Tuesday, October 9, 2012

~ Tranquility ~



ပုခုံး နှစ်ဖက် တွင် တွယ်ချိပ် သယ်ဆောင်လာသည့် ကျောပိုးအိပ် ကို ကုတင်ပေါ် တင်လိုက်ချိန်မှာ မိုးသံတွေ က ဝုန်းကနဲ နားထဲ တိုးဝင် လာခဲ့သည်..။ အိမ် ပြန်ရောက်ချိန်နှင့် ကွက်တိ ရွာချလိုက်သော မိုးကို ဘာမှန်းမသိ ဦးညွှတ်မိ သလိုလို..။ အိမ်အပြန် လမ်းမကြီး လက်ယာဘေးဘီမှ အုံ့မှိုင်းမှိုင်း မြင်ကွင်းတွေ အချို့က မဆီမဆိုင် ခေါင်းထဲ ရောက်လာခဲ့၏..။

“မိုးပဲ ရွာမှာပေါ့..” 

သူမ တီးတိုး ရေရွတ်ကာ ဆံပင်တွေကို ခါယမ်းရင်း ပြုံးလိုက်မိသည် ထင်၏..။ တိတ်ဆိတ် ငြိမ်သက်နေသည့် လမ်းမများကို သူမ ချစ်သည်..။ အသက် အရွယ် တစ်ခု မရရှိမီ အထိတော့ ဆူညံမှုတိုင်းကို ခါးသက်သက် ရှိတတ် ခဲ့၏။ အသိတိုင်းကို တင်းတင်းကျပ်ကျပ် ကြည့်တတ်လာချိန်မှ စ၍ ဆူညံရှုပ်ထွေးသော လမ်းမများသည် သူမထံ အရောက်မှာ ငြိမ်ဝပ်သွား တော့သည်..။

“ဆူညံ ပွက်လော ရိုက်နေသည်”
“သပွတ်အူထက်ပင် ရှုပ်ထွေး ပွေလီလှ၏”
“လူအမျိုးမျိုး ဘဝ အထွေထွေ နှင့် ဖြစ်ခြင်း ပျက်ခြင်း ပေါင်းစုံသည် လမ်းမများပေါ်၌ ရှိနေဆဲပင် ဖြစ်သည်”

မည်သို့ပင် ဖြစ်စေ ထို လမ်းများစွာ တို့သည် ပကတိ သန့်စင်စွာ သူမထံ လှလှပပ ရောက်လာ နိုင်ခဲ့ပြီ..။ လမ်းမကျယ်ပေါ်ရှိ ကျယ်လောင်စွာ အော်ဟစ် ပြေးလွှားနေသော ကားကြီး ကားငယ် အထွေထွေ သည် သူမ အတွက် ရော်ရွက်ခြောက်လေးများ ဝေ့ဝဲ ကြွေဆင်းလာသံ တမျှသာ ဖြစ်တော့၏။ ယိုင်တိ ယိုင်ထိုးနှင့် သိုင်းကွက် နင်းကာ ဆူညံနေသော လူငယ် တစ်စု သည် သူမ မြင်ကွင်း ထဲသို့ လှုပ်လှီ လှုပ်လှဲ့ တွဲခိုနေသော နှင်းရည်စက်လေး တစ်ပေါက် အဖြစ် အသွင်ပြောင်း ရောက်ခဲ့ပြီ..။

“သူမသည် ဗလာသက်သက်သာ ဖြစ်၏..။
ရပ်ကွက် အလယ်ခေါင် နာရီစင်ကြီး ဆီမှ နာရီ အချက်ပေး တီးလုံးသံကို မိုးသံတွေ အကြားမှ ကြားရ၏..။ မျက်လွှာကို ပိတ်ကာ အာရုံစူးစိုက်၍ နာရီသံကို ထိုနာရီကြီးနှင့် အတူ လိုက်လံ ရေတွက်မိသည်..။ တီးလုံးသံ တစ်ချက်ပြီးတိုင်း ဝါယာကြိုးများ ရှော့ခ်ဖြစ်သလို တိုးဖွဖွ တဂျစ်ဂျစ် မြည်တတ်သည့် အသံလေး အထိ မိုးသံတွေ အောက်မှာပင် သူမ ကြားပါသည်..။

“ထို တဂျစ်ဂျစ် အသံသည် ခြောက်ခါ တိတိ”

ဆောင်းဦးဆီ လှမ်းလျှောက်ကာစ ပြုသော နွေနှောင်းရာသီသည် တစ်ရံတစ်ခါမျိုးတွင် မထင်မှတ်ပဲ ညစ်ကျယ်ကျယ် နိုင်တတ်သည်..။ သဘာဝလွန် ဖောက်ပြန်မှုမျိုးနှင့် သူမကို ကလိတိတိ ပြုမူ၏..။ စိတ်နှလုံးကို ထိုးဆွ တတ်၏..။ သူမ လှုပ်ရှားလျှင် ပီတိဖြစ်မည်လော..!! အမှန်တကယ်တော့ ယခုလောက် အတွေးဖြန့်ကျက် နေမိခြင်းကိုပင် သူမ လိုအပ်မနေလှ..။ စိတ်အလိုအတိုင်း အတွေး လိုက်သွားခြင်းတိုင်းကို ငြိမ်သက်စွာ ကိုယ်တိုင် ပြန်ကြည့် လာတတ်စ ပြုပြီ..။

ဥတုရာသီ သဘော သည် ဖောက်ပြန် တတ်၏..။ နားမခံနိုင်သော အရာတိုင်းသည်လည်း မြင်တတ်ပါလျင် အပ်ကျသံကိုမျှ မကြား ရတော့အောင် တိတ်ဆိတ်ပါ၏..။ တစ်သီး တစ်ခြားစီ ရှိနေသည်..။ ဗဟိုတည့်တည့်တွင် ကိုယ်စီကိုယ်ငှ ရှိနေသည်သာ..။ အရာများ သည် ဖြစ်တည်နေသည်..။ အရာ အချို့သည် သွေဖယ် နေဆဲ ဖြစ်၏..။ 

သူမ နင်းလျှောက်ခဲ့သော လမ်းမ များသည် ရှည်လျား ကျယ်ပြောပါသည်..။ ဆူညံကာ ရှုပ်ထွေး ကွေ့ကောက် သိမ်လှီသော နေရာများလည်း ရောနှောနေသည်..။ မည်သို့ဖြစ်စေ သူမ အတွက် ထိုလမ်းမ အားလုံးတို့သည် ငြိမ်သက်ခြင်း အားဖြင့် ထပ်တူညီနေ၏..။


(ခင်လေးငယ်)
2012/ 10/ 04