Monday, June 9, 2014

ဆည်းဆာရောင် သစ်တစ်ခက်အကြောင်း ★ (အပိုင်း- တစ်)


~ ( ၁ ) ~ 

 နေဝင်ချိန်နဲ့ တစ်နာရီကျော် အကွာအဝေးမှာ ရှိနေပါသေးလျက် ကောင်းကင်ဟာ မှိုင်းပြလိုက်တာ..။ ကြမ်းရှရှ နွေလေရူးတို့ သံစဉ်ကလည်း နရီစည်းချက် သိပ်မကျ..။ သစ်ပင်ကြီးတွေက တစ်ချက်တစ်ချက်မှာ ဆတ်ကနဲ သူတို့ခန္ဓာကို တုန်ခါတဲ့အခါ ရွှေအိုရောင် ရွက်ခြောက်တွေက လွင့်ပြီး တစ်ဖွားဖွား ကြွေကျပေးရပေါ့..။ ရော်ရွက်ဝါတွေ ဖရို့ဖရဲ သက်ဆင်းလာပုံက အရိုင်းဆန်ဆန်နဲ့ ချစ်စရာကောင်းတယ်လို့ ကျွန်မထင်တယ်..။


ဒီကုန်းအတက် လမ်းသွယ်လေးကတော့ ထုံးစံအတိုင်း လူသူသိပ်မရှိ..။ ခပ်မှန်မှန် ခြေလှမ်းနဲ့ ဆယ်မိနစ်လောက် ဆက်လျှောက်သွားရင် ကျွန်မ ထိုင်နေကျ ခုံတန်းရှည်လေးဆီ ရောက်တော့မှာ ရယ်..။ လေအရှိန်က ပြင်းလာလိုက် ဖျော့တော့သွားလိုက် ရှိနေဆဲပဲ..။ ခေါက်တင်ထားတဲ့ အင်္ကျီလက်နှစ်ဖက်ကို ဆွဲချရင်း မော့ကြည့်မိတယ်..။ ငှက်အိမ်လေးတွေနဲ့ တူတဲ့ လမ်းဘေးမီးအိမ် အစိမ်းလေးတွေက မီးလုံးတွေတော့ ထွန်းညှိမထားသေး..။

ဟင်.. ဒီလိုမှိုင်းညို့နေပုံနဲ့ မြင်ရနေကျ ငှက်ကလေးတွေ ရှိမှနေပါ့မလား..!! လွှတ်ကနဲ ရေရွတ်မိပြီးမှ တစ်စုံတစ်ယောက် ကြားသွားမှာ စိုးရိမ်စိတ်ဖြစ်တယ်..။ ခြေစုံရပ်လို့ ရှေ့နောက်ဝဲယာကို သတိတထား ကြည့်မိမှ ဟိုးအရှေ့ အတော်လှမ်းလှမ်းမှာ လမ်းလျှောက်နေတဲ့ လူတစ်ယောက်ရဲ့ ကျောပြင်ကို လှမ်းမြင်ရတယ်..။ မှိုင်းညို့နေတဲ့ ရာသီဥတုကြောင့် အမျိုးသားလား အမျိုးသမီးလား မခွဲခြားနိုင်..။

တစ်ခါတလေ ဒီလမ်းလေးပေါ်မှာ လူတစ်ဦးစ နှစ်ဦးစတော့ တွေ့ရတတ်တယ် မဟုတ်လား..။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အရေးလည်း ကြီးမှမနေပဲ..။ လားရာတူအတိုင်း အရှေ့ကနေ လျှောက်နေမှတော့ သူလည်း ဒီလမ်းသွယ်အဆုံးက ပန်းခြံဆီ ဦးတည်သွားနေသူပဲပေါ့..။ သူ့ခြေလှမ်းက နှေးကွေးလွန်းတာလား ကျွန်မကပဲ ခပ်သုတ်သုတ် လှမ်းမိလျက်သား ဖြစ်နေတာမျိုးလား မသိ..။ သတိထားမိချိန်မှာ သူနဲ့ကျွန်မ အတော်လေး နီးလာပြီ ဆိုရမယ်..။ အမျိုးသမီးတစ်ဦး ဆိုတာ ထင်ရှားလာတယ်..။

