A - apple, arrow
ကမ္ဘာဦးအစမှာ အချစ်ဟာ ပန်းသီးလေး တစ်လုံးက စခဲ့တယ်တဲ့လား.. ဘယ်လောက်ပဲ
အဖိုးတန်တယ်ဆိုပါဦး ငွေရောင်လဲ့နေတဲ့ ဓားပါးပါးလေးနဲ့ မင်းကိုယ်တိုင်
စိပ်ပေးဖူးတဲ့ ပန်းသီးလောက် လောကမှာ အချိုဆုံး အမွှေးဆုံး
ပန်းသီးစိပ်လေး ဘယ်မှာများ ဝယ်ယူလို့ ရနိုင်မှာတဲ့လဲ.. ကိုယ်ဟာ
ဘယ်လောက်များ ကံကောင်းသူလဲကွယ်..!! ကိုယ် မင်းကို သိပ်ကျေးဇူးတင်တာပဲ
ချစ်သူ... တသက်လုံး စာပေါ့။ မြားလေး တစ်စင်းကို မရည်ရွယ်ပဲ ကိုယ့်ဆီ
တည့်တည့်လေး မင်း ပစ်ခဲ့လေသလား.! အို.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ
အဲ့ဒီမြားလေးက ကိုယ့်ရင်မှာ အခိုင်မာဆုံး စူးနစ်လို့.. ရင်ခုန်သံတွေနဲ့
ကိုယ့် မှာတော့ အခုချိန်ထိ တ ~ လှပ် ~ လှပ် ~
B - bird, bell
ငှက်လေးတစ်ကောင်လို ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး ပျံသန်းလာပြီး ဖွဖွလေး
ကိုယ့်ဘေးကို မင်းဆင်းသက် ရောက်ရှိလာခဲ့တဲ့ ရက်လေးကို ဟောဒီတသက်
မေ့ရမယ်မှ မထင်တော့တာ.. အေပရယ်လ ထဲက ရက်လေးတစ်ရက်. ကိုယ်ပြန်ပြောရင်
မင်းနှုတ်ခမ်းလေးတွေ တင်းနေအောင်စေ့ပြီး ပြုံးပြ ဦးမှာပဲနော်... ဟက်ကနဲ
ကျေနပ်ကြည်နူးစိတ်တွေနဲ့ မင်းရယ်မောလိုက်မယ် ဆိုရင်ကော
နားဝင်ချိုလွန်းတဲ့ ခေါင်းလောင်းသံလေးတွေလို ကိုယ့်နားထဲကို
ပြေးဆော့တိုးဝင် လာဦးမှာပေါ့ ချစ်သူလေးရယ်...
C - cup, cat
ကိုယ် ကိုယ်တိုင်ရွေးချယ် ဝယ်ယူထားတဲ့ မင်းတယောက်အတွက်
သီးသန့်ထားရှိခဲ့တဲ့ အဖြူရောင်မှာ အနီကွက် အကွပ်လေးတွေနဲ့
ကော်ဖီခွက်လေးဟာ ကိုယ်ဖြစ်ဖြစ် သွားမိပြန်သေးတာ မင်းသိရဲ့လား..
ကိုယ်ဖျော်ပေးတဲ့ ကော်ဖီလေးထဲမှာ သကြားမှုန်လေးအစား ကိုယ့်အချစ်တွေနဲ့
ဖျော်ထား တာလေ.. ကိုယ့်ကို စိတ်တိုအူယားအောင် မင်းစနောက်တတ်ချိန်တိုင်း
တကယ်ပါ... ကိုယ်ဟာ ကြောင်လေး တစ်ကောင်လို ရှိသမျှ လက်သည်းတွေထုတ်ပြီး
ကုတ်ဖဲ့ချင်စိတ်တွေနဲ့ နေရထိုင်ရခက် လွန်းလိုက် တာလေ.. ဒီလိုပြောလို့
မင်းလေး ကိုယ့်ကို လန့်သွားမယ်တော့ ကိုယ်မထင်ပါဖူး.. ပိုလို့တောင်
တိုးပြီး စဦး မှာ သိနေပြန်သူဟာ ကိုယ် ~ ပဲ ~ ပေါ့ ~..!!
