ဒီည.. ညီမလေးတစ်ယောက်ရဲ့ စာမျက်နှာလေးဆီ အရောက်... ဆယ်စုနှစ် နှစ်ခုစာ
(သို့မဟုတ်) ထိုသက်တမ်း ထက် ကျော်နေနိုင်လောက်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကျွန်မ
ပြန်ဖတ်မိပါတယ်။ ဆရာမောင်စိန်ဝင်း ရဲ့ အချစ်ကဗျာကလေးပါ။
မျက်စိမှိတ်ထားပါလျက်ကောင်းကင်ကို သတိရသည့်အခါတိမ် များကို မြင်နေရပါသည်။အလွန်ဝေးကွာသည့်အရပ်ကို ရောက်နေပါလျက်ပင်လယ်ပြာကို စဉ်းစားမိသည့်အခါလှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါနှင်းဆီရနံ့ကို ခံစားရရှိနေတတ်ပြန်သည်။သေဆုံးသည်အထိမှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ(ငါ့) ချစ်သူသာဖြစ်ပါ၏။ ။မောင်စိန်ဝင်း (ပုတီးကုန်း)
ကျွန်မ
အဲ့ဒီကဗျာလေးကို စဖတ်ဖူးကာစ ခပ်ငယ်ငယ်အရွယ် (ဘာမှ သိပ်နားမလည်သေးချိန်)
ကတည်းက အောက်ဆုံးအပိုဒ် (သုံးကြောင်း) ကို ဖြုတ်ကြည့်ပြီး တွေးမိခဲ့တာလေး
ရှိပါတယ်။ ဒါဟာ “ကျင့်စဉ်တစ်ခုရဲ့ အစ..” လို့ ဦးနှောက်သေးသေးလေးနဲ့
ဝေဝေဝါးဝါး မဝံ့မရဲလေး တွေးကြည့်ခဲ့ဖူးပါတယ်။
အခုချိန်
(ဒီနေ့) ပြန်လည်ဖတ်အပြီး အတွေးနယ်ချဲ့မိပြန်တယ် ဆိုပါတော့။
နောက်ဆုံးမှာတော့ လက်ရှိ အတွေး၊ သင်ယူခံစားလေ့လာမှုတွေကို ပေါင်းစုပြီး
အဖြေတစ်ခုကို ကျွန်မ ထုတ်မိသွားတယ်..။ အပြည့် အဝ မှန်ကန်ချင်မှ
မှန်ကန်ပါလိမ့်မယ်..။ သို့သော်.. ကျွန်မ လွတ်လပ်စွာ၊ ရဲဝံ့စွာ၊
တွေးချလိုက်ပါတယ်..။
မျက်စိမှိတ်ထားပါလျက်ကောင်းကင်ကို သတိရသည့်အခါတိမ် များကို မြင်နေရပါသည်။အလွန်ဝေးကွာသည့်အရပ်ကို ရောက်နေပါလျက်ပင်လယ်ပြာကို စဉ်းစားမိသည့်အခါလှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်ဥယျာဉ် ထဲသို့ စိတ်ရောက်သွားသည့်အခါနှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။
✿ ဒါဟာ “ZEN”... ဘဲ..။ ကျွန်မ အခုတလော စိတ်ဝင်တစား ဖွေရှာဖတ်ယူ လေ့လာနေမိတဲ့ “ZEN” တရားကျင့်စဉ်ရဲ့ အနုနယ်ဆုံးသော အစကနဦးလေး တစ်ခုဟာ ဒါပါဘဲ။✿
စိတ် အာရုံ ကို
ပထမဦးဆုံး ပို့လွှတ်လိုက်မယ်။ မြှင့်တင်ခြင်းသဘော ဆောင်ပါလိမ့်မယ်..။
မြင့်လာပြီ၊ ရောက်သွားပြီ၊ အားကောင်းလာပြီဆိုမှ အဲ့ဒီအရာလေးတွေကို
တဖြည်းဖြည်းချင်း ပြန်ဖြည်ချပြီး နောက် တစ်ဆင့် ထပ်မြှင့်တာပါ။ နောက်ဆုံး
အဆုံးစွန်မှာ စိတ်အစဉ်ဟာ အကျွင်းမဲ့ “ဗလာ” ဖြစ်သွားချိန်အထိ တစ်ရစ်ချင်း
တစ်ဆင့်ချင်းပေါ့နော်..။
လွန်ခဲ့တဲ့ လေးရက်ခန့် က
အမြည်းလေးပဲ ဖတ်ခွင့်ရလိုက်တဲ့ ဂျပန်စာအုပ်လေးထဲမှာ အဲ့ဒီလို ရေးထားတာ ကို
တွေ့ခဲ့ရ တာပါ..။ ဒါဟာ များစွာသော ZEN ကျင့်စဉ်တွေထဲက ကျွန်မနားလည်သလောက်
တစ်ပိုင်း တစ်စလေး သာ ဖြစ်ပါတယ်။
ဒီမှတ်စုလေးကို
ဖတ်မိသူ တိုင်းလည်း လွတ်လပ်စွာ၊ ကွဲလွဲတွေးခေါ်နိုင်ပါတယ်။ ကျွန်မရဲ့
ကောက်ချက် ချခြင်း မှန်မမှန် ကို ရေးပြချင်တာမျိုး မဟုတ်ပါဘူး..။ အခု.. ဒီည..
ဒီအချိန်လေးမှာ ဆရာမောင်စိန်ဝင်းရဲ့ ကဗျာလေး ဖတ်ပြီး “ကျွန်မ
ဒီလိုတွေးမိသွားတယ်.. တွေးနေမိတယ်” ဆိုတာလေးမျှသာပါ။
ဒါလေး ကို
မှတ်စုလေး အနေနဲ့ ရေးချဖြစ်ယုံပါ။ “ကျွန်မ အတွေးလေးကို ကျွန်မချစ်ခင်ရသော
သူများအား မျှဝေ ရင်ဖွင့်ခြင်းလေး ပါ..” လို့ အရိုးရှင်းဆုံး ကျွန်မ
ဝန်ခံလိုက်ပါတယ်..။
(ခင်လေးငယ်)
No comments:
Post a Comment