Sunday, July 14, 2013

သူမ ~~ (သို့မဟုတ်)

    ၂၀၀၈ ခုနှစ်တုန်းက ရေးခဲ့ဖူးတဲ့ “ကျွန်မ လက်ရာ အဟောင်းလေး..”     

     ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ 

ဘိန်းစားချင်းအတူတူ တစ်မူးပိုရှူ ချင်သူလိုမျိုးလူဟာ သူမ..!!


အရူးရယ်လို့ လူတွေ သတ်မှတ်တာကို ကျေကျေနနပ်နပ်  ခံယူရင်း ပိုမိုရူးသွပ် နေချင်သူ..။ နူးညံ့ညင်သာစွာ ချစ်တတ်လွန်းရက်နဲ့ ကြမ်းရှရှ ခပ်ရိုင်းရိုင်း ပေါက်ကွဲတတ်သူ..။ တိတ်ဆိတ်နေတဲ့ အခန်းလေးကို အမှောင်ချလို့ ထောင့်လေးတစ်ထောင့်မှာ ပြေပြေလေးမှေးရင်း ဘယ်သူမှ မမြင်နိုင်မှန်းသိပါရက် ပြုံးနေတတ်သူ..။


ဖွာလန်ကြဲ ဆံပင်တွေကို ဖြန့်ချထားရင်း ဘေးမှာဘယ်သူမှ မရှိပါပဲ သူမမျက်ရည်ကို တစ်စုံတစ်ဦးမြင်မှာ စိုးရိမ်တကြီး ရှိရင်း ငိုရှိုက်နေတတ်ပြန်သူ..။ ခပ်သော့သော့ လက်ရေးနဲ့ “ဖေဖေရေ..” လို့ ကောက်ခြစ် တတ်သလို ~ “မေမေရယ်... အနားလေးကို လာပြီးထွေးပွေ့ထားပေးပါ..” လို့ ရေးကာ နေတတ်သူ..။


လက်ဖဝါးအောက်ခြေ လက်ကောက်ဝတ်က သွေးကြောလေးတွေ ဆုံနေတဲ့ နေရာမှာ အနှစ်သက်ဆုံး ရေမွှေးတစ်စက် ခပ်ဖွဖွစွတ်လို့ တစ်စုံတစ်ရာကို လွမ်းမောနေရင်း ~ ခပ်ကြောင်ကြောင် ခံစားချက်နဲ့ ရေမွှေးပုလင်းကို နံရံမှာ ပစ်ပေါက်ခွဲတတ်သူ..။ လွတ်လပ်စွာ ဖန်တီးတွေးမျှော်ခွင့်ကို အာသာငမ်းငမ်း မက်မောရင်း.. အထာမကျတဲ့ စည်းဘောင်တွေကြားမှာ အကျဉ်းချခံ ထားရသူ..။

Round ထားတဲ့ “နွေဦးကံ့ကော်” လို သီချင်းတစ်ပုဒ်ထဲနဲ့ တစ်ညလုံး ကုန်ဆုံးတတ်သလို.. Linkin Park ရဲ့ “Breaking The Habit” သီချင်းမျိုးနဲ့ ဟက်ဟက်ပက်ပက် မချိပြုံး ပြုံးတတ်သူ..။ ဇမ်နူး ရဲ့“အချစ်ရှိသောနေ့စွဲများ” ကို ငြိမ့်ငြိမ့် ညင်ညင်သာသာလေး နားထောင်တတ်သလို Evanescence ရဲ့ “Going Under” ကို အကျယ်ကြီး ဝူဖာ ငိုမတတ် ဖွင့်ထားတတ်သူ...။

အိပ်ခန်းလေးအတွင်းမှာ နှင်းဆီနံ့တွေနဲ့ ထုံသင်းအောင် ဝေဝေဆာဆာ ပြင်ဆင်တတ်သလို.. အာရုံမလာရင် ရေထသောက်ဖို့ကိုတောင် အင်မတန် ဝန်လေးတတ်သူ..။ မိန်းမဆန်ဆန် စကပ် စသည်.. နှစ်ခြိုက်စွာဝတ်တတ်သလို.. ဂျင်းဘောင်းဘီစုတ် တစ်ထည်တည်းကို တစ်ပတ်ခန့်  ညစ်ပေပေနှင့် ဝတ်တတ်သူ..။ အတွဲလိုက် အုပ်စုလိုက် လူအများသွားတတ်တဲ့ နေရာမျိုးမှာ ဂျစ်ကန်ကန် မျက်နှာပေးနဲ့ ခပ်တည်တည် တစ်ယောက်ထဲ သွားထိုင်နေတတ်သူ..။


