သူမ ထင်မှတ် မထားသည့် အချိန်တွင် ခရီးတစ်ခုကို ရုတ်တရက် ထွက်ရတော့မည်။
ရက် အကန့်အသတ်မဲ့ ထိုခရီး အတွက် ကြိုတင်ပြင်ဆင်ချိန် သူမ မရရှိခဲ့။
သွားမည့်ဆဲဆဲတွင် ခြင်းတောင်းလေး တစ်လုံးကို အတွေး များနှင့် သူမ
ဖန်ဆင်းလိုက်သည်။ ထိုခြင်းတောင်းလေးထဲသို့ လိုအပ်သည့် အရာများကို
စိတ်တွေနှင့် ပင် စုစည်း ထည့်ကြည့်လိုက်သည်။ စက္ကန့်ပိုင်းလေး အတွင်းမှာပင်
သူမ၏ ခြင်းတောင်းလေး မှာ ပြည့်လျှံ သွားခဲ့လေ၏။
သူမ၏ ခြင်းတောင်းလေးထဲတွင် ~
- - တရားစာအုပ် တစ်ချို့..
- - ကာရန်မဲ့ ကဗျာ တစ်ချို့နှင့် နဘေထပ် ကဗျာ တစ်ချို့..
- - တိုးသဲ့သဲ့ ဂစ်တာသံလေး..
- - ရယ်မောသံ လွင်လွင်လေး..
- - စိုးရိမ်ပူပန်တတ်သော အကြည့်တွေ..
- - ပေပေတေတေ မနေဖို့ နားချသံတွေ..
- - အမြတ်တနိုး ဝတ်တတ်သော လက်ကောက် ပျော့လေး တစ်ကွင်း..
- - လက်ကိုင်ပုဝါလေး တစ်ထည်..
- - ဦးထုပ်လေး တစ်လုံး..
- - သီချင်းသံ ချိုချိုလေး..
- - ငါးကြော်သေးသေးလေးတွေ ထည့်ထားသော ပန်းကန် တစ်ချပ်..
- - စက်ဘီးကလေး တစ်စင်း..
- - စန္ဒယားသံ တစ်ချို့..
- - မိုးဖွဲလေးတွေ ရွာနေသော ခပ်မှောင်မှောင် လမ်းကလေး..
- - Cranberries သီချင်းလေး တစ်ပုဒ်..
- - အငွေ့တထောင်းထောင်း ထနေသော ကော်ဖီပူလေး တစ်ခွက်..
- - သွားတိုက်ဆေး အသင့်တင်ထားသော ပန်းနုရောင် သွားပွတ်တံလေး.
- - ချစ်ခြင်းနှင့် ဒေါသတရားတို့ လွန်ဆွဲနေသော လွန်ဆွဲပွဲ တစ်ပွဲ..
- - လရောင်ဆမ်းသည့် ဝရန်တာလေး..
- - ငိုက်မြည်းနေသော တက္ကစီ တစ်စီး..
- - တင်းနေအောင်စေ့ကာ ဖိ၍ပြုံးတတ်သော နှုတ်ခမ်း နှစ်လွှာ..
- - ချစ်ဖို့ကောင်းသည့် အိပ်ခန်း လှလှလေး..
- - သူမကိုယ်တိုင်၏ မျက်စောင်းလေး..
- - လှေကားထစ်လေး တစ်ချို့..
- - တည့်တိုး ပြောတတ်သော သူမ၏ စကားတစ်ချို့..
- - ခပ်ဖွဖွ အနမ်းလေး တစ်စ..
- - မာထန်ထန် ဦးခေါင်း တစ်လုံး..
- - ပန်းရင့်ရောင် အကွက်လေးတွေနှင့် ဖိနပ်တစ်ရံ..
- - ဆုတောင်းသံ တစ်ပိုင်းတစ်စ
- - အနှစ်နှစ် အလလ က သန္ဓေတည်ခဲ့သော ယုံကြည်ချက် တစ်ခု..
ပြည့်လျှံနေသော
ခြင်းတောင်းလေးကို စိတ်တွေနှင့် ပင် သူမ မ၍ ယူကြည့်လိုက်သည်။ ခြင်းတောင်း
အကွပ် ကြားလေး ထဲတွင် လှုပ်လီလှုပ်လဲ့ တွဲခိုနေသော မျက်ရည်လေး တစ်စက် က သူမကို
ခပ်ကြောင်ကြောင် နှင့် လှမ်း ကြည့်နေ ၏။ ထို့နောက်... ခြင်းကလေး၏ ဇကာပေါက်လေး
တစ်ခု ကြား မှ ပြုတ်ကျ လု ဆဲဆဲ အားငယ်စိတ်လေး တစ်ခု..!! အို... သွားစမ်းပါ..!!!
ထိုအရာ
နှစ်ခု ကို သူမ မထည့်ခဲ့ သည်မှာ သေချာလွန်းနေသည်ပဲ။ မုန်းတီး စွာပင်
သူမခေါင်းကို ရမ်းခါ မိ၏။ နှုတ်ခမ်းတွေ ကို ခပ် တင်းတင်းစေ့ ကာ
ထိုခြင်းတောင်း ကလေး လှုပ်ခါ သွားအောင် စိတ်တွေနှင့် ပင် ခပ်ကြမ်းကြမ်း
ဆောင့်ဆွဲ ယူ လိုက်သည်။ “အရူးမ” ဟု ချစ်စနိုး စနောက်တတ်သော အသံလေး တစ်ခု
ခြင်း ထဲမှ ခုန်ပေါက် ထွက်လာချိန် တွင် သူမ လှစ်ကနဲ ပြုံးမိသွားသည် ထင်၏။
မျက်ရည်လေး တစ်စက်နှင့် အားငယ်စိတ်လေး တစ်ခုသည် ခပ်ဆတ်ဆတ်
ဆွဲယူ လိုက်သောကြောင့် မှီတွယ်နေရာ မှ ပြုတ်ကျ ကျန်ရစ် ခဲ့ပြီ ဟု သူမ
ယုံကြည် ထားလိုက်သည်။
သူမ သည် သူမ ဖန်ဆင်း ထားသော
ခြင်းတောင်းလေးကို စိတ်ကူးဖြင့် တယုတယ ဆုပ်ကိုင်ရင်း ဆန္ဒ မရှိသော
ထို ခရီး အတွက် ပထမ ဦးဆုံးသော ခြေတစ်လှမ်း ကို ခေါင်းမော့ ၍
စလှမ်း လိုက်လေသည်။
(ခင်လေးငယ်)
September 3, 2008 - 1:05 AM တုန်းက Blog အဟောင်းလေးမှာ ရေးခဲ့ပါတယ်။ ကျွန်မ ဆန္ဒ လုံးဝ မရှိ ခဲ့တဲ့ ထို ခရီး မှာ လ- အချို့ ကြာမြင့် သွားခဲ့ပါတယ်။
No comments:
Post a Comment