Saturday, April 28, 2012

စနေပီသသွားတဲ့... စနေ

  တစ်ခုတည်းသော နားလည်မှုနှင့် ထုံးကျစ်ထားသည့် ကြိုးတစ်ချောင်းပေါ်တွင် ရပ်ကြည့်ဖူးကြပါသလား..!!

ကြိုးပေါ်မှာ လမ်းလျှောက်ခြင်း သို့မဟုတ် ခြေအစုံ ရပ်နေခြင်းသည် အင်မတန် ခက်ခဲသော အရာ ပင် ဖြစ်သည်။ လူသည် လူသားဆန်စွာ စိုရိမ်ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ပူပန်ခြင်းများနှင့် ထိုကြိုးပေါ် တွင် ဟန်ချက်ငြိမ်ဖို့ နှလုံးခုန် မြန်ကောင်း မြန်နေလိမ့်မည်။ သို့သော်... တုန်လှုပ်မှု အလုံးစုံ၏ နောက်ကွယ် ၌ ရှိနေခဲ့သော မမြင်နိုင်သည့် ယုံကြည်မှု ခွန်အားသည် သေးသွယ် ပျော့ပျောင်း သော ကြိုးအား အလွန်ခိုင်မာသော သံမဏိကြိုးအဖြစ် ပြောင်းလဲပေးနိုင်သည့် စွမ်းအားဖြစ်သည်ကို....။

စနေ နံနက်ခင်း တစ်ခုတွင် သာမန်ထက် စောလွန်းစွာ အိပ်ရာနိုးခဲ့သည်။ “ဖြတ်” ကနဲ ပွင့်လာသော မျက်လုံး တစ်စုံကို သုံးမိနစ် ခန့် ပြန်မှိတ် ကာ စိတ်ကို စုစည်းကြည့်သည့် အကျင့်တစ်ခု ရခဲ့သည်မှာ သိပ် မကြာသေး။ ကိုယ်ပေါ်မှ အဖြူရောင် စောင်ပါးပါးကို ခွာအချ မှာ အေးစိမ့်စိမ့် နိုင်လွန်းသည့် နံနက်ခင်းလေထု စိုထိုင်းထိုင်းက အမောတကော လာရောက်ပွေ့ဖက်၏။ ခပ်ဖွဖွ ခြေလှမ်း များဖြင့် မှန်ပြူတင်းနား သို့ လျှောက်ခဲ့မိသည်။ အလွတ်ရနေသည့် မြင်ကွင်းကျယ် တစ်ခုက မိုးမှုန်များနှင့် ဝေဝါး လို့နေသည်။ ကြည့်မြင်နေ ကျ ပင်လယ်ပြာပြာသည် မီးခိုးရောင်လွင်ပြင်...။


မြင့်လွန်း သည့် တံတားပေါ်မှ အချက်ပြ မီးရောင်တချို့ တချက် တချက် မှိတ်တုတ်တုတ်နှင့် လက်နေ ကြသည်။ တံတားပေါ်တွင် အသွား အပြန် ရွေ့လျား နေသော ကားကြီး၊ ကားငယ် အားလုံး သည် မီးများ ဖွင့် ၍ မောင်းနှင်နေ ကြ၏။ နာရီ ကို ကြည့်ထား မိ၍ သာ မနက်ခင်း ဟု ဆိုနိုင်သော အနေအထားပင်။ လက်အစုံ ကို ပိုက်၍ ရပ် ရင်း မှန်ပြူတင်း အပြင်ကို ငေးနေ ခဲ့သည်မှာ မိနစ်ပြ လက်တံရှည် မည်မျှ ရွေ့သွား ခဲ့ပြီမသိ။ အရှိန်အဟုန်ဖြင့် ခပ်သဲသဲ ရွာချ လိုက်သော မိုးကြောင့် နံနက်ခင်းသည် ပိုမှောင် သွားခဲ့ သည်။

