Monday, April 30, 2012

လရောင်ချိုးတဲ့... ည


ခြေဖျားလေး တွေ ကို ထောက်ပြီး ပထမဦးဆုံး မော့ကြည့် ဖြစ်တာ က ကောင်းကင်..။ တိမ်လွှာ တွေ ရှင်းလင်း ကင်းစင် လို့ ကြည်စင်နေ လွန်း တယ်..။ မျက်ဝန်းတွေရဲ့ ရွေ့လျားရာ က ဝိုင်းစက် နေတဲ့ လ ဆီကို..!! အကြည့် ချင်း အဆုံ မှာ လ ကလှမ်းပြုံးပြတယ်... သူ့အပြုံး မှာ မှင်တက် ရင်း ကိုယ့်အကြည့်တွေ ကလည်း သိပ် ကို ကျေနပ် နေ မလား..!!

ဒါမှမဟုတ် ကိုယ့်စိတ်တွေ ကို ကိုယ်တိုင် အားမလို အားမရ နဲ့..!! ဘယ်လိုပဲ ဖြစ်ဖြစ် အားလုံး ကို မိုးထား တဲ့ ကောင်းကင် ကို ကျေးဇူးတင် တယ်.. သူ့ရင်ခွင် မှာ သာခွင့်ပေးထား တဲ့ လ လေး ကိုယ်စား ပါ..။ ကိုယ့်မျက်နှာပေါ်က ဆံပင် တွေ တဝက် တပျက် ဖုံးနေ တဲ့ ပါးပေါ် ကို လရောင် အေးအေးလေး က လာနမ်း တယ်.. နွေည ဟာ သိပ် ကို သာယာ ချိုလဲ့ နေတယ် ဆို တာ ကိုယ့် ကို ပိုသိ စေချင် တာ များလား..!!

လရောင်....!! ဘာလို့ များ အရာရာ ထက် အေးချမ်း နေတာလဲ..!! ဒါဟာ ရှေးစာဆိုတွေပါ မကျန် တစ် ကမ္ဘာ လုံး က လူသား တွေ တညီတညွတ် တည်း အသိအမှတ် ပြု ခဲ့တဲ့ အေးချမ်းမှု.. ထွေပြားနေတဲ့ ကိုယ့် စိတ် အစဉ် ကို ကုစား ပေးဖို့ သူဟာ အသင့် ရှိနေပေးပြန်သလို..။ ခပ် ထွေထွေ ကိုယ့် ရင်အပူတွေ လျော့ဆင်း သွား မလား ဆိုတဲ့ မျှော်လင့်ခြင်းတစ်ခုကို ပွေ့ဖက်လို့ ကိုယ်.. လရောင် စချိုး လိုက်မိတယ်..။

ခေါင်း ကို မော့ထား ရင်း လက်မောင်းတွေပေါ် မှာ အေးတဲ့ အထိအတွေ့နုနု လေးက ကြည်စယ်တော့ အသက် ကို ခပ်ဝဝ ရှုသွင်း ရင်း လက်နှစ်ဖက် ကို ဆန့်တန်း လို့ မျက်လွှာ ကို ပိတ်တယ်...။ ဝတ်ထား မိတဲ့ အဖြူရောင် ညဝတ် အင်္ကျီပွပွ အိအိလေး က ကိုယ့် ကိုယ်ပေါ်မှာ တလူးလူး တလွင့်လွင့် နဲ့..။ အတွေး ထဲမှာ ထင်ကျန်နေ ဆဲ ပုံရိပ်လေး တစ်ချို့က ကိုယ့် နှလုံး ခုန်သံ နဲ့အတူ စည်းချက် ကျကျနဲ့ လိုက် ပြောင်း လို့ပေါ့..။

ဒီလို ညတွေ မှာ မင်းကကော ဂစ်တာလေးတီးရင်း သီချင်းတစ်ပုဒ်ပုဒ်များ ဆိုညည်း နေမလား..!! နှုတ်ခမ်း တစ်စုံ ကို ခပ် တင်းတင်း စေ့ထားရင်း မျက်လုံးအစုံကို မှေးစင်းထားပြီး တစ်နေရာရာကိုများ စိုက်ကြည့် နေမလား..!! ဆံပင်ရှည်တွေ တဝက် တပျက် ကို စုချည်ထားရင်း လက်ထဲမှာ အဖြူရောင် အရည်တွေ ပြည့်နေ တဲ့ ဖန်ခွက် တစ်ခွက်ကိုများ ဆုပ်ကိုင်ထားမလား..!! ဒါမှ မဟုတ် ကိုယ်မဟုတ်တဲ့ မင်း ကောင်မလေး အကြောင်း တွေးနေ လေမလား..!!