အညိုရောင် သူ့ဆံနွယ်တွေဟာ ကျောလယ်နီးနီးအထိ ရှည်တယ်..။ ဆံပင်အုံလည်း ထူပုံရတယ်..။ အရောင်ဖျော့ဖျော့ ပျော့အိအိ ဘလောက်စ်လေး ဝတ်ထားတယ်..။ သေးသွယ်ပါးလျတဲ့ ခန္ဓာကိုယ် ရှိတယ်..။ ပေါင်အလယ်လောက် ရှိတဲ့ ဘောင်းဘီအမည်းရောင် ဝတ်ထားတယ်..။ အသားဖြူသူ ဖြစ်တယ်..။ ဘယ်ဘက်ခြေကျင်းဝတ်မှာ အနက်ရောင်ချိန်းကြိုးလေး ရှိတယ်..။ သူဟာ ငယ်ရွယ်သူ အမျိုးသမီးတစ်ဦး ဖြစ်မယ်လို့ တစ်ထစ်ချ ကျွန်မ ခန့်မှန်းလိုက်တယ်..။

ညာဖက်လက်ထဲမှာ လမ်းဘေးက ကောက်ယူလာဟန်တူတဲ့ သစ်ခြောက်လေး တစ်ခက်ကို ကိုင်ထားတယ်..။ ခြေထောက်တွေကို မသယ်ချင့်သယ်ချင် ပုံစံမျိုးနဲ့ လေးလေးပင်ပင် သူလျှောက်နေတယ်..။ နောက်ကနေ လိုက်လျှောက်ရင်း တစ်ပါးသူကို စပ်စပ်စုစုနိုင်မိတဲ့ ကိုယ့်စိတ်ကို သိပ်တော့ ဘဝင်မကျ..။ ထားပါလေ.. မကြာခင်ပဲ သူ့ကို ကျော်တက်ပြီး ထားခဲ့တော့မှာပဲဟာ..။

သူ့အရှေ့ ရောက်သွားမယ့် ကျွန်မနောက်ကျောကို ကြည့်ရင်း သူလည်း စပ်စုနိုင်သေးတာပဲ မဟုတ်လား..။ အို... တော်ပါ ဘာဖြစ်ဖြစ်ပေါ့..!! အတွေးကို ဖြတ်ချ သူ့ကို ကျော်တက်ခဲ့ပြီး ပုံမှန်ပဲ ကျွန်မ ဆက်လျှောက်ခဲ့တယ်..။ ဒီနေ့ ရာသီဥတု မှုန်မှိုင်းပုံက မိုးရွာခါနီး တိမ်သားတွေ တက်နေသလိုမျိုး ဟုတ်မနေဘူး..။ မိုးရွာချလိမ့်မယ်လို့ ကျွန်မ မထင်..။ နေ့လည်က မိုးလေဝသ သတင်းမှာလည်း ရွာနိုင်ခြေ ရှိတယ်ရယ်လို့မှ ခန့်မှန်းမထားကြပဲ..။ လမ်းဘေးက အလေ့ကျ ပန်းပွင့်လေးတွေကို ငေး၊ ရွက်ဝါအိုတွေအကြောင်း တွေးရင်း ပန်းခြံအဝင်ဝ ရောက်လာခဲ့ပြီ..။

~ ( ၂ ) ~ 

 အရင်တွေက တစ်ပါတ်မှာ သုံး၊ လေး ခါလောက် ဒီပန်းခြံကို ကျွန်မ လာနေကျ..။ မရောက်ဖြစ်တာ ခုဆို တစ်လနီးပါး ရှိလောက်ပြီရယ်..။ ပန်းခြံကြီးဟာ အတော့်ကို ကြီးမားကျယ်ပြန့်တယ် ဆိုရမယ်..။ ပန်းခြံထဲက ခုံတန်းလျားရှည်ပေါ်မှာ ထိုင်ရင်း ထင်းရှုးပင်ကြီးတွေ အကြားထဲ ငုတ်လျှိုးသွားမယ့် နေလုံးကြီးကို ငေးကြည့်ရတဲ့ အရသာကို ကျွန်မ ချစ်တယ်..။ ပန်းခြံရဲ့ ညာဘက်အခြမ်းမှာရှိတဲ့ ထိုင်ခုံတန်းလေးလည်း ကျွန်မကို သတိတရ မျှော်နေနိုင်သေးတယ် မဟုတ်လား..။ သူ့အနားရောက်မှ “ဆောရီးကွယ် တို့ အလုပ်တွေသိပ်များပြီး မင်းကို ပစ်ထားမိတယ်..” ဘာညာနဲ့ ရုပ်ရှင်တွေထဲကလို ကျွန်မ ပြောချင်လည်း ပြောမှာပေါ့..။

ပန်းခြံရဲ့ ဘယ်ဘက်အခြမ်းမှာ ဘုံကျောင်းအသေးစား လိုလေးရှိတယ်..။ ဘေးမှာ ဒီနိုင်ငံရိုးရာ နတ်ကွန်းလေးတွေ၊ ရုပ်ထုလေးတွေ အစီအရီရှိတယ်..။ သူ့ပတ်ပတ်လည် တစ်ဝိုက်မှာ ရာသီမရွေး လှလှပပ ပွင့်နေတဲ့ ရောင်စုံပန်းရုံတွေ ရှိတယ်..။ အဲ့ဒီအခြမ်းမှာ လူလေး၊ ငါး၊ ဆယ်ယောက်လောက် အမြဲ ရှိနေတတ်တယ်..။ လူမပြတ်ဘူး ဆိုရမယ်..။ ညာဘက်ပိုင်း နေရာတွေမှာတော့ အသွားအလာ မရှိသလောက် ရှင်းတယ်..။ ပန်းခြံရဲ့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ လေးငါးနှစ်စာလောက် ကျွန်မ အလွတ်ရနေပြီးသား..။ ကျွန်မအတွက် အရာအားလုံးဟာ ထူးထူးထွေထွေ ဟုတ်မနေတော့..။ မြင်ရနေကျ မြင်ကွင်းတွေထဲမှာ ရိုးအီမသွားတာဆိုလို့ နေညိုချိန်တွေမှာ နေလုံးကြီးကို ထိုင်ကြည့်ရတာ တစ်ခုပဲ ကျွန်မမှာရှိတယ်..။

ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ညာဘက်ခြမ်းကိုပဲ ကွေ့လာခဲ့တယ်..။ အခြားသူတွေ ထိုင်လေ့မရှိတဲ့ ကျွန်မထိုင်နေကျ ခုံတန်းလေးမှာ ထိုင်မယ်..။ ခုံလေးနဲ့ အလွမ်းလေးဘာလေး သယ်မယ်..။ ခေါင်းတညိတ်ညိတ် တခါခါလုပ်ပြီး သူနဲ့စကားပြောချင် ပြောမယ်..။ အဖြူရောင် စာတစ်ရွက်ပေါ်မှာ ခြစ်ချင်တာလေးတွေ ကောက်ခြစ်မယ်..။ လမ်းထောင့်ဆိုင်က ဝယ်လာတဲ့ မုန့်ထုတ်ကို ဖောက်မယ်..။ ငါးမုန့်ကြော်လို အရသာမျိုးရှိတဲ့ အချောင်းလေးတွေကို ချေမယ်..။ ခိုလေးတွေ စားဖို့ မြက်ခင်းစပ်က ကွန်ကရစ်တုံးတွေပေါ် ချထားပေးမယ်..။ သူတို့ လာစားတာ ထိုင်ငေးရင်း နေဝင်ချိန်ကို စောင့်နေမယ်..။

တကယ်က သူတို့တွေကို အစာကျွေးခွင့် မရှိဘူးရယ်..။ “ငှက်များကို အစားမကျွေးရ၊ ဒဏ်ငွေဆောင်ရမည်..” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ပန်းခြံထဲက နေရာအတော်များများမှာ ရှိတယ်..။ ဘာလို့ ဆိုတာကို ဆိုင်းဘုတ်တွေ အောက်နားမှာ အသေးစိပ် ရှင်းထားပါသေးတယ်..။ ငှက်ကလေးတွေ လာမစားရင် အစာတွေကျန်မယ်..။ အမှိုက်ဖြစ်မယ်..။ ရှင်းသန့် ဖွေးဖြူနေတဲ့ ခုံတန်းလျားတွေပေါ်မှာ ငှက်လေးတွေက အညစ်အကျေးစွန့်မယ်..။ ဒီတော့ သန့်ရှင်းမှု လျော့နည်းမယ် စသဖြင့်ပေါ့လေ..။ ဘယ်လို ရှင်းပြထားထား ကျွန်မကတော့ ခပ်တည်တည် လိုက်နာလေ့မရှိ..။

ခုချိန်ထိတော့ တစ်ခါမှ ဒဏ်ငွေ မဆောင်ရ ဖူးသေးဘူး..။ လုပ်ချင်တဲ့ အရာလေးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် လုပ်မယ်.။ စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် ခုံတန်းရှည်ပေါ်မှာပဲ ဒူးနှစ်ဘက်ကို အဝိုက်လိုက်ကွေး တင်ပလ္လင်ခွေထိုင်ရင်း မျက်လုံးတွေကို ၁၀မိနစ် ၁၅မိနစ်လောက် ခဏမှိတ်ထားမယ်..။ ကျောကို မတ်မတ်ထားရင်း အသက်ကို ဝအောင် ရှုမယ်- ပြန်ထုတ်မယ်..။ ဒါကလည်း ဒီနေရာလေး ရောက်လာတိုင်း ကျွန်မ လုပ်ဖြစ်နေကျ လုပ်ရိုးလုပ်စဉ် အကျင့်လေးတစ်ခုပဲရယ်..။

 ~ ( ၃ ) ~ 

 မျက်လုံးဖွင့်ဖွင့်ချင်း အရှေ့တည့်တည့်ကနေ ကျွန်မကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ မျက်လုံးတစ်စုံကို ရုတ်တရက် မြင်လိုက်ရတယ်..။ အဲ့လို ရင်ဆိုင်လိုက်ရချိန်မှာ ဘယ်လိုခံစားရနိုင်လဲလို့ တခြားသူတွေ တွေးမိဖူးကြလားမသိ..။ ကျွန်မတော့ တစ်ခါမှ မတွေးဖူးခဲ့..။ အခု ကျွန်မလိုပဲ “ဆတ်” ကနဲ တစ်ခဏတော့ လန့်ဖျပ်တောင့်တင်း သွားမှာပဲ မဟုတ်လား..!!

ဟုတ်တယ်..။ လမ်းမှာ တွေ့ခဲ့တဲ့ အမျိုးသမီး..။ သူ ကျွန်မကို အဲ့လို စိုက်ကြည့်နေခဲ့တယ်..။ အသက် ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ရင်း သူ့ကို ပြုံးပြလိုက်တယ်..။ သူကတော့ ပြန်ပြုံးမပြခဲ့..။ ရှိစေပေါ့..။ ကျွန်မ အရှေ့မှာ မရပ်ရလို့ ဘယ်ဥပဒေမျိုးမှ ရှိမနေပဲ..။ ဒီနေရာမှာ သူလည်း လွတ်လွတ်လပ်လပ် ရပ်နေနိုင်ခွင့် ရှိတာပဲလေ..။ ကျွန်မ အကြည့် လွှဲလိုက်တယ်..။ ခပ်လှမ်းလှမ်းမှာ ခိုလေးတွေ အစာကောက်နေကြပြီ..။

 လေပြင်းပြင်း တစ်ချက်ဝှေ့တယ်..။ ဘယ်ဘက်ခုံတန်းရှည် နှစ်ခုံကျော်ဘေး အပင်ကြီးဆီက အဖြူရောင် ပန်းပွင့်တချို့ ကြွေကျသွားတယ်..။ ခဏလေး အတွင်းမှာ ကိုယ့်မွေးရပ်မြေက ခရေပင်ကြီးတွေကို လွမ်းဆွတ်စိတ်က လှပ်ကနဲ ဖြတ်ပြေးသေးတယ်..။ အရှေ့ကို ပြန်ကြည့်တော့ သူ့မျက်လုံးတွေက ကျွန်မဆီမှာ ရှိမနေတော့ဘူး..။ ကြွေသွားတဲ့ ပန်းပွင့်တွေကို သူလည်း ဆွေးဆွေးမြေ့မြေ့ ငေးလို့..။

သူ့ပုံစံက မျက်လုံးတွေဖွင့်ပြီး အိပ်မက်မက်နေသူ တစ်ယောက်လိုပဲ..။ ဖတ်ဖူးတဲ့ စာတွေထဲကလို အိပ်မက်ယောင်ပြီး လမ်းထလျှောက်သူ ဆိုတာ သူ့လိုမျိုးများလား..။ ဟင့်အင်း မဖြစ်နိုင်ဘူး..။ သူ့မျက်လုံးတွေက ဖွင့်ထားတာပဲဟာ..။ ပါးလှပ်နေတဲ့ နှုတ်ခမ်းနှစ်လွှာကို တင်းတင်းရင်းရင်း စေ့ထားတယ်..။ လေအဝှေ့မှာ ဆံနွယ်ညိုတွေ ဝဲလွင့်ပြီး သူ့ပုခုံးတွေပေါ် ပြန်ကျသွားတာ သိပ်လှတာပဲ..။ မျက်လုံးဝိုင်းဝိုင်းလေးတွေ သူ့မှာရှိတယ်..။ ညာလက်ထဲမှာ သစ်ခြောက်ခက်လေးကို အခုထိ သူကိုင်ထားနေတုန်း..။

အသက်အရွယ်အားဖြင့် ကျွန်မနဲ့ မတိမ်းမယိမ်း ဖြစ်နိုင်တယ်..။ သူနဲ့ကျွန်မ အကွာဝေးက လက်သုံးကမ်းစာ လောက်ပဲ ရှိလိမ့်မယ်..။


>>>>>>>>>>>>>>>>>>>>> (အပိုင်း- နှစ်) ဆက်ရေးပါမည်..။ 

 ခင်လေးငယ် ::: 2014/ 06/ 03 :::