Sunday, March 3, 2013

~ ငွေနှင်းရည်ဖွဲ့ ဆွေခဲ့လျင် ~

တိုက်ခန်းကျဉ်းလေးအတွင်း လူးလာခေါက်တုံ့ ခြေလှမ်းကာ သတိမှတ်ခြင်းကို ခဏတာမျှ ရပ်နားလိုက်သည်..။ ဝန်းကျင်သည် တိတ်တဆိတ် ရှိနေသည်..။



ဆောင်းလေသည် ညှင်းသွဲ့ရာမှ တစ်ရံတစ်ခါ အရှိန်ပြင်း၍ နှင်းပွင့်များကို ဖရို့ဖရဲ သယ်ဆောင်လာ တတ်သည်..။ နေထွက်မှ နေဝင်ချိန်ကျော် သန်းကောင် ညဥ့်ယံအထိ ဒီဂရီ မပြောင်းလဲသော အအေးဓာတ်နှင့် လောကတစ်ခွင်ကို စိုးမိုးထားသည်..။  ပီဘိ ဆောင်းရာသီ သည် ကဗျာဆန်ဆန် သွေ့ခြောက်ခြောက် နိုင်လွန်းသည် ထင်မိ၏..။


အဝေးပြေး လမ်းမများပေါ်တွင် နှင်းခွဲသံကြိုးများ ချိတ်ပတ်ထားသော ကားတာယာများသည် နှင်းများကို ယက်ကာထုတ်ရင်း တစ်ပတ်ပြီးတစ်ပတ် အဖန်ဖန် လည်ပတ်၍ ရှိနေပါလိမ့်မည်..။ ပြတင်းပေါက်ကျယ်ကို ခပ်ဟဟ ဖွင့်ကာ မျက်လွှာကို ပိတ်၍ တစ်ခဏတာမျှ ကြမ်းရှရှလေနှင့် တိုက်ရိုက် တွေ့ထိလိုစိတ် ဖြစ်သည်..။


ဆောင်းသည် လွမ်းဆွတ်တတ်သော စိတ်အခံကို မြှောက်ထိုးပင့်ကော် လုပ်ကာ ကလူကျီစယ် ယောင်ဆောင်၍ မြူဆွယ်လေသည်..။ မျက်နှာပြင်ကို ထိုးမော့ကာ ပါးပြင်နှစ်ဘက်ကို တိုက်စားဆော့မြူဖို့် အခွင့်ပြုလိုက်သည်..။ ထိုအခါ ဆောင်းသည် အလောတကြီးပင် လှလှပပ ပညာပြတော့၏..။ ပန်းနုရောင်သန်းသော နှုတ်ခမ်းနှစ်လွှာကို ခဏတာ အတွင်းမှာပင် ပြာနှမ်းနှမ်း နိုင်စေသော အစွမ်းရှိသည်..။


ဆောင်းသည် နှစ်နှစ်ခြိုက်ခြိုက်ပင် တဟားဟားနှင့် ရယ်မော၏..။ ညသည် ဆောင်း၏ ရယ်မောသံနှင့် ဝံ့ကြွားကြွားနိုင်ကာ ပိုမိုရုပ်လုံး ကြွလာသယောင် ရှိသည်..။ လွတ်လပ်သောစိတ်နှင့် ဆောင်းလေ၏ အတွေ့အထိကို ခံစားသည်..။ ပါးလွှာသေးငယ်လှသော နှင်းပွင့်ကလေးများသည် မှိတ်ထားသော မျက်တောင်ရှည်များပေါ်သို့ ငြိမ်ဝပ်စွာ သက်ဆင်းလာပြီး ထုထည်ပြု၏..။


စိတ်အစဉ်သည် ပေါ့ပါးလွတ်လပ်နေသည်..။ ဆောင်းသည်လည်း သူ့ သဘာဝအလျောက် ကြမ်းရှရှ ထွေးပိုက်မှုနှင့် လွတ်လပ်ခြင်း အပြည့်ရှိနေပါ၏..။ ဆောင်း၏ ရယ်မောသံနှင့် အတူ သူမသည်လည်း ပြုံးတုံ့တုံ့ မူဟန်နှင့် အလိုက်တသင့် ရှိပေးနေမိသည်..။ တစ်ခဏကြာသော် တိတ်တဆိတ်နှင့် နှုတ်ဆက်ကာ ပြတင်းတံခါးကို ဖွဖွပင် ပိတ်လိုက်၏..။


ဆောင်းသည် မည်းမှောင်သော ညဥ့်နက်ထဲတွင် ကျေနပ်စွာနှင့် နေရစ်ခဲ့ပေလိမ့်မည်..။ သို့မဟုတ် သူမနှင့် စိတ်အသွား တူသော တစ်စုံတစ်ဦးကို ကြည်စယ်လိုစိတ်နှင့် ဟိုဟိုဒီဒီ၌ လိုက်လံ ဖွေရှာမှု ပြုကောင်းပြု နေနိုင်ပါသေးသည်..။ ကြမ်းရှရှနိုင်သော ဆောင်း၏ နှလုံးအိမ်သည် နူးညံ့လှပါကြောင်း သူမ ကောင်းကောင်း သိ၏..။


မည်သို့ဆိုစေ... ထိုခဏတာအတွက် ဆောင်းကို ကျေးဇူးတင်သည်..။ ဆောင်းသည်လည်း သူမနှင့် ထပ်တူ ဦးညွှတ်တရှိ ရှိလျက် နေပါလိမ့်မည်..။ ဆောင်းညသည် နဂိုရှိရင်းထက် ပိုမိုလှပ တိတ်ဆိတ်ခန့်ငြား နေ၏..။


ထို့နောက် ~~~

ကီးဘုတ်ခလုပ်များကို နှိပ်လိုက်သည့် အသံနှင့် ရှုရှိုက်ပြုသော တိုးညှင်းညှင်း အသံလေးများမှ လွဲ၍ အခြား ဘာဆိုဘာမျှ သူမ ဝန်းကျင်တွင် မရှိတော့..။



~ ချမ်းမြေ့လျက် ~