လရောင်တွေနဲ့ အေးချမ်းတဲ့ ညတစ်ညရဲ့ သဘာဝ ကို ခံစား ဖို့ မင်း သတိတရရော ရှိနိုင် ပါ့မလား..!! အတိတ် ထဲမှာ တစ်ကြိမ်သာ အကိုက်ခံခဲ့ရဖူးတဲ့ ကဝေ တစ်ကောင် အကြောင်း အရင် ကလို စာရွက်တစ်ရွက်မှာ ကောက်ခြစ်နေမှာလား..!! သဘာဝ ကို ငေးရင်း.. တွေးရင်း.. ခံစားဖွဲ့သီရင်း.. မင်းအကြောင်း တွေးတတ်တာလည်း ကိုယ့်သဘာဝ တစ်ခု ဖြစ်နေခဲ့တာ ကြာပြီ..။ လရောင်ဟာ ကိုယ့်ကို ဖမ်းစားထားလိုက်တာ မှိတ်ထားတဲ့ မျက်လုံးတွေကို ပြန်မဖွင့်ချင် လောက်အောင်ပါပဲ..။

 နှာခေါင်းဝ မှာ ရနံ့တစ်ခုကို ပွေ့ဖက်မိတယ်.. စံပယ်ပန်းနံ့..!! မဖြစ်နိုင် ပါဘူး ဒီနေရာမှာ စံပယ်ရုံတွေမှ မရှိတာ.. မဟုတ်သေးဘူး ဒါဟာ မြတ်လေး ပန်းနံ့..! ဟော.. ပြောင်းသွားပြန်ပြီ ပိတောက်နံ့တွေ ထုံအီလာပြီ..!! ကံ့ကော်နံ့တွေ..!! သနပ်ခါးပန်းနံ့..!! အိုး... ကိုယ် ရှိနေတဲ့ နေရာ ဟာ ဒီပန်းတွေ ဒီရနံ့တွေ ရနိုင်တဲ့ နေရာမှ မဟုတ်တာပဲ..။ ကိုယ်ချိုးနေမိတဲ့ လရောင်တွေ ရယ်.. ကိုယ် သိပ်နှစ်သက် တဲ့ ပန်းနံ့တွေ ရယ်.. ထွေပြားနေတဲ့ ကိုယ့် ရင်ခုန်သံတွေ ရယ်နဲ့ ကိုယ်တိုင် ကျေနပ် လာ သလိုလို..။

ထောက်ထား တဲ့ ခြေဖျားလေးတွေကို ပိုမြင့်အောင်ထောက်မိရင်း ဆန့်ထားတဲ့ လက်အစုံကို ပြန်ချ မိတယ်..။ လက်ဖဝါးတစ်စုံမှာ အေးစက် သွားတဲ့ အထိအတွေ့တစ်ခု.. ကိုယ်သိလိုက်တယ်.. ဒါဟာ ဝရမ်တာ လက်ရမ်းဘောင်မှာ ကပ်ထားတဲ့ ကြွေပြားတွေ..။ မှိတ်ထား တဲ့ မျက်လုံးတွေကို တဖြည်းဖြည်း ချင်း အဖွင့် မှာ ဝိုင်းစက်နေတဲ့ လက ကိုယ့်ကိုကြိုနေပြန်ပေါ့.. ဒီတစ်ခေါက်တော့ သူ့ကို အရင်ဦးအောင် နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ လိုက်မိသူ ဟာ ကိုယ်ဖြစ်သွားတယ်.. ဟက်..!! ဆိုတဲ့ အသံခပ်အက်အက်က မရည်ရွယ် ပဲ ကိုယ့်နှုတ်ခမ်းဝက ထွက်သွားမိသေးလား..!!

ဘာကြောင့်..! ဘာအတွက်..!! ခနဲ့တဲ့တဲ့အသံ ..!!! ခြေချောင်းလေးတွေ ကော့တက် သွားအောင် ဖနောင့်တစ်စုံကို မြှောက်ချလိုက်တာလား..! အလိုလို မြောက်သွား ခဲ့တာလား..!! ကိုယ့်မျက်လုံးတွေကို တင်းနေ အောင် ပိတ်ချလိုက်မိပြီ..။ ကိုယ် ချိုးနေတဲ့ လရောင်တွေက ကျောပြင်နဲ့ ကိုယ့် လက်မောင်းတွေပေါ်မှာ ရေခဲရေတွေလို အေးစက်လို့.. နွေည ရဲ့ အပူချိန်တွေ က ရုတ်တရက် တရှိန်ထိုးနဲ့ကို ကျဆင်းလာတာပဲ..။ ကိုယ့်အင်္ကျီဖြူလေးက ဝရုန်း သုန်းကား နဲ့ ပိုလွင့်လွင့်လို့ လာနေပေါ့..။ လေတွေ က ပြင်းလာလိုက်တာ..! နားထဲမှာ ဂစ်တာသံတွေက မြိုင်ပြီး ပိုပို ညက်ညောလာသလိုပဲ ကိုယ့်နားဝမှာ ချိုမြလိုက်တာ..။

မင်း ပုံရိပ်တွေ က ကိုယ်နဲ့ပိုပိုနီး လာနေ ပါလား..! ပန်းနံ့တွေက ရက်ရက်စက်စက် ထုံအီအောင် မွှေးလာပြန်ပြီ..! စံပယ်တွေ.. မြတ်လေးတွေ.. ပိတောက်တွေ.. ကံ့ကော်တွေ.. သနပ်ခါးပန်းတွေက လေအဟုန်နဲ့အတူ ကိုယ့်မျက်နှာနဲ့ အနီးဆုံးအထိ ပြေးပြေး လာကြ တယ်..။ အစွမ်းကုန်ဖူးပွင့်လို့ လှနေလိုက်ကြတာများ ကိုယ့်မှာတော့ ဆွံ့အလို့..။လရောင် အလင်းတန်းတွေ နဲ့ တောက်ပ လို့ ဘယ်လောက်များ ချစ်ဖို့ကောင်းတဲ့ နွေညပါလဲ..! လွတ်လပ်ခြင်းတွေကို ပွေ့ဖက် ရင်း ကိုယ့်စိတ်တွေပျော်ပြီး ငြိမ်းချမ်းလို့ပေါ့..။ ကိုယ့် ခန္ဓာကိုယ်လေး က ပေါ့သထက်ပေါ့ ပါး သထက် ပါးလွှာ အေး သထက် အေး လာလိုက်တာ နှင်းပွင့်လေး တစ်ပွင့်လို.. ဝါဂွမ်းလေး တစ်မျှင်လို.. ငှက်သေးသေးလေး တစ်ကောင် လို..!!

ပန်းလေးတွေ က တဖြည်းဖြည်း ကိုယ်နဲ့ ဝေးသွားကြတာများလား..! မွှေးနေတာတွေ လျော့သွားတယ်.. ဟင့်အင်း .. မသွားကြ ပါနဲ့..!! ဘာလို့ ကိုယ့်ကို ထားသွားကြတာလဲ..! ဘယ်သူက ဂစ်တာကြိုးတွေကို ဘာ အတွက် ဖြတ်ပြစ် လိုက်တာလဲ..! ကိုယ်ချိုးနေ တဲ့ လရောင်ဟာ လရောင်မဟုတ်တော့ဘဲ အရောင်စုံတွေ ပြောင်းနေအောင် ဘယ်သူ ဖန်တီးလိုက်တာလဲ..! သဘာဝ မကျ လိုက် တာ.. ဘာအရောင်တွေလဲကွာ..!! အရောင်တွေ အားလုံးက တစ်ရောင်တည်း ဖြစ်သွားကြပြီ..!!

အနီရောင်နုနု.. နုရာကနေ ရင့်လာ တယ်.. နီညိုရောင် ရင့်ရင့်တွေနဲ့ အဆုံးသတ်သွားတယ်..။ အဖြူရောင် ကိုယ့် ညဝတ်ဂါဝန်လေးတောင် အနီရောင်ဖြစ်သွားပြီး စိုလဲ့ လို့လေ..။ ပန်းနံ့တွေလည်း တစ်စက်လေးမှ မကျန်တော့ဘူး..!! ပန်းနံ့တွေအစား ကိုယ့်နှာခေါင်းဝ ကို တိုးဝင်လာတဲ့ အနံ့တစ်ခုက ညှီစို့စို့ နဲ့... ဒါ.. ဘာနံ့ပါလိမ့်..!! ကြည့်စမ်း.. ဒီအနံ့နဲ့ ကိုယ်ဟာ အကျွမ်း တဝင် ရှိနေလိုက်တာ။ လူ့ဘဝထဲကို ကိုယ် စရောက် လာတည်း က ရင်းနှီးခဲ့ရတဲ့ အနံ့တစ်ခုပဲ... အို..! ကိုယ့်ဘေး မှာ သွေး.. သွေးတွေ... သွေးညှီနံ့တွေ..။

ဘယ်မှာလဲ ကိုယ့်လမင်း..!
ဘယ်မှာလဲ ကိုယ့်လရောင်..!
ဘယ်မှာလဲ ကိုယ့်ကောင်းကင်..!
ဘယ်မှာလဲ ကိုယ့်အိပ်ခန်းလေး..!
ဘယ်မှာလဲ ကိုယ့်ပန်းပွင့်တွေ ပန်းနံ့တွေ ..!
ဘယ်မှာလဲ ကိုယ်ချစ်တဲ့ ဂစ်တာသံတွေ..!
ဘယ်မှာလဲ ကိုယ့်ရဲ့ မင်း..!
ဘယ်မှာလဲ..!! ဘယ်မှာလဲကွယ်..!!!

(ခင်လေးငယ်)

လရောင်ချိုးတဲ့... ည  Was Posted On 5:44 AM, Saturday, May 30, 2009  

No comments: