Saturday, April 28, 2012

တကယ်တမ်းတော့ ...


သူရောက်လာသည်~ အမောဖြေ ခိုနားသည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် သစ်ကိုင်းလေးတစ်ကိုင်း ဖြစ်သည်။

သူရောက်လာသည်~ နွေးထွေးမှုကို ခံစားသည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် နံနက်ခင်း နေရောင်ခြည် ဖြစ်သည်။

သူရောက်လာသည်~ ခပ်ဟဟ တေးဆိုညည်းသည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် ခုံတန်းရှည်လေး ဖြစ်သည်။

သူရောက်လာသည်~ လည်ကိုဆန့်၍ ခန္ဓာကိုလှုပ်ခါသည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် အစိမ်းနုရောင် မြက်ခင်းလေး ဖြစ်သည်။

သူရောက်လာသည်~ တိုးတိတ်တိတ် ဆုတောင်းသည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် ညောင်ညိုတစ်ပင် ဖြစ်သည်။

သူရောက်လာသည်~ ရွှင်မြူးစွာ အစာစားသည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် ရွှေအိုရောင် စပါးခင်းလေး ဖြစ်သည်။

သူရောက်လာသည်~ ရေငုံ့သောက်သည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် ရေကြည်လေးတစ်စက် ဖြစ်သည်။

သူရောက်လာသည်~ ခပ်ထွေထွေမှေးစင်း ငိုက်မြည်းသည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် နွေနေ့လည်တစ်ခင်း ဖြစ်သည်။

သူရောက်လာသည်~ ကောက်ကြောင်း ပန်းချီတစ်ကား ရေးခြစ်သည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် နှုံးမြေပြင်နု ဖြစ်သည်။

သူရောက်လာသည်~ သီချင်းသစ်တစ်ပုဒ် သံစဉ်ညှိသည်~ သူပျံသွားသည်။
ကျွန်မသည် ပြုံးနေတတ်သည့် မှီထောင်ထားသော ဂစ်တာကလေး ဖြစ်သည်။

သူရောက်လာသည်~ အဖော်နှင့်ဖြစ်သည်~ သူတို့ပျံသွားသည်။
ကျွန်မသည် ပြုံးနေခြင်းဖြင့် ရှင်သန်နေသည့် သေလူမျှသာ ဖြစ်ပါတော့သည်။  

(ခင်လေးငယ်)

No comments: