လာသော ကြွပ်ကြွပ်အိတ် အကြီးကြီး နှစ်လုံးကို ဘယ်ညာဆွဲ၍ ကိုင်ထားသော ဇင်မာ့ လက်ထဲက အိတ်တစ်လုံးဆီ ကျွန်မလက် အလိုလို ရောက်သွားခဲ့ပြီ။ ဆတ်ကနဲ ခပ်မြန်မြန်ပင် ဆွဲယူကာ ထို ကလေးမ လက်ထဲသို့ ထည့်လိုက်မိသည်။ 

 မထင်မှတ်ပါပဲ ဝင်းလက်သွားခဲ့သော မျက်လုံးပြူးပြူးတွေကို ကျွန်မကြာကြာ မကြည့်နိုင်အောင် လူတွေ တိုးဝှေ့ လို့ လာပြန် သည်..။ သမီးနှင့် ရွယ်တူမရှိတရှိ ကောင်မလေး.. ပြီးတော့ နှစ်နှစ်သားခန့်သာ ရှိဦးမည့် သူ့မောင်လေးရဲ့ ပုံရိပ်တွေက ကျွန်မအတွေးမှာ ကပ်၍ လိုက်ပါလာခဲ့ပြီ....။ သမီးလက်လေးတွေကို ဆွဲကိုင်ယူရင်း လူကြားထဲက တိုးအထွက် မထင်မှတ်ပဲ မိုးစက် အကြီးကြီး တွေနှင့် မိုးခပ်ကြဲကြဲ ရွာချလိုက်သည်။ မိုးသားတွေကို မော့ကြည့်ပြီး ခေါင်းပြန် အချ ကျွန်မတို့ကို လှမ်းကြည့်နေသည့် “ကို..”..။  

ဆတ်ကနဲ ခေါင်းညိတ်ပြတဲ့ “ကို့” မျက်ဝန်းတွေက ညိုမှောင်ရီဝေလို့..။ ပုခုံးပေါ်ကို ဖွဖွလေးလာတင်သည့် “ကို့” လက်ဖမိုးကို ကျွန်မ လက်လေးတစ်ဖက်နှင့် ပြန်လည် ဖြစ်ညှစ်ထားလိုက်မိသည်။ သက်ပြင်း ချသံနှင့်အတူ မောင်နှမ နှစ်ယောက်ကို လှမ်းကြည့်နေ သည့် “ကို့” မျက်လုံးတွေထဲမှာ စာနာသနားစိတ်နဲ့ အကြင်နာ တရား တွေ ရောပြွမ်းလို့နေသည်ပဲ...။

မိုးသား မည်းမည်းတွေက ထစ်ချုန်းသံနှင့်အတူ အငြိုးကြီးနေဆဲ.. ရန်လိုနေဆဲ..။ အင်္ကျီလက်ပြတ်လေးနဲ့ သမီးက သူ့လက်မောင်းပေါ်က မိုးစက်တွေကို လက်သေးသေးလေးနှင့် သတ်ချရင်း...
“မိုးစက်လေးတွေ ကလည်း အေးလိုက်တာနော် မေမေ..” တဲ့။ ကျွန်မ ယောင်ရမ်းပြီး ခေါင်းညိတ် ပြလိုက်မိသည်ထင်၏..။

တကယ်တမ်း ကျွန်မ ပါးပြင်နှစ်ဖက်ပေါ်က မိုးစက်တွေ ပူနွေးနေကြတယ်ဆိုတာ...။

(ခင်လေးငယ်)


မှတ်ချက်။ ။ လွန်ခဲ့တဲ့ ငါးနှစ်က ရေးခဲ့ဖူးသော နာဂစ်ခြွေအပြီး နံနက်ခင်း တစ်ခင်းစာပြကွက် ဝတ္ထုတိုလေးပဲ ဖြစ်ပါတယ်...။


ဝေးလွင့်ခြေရာ ~


ဆောင်းလေအဝှေ့မှာ ချမ်းစိမ့်တက်လာတဲ့ အသိနဲ့ ကိုယ်မှာ ကပ်နေတဲ့ သားရေဂျာကင်ဇစ်ကို လည်ပင်းအထိ ဆွဲတင် မိလိုက် ပါတယ်။ သြော်.. နှင်းတွေတောင် ခပ်စိပ်စိပ်ပိုသည်းလာပြီပဲ။ ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်လေးကို နားနှစ်ဖက်ဖုံးတဲ့အထိ ခပ်ဖိဖိ ပြင်ဆောင်း မိပြန်တယ်။ လက်အိတ်တွေအောက်မှာ မြှုပ်နေတဲ့ နာရီကို ကြည့်မိတော့ ၃ မိနစ်လိုနေပါသေးတယ်။ အချိန်ကို ဂရုစိုက် တိကျ လွန်းတဲ့ သူရောက်လာတော့မှာပါ...။

ရပ်နေတဲ့နေရာဘေး ခုံတန်းရှည်ပေါ်မှာတော့ သစ်ပင်ကြီးတွေဆီက ဖြာကျလာတဲ့ မီးရောင်စုံလေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ ကခုန် လို့ပေါ့။ သီချင်းသံမဟုတ်တဲ့ တေးသွားနဲ့ တီးလုံးသံလေးတွေက နားထဲကို တိုးဝင်လာလိုက် ထွက်ပြေးသွားလိုက်။ ခေါင်းကို မော့ပြီး ကောင်းကင်ကို ကြည့်မိတော့ နှင်းမှုန်တွေက မျက်နှာပေါ်ကို အပြေးအလွှား တွယ်ကပ်ရောက်လာကြတယ်။ ခပ်ပြားပြား ကား အမည်းလေးတစ်စီး တုန့်ကနဲ အရပ်မှာ မော့ထားတဲ့ခေါင်းကို ပြန်ချမိပါတယ်..။

နေမင်းဟန်...!! သူက ကားထဲကနေပဲ သူ့ကိုယ်ကိုငဲ့ပြီး ကျွန်မဘက်အခြမ်း ကားတံခါးကို ဖွင့်ပေးရင်း...

“မင်္ဂလာပါ... မငယ်.. ကိုယ် နောက်မကျပါဘူးနော်...” 
“ဟင့်အင်း.. ကျွန်မ ၃ မိနစ်ပဲ စောရောက်နေတာပါ ကိုနေမင်း...”


ကားထဲက အပူပေးစက် အနွေးကြောင့် အတော်လေး နေသာထိုင်သာရှိသွားပါတယ်..။

“ကိုယ်တို့ တစ်ခုခု သွားစားသင့်တယ်နော်” 
“ကောင်းပါတယ် ကိုနေမင်း”


ထုံးစံ အတိုင်း နေမင်းဟန် အသံက ရိုးသားမှုတွေနဲ့ တည်ငြိမ်လို့ပါ။ များသောအားဖြင့် ကျွန်မကို အလုပ်မှာရော အပြင်မှာပါ “မေ” လို့ ခေါ်တတ်ကြတယ်။ အင်္ဂလိပ်စာလုံး May ဆိုတာ ကျမတို့ မြန်မာအသံထွက်တွေထဲမှာ ခေါ်ရမှတ်ရလွယ်တာလည်း ပါပါ လိမ့်မယ်။ စသိချိန်ကစလို့ မိတ်ဆွေသက်တမ်း တစ်လျှောက်လုံးမှာ နေမင်းဟန်ကို ကျွန်မ “ကိုနေမင်း” လို့ခေါ်ခဲ့သလို ကျွန်မကို သူများတွေ ခေါ်သလို “မေ” လို့ မခေါ်ပဲ ကျွန်မနာမည်ကို “မ” ထည့်ပြီး “မငယ်” လို့ခေါ်တတ်သူပါ။ 

စကားပြောတိုင်းလည်း ကိုယ်နဲ့ မင်းလို့ သုံးနှုန်းတတ်သလို ပိုမိုရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လာတဲ့ ခုချိန်အထိ ကျွန်မကိုယ်တိုင်ကလည်း “ကျွန်မ”လို့ပဲ သုံးစွဲ ခဲ့ပါတယ်..။ သူက သူ့ကားထဲက MD Player ခလုပ်လေးကိုနှိပ်လိုက်တော့ ကျွန်မနှစ်သက်တဲ့ Rock သီချင်းတစ်ပုဒ် ခုန်ထွက်လာတယ်။ အံ့သြမှုတွေ နဲ့ သူ့ကိုငဲ့အကြည့် သူ့အပြုံးတစ်ခုက လှစ်ကနဲ။ “နေမင်းဟန်” ဆိုတဲ့ သူဟာ ဘယ်တော့မှ ဆူညံညံ ပေါက်ကွဲသံစဉ်မျိုး နှစ်သက် တတ်သူမှ မဟုတ်တာ။ 

ကျွန်မတို့ မိတ်ဆွေသက်တမ်း သုံးနှစ် ကျော်လာတဲ့အထိ သူ့ကားထဲမှာ ဒီလိုသီချင်းသံမျိုး ကြားရလေ့ မရှိ။ ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ...။ ကျွန်မတို့ တွေ့ဆုံချိန်တွေတိုင်း ပြောတတ်တဲ့ စကားတွေကတော့... တစ်ခါတလေ အလုပ်ထဲက ဖိစီးမှုတွေပါမယ်။ စာအုပ်တွေ အကြောင်းပါမယ်။ ရုပ်ရှင်တွေအကြောင်းပါမယ်။ သီချင်းအကြောင်းတွေပါမယ်။ ကိုယ်ရေးကိုယ်တာ တချို့တစ်ဝက်ပါမယ်။ ကိုနန္ဒ မေမေ့ အကြောင်း ပါမယ်။ ဝတ်ရည်ရဲ့ ခပ်ဆိုဆိုး မောင်လေး အကြောင်းသူပြောမယ်။ ဒါတွေပါပဲ......။

“ကိုနန္ဒ နေကောင်းလား ကိုယ် သုံး လေး ရက်လောက်တော့ရှိပြီ ဘူတာထဲမှာ သူ့ကို လှမ်းတွေ့လိုက်သေးတယ်” 
“ဟုတ်... ခုတလော ပုံမှန်ထက် သူအလုပ်များနေပါတယ်” 
 
“ကိုယ်တို့ ကိုရီးယားစာ စားရအောင်လေ”
 
“ကောင်းတယ် ကိုနေမင်း ကျွန်မလည်း အဲ့လိုတွေးနေမိတာ”
 

“ဝတ်ရည်ကတော့ အစပ်မစားလို့ ဘယ်တော့မှ ညှိလို့မရခဲ့ဖူးဘူး..”
 
ကျွန်မကတော့ ငပိနဲ့ အစပ်ကိုကြိုက်တယ်”
 

“ကိုယ် မင်းကို ခုမှသိတာ မဟုတ်ဖူးလေ...”


ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်မိပါတယ်..။

“မင်း ကလေးလေးတစ်ယောက်လို ရယ်တဲ့အသံ ကိုယ်မကြားရတာ ကြာပြီနော်” 
“ဟုတ်တယ် ကိုနေမင်း ကျွန်မ ဒီလို မရယ်နိုင်အောင် အလုပ်တွေနဲ့ မွန်းနေတာမျိုး”


“ဟန်ဆောင်ပြီး အလုပ်တွေထဲမှာ နှစ်ထားတာ တကယ့်မင်းမှ မဟုတ်တာ”


ကျွန်မခေါင်းကို ဆတ်ကနဲ ညိတ်ပြမိရင်း...

“ဝတ်ရည် ခရီးထွက်မယ်ဆိုတာ သွားဖြစ်လား”
 
“အင်း.. ဒီနေ့ ကိုယ်သူ့ အတွက် လေယာဉ်လက်မှတ် ရက်အတိအကျယူပေးခဲ့တယ်”
 

“ကိုနေမင်း မလိုက်ဖူးလားဟင်”

“အို့.. အို ကိုနန္ဒခရီးတွေရော မင်းလိုက်ဖြစ်လို့လား မငယ်” 

“အင်း.. ဒါလဲဟုတ်ပါတယ်လေ”

“နောက်ဆိုရင်တော့ ကိုယ်လိုက်ရတော့မှာ ဒီခရီးက ဝတ်ရည် တစ်ယောက်ထဲသွားမယ့် နောက်ဆုံးအကြိမ် ခရီးဖြစ်လိမ့်မယ်”

ကျွန်မ ပေါင်ပေါ်တင်ထားတဲ့ စလင်းဘက်အိတ် အပြားလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသွားတယ်။ အိတ်ထဲမှာ ဖုန်းလေးတစ်လုံး၊ ပိုက်ဆံအိတ်ပါးပါးလေး တစ်အိတ်၊ ခေါင်းဘီးလေးတစ်ချောင်း နဲ့ ပန်းနုရောင် ဖိတ်စာကဒ်လေးတစ်ခု ရှိနေပါတယ်။ အဖုံးပေါ်မှာ “နေမင်းဟန်” ဆိုတဲ့ နာမည် ခပ်ဖိဖိရေးထားတဲ့ ကဒ်လေးက ဆွဲထုတ် ယူသူမဲ့ ငြိမ်သက်နေဆဲပါပဲ...။

“မငယ်”

ကျွန်မအကြည့်တွေက နေမင်းဟန် မျက်နှာပေါ်ရောက်သွားတယ်...။

“မငယ်”
“ရှင် ကျွန်မကို ခေါ်တာ နှစ်ခါရှိနေပြီ ကိုနေမင်း” 

“ဟား ဟားး အဲဒီခပ်ပြတ်ပြတ် အသံနဲ့ ရှုတည်တည် အကြည့်တွေက မင်းမှမင်းပဲ”
 
“တော်ပါရှင်.. ကိုနေမင်း ဒီနေ့ စကားတွေတော်တော် ပြောနေတယ်နော်”
 

“ဟုတ်တယ်.. ကိုယ်ဒီနေ့ ကလေးတစ်ယောက်လို ရယ်တာတွေကို ကြားချင်လို့ မင်းကို စချင်နေတာ”


ကျွန်မ သူ့ စကားဆန်းတွေကြောင့် ရယ်ဖြစ်ပြန်ပြီ...။

“ကိုနေမင်း ဘာလို့ ဒီသီချင်းတွေ ဖွင့်ရတာလဲ ကျွန်မစဉ်းစားနေတာ” 
“သြော်... ဒါလား.. ဒါက... ဒီလိုလေ...”


ရယ်နောက်နောက် သူ့စကားက တစ်ဝက်တစ်ပျက်မှာ ဆုံးသွားတယ်။ တိကနဲ ကားဘရိတ်ကို တစ်ချက်တော့ပြီး သူ ရပ်လိုက် ပါတယ်။ စောစောက နေမင်းဟန် မဟုတ်တော့ သလိုပဲ တိတ်ဆိတ်လို့ပေါ့။ ကျွန်မ ခပ်ပေပေမျက်လုံးနဲ့ သူ့ မျက်နှာကို လှမ်းကြည့် မိပါတယ်။ စတီယာတိုင်ကို ညာဘက်လက် တစ်ခုတည်းနဲ့ ဆုပ်ထားရင်း နှင်းတွေကျနေတာကို သူငေးနေတယ်။ ပြီးတော့ ခပ်တိုးတိုး အသံနဲ့ ပြောပါတယ်........

“ဘယ်သူမှ မသိသင့်တဲ့အရာပါ.. တစ်ခါတစ်လေ ကိုယ်ဟာ မင်း... ဖြစ်ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး... ဒါပါပဲ”

နေမင်းဟန် စကားတွေက ကျွန်မကို တိတ်ဆိတ်သွားစေတယ်။ ချက်ချင်း အားယူပြီး ကျွန်မ ခပ်သော့သော့ ရယ်မောဖြစ်လိုက်တယ်...။

ကိုနေမင်း ရယ် ရှင်... ဟာလေ......” 
“ဝတ်ရည်ခရီးက ပြန်လာပြီးရင် ကိုယ်တို့ လက်ထပ်တော့မယ်.. မငယ်”


သူ့စကားသံ တိုးတိုးလေး အဆုံးမှာ ကျွန်မ ရယ်မောလိုက်မိပြန်တယ်။ နေမင်းဟန် ရှင်ပြောတယ်လေ.. ဒီနေ့ ကျွန်မရယ်သံတွေကို ကြားချင်တယ်ဆို....

“ဘာလဲ ကျွန်မကို သတို့သမီး အရန် ကမ်းလှမ်းချင်တာလား”

သူခေါင်းကိုခါတယ်... ပြီးတော့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်နေတယ်...

“မင်းကို ကိုယ်ကျေးဇူးတင်တယ် မငယ်” 
“ရှင်”
 

“မင်း ရယ်သံတွေ အတွက်ပါ ပြီးတော့....”


သူ ခဏရပ်ရင်း အသက်ကို ပြင်းပြင်းတစ်ချက်ရှူပြီး စကားဆက်ပြောတယ်...။ 
“ကိုယ်ဟာ မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကို လစ်လျူရှု သင့်တာတွေကို ရှုတတ်တဲ့ အလေ့အကျင့် ရခဲ့တယ်... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်တွေ သန့်စင်စွာ ထပ်တူကျမှုတွေကို ကိုယ်နားလည် တတ်ခဲ့ တယ်... ပေတေသလို တည်ငြိမ်တတ်တဲ့ မင်းအမူအယာတွေနဲ့ ခင်မင်စရာကောင်းတာတွေ... ကိုယ့်ကို မိတ်ဆွေကောင်း တစ်ယောက် ရဲ့ ပေးနိုင်တဲ့ ဖေးမပေးမှုတွေနဲ့ အားပေးခဲ့တာတွေ... ကိုယ့်ဖိစီးမှုတွေကို မင်းလမ်းပြမှုတွေနဲ့ တည်ငြိမ်စွာ ကျော်ဖြတ်စေ ခဲ့တာတွေ... အိုကွာ.. အများကြီးပါ... ကိုယ်စံထားရတဲ့ မင်းကို အရာအားလုံးအတွက် ကိုယ်ကျေးဇူးတင်တာပါ.. မငယ်”

အို... ကိုနေမင်းရယ် အထူး အဆန်းတွေရှင်..”

ဒီတစ်ခါတော့ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တာ နေမင်းဟန်ပါ။ ရှင့်ရင်ထဲကအသံတွေ ဟုတ်မဟုတ် ကျွန်မ အဖြေရှာသင့်သူ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့... အတွေးတွေကို ကျွန်မ မောင်းတုတ်နိုင်ခဲ့ပါတယ်..။

“ကိုနန္ဒ အတွက် ဂုဏ်ယူတယ်ဆိုတာ ကိုယ့်ကိုယ်စား ပြောပေးပါ...” 
“................”


ကျွန်မ ခေါင်းငုံ့ပြီး စလင်းဘက်လေးကို ဖွင့်လိုက်တယ်။ ညာဘက်လက်ချောင်း ထိပ်လေးတွေနဲ့ ပန်းနုရောင် ဖိတ်စာ ကဒ်လေး အတွေ့ မှာ ကျွန်မလက်ကို ပြန်ရုတ်လိုက်မိပါတယ်။ နေပါစေတော့လေ...!! တိုက်ဆိုင်လွန်းစွာ ကျွန်မပြောမယ့် စကားတွေကို ဒီဆောင်းညဥ့်ဦး ပိုင်းမှာပဲ သူကအရင် ပြောသွားခဲ့ပါတယ်။ ကျွန်မ လက်လေးတွေ အနည်းငယ် တုန်ရီနေခဲ့တယ်။ ကျွန်မ ခေါင်းမော့ပြီး သူ့ ကို ပြုံးပြီး ကြည့်လိုက်မိပါတယ်..။

ကျွန်မလည်း ဝတ်ရည်ကို ပြောချင်တယ်... ရင့်ကျက်တည်ငြိမ်တဲ့ ခင်ပွန်းလောင်း တစ်ယောက်အတွက် ကျွန်မ အင်မတန် ဂုဏ်ယူ မိတယ် လို့.... Congratulation ပါ..”

ကမ်းပေး လိုက်တဲ့ ကျွန်မ ညာလက်ဖဝါးကို သူ့လက်ဖဝါးနဲ့ ဖျစ်ညှစ်လိုက်တယ်။ နေမင်းဟန်.. ရှင့်အပြုံးတွေ လဲ့ နေသလို ကျွန်မ မျက်လုံးတွေ လည်း အရောင်လဲ့နေခဲ့ပါတယ်။ ကျွန်မတွေးမိတယ်.. ကျွန်မတို့တတွေ တစ်ဦးနဲ့တစ်ဦး ရင့်ကျက်စွာ ချီးမွမ်းခန်းတွေ ဖွင့်နေကြ တာ ဘာအတွက်များပါလဲ..!! နှလုံးသားထဲကို ဝင်လာမယ့် တစ်စုံတစ်ရာကို အသိစိတ်တွေနဲ့ ထိန်းယူခဲ့ကြတာကရော ဘယ်လောက် များ သေသပ်လှပခဲ့ကြလဲ... နော်..!!

ကျွန်မ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။ သူ့အတွက် ယူလာတဲ့ ပန်းနုရောင် ဖိတ်စာလေးတစ်စောင်ကို ဘယ်တော့မှ သူ့ကို ပေးဖြစ်တော့ မှာ မဟုတ်ပါဘူး.!! ကျွန်မတို့တွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လူသားဆန်စွာ တွေးခေါ်ဆုံးဖြတ်ခဲ့ကြတယ်။ အကောင် အထည် ဖော်နိုင်ခဲ့ကြတယ်။ ကျွန်မနဲ့ နေမင်းဟန် ဆိုတဲ့ ရှင့်ရဲ့ ဆုံစည်းရခြင်းဟာ သုံးနှစ်ထက်သာ ပိုစောခဲ့ကြမယ် ဆိုရင်လေ.......!!

ကျွန်မတို့ နှစ်ယောက်ရဲ့ အပြန်လမ်းမှာ နှင်းတွေထူထပ်အောင် ကျနေခဲ့တယ်...။ ကျွန်မအိမ်ရှေ့လမ်းပေါ်အရောက် သူရပ်ပေးတဲ့ ကားပေါ်က ဆင်းရင်း ကောင်းကင်ကို မော့အကြည့်မှာ သည်းနေတဲ့ နှင်းမှုန်တွေကြောင့် “လ” ကိုမြင်ခွင့် မရခဲ့ပါဘူး...။ တကယ်လို့ များ အဲ့ဒီညရဲ့ ကောင်းကင်မှာ “လ” တစ်စင်းဟာ ကြည်လင်အေးချမ်းစွာ သာနေခဲ့မယ် ဆိုရင်တောင် ကျွန်မ မျက်လုံးတွေက မြင်ချင် မှ မြင်နိုင်ခဲ့လိမ့်မယ် ဆိုတာကိုတော့.....!!


(ခင်လေးငယ်)