 အသက် ရှူသံ တိုး သဲ့သဲ့ ကို မိုးသံများက မညှာမတာ အလု အယက် နှင့် ဝါးမျို စားသုံး ကြပြန်၏။ အညှိုးကြီး လှသော မိုးကို လက်မှိုင် ချ အရှုံးပေး လိုက်သော စနေ နံနက်ခင်း သည် မျက်လုံးလေး အဝိုင်းသား နှင့် ငြိမ်သက်နေသော သမင်မလေး တစ်ကောင် နှင့် ပင် တူနေပေလိမ့်မည်။ စုစည်း ထားသော စိတ် အစဉ် သည် မိုးသံများ အောက် တွင် လေးပင်ပင် နှင့် ရွေ့လျားမှု မဲ့နေသည် ထင်၏။ ခန္ဓာရော စိတ်ပါ နေရာ တစ်ခုတည်း တွင် တည်ငြိမ်နေခြင်းကို နံနက်ခင်း မဆန် သော စနေ မနက်ခင်း တွင် ရရှိ ခဲ့မည် ဟု တစ်ကြိမ် တစ်ခါမျှ မတွေး မိ ဖူးခဲ့။

တစ်စုံတရာ ကို ကျေးဇူး တင်မိပြန် သေး၏။ လွမ်းဆွတ် တမ်းတခြင်း များစွာဖြင့် ပူလောင်စွာ နိုးထ ဖူးသည့် စနေ မနက်ခင်း အချို့ က အတွေး မှာ လာကပ်သည်။ စိတ် သည် လှစ်ကနဲ ခပ်လှုပ်လှုပ် ပြန်ဖြစ် လာခဲ့၏။ မဆိုစလောက် လင်းရောင် သန်းလာ သော စနေ သည် မိုးစက်များ အောက် မှာပင် လူးလွန့် လာ ခဲ့ပြီ ထင်၏။ မှန်တံခါးကို လာပက်နေ သော မိုးပေါက်ကြီး များမှာ အညှိုးကြီး စွာ ရန်လိုနေဆဲပင်။
အာရုဏ်ဦး အတော် များများ ကို ပူပန် စိုးရိမ်မှုများနှင့် မျက်နှာသစ်ခဲ့ဖူးသည်။ လွမ်းဆွတ် တမ်းတစိတ် တို့ဖြင့် ရွှေအိုရောင် ညနေ များစွာ ကို ကုန်လွန်စေခဲ့ဖူးသည်။ ထိုနေ့ရက်များသည် နားလည်မှုဆိုသည့် စကား တစ်ခွန်း ၏ အဓိပ္ပါယ် ကို သာမန်မျှသာ နားလည် ခဲ့သော နေ့များ ဖြစ်ခဲ့ပေမည်။ ပြည့်ဝသော အနက် ကို ယုံကြည်စွာ မခံစား တတ်ခဲ့သည် မှာ သေချာလွန်း၏။

ပျော့အိအိ ကြိုး တစ်ချောင်း ပေါ်တွင် လမ်းလျှောက်နေရသူ လို သောကများနှင့် တောက်လောင်၍ အရာရာကို ထိတ်လန့်နေတတ်ခဲ့သည်။ အမည် မသိသော ခံစားချက် မျိုးစုံနှင့် ထိုကြိုးလေးပေါ်မှ ပြုတ်ကျမည်ကို ကြောက်လန့်နေခဲ့သည်။ တည်ငြိမ် သယောင် ဟန်ကိုယ့် ရင်း ရင်ခုန် သံ အတက်အကျ တို့ အစွန်းရောက် ခဲ့သည်။ ချစ်သူရေးပေး ခဲ့သော ကဗျာလေး တစ်ပုဒ် သည် မိမိကိုယ်တိုင် ဖြစ်ခဲ့၏။

ငါဟာ..
မြင်းရိုင်း တစ်ကောင်လို အော်ဟီးလိုက်ချင်လည်း
စကားတွေ မတတ်တဲ့ ဒီလည်ချောင်း ဒီပါးစပ်
ရေငတ်လို့ တံတွေးမျိုရတာ
ခြောက်ကပ်ကပ်နဲ့ အာသီးနာတယ်..။

အလွမ်းများနှင့် အဆုံးသတ် ဝေးရမည်ကို စိုးရိမ်ရင်း အားငယ်စိတ်များ ဖိစီးသည့်  နေ့ညများသည်  ဆောက်တည်ရာ မဲ့၊ ကစဥ့်ကလျား နှင့် တည်ငြိမ်မှု မဲ့ခဲ့သည်။ ပိုင်ဆိုင်လိုမှု ကင်းသည်ဟု တွေးခဲ့ဖူး သည်လား မမှတ်မိ။ ထိုသို့ တွေးဆခဲ့ဖူးသည် ရှိသော် ကိုယ်တိုင် ဟန်ဆောင် လိမ်လည် မှု စစ်စစ်တစ်ခုသာ ဖြစ်ခဲ့ပေ လိမ့်မည်။ တိုးလျလွန်းသော စကားတစ်ခွန်းသည် အားအင်များ ဖြစ်ခဲ့သလို စကားတချို့၏ အဆုံးသတ် လေယူလေသိမ်းလေး တစ်ခုတလေနှင့်ပင် ပေါက်ကွဲအား ပြင်းသော ဗုံးတစ်လုံး အား မျိုချမိသူ လို ဖြစ်ခဲ့ဖူး၏။ အဆင့်ဆင့် ပေါက်ကွဲ၍ အစိတ်စိတ်အမွှာမွှာ လွင့်စဉ်ဖူး၏။ အကြိမ်ကြိမ်အခါခါ ကောက်ယူ ပြန်ဆက် ဖူး၏။ ကဗျာလေးထဲမှ ချစ်သူ့ ဝိညာဉ်သည် အသက်ရှူသံ မောမောများမှာ ပူးတုံခွာတုံ ရစ်ဝဲနေ ခဲ့၏။ ကဗျာနှင့် တသားတည်း ကျခဲ့ရသော ပူလောင်သည့်  နေ့ရက်များစွာကို ဖြတ်ကျော်ခဲ့ဖူးသည်ပဲ..။

အားမရလိုက်တာ
ဒေါသ မောဟ မဲ့တဲ့ နံရံကို ဆွဲထိုးချင်စိတ်တွေ
စက္ကန့်သံတစ်ချက်၊ အသက်တရှူ၊ အံကြိတ်သံတွေ
ပုံမှန်ထက် ပိုကျယ်နေတယ်ပေါ့
ဒါမှမဟုတ်....
ငါ့နားတွေ ပိုကောင်းနေတာလား တိတ်ဆိတ်မှုရယ်..။

ချစ်ခြင်းနှင့် ဖွဲ့တည်မှု တစ်ခုစခဲ့သည်။ ပြည့်ဝစွာ နားမလည်နိုင်သေးသော နားလည်မှုနှင့် ကျစ်ခဲ့သည်။ ဝေဝေ ဝါးဝါး စိတ်တွေနှင့် ကြိုးပေါ် တွင် လမ်းလျှောက်ခဲ့သည်။ စိုးရိမ်ပူပန် လွန်လွန်းခဲ့သည်။ အကြိမ်ကြိမ် ဟန်ဆောင် မျိုသိပ် ဖူးသည်။ ခုအချိန်တွင်တော့  ထိုအရာ အားလုံးကို တည်ငြိမ် ရင့်ကျက်စွာ ကျော်ဖြတ် လာနိုင်ပြီ ဖြစ်၏။ ထိုအင်အားကို ချစ်သူဆီမှ ရသည်ဟု ယုံကြည် လက်ခံချိန် တွင် နားလည်မှုဆိုသည့် စကား ကို နက်ရှိုင်းစွာ ထပ်မံ နားလည်မိတော့သည်။ ကြိုးကလေးသည် မြဲမြံခိုင်မာသော ကြိုးဖြစ်လာခဲ့ပြီ။

စွဲမြဲစွာ ယုံကြည် စိတ်ချလာသည်။ တည်ငြိမ်စွာဖြင့် တမ်းတတတ်လာသည်။ အပြန်အလှန် နားလည်မှုသည် အဓိပ္ပါယ် ပြည့်ဝလွန်း လာသည်။ ကိုယ်တိုင် အခါခါ စမ်းစစ်ရင်း အတည်ပြုမိတော့ စိတ်သည် စမ်းရေအေးလေး ဖြစ်နေခဲ့ပြီ။ ပူလောင်မှုမဲ့သော နှလုံး တစ်စုံနှင့် နားလည်ယုံကြည်စိတ်ချစွာ ချစ်တတ် လာခြင်း သည် သာယာလှပသော ပန်းခင်းလေးတစ်ခင်း ဖြစ်ကောင်း ဖြစ်မည်။

ရန်လိုနေ ခဲ့သော မိုးစက်တို့သည် တုန့်ကနဲ ရပ်တန့်သွားကြသည်။ မှုန်ဝါးနေခဲ့သော မြင်ကွင်းကျယ်ကို ကြည်လင်ပြတ်သား စွာ ပြန်မြင် လာရပြီ။ နေရောင်ခြည်ဦး သန်းလာတော့မည်ကို မျှော်လင့်နေသည့် စနေ မနက်ခင်း သည် မခို့တရို့ ရှက်ကိုးရှက်ကန်းနှင့် ချစ်ဖို့ ကောင်းလွန်းနေ၏။ ပင်လယ်သည် နေမင်းကို ဦးညွတ် ဖို့ အရှိန်ယူနေပေလိမ့်မည်။ တံတားပေါ်တွင် ပြေးလွှားနေသော ကားများ ကို ရှင်းလင်းစွာ လှမ်းမြင် လာရပြီ။ တံတားတိုင် အမြင့်ကြီးများမှ အချက်ပြမီးလုံးများလည်း မျက်လွှာပိတ်ကာ အိပ်စက် အနားယူကြပြီ ထင်၏။

ပင်လယ်ကွေ့ကို ဖြတ်၍ဆောက်ထားသော တံတား၏ အရှေ့စွန်စွန်းမှ တစ်ဝက်တစ်ပျက် ကိုယ်ဟန်ပြစ ပြုလာသော နေမင်း၏ အပြုံးမှာ ခမ်းနားလှပလွန်း၏။ တုန်လှုပ်မှု အလုံးစုံ၏ နောက်ကွယ်၌ ရှိနေခဲ့သော မမြင်နိုင်သည့် နားလည်ယုံကြည်မှု ခွန်အားသည် စိုးရိမ်တွေဝေမှု အားလုံးကို ကွယ်ပျောက် လွင့်ပျယ်စေခဲ့ပြီ။ ရင်တထိတ်ထိတ်နှင့် လျှောက်လှမ်းခဲ့သော ကြိုးမျှင် ကလေးသည် သံမဏိတစ်ကြိုးထက် ခိုင်မာ သွားခဲ့ပြီဖြစ်သည်။ နံနက်ခင်း မဆန်နိုင်ခဲ့သော စနေမနက် သည် မင်္ဂလာအပေါင်းနှင့် ထုံးဖွဲ့ထားသည့် သတို့သမီးတစ်ဦးလို ကျက်သရေ ရှိသော ညှို့ဓါတ် အပြည့်နှင့် လှပလွန်းနေတော့သည်....။

(ခင်လေးငယ်)

    နေ့နေ့ညည တံတားကြီး တစ်စင်းကိုသာ မြင်ငေးခွင့်ရနိုင်ခဲ့သော နေ့များထဲမှာ ရေးခဲ့သည့် (၂၀၀၈) ခုနှစ်က စာဟောင်းလေး တစ်ပုဒ်ရယ်ပါ။

No comments: