Monday, April 30, 2012

ကျွန်မ၏ နေ့လယ်တစ်ခင်း



ကိုယ့် အတွက် အင်မတိ အင်မတန် ထူးထူးခြားခြားနဲ့ အားအားယားယား ရှိနေတဲ့ နေ့ခင်းလေး ဖြစ်ပါ တယ်..။ တောင်ကြည့် မြောက်ကြည့် ဟိုဝင်၊ ဒီထွက်၊ ထိုင်လိုက်၊ ထလိုက်၊ ကွန်ပြူတာဖွင့်လိုက်၊ ရီစတတ် လိုက်၊ ရေသောက်လိုက်၊ ရေချိုးခန်း ဝင်လိုက်နဲ့ တောင်လုပ်မြောက် လုပ် ဘဝကနေ ပြောင်းလဲကုန်တဲ့ မိုး ခပ်အုံ့အုံ့ နေ့လယ် တစ်ခင်း ဆိုလည်း မမှားပါဘူး..။ ဒီလိုနဲ့ ထိုင်ခြင်း၊ ထခြင်း ဖွင့်ခြင်း၊ ပိတ်ခြင်း တွေ ပတ်လည် ရိုက်ပြီး သကာလ စာရေးမယ် စိတ်ကူးရင်း ကွန်ပြူတာ အဖုံးကိုဖွင့် ဟီတာက အပူချိန်ကို မြှင့်လို့ နေရာ မှာ အပီ မှီကာ အာရုံကိုယူ လိုက်တယ် ဆိုပါတော့...။  ကျွန်မတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လို့ ကိုယ့်ကို ကိုယ် ဘဝင်တွေခွေ့နေတုန်းပေါ့.... အဲ... ဘာစဖြစ်တယ်ထင်လဲ...!!

ကျွန်မ နေထိုင်ရာ အရပ်ဒေသမှာ အလွန့်အလွန် ရှားပါး လွန်းသော အကောင် တမျိုးက ကျွန်မအခန်းမှာ တဝီဝီ နဲ့ ဟာမိုနီကာတွေ လာကျင့် နေ ပါလေရဲ့..။ ဒီလောက် တံခါးတွေ အထပ်ထပ်ပိတ်ပြီး လုံခြုံမှု ရှိနေ တဲ့ ကိုယ့် အိပ်ခန်းလေး ကို နည်းနည်း တော့ ငြိုငြင် သွား မိတာ အမှန် ပါ..။ ကိုယ်တိုင် လှုပ်လှုပ်ရှားရှား ဖြစ်နေ ခဲ့တုန်း က သတိ မထားမိ ခဲ့တဲ့ ဒင်းက အသံကုန်မြှင့်လို့ အတက် အကျ အဆွဲ အငင် မှန်မှန် နဲ့ သူ့ဗိုကယ်လ် ထရိန်နင် သူ ဆက်ယူ နေ ဟန် တူ ပါတယ်..။

တင်း ကနဲ ဖြစ်သွား တဲ့ စိတ် နဲ့ ရေးမယ်ကြံထားတဲ့ အနု အရွ လေး တွေ က ကြက်ပျံ ငှက်ပျံ ထွက်ပြေး သွားကြရော ဆိုပါ တော့..။  ဒင်း မျက်လုံးတွေ ကို တည့် တည့်ကြီး ဂြိုလ် ကြည့် ရှိုး ဖို့ လိုက် ရှာတာ နဲ့တင် မသောက် ပါပဲ ခေါင်း တွေ စမူး လာတာပေါ့..။ အဲ့လိုနဲ့ ကျွန်မ ရဲ့ ရှားပါး နေ့လည်လေး ဟာ မျက်မှောင်ကြုတ်ရင်း အသွင် တွေ ပြောင်း လာတယ်..။

ငြိမ်ငြိမ်နေ ဖို့ ကံပါ မလာတဲ့ ခြင်ဆိုတဲ့ သတ္တဝါက ကမ္ဘာဦးအစမှာ ဘယ်လို ပေါ်ပေါက်လာလည်းဆိုတာ ခေါင်းထဲ ရောက် လာရော...။ အသံတွေ သာ ကြားနေရပြီး ထင်ထင်ရှားရှား ကိုယ်ထင်မပြပဲ သရဲ တကောင် နဲ့ တူနေ တဲ့ ဒင်းကြောင့် ဒေါသက ငယ်ထိပ် ရောက်နေ ပြီ...။ ဒီလိုယှဉ်ပြလို့ သရဲကို တွေ့ဖူး သလား မမေး ပါနဲ့ ဘုရားစူး မတွေ့ဖူး ပါဘူး.. ကြုံလည်း မကြုံဖူးတာပါ..။

သူများတွေ ပြောတဲ့ ကြားဖူး နားဝလေး နဲ့ နှိုင်းပြော တဲ့ သဘောလောက်ပါ..။ ထားပါ လေ... ကျွန်မ ကလည်း ကလေး ဘဝက လက်သွက် လွန်း လို့ ကိုယ့် မိသားစု မှာ ခြင်ဖမ်း ချန်ပီယံ ရထား ဖူးသူ မဟုတ်လား..!! လာစမ်း ပါစေ.. ဒီနိုင်ငံ က ခြင် ဆိုတာ ကျွန်မ တို့ မွေးရပ်မြေ က ခြင်တွေ လောက် ခြင် ပီသခွင့် ရပြီး ပါးရည် နားရည် နပ်လို့ ခြင်လည်ကျ တတ်လောက် မယ် မထင် ပါဘူး.။ အို... ဒင်းလောက်တော့ အေးဆေး ပေါ့.. အသေး အဖွဲ ပါ။

ကိုယ့်မာန နဲ့ ကိုယ် စိတ်လေး ကို ဟန်ဆောင် လျှော့ချပြီး ဒီကောင် ကိုယ့်အနား ရောက်အလာ ကို မိန့်မိန့်ကြီး စောင့် နေ လိုက် တယ်..။ အမယ် ကြာကြာ မစောင့် လိုက်ရပါဘူး.. ဘသားချောက ကီးဘုတ်ပေါ်မှာ တင်ထားတဲ့ ညာလက် ဖမိုးနား ကို ပေစောင်းစောင်း နဲ့ ရောက်လာ တယ်။ သူကလည်း အလာသား.. ကိုယ့်လက်ပေါ်မှာ နားပြီး ကိုယ့်သွေး ကို စုပ်ယူ ဖို့ကို မသိမသာ အကဲခတ်ရင်း ဝေ့ကာ ဝိုက်ကာ နဲ့ ပျံပုံပျံနည်း အမျိုးမျိုးနဲ့ ပဲတွေများလို့ ကိုယ်ဟန်တွေ  ပြပြီး ကိုယ့်လက် အခြေအနေ ကို လေ့လာနေလိုက်တာ ဘယ်လောက် အသဲယားဖို့ ကောင်းလဲ..။

အူယား လာတဲ့ စိတ်တွေ ကို မျိုချပြီး အသက်ဝဝမရှူပဲ စောင့်နေလိုက်တယ်..။ ဒင်း အသံ တိတ် သွားပြီ...။ ကိုယ့် လက်ပေါ် သူ လာနားပြီ.. ကျွန်မအောင့်ပြီး ဆက်ငြိမ်နေလိုက်တယ်..။ ဒီကောင် ဘာ စိတ်ကူး ပေါက် သွား တယ် မသိ.. သူ့နှုတ်သီးကို ကိုယ့်အရည်ပြားပေါ် စိုက်မချလိုက်ပဲ ရုတ်ကနဲ ထပျံပြေး လို့ ကီးပေါင်းစုံနဲ့ နိမ့်မြင့် တက်ကျ ဗိုကယ်လ် တွေ ထပ်ကျင့်ရင်း  ကျွန်မကို ချက်ကင်း တွေ လိုက်နေပြန်ပြီ...။ ထပြီး လိုက်ဖမ်း မယ် မထင်နဲ့နော်.. ထစရာလား..!! ဟွန်း.. ပျင်းတောင် ပျင်းသေး တယ်..။ နင် ငါ့ဆီ ပြန် လာမှာ ငါ သိနေ တာပဲ လို့ စိတ်ထဲ က ပြောရင်း ရုပ်တည်ကြီးနဲ့ နေလိုက်တာပေါ့..။