D - dog ခွေးလေးတွေဟာ
သခင်တွေအပေါ်မှာ သိပ်ကို သစ္စာရှိကြသတဲ့...။ ကိုယ်ဟာ
အမွှေး စုတ်ဖွားလေး နဲ့ ခွေးပေါက်မလေး တစ်ကောင် ဖြစ်ပြီး မင်းဟာ
ကိုယ့်သခင် ဆိုခဲ့ရင်...... ဟင့်အင်း ဘာမှ ဆက်ပြောပြ ဖို့
မလိုတော့ဖူးပဲနော်... ကိုယ့်ရင်ထဲကို မင်းထိုးဖောက်မြင် တတ်နေမှပဲ..
ဘာလိုသေးလို့လဲ ကွာ~~!!
E - eye, ear
ကိုယ့်ဘေးမှာ မင်းရှိနေမပေးနိုင်တဲ့ အချိန်တွေတိုင်း
ကိုယ့်မျက်လုံးတွေထဲမှာ မင်း အရိပ်လေးတွေ ပဲ ပြေးဆော့ကစားလို့... ကိုယ့်အကြား
အာရုံ တွေထဲမှာ စက္ကန့်မလပ် စိုးမိုးထားတာလည်း မင်း အသံ
ပြာရှရှလေးတွေပဲ ဆိုတာ မင်းသိအောင် မင်းနားလေးနားကပ်ပြီး
တိုးတိုးဖွဖွလေး ကိုယ်ပြောပြ ချင်နေ မိတယ်... ကိုယ်မင်းကို သိပ် ~ ချစ် ~ တာ ~ ပဲ ~..!!
F – fish, fan မင်းအခန်းလေးထဲမှာ
အမြတ်တနိုးနဲ့ မွေးမြူထားတဲ့ ငါးကန်ထဲက ရွှေငါး လှလှလေး က လည်း ရာသီမရွေး
ရေအပူချိန်ညှိထားတဲ့ ကန်လေးထဲမှာ ပျော်ပျော်ရွှင်ရွှင်
ကူးခတ်လို့နေတိုင်း ကိုယ် ဟာ ငါးလေးဖြစ်ချင် ရပြန်သေး... နွေရာသီကို
မုန်းပြီး အပူကြောက်တဲ့ မင်းအတွက် နှီးယပ်တောင် သန့်သန့်လေး အဖြစ်
မင်း အနား ရောက်နေချင်သူဟာလည်း ကိုယ်ပါပဲ... ခိုးခိုးပြီး တိတ် ~ တိတ် ~ လေး ~ ပေါ့..!!
G - girl, goose
ကိုယ့်ချစ်သူရေ... တခါတလေတော့ မင်းဟာလည်း ယောက်ျားတွေထဲက
တစ်ယောက် ပဲ ဆိုတော့ကွယ်.. ခပ်ကဲကဲ အလန်းမလေးတွေကို မြင်တိုင်း
ပြုံးစိစိကြီးနဲ့ လိုက်ရှိုး တတ်သေး ပါရောလား.. ကိုယ့်မှာသာ ဘေးနားက
ပွစိပွစိနဲ့ ဒေါသတွေ အလိပ်လိုက်ထွက်လို့ မျက်နှာကြီး ဆူပုတ်ပြီး
မျက်စောင်းတွေ လိုက်ထိုးရင်း မနာလိုစိတ်တွေနဲ့ ကိုယ်ဟာ မိုက် ~ မဲ ~ သူ ~..!!