ငွေကြွေး ကြွယ်ဝဖို့ လုံးဝ မမက်မောပေမဲ့ အတွေးတွေနဲ့ လွင့်မျောနေခွင့်ကို ချမ်းသာချင်သူ...။ အမိန့်တွေ အပေးခံရတိုင်း ခေါင်းခါတတ်သလို.. အမှားတွေ ထောက်ပြခံရတိုင်းလည်း “ဟုတ်ပါတယ် ကျွန်မကိုယ်တိုင်က လွဲနေသူပါ” လို့ ပြုံးပြီး မျက်းလုံးချင်းဆိုင် ကြည့်တတ်သူ..။


သူမမျက်လုံးတွေ လဲ့နေတတ်တာကို ချီးမွမ်းခံရတဲ့ နေ့တွေတိုင်း အခန်းထဲပြန်ရောက်ချိန် မှန်တစ်ချပ်ထဲ စောင်းငဲ့ကာ ကြည့်ရင်း “မျက်ဝန်းလဲ့တာ မျက်ရည်ဝဲနေလို့ ဆိုတာ ရှင်တို့မှ မသိတာ.” လို့  သနားစရာ တဟားဟား နဲ့ အော်ရီ/ရယ် တတ်သူ..။ လက်ချိုးရည်လို့ရတဲ့ သူငယ်ချင်းတွေကို စိတ်ရှည်လက်ရှည် ဟင်းချက်ကျွေး တတ်သလို.. အတော်များများမှာတော့ အစားမမှန်တဲ့ သူမအတွက် သူတို့ ယူလာပေးတတ်တဲ့ ပေါင်မုန့်တစ်ချပ်နဲ့ တစ်နေကုန် ပေကပ်နေတတ်သူ..။


ငပိရည်နဲ့ ထမင်းကြမ်းကို စိတ်လိုလက်ရ အားပါးတရ နယ်စားတတ်သလို.. ချိ(စ်)စတစ်(ခ်)တွေကို စိတ်မပါ့တပါနဲ့ ကိုက် ကိုက်နေတတ်သူ..။ နားလည်ရခက် သူတွေကို နားလည်ပေးတတ်သလို အများစုက လူလိမ္မာဟု တဖွဖွပြောနေသူမျိုးကို ခေါင်း ခါရမ်းကြည့်တတ်သူ..။ အရိပ်ပြစရာမလို တန်းကနဲ  အကောင်လိုက် မြင်တတ်သလို... ထင်ထင်ရှားရှား အရိပ်တစ်ခုဘေးနားမှာ ထင်းနေခဲ့ပါလျက် ထုံထိုင်းထိုင်းနှင့် ဘာမှန်းမသိသူ..။


မိန်းမတစ်ယောက်နဲ့ ယောက်ျား တစ်ယောက်ရဲ့ အခွင့်အရေးဟာ တမ်းတူဖြစ်ကိုဖြစ်ရမယ်ဟု တရားသေ သတ်မှတ်သူ..။ မျှော်လင့်ခြင်း ဆိုတာကို မုန်းတီးစိတ် ရှိသလို.. မျှော်လင့်ရမှာကို ကြောက်ရင်းလန့်ရင်း စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်တွေကို ဘာ့အတွက်မှန်းမသိ လက်ချိုး ရေတွက်နေပြန်သူ..။


သူမအချစ်ကိုပေးဖို့ တွန့်တိုဝန်လေးရင်း.. ချစ်ခြင်းကို ရူးသွပ်စွာငတ်မွတ်လို့ တစ်ကိုယ်ကောင်းစိတ်နဲ့ အပြည့်အဝ ရယူစားသုံးချင်သူ..။ အလွဲတွေကို နမူနာယူဖို့ထက်... ခေါင်းမာမာနှင့် တစ်လွဲတွေ အထပ်ထပ် ကျူးလွန်ပြန်သူ..။ 


ဆန့်ကျင်ဖက်များစွာ လွန်ဆွဲ ဖွဲ့တည်ထားတဲ့ သူမစိတ်အစဉ်ကို အထိတ်တလန့် နဲ့ အိပ်မက်မှာ ပြန်မြင်ရချိန်~~~ 

“သူမကိုယ် သူမ အော့အံချင်အောင် မုန်းတီးစက်ဆုပ်လို့..”

“သတ်ပစ် ချင်လောက်အောင် နာကြည်းရွံရှာလို့..” 

“စုတ်ပြတ်သတ်သွားအောင် ကုတ်ဖဲ့ချင် စိတ်နဲ့ နောက်ကျိမူးဝေလို..” 

“နောက်ဆုံး မောဟထန်နေတဲ့ အတွေးတွေနဲ့ အာခေါင်ကိုခြစ်ပြီး အော်ဟစ်မိလို့..” 

အဆုံးသတ်မှာတော့-- “သွက်... သွက်... ချာ.... အ.... ရူး....  တစ်.... ယောက်....” ရဲ့ ပေါက်ကွဲခြင်းမျိုးတွေက သူမကို အနိုင်ယူ အပိုင်သိမ်းလိုက် တော့တာပါပဲ.....။


(ခင်လေးငယ်)
-- 2008 --