အံကို ကြိတ်ပြီး တံတွေးကို အသံမမြည်အောင် မျိုချရင်း.. စိတ်တော့ နည်းနည်းထပ်ရှည်ပေး ရဦးမှာပေါ့..။ ဒီ တစ်ခေါက်တော့ ဒင်း က တိကနဲ အသံကိုဖြတ်လို့ ရုတ်ကနဲ ဘာမပြော ညာမပြော စွေ့ကနဲ လက်ဖမိုး ပေါ် တက်ရပ် လိုက်တယ်.. စက္ကန့်ပိုင်းလေးပါပဲ ဒင်းနှုတ်သီး စအစိုက်မှာပဲ “ဖြန်း” ကနဲ.. အဟက်..!!  ဘယ် ရမလဲ တစ်ချက် ဆိုမှ တချက်တည်းပါ.. သွားလေရော့.. သနားဖို့ စိတ်တောင် မကူးလိုက်မိခင်မှာပဲ ဒင်း ခမျာ အတုံးအရုံး ကျဆုံး ရှာပေါ့..။  ခံနိုင်ရိုးလား.. ဒါတောင် ဒီကောင့် ကို ကစ်လိုက်တာ ဘယ်လက် နဲ့နော်.. ။ ကျွန်မ ဘယ်ကျော် မဟုတ်ပါဘူး ညာကျော် သမားပါ..။

အသက်သာကြီးလာပေမယ့် လေ့ကျင့်မှု မရှိတော့ ပါပဲ ကျ မသွားတဲ့ ကိုယ့်လက်ရည်ကို ကိုယ် သဘောတွေတွေ့လို့..။ စိတ်ထဲကတော့ ခုမှ တိတ်တိတ်လေး ကြိတ်ပြီး တောင်းပန် မိသေးတယ်.. ဆောရီးပါ ခြင်လေးရယ် ကိုယ့်ကို ခွင့်လွှတ်ပါ ဘာညာ ဖောဖောပေါ့..။  ရန်တော့အေးသွားပြီ.. စိတ်မကောင်းစွာနဲ့ပဲ ကျွန်မ လက်ထဆေးလိုက်တယ်..။ လက်ဆေး အပြီး Hand Cream မွှေးမွှေးလေးတောင် လိမ်းလိုက်သေး..။ ကဲ... အတွေးနုနု လှလှလေးတွေ နဲ့ စာပြန်ရေးတော့မယ် လုပ်တုန်းပဲ...။

နားမခံသာ လောက်အောင် တဝေါဝေါနဲ့ အသံတွေပေးပြီး မောင်းလာတဲ့ မီးသတ်ကားသံတွေ...။ ဘုရား ဘုရား..!! ကိုယ်တို့ တိုက်ခန်းနား မှာ မီးတွေများ ထလောင်နေ ပလား မသိ...။ ကိုယ် နေတာက ငါးလွှာက တိုက်ခန်း.. ကိုယ့်အိပ်ခန်း က မှန်တံခါးကနေ ထွက်မှ ဝရံတာ..။ ကြောက်စိတ်နဲ့ လန့်ဖြန့်ပြီး စပ်စုဖို့ ဝရံတာ ထွက်ရပ် လိုက်တယ်..။ စိမ့်အေးနေ တဲ့ အော်ရီဂျင်နယ် ရာသီဥတု အေးစက်စက်ကြီး က ကိုယ့်အနွေးထည် ခပ်ပါးပါး ကို မခန့်လေးစားပေါ့..။

ဆူညံနေတဲ့ တဝေါဝေါသံတွေရယ်... ခဏလေးနဲ့ တခိုက်ခိုက်တုန် ချမ်းလာ တဲ့ ခန္ဓာရယ်... ကြောက်စိတ်တွေ ရယ်နဲ့ ဘာလုပ် လို့ လုပ်ရမှန်းမသိ..။ မီးသတ်ကားတွေ ငါးစင်းလောက် ရပ်ထား တာက ကျွန်မတိုက်ခန်းရဲ့ သုံးတိုက်ကျော်လောက်မှာ... ရဲကားတွေလည်း ထပ်ရောက် လာပြန်ပြီ...။ ခြေမကိုင်မိ လက်မကိုင်မိ..  အိပ်ခန်းထဲ ပြန်ဝင်ပြီး အနွေးထည် ထူထူဝတ် ပြန်ထွက် .. ကြာကြာ ရပ်ကြည့် နိုင်ဖို့ ကလည်း ထပ်မဝတ် လို့ မရ...။

တစ်ယောက်ထည်း ကြောက်လည်းကြောက် ချမ်းကလည်း ချမ်းနဲ့ အလုပ်တွေရှုပ် စိတ်တွေရှုပ် နားတွေက အူပေါ့..။ ခဏနေတော့ ရဲကား လော်စပီကက စကားပြောသံတွေ ထွက်လာတယ်..။ ဝေဝေဝါးဝါးမို့ သေချာနားကို စွင့်ပြီး နားထောင်မှ တောင်းပန်သံ တွေပါ..။ လူတစ်ယောက်ကို နားချနေတဲ့ အသံတွေပါပဲ..။ ကျွန်မ တိုက်ခန်း ရဲ့ သုံးတိုက်ကျော်တိုက် က ရှစ်ထပ်လောက် ပဲ မြင့်တဲ့ တိုက်ပါ..။ အော်ပြောနေတဲ့ ရဲတွေ မော့ကြည့် နေတာ ကလည်း အဲ့ဒီတိုက်ရဲ့ ခေါင်မိုးပေါ်ကို..။ သေချာပါပြီ နေရင်းထိုင်ရင်း တယောက်ယောက် က ခုန်ချဖို့ ကြိုးစားနေပြီ ဆိုတာ..။

ဒါဆို မီးသတ်ကားတွေ ကကော.. ဘာလို့...!! စဉ်းစား နေရင်း သတိရ သွားတာ က ဖုန်းဆက်ဖို့ ကိုပါ..။ အခင်းဖြစ်နေတဲ့တိုက်ရဲ့ ရှေ့တိုက်မှာ ကျွန်မ သူငယ်ချင်း လင်မယား နေတာ မေ့နေလိုက်တာ..။ ကျွန်မ သူငယ်ချင်းရဲ့ လက်ကိုင်ဖုန်းကို ခေါ်လိုက်တယ် ဆိုရင်ပဲ ဆူညံသံတွေနဲ့ အော်ပြောနေတဲ့ သူ့အသံက ရဲကားတွေနားက လမ်းပေါ် ကပဲ ဆိုတာ မှန်းလိုက် မိပြီးသား..။

သူက ကိုယ်ဝန်ကြီး နဲ့ရယ်.. ဒါတောင် မြန်လိုက်တာ လမ်းမပေါ် တောင်ရောက်နေပြီ..။ ဖုန်းထဲက ကိုယ့် အသံတွေ ကြားနိုင် ဖို့တောင် သူ့မှာအနိုင်နိုင်ဖြစ်မယ်..။ ခပ်လှမ်းလှမ်းကို လျှောက်လိုက်ဖို့  ကျွန်မ အော်ပြော မှ “အေး... ခဏစောင့်” တဲ့... သူ့အသံ ကတော့ သိပ်ကြောက်လန့် နေဟန်မရှိဘူး.. ခပ်အေးအေး ပါပဲ..။ ဘာဖြစ်တာလဲ ဆိုတာ သူငယ်ချင်းဆီမှာ စနည်းနာ လိုက်တော့မှ... သက်ပြင်းကော သက်မ ပါချပြီး အဲဒီ လူကို စိတ်ထဲကနေ ကျိန်ဆဲချင်ချင် ဖြစ်သွားတာ ကျွန်မ မညာပါဘူး..။ နောက်ဆုံး ကောက်ချက်ချ မိတဲ့ အကျဉ်းချုံးကတော့ အမူးသမားတစ်ယောက် အရက်မူးပြီး တိုက်ခေါင်မိုးပေါ် တက် ပါသည်..။ အရက် ပုလင်းကိုင်ကာ သောက်ရင်း သူ့အိမ်မှာရှိတဲ့ ခြုံစောင်တွေ ယူသွားပြီး  တိုက်ခေါင်မိုး ပေါ်ထိုင် ကာ စိမ်ပြေနပြေ မီးရှို့ ပါသည်...။

လက်ကိုင်ဖုန်း ကို ကိုယ်တိုင် ယူသွားကာ မီးလောင်နေပြီဟု မီးသတ် ဌာန ကို ဖုန်းဆက်ခေါ်ပါသည်..။ မီးသတ်ကား များ ရောက်လာသော် မူးမူးနှင့် ခုန်ချမည် ဟု ကြိမ်းပါသည်..။ ရဲများ ပြာယာ ခတ်နေသည် ကို အပေါ်မှ ငုံ့ကြည့်ရင်း အော် ရယ်သေး သည်..။ တကယ်တမ်းတော့ ထိုလူ ဟန်ရေးပြ ရုံသာ ခုန်မချခဲ့ပါ.။  ဂလို ဂလိုပင် ဖြစ်လေ၏..။ တိုက်ခေါင်မိုး ပေါ် အထိ လိုက်တက်သွားကြတဲ့ မီးသတ်များ နဲ့ ရဲအချို့ စိတ်ထဲမှာတော့ ဘယ်လိုရှိနေမယ် မသိ..။ ဖြစ်ကြောင်း ကုန်စင် ကြား ရတဲ့ ကျွန်မ ကျိမ် ဆဲချင်စိတ် ပေါက်တာတောင် အတော်လေး နုနေ ဦးမှာ..။ ခက်လိုက်တဲ့ လူတွေပါလားနော်..။