H - hat, hut ကိုယ်ဟာ
ဦးထုပ်တွေကို သိပ်ကြိုက်သူပါ... ကိုယ့်မှာ အများကြီးရှိတဲ့
ဦးထုပ်တွေထဲက ခရီး တစ်ခု ရဲ့ အပြန်မှာ မင်းကလက်ဆောင်အဖြစ် ဝယ်လာပေးတဲ့
နှစ်ဖက်လှ ဦးထုပ်အဝိုင်းလးကို အမြတ်နိုးဆုံးပေါ့။ မင်းနဲ့ကိုယ်ဟာ
ပကာသနတွေကို မက်မောမှုမရှိတာ တထပ်တည်းနော်... ကိုယ်တို့တွေ သီချင်းလေးတွေ
ဆိုညည်းရင်း နှစ်ယောက်အတူတူ ရှိနေချိန်တိုင်း ချစ်စရာ တဲအိမ်ကလေး
တစ်လုံး ကလည်း ကိုယ်တို့အတွက် ရွှေအိုရောင် မဟာ နန်း ~ တော် ~ ကြီး ~..!!
I - iron, ink သံတွေ
သံမဏိတွေထက် ခိုင်မာလွန်းတဲ့ သံယောဇဉ် နှောင်ကြိုးတွေနဲ့
ရစ်ပတ်ပြီးမှတော့ ကိုယ်တို့ ဘဝလေး ထဲမှာ မုန်တိုင်းကြမ်းစေဦး
နွေးထွေးတဲ့ အပြန်အလှန် အားပေးမှုတွေနဲ့ ကျော်ဖြတ်နိုင် ကြမှာပဲ။
မင်း အချစ်တွေ နဲ့ ဒါမှမဟုတ် မင်းအချစ်တွေကြောင့် ကိုယ့်ဘဝမှာ
ဘယ်လိုမှင်စက်လေးမျိုးမှ စွန်းထင် မခံနိုင် ဖူးလို့ ခဏခဏပြောတတ် တဲ့
စကားလေးကြောင့် ကြိမ်ဖန်များစွာ ကျေနပ်မိရသူဟာ... ကိုယ်ပဲပေါ့ ချစ် ~ သူ ~ ရယ် ~..!!
J - jam, jacket
ချစ်သူရေ... မင်းရဲ့ နူးညံ့ကြင်နာတတ်တဲ့ ယုယမှုတွေဟာ ကိုယ့်အတွက်
အနွေးဓါတ် ရစေတဲ့ ဂျာကင် ပန်းနုရောင်လေး ဖြစ်သလို ချိုမြိန်လွန်းလို့
ကိုယ်သိပ်ကြိုက်တဲ့ စတော်ဘယ်ရီဂျဲ(မ်) လေး လည်း ဖြစ်တယ်..။
K - key, kite
ကိုယ်တို့ တိုးဝင် လျှောက်လှမ်းမဲ့ ဘဝရဲ့ ပိတ်ထားတဲ့
တံခါးအဆင့်ဆင့်တွေကို ဖွင့်နိုင်ဖို့ နှောင်ဖွဲ့ယူ ထား တဲ့
မေတ္တာခွန်အားသော့တွေ ရှိနေတာပဲ ဘာများလိုသေးလို့လဲလေ... ဟုတ်တယ်နော်
ချစ်သူ..!! မင်းနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းတွေနဲ့ ကမ္ဘာကြီးကိုပတ်လို့
လေတံခွန်လေးအဖြစ်နဲ့ လွင့်ချင်တယ်လို့ ကဗျာ ဆန်ဆန် ပြောတတ်သူ မင်းကို
ကြည်နူးစိတ်တွေနဲ့ စနောက်ချင်မိတတ်တဲ့ ကိုယ်ဟာ အဲ့ဒီအချိန် မှာတော့
အစနောက်သန် တဲ့ လူ ~ ဆိုး ~ မ ~ လေး ~..!!
L - leaf သစ်ရွက်လေးတွေ
ကြွေနေ တာကို ထိုင်ကြည့်ကြရင်း ကိုယ့်လက်ဖဝါးလေးကို တင်းနေအောင်
ဆုပ်ကိုင် လို့ သီချင်းလေးတစ်ပုဒ် ကောက်ဆိုပြတတ်တဲ့ မင်းဆံနွှယ် တွေကို
ဖွဆော့ရတိုင်း ရင်တွေ ခုန်ရတာ ကိုယ့် ~ မှာ ~ အ ~ မော ~..!!
M - mouse, monkey ကိုယ့်ချစ်သူအကြောင်း
ကိုယ်သာအသိဆုံးလို့ ပြောရင် ကိုယ့်ကိုလူတွေ ပြုံးစိစိ
ကြည့်ကြ ဦးမှာနော်... တကယ်ပဲ စကားလေးလုံးမကွဲအောင် ပြောဆို
နေတတ်ထိုင်တတ်တဲ့ မင်းဟာ စိတ်ကူးပေါက် ရင် မျောက်လေးတစ်ကောင်လို
ဆော့လွန်းတာ တခြားလူတွေ သိမယ်မထင်ဖူး.. ကြွက်ပေါက်စလေးတွေ လို
တကျွိကျွိနဲ့ ဂျီကျတတ်သူဟာလည်း မင်းပဲလို့ ကိုယ်ပြောတိုင်း မင်း ရယ်တတ်တာ ဟက် ~ ဟက် ~ ပက် ~ ပက် ~..!!
N – nail, nest
ကိုယ်ညှပ်ပေးတာခံချင်လို့ ကိုယ်သတိထားမိအောင်အထိ လက်သည်းတွေကို
မေ့ချင်ယောင်ဆောင်ပြီး အရှည်ထားတာလို့လည်း မပွင့်တပွင့်နဲ့ ချွဲတတ် တဲ့
ကိုယ့်ချစ်သူဟာ ကိုကိုချွဲလေးပေါ့..။ ချစ်လို့ ချွဲတာပဲဆိုတဲ့
အတွေးလေးနဲ့ ကိုယ့်ကျေနပ်စိတ်တွေက စုပုံထပ်လာလိုက်တာ အသိုက်အအုံလေး
တစ်ခုလိုတောင် ဖြစ် ~ နေ ~ ခဲ့ ~ ပေါ့ ~..!!
O - orange, onion မင်းနွှာပေးတတ်တဲ့
လိမ္မော်သီးလေးတွေကို အမျှင်လေးတွေ မခွာဖို့ ကိုယ်ပြောတာလည်း
အကြိမ်ကြိမ်... ကိုယ်က လိမ္မော်သီး အမျှင်လေးတွေရဲ့ ခါးသက်သက်လေးကို
ကြိုက်တာ ဆိုတော့ “ဟာ... ကွာ” တဲ့...။ ဒီလိုပါပဲ ကြက်သွန်နီစိမ်းကိုစိပ်ပြီး
ရေမဆေးပါပဲ ငါးပိရည်နဲ့ တို့စားတတ် တဲ့ မင်းကို ကိုယ်ကနှာခေါင်း
ရှုံ့ပြန်တော့ “အမယ်... အဲ့ဒီမွှန်တက် သွားတာလေးကိုက မိုက်တာဗျ” ဆိုပဲ..။
P - pin,pencil
ကိုယ့်အနားမှာ တွယ်ချိပ်လေးတစ်ခုလို ကပ်ကာလိုက်ပါဖို့
ရမယ်ရှာရှာနေတတ်သူဟာ ကိုယ် ချစ်တဲ့ မင်းပါပဲ... ကိုယ်စာရေးချိန်မှာ
သုံးတတ်တဲ့ ခဲတံလေးလည်း ဖြစ်ချင်ပြန်သေးသတဲ့လေ... ကို ~ ပို ~ လေး ~..!!
Q - queen
“မင်းသာဘုရင်ကြီး တစ်ပါးဆိုခဲ့ရင် ကိုယ်ဟာ မင်းကို အလိုက်သိနားလည်
ဖေးမစာနာ ကူညီပေးနိုင်မဲ့ ဘုရင်မလောက်တော့ ဖြစ်ချင်တာပေါ့ကွာ..” လို့
ကိုယ်က ခပ်တည်တည်နဲ့ ပြောတော့ တဟားဟား သြော်ရယ်ရင်း.. “အမယ် မ.. သာ
ဘုရင်မကြီးလုပ်ပြီး မောင့် ကို သနားစိတ်လေးနဲ့ မ.. ဘေးမှာ
တသက်လုံးနေ လို့ ရနိုင်မယ့် နေရာလေးတစ်ခုသာ အပ်နှံစမ်းပါနော်..” တဲ့။
ကဲ... ဘယ်လောက်များ လူလည်ကျတတ်တဲ့ ကိုယ့်ချစ်သူလည်းနော်..!!
R - rabbit
ယုန်ဖြူဖြူလေး တစ်ကောင်လောက် ကိုယ်ချစ်လို့ အလှမွေးဖို့ ဝယ်ပေးပါ
ပူဆာထားတာကို သက်သက်မဲ့ မေ့ချင်ယောင်ဆောင် နေသူဟာ မင်းပဲ မဟုတ်လား..!!
မသိရင်ခက်မယ် သူ့ကို ဂရုစိုက်လျော့မှာ စိုးတဲ့ လော ဘ ကြီး သူ လေး..။
S – shirt
အဖြူရောင် ရှပ်အင်္ကျီ ပါးလျလျလေးတွေကို နှစ်သက်ခုံမင်စွာ ဝတ်တတ်တဲ့
မင်းလို ကောင်လေးတွေ မြင်တိုင်း မင်းများလားလို့
ကိုယ်ကြည့်မိတယ်ပြောတော့ ကိုယ့်ကို စူပုတ်ပုတ်ကြည့်ပြီး “ဟွန်းးး
ရှပ်အင်္ကျီ ကယ်ပေလို့ပေါ့ကွာ...” တဲ့
T - table, tree ကိုယ်နဲ့မင်း
ထမင်းလက်ဆုံစားရင်း ထမင်းစားပွဲမှာ ငြင်းခုန်ကြတာ မှတ်မိသေးရဲ့..
ကိုယ်တို့ အသက်တွေကြီးလာရင် ခုလုပ်နေတဲ့ အလုပ်မျိုးတွေ မလုပ်ပဲ
အပင်စိုက်စားမယ်ပြောရင်း ကိုယ်က နှင်းဆီခြံစိုက်ချင်သူ... မင်းကတော့
သစ်ခွမျိုးစုံ ပျိုးချင်သူပေါ့.. အဲ့လိုနဲ့ အရည်မရ အဖတ်မရ ငြင်းခုန် ရင်း
ကိုယ်စိတ်ကောက်လိုက်တာ နှစ် ရက် ခွဲ တိ တိ...။
U - umbrella
မိန်းကလေး ဖြစ်ပြီး နေပူပူ မိုးရွာရွာ ထီးသယ်ဖို့ ပျင်းလွန်းတဲ့
ကိုယ့် ပေတေမှုကို ပြင်ဖို့ ချော့မော့ပြောရတာ “မောင်... စိတ်ညစ်တယ်ကွာ.”
လို့ မင်းပြောတုန်းက ကိုယ်နည်းနည်းတော့ လန့်သွား မိတာ အမှန်ပဲ.. အဲ့ဒီ
စိတ်လေးကလည်း ခဏပါ.. နောက်တော့ ကိုယ့်ရဲ့ မဟာထုံးစံအတိုင်း ဒုံရင်းက
ဒုံရင်း င ~ ပေ ~ မ ~ ပေါ့...!!
V - violin
ဂွတီးဂွကျ ဘုဆတ်ဆတ်ပြောတတ်တဲ့ ကိုယ့်ကို အသနားခံတဲ့ အကြည့်လေးနဲ့
“ဟိုး အရင်က လို တယောသံလေးနဲ့ ချွဲချွဲနွဲ့နွဲ့ တီတီတာတာလေးတွေ
ပြောစမ်းပါကွာ...” လို့ မင်းပြောလာတိုင်း ကိုယ်တွေးမိပါတယ်.. တခါတလေတော့
ချွဲ ~ နွဲ့ ~ ဦး ~ မှ ~ ပါ ~ လို့လေ..။ :P
W – water
အာသီး ခဏခဏယောင်တတ်တဲ့ ကိုယ်ဟာ ရေခဲတွေနဲ့ အေးစက်စက်ရေက လုံးဝကို
မတည့် တာပါ.. မတည့်မှန်းသိလည်း လက်အစုံက လှမ်းမိတာ အေးစက်နေတဲ့
ရေခဲရေခွက်ဆီကိုပေါ့.. သူ့မှာ လည်း ကိုယ်ရေဆာတယ် ပြောတိုင်း ရိုးရိုးရေ..
ရိုးရိုးရေ.. ရိုးရိုးရေနော်လို့ သတိပေးပေး နေတတ်တော့
ကိုယ့်နံမည်ကိုတောင် ရိုးရိုးရေ လို့ ပြောင်းမလား စိတ်ကူးမိသေး.. :)
X - xylophone
သူငယ်တန်းဖတ်စာအုပ်ကို ခိုးပြီးကိုးကားရေးလာခဲ့တာ ချစ်သူနဲ့
ကိုယ့်အကြောင်းပေါ့..။ A to W အထိပြီးနေပြီ.. အဲ... X... X...
ရောက်လာခဲ့ပြီ.. ပတ္တလားတဲ့.. ခေါင်းတွေပူသွားတယ် ပတ္တလားနဲ့ အချစ် ကို
ဘယ်လိုများ ဆက်စပ်ယူရမှာပါလိမ့်..!! ဟိုဟိုဒီဒီ ယောင်ပေပေ
ဝေ့ဝဲကြည့်လိုက်တယ်ဆိုမှ တန်းတိုး တာ ချစ်သူ့မျက်လုံးတွေ..။
ကိုယ့်အာရုံနဲ့ ကိုယ် W အထိတောက်လျှောက် ရေးလာခဲ့တော့ ကိုယ့်နောက် ကို
မင်းက ဘယ်အချိန်ကတည်းက ရောက်ပြီး ကိုယ်ရေးသမျှကို ဖတ်လာခဲ့တယ်မသိ..
ခပ်ရှက်ရှက်ဖြစ် သွားတဲ့ စိတ်လေးနဲ့ သူ့မျက်နှာကို သေချာကြည့်မိမှ
ပြုံးရင်း ကိုယ့်ကို မေးတစ်ချက် ဆပ်ပြတယ်.. ကဲ... လုပ်ပါဦး
ဘယ်လိုရေးမလဲ ပတ္တလားနဲ့ အချစ်ဆိုတဲ့ ဒီဇိုင်းနဲ့ပေါ့..
ကိုယ်ခေါင်းကုတ်ရင်း အဆီ မဆိုင် ဟီးးး လို့ ရယ်ပြလိုက်မိတယ် သြော်...
သူငယ်တန်း အင်္ဂလိပ်စာရယ်.. ပတ္တလားရယ်.. ကိုယ်ရယ်.. မင်းရယ်..
အချစ်အကြောင်းရယ်..... :P
Y - yoke
ကိုယ်တို့ရဲ့ အချစ်တွေကို ဟိုး ဘဝ အဆုံးထိ ခိုင်မာသထက် ခိုင်မာအောင်
ယူဆောင်သွားဖို့ အပေးအယူတွေ နားလည်မှုတွေနဲ့ ဖလှယ်စရာတွေ အများကြီးပဲ
မဟုတ်လားကွယ်... ကိုယ်တို့ ဘဝဟာ ထမ်းပိုးလေး တစ်ခု ဆိုခဲ့ရင်...
ထမ်းပိုးလေး တစ်ဖက်တစ်ခြမ်းမှာ ကိုယ်တို့ရဲ့ ချစ်ခြင်းတွေကို ထုပ်ပိုး
ထားတဲ့ အထုပ်ကလေးနှစ်ထုပ် ရှိနေမှာပေါ့..။ မင်းဖက်က ထမ်းပိုးအစွန်းမှာ
ချည်ထားတဲ့ အထုပ်လေး ထဲကို နားလည်မှုတွေ ထည့်ပေးသလို ကိုယ်ကလည်း
စာနာညှာတာမှုတွေကို ကိုယ့်အထုပ်လေးထဲကို ဖြည့်ပေး ရမှာပေါ့.. မင်းရဲ့
အကြင်နာတွေ နူးညံ့မှုတွေကို ကိုယ်ရရှိချိန်မှာ ခေါင်းမာစွာ ဆိုးတတ်တဲ့
ကိုယ့် အကျင့်တွေ ကို ဖျောက်ပေးရမှာပေါ့..။ ကိုယ်တို့ အချစ်တွေ ဘက်ညီမှ
ဖြစ်မှာလေ..။ ဒါမှသာ ကိုယ်တို့ရဲ့ ဘဝ ထမ်းပိုးလေး ညီညာစွာ ပခုံးထက်မှာ
ရှိနေမှာပေါ့နော်...
Z - Zoo
မနှစ်က နွေရာသီဦး ချယ်ရီပန်းကြည့်ပွဲလေးကို ကိုယ်မှတ်မိနေတယ်..
ကိုယ်တို့သွားခဲ့တဲ့ ပန်းခြံနဲ့ တွဲရက် က နံမည်ကြီး
တိရစ္ဆာန်ရုံကြီးပေါ့..။ ကိုယ့်ညာဖက် လက်လေးကို တင်းနေအောင် ဆုပ်ထား တဲ့
မင်း ဘယ်လက်မောင်း မှာ ပါးလေးကပ်ရင်း အကောင်တွေကို ငေးမောခဲ့ကြတာလေနော်..
တကယ်တမ်း သွားတာ က ချယ်ရီကြည့်ပွဲ... အချိန်တွေကုန်ခဲ့တာက
တိရစ္ဆာန်ပေါင်းစုံ ကြည့်ရင်းပေါ့.. ငှက်လေးတွေတောင် ကိုယ်တို့ကို
ကွက်ကြည့် ကွက်ကြည့်နဲ့ အတင်းတုပ်နေပုံရတယ်.. တကျိကျိနဲ့ ဆူလို့
ညံလို့... လှောင်အိမ်ထဲမှာလို့ ပြောလို့မရအောင်တောင် သူတို့
လှောင်အိမ်ကြီးက တမျှော်တခေါ် ကြီးမား ကျယ်ပြန့် လိုက်တာ...
တောအုပ်ကြီးတစ်ခုလိုပဲ..။ “တိရစ္ဆာန်ဘဝနဲ့ ငှက်လေးတွေ ဖြစ်ခဲ့ရင်တောင်
မခွဲချင်ဖူး မောင် ရယ်.. အတူတူနော်..” လို့ ကိုယ်က ခပ်ချွဲချွဲလေး
ပြောလိုက်တော့ ကမ္ဘာမှာ အကြင်နာဆုံး လူသား တစ်ယောက်ရဲ့ အပြုံးမျိုးနဲ့
ကိုယ့်နဖူးလေးကို ဖွဖွလေး ငုံ့ပြီးအနမ်းမှာ မင်းနှုတ်ခမ်းလေးရဲ့
မပြောင်းလဲ တဲ့ နွေးထွေးမှုတွေက ကိုယ့်ကို ကလေးလေး တစ်ယောက်လို ရှက် ~ ကိုး ~ ရှက် ~ ကန်း ~
ဤတွင် သူငယ်တန်းဖတ်စာ A to... Z သင်၍ ပြီး၏..။။ အ ဟက်... :)
(ခင်လေးငယ်)
မြန်မာသူငယ်တန်း အင်္ဂလိပ်စာ ပြဌာန်းစာအုပ် ထဲမှာပါတဲ့ စကားလုံးလေး တွေကိုယူပြီး လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ပေါ့ပေါ့ပါးပါးလေး ရေးခဲ့ဖူးတဲ့ မ ~ (မနော်ဟရီ) ရဲ့ English Alphabet Tag Post လေး ပြန်ယူ လာတာပါ..။ အားလုံး ပျော်ပျော်ပါးပါးနဲ့ စာပြန်နွှေး ကြတာပေါ့..။ နော့.... :P
No comments:
Post a Comment