ဘယ်လို အတွေးတွေ ပါလိမ့်..!! မူးသာ မူးတာ အဖမ်းခံရပြီး နံမည် က ကျော်ချင်သေး ပါတကား..။ သူငယ်ချင်း လည်း သူ့ တိုက်ပေါ် ပြန်တက်သွားပြီ...။ အေးစက်နေ တဲ့ ကိုယ့် လက်ဖျားလေးတွေ ကိုတောင် ခုမှ သနား ရကောင်းမှန်း သတိရကာ ကျွန်မ လည်း စိတ်တိုတိုနဲ့ အခန်း ထဲ ပြန်ဝင်ခဲ့ပါတယ်..။ မိုးကအေးအေး.. ရာသီကချမ်းချမ်း တုန်.. ခြင်ကတမျိုး.. အမူးသမားက တဖုံ..  သူတို့ကြောင့် ကျွန်မ ရဲ့ ရှားပါး နေ့လယ်ခင်းလေး လည်း ပျက်သုန်းလို့..။

အကြင်နာတွေနဲ့ အသာ အယာ ရေးမဲ့ စာသား အနုအရွလေး တွေလည်း အသံပေါင်းစုံနဲ့ အတူ ကိုယ့်ကို ဘိုင့် ဘိုင်းး သွားကြ ပြီ..။ နေ့အချိန်တွေ ကုန်လွန်လို့ ညနေခင်းလည်းရောက်ခဲ့ပေါ့...။ ဖြစ်ကြောင်းရယ် ကုန်စင်ပြီးသကာလ တင်းနေ တဲ့ ကိုယ့်မျက်နှာကြော ကိုယ်ပြန်လျှော့... ရေတစ်ခွက် ကို မော့သောက်.. ဆာနေတဲ့ ဗိုက်ကိုဖြည့်ဖို့ လျစ်လျူ ရှု.. ကွန်ပြူတာ ကို ရှပ်ဒေါင်း... ကုတင်ပေါ် တက်.. စောင်ကိုခေါင်းမြီးခြုံ... နားနှစ်ဖက်ကိုပိတ်... အိပ်စက်ခြင်း သည်သာ အကောင်းဆုံးဖြစ်တော့မည်..။ ဒါတောင် ကိုယ်တိုင် အပြစ် တင်ချင်နေမိ သလိုလို သနားနေမိ သလိုလိုတွေက ဖြစ်မိနေသေး...။ 

အေးအေးလူလူ နဲ့ စာရေးဖို့ ဘာညာ မတွေးတောပဲ အစ ကတည်းက ဘာမီတွန်လေး သောက် စောင်ထူထူလေး ခြုံပြီး ဇိမ်လေး နဲ့ အိပ်ခဲ့ မိရင် အကောင်းသား...။ အို... တော်ပါလေ ခုမှ နောင်တ ရနေလည်း အပို ပဲပေါ့..။ ဒီတော့ ဖြစ်သမျှအကြောင်း အကောင်းရယ်လို့ မှတ်ယူ ရင်း မျက်လုံး ကို စုံမှိတ် အိပ်ကာ နားအေး ပါးအေး အိပ်မက် ချိုအေးမွှေးလေး မက်လို့ လှပစေဖို့ ဆုတောင်းရုံ သာ ရှိလေတော့၏..........။


                                                               (ခင်လေးငယ်)

ဒီစာလေး ကို အားနေခဲ့တဲ့  Monday, April 19, 2010  နေ့တုန်းက ရေး ခဲ့တာ ပါ။ ခုလည်း အဲ့ဒီနေ့လေးလိုဘဲ အားနေလို့ ပြန် share လိုက်ပါတယ် ..။ ပျင်းနေလို့ အပျော်လေး ပါ...။း) 

No comments: