Saturday, April 28, 2012

~ သမီးလေးအတွက် ပုံပြင် ~ (၁)




မေမေ့ သမီးလေးရေ.... ဒီည သမီး ကို မေမေ ပုံပြင်လေး တစ်ပုဒ် ပြောပြ မယ်နော်..။  
တစ်ခါတုန်းကပေါ့ ရွာအကြီးကြီးတစ်ရွာ ရှိတယ်တဲ့ သမီးလေးရဲ့။
ရွာကြီး ရဲ့ ဘေးမှာ အင်မတန် မြင့်မားလွန်းတဲ့ တောင်အကြီးကြီး တစ်တောင်လည်း ရှိနေ တာပေါ့ကွယ်..။ အဲ့ဒီရွာကြီးမှာ နေထိုင်ကြတဲ့ ရွာသားတွေဟာ အင်မတန် မြင့်မားလွန်းတဲ့ တောင်ကြီး အကြောင်း ကို အထူး တဆန်း ပြောကြလေ့ ရှိတယ်တယ်..။
အဲ့ဒီတောင်ကြီးပေါ် ကို တက်ဖို့ ခရီးထွက်သွားကြတဲ့ လူတိုင်းဟာ ဘယ်သော အခါမှ ပြန် လာလေ့ မရှိကြ ဘူး..။ အဲ့သလို တောင်ကြီးဆီကို ထွက်ခွာသွားကြတဲ့ လူတွေကိုလည်း ကျန်နေ ခဲ့ တဲ့ ရွာသားတွေဟာ စုတ်တစ်သပ်သပ်နဲ့ ခေါင်းခါရင်း ကဲ့ရဲ့ကြ သနားကြတယ်။ ရွာသား အနည်းငယ်လေး ကသာ ချီးမွမ်းထောပနာပြုကြလေ့ ရှိသတဲ့ကွယ်.။
တောင်ကြီး ဆီ ကို ခရီးထွက်ခွာသွားသူတွေကို ရွာသား တချို့က ပြောတယ်..
“အရူးတွေ ပဲ.. ဘယ်တော့မှ ပြန်မလာနိုင်တဲ့ နေရာကိုမှ သွားချင်တာ ဒါဟာ ရူးသွပ်ခြင်း မျှသာ” လို့ ပြောရင်း ရယ်မော ကဲ့ရဲ့ ကြတယ်။
ရွာသား အနည်းစုလေးကတော့... 
“သူတော်ကောင်းတွေသာ သွားကြတာ.. ခရီးလမ်းချောမွေ့ပါစေ အောင်မြင်စွာ ပြန်လာနိုင် ပါစေ” လို့ ခရီးထွက်ခွာ သူတွေကို နှုတ်ဆက်သူတွေလည်း ရှိတာပေါ့လေ..။
အဲ့ဒီလို ဝေဖန်သံတွေ အမျိုးမျိုး အကြားမှာ နေထိုင်ကြီးပြင်းလာရင်း အသက်ကြီးလာပြီး ဆံဖြူ သွားကျိုး ချိနဲ့ လာနေတဲ့ ဖိုးဖိုးတစ်ယောက် ရှိနေလေသတဲ့..။ 
တစ်နေ့တော့ ဖိုးဖိုး ဟာ ရွာသားတွေကို ကြေငြာလိုက်တယ်..
“ငါ ဒီတောင်ကို တက်တော့မယ်”
အံအားသင့်သွားတဲ့ ရွာသားတွေဟာ ထုံးစံအတိုင်း ဖိုးဖိုးကို ပျက်ရယ် ပြုကြပြန်သတဲ့..။
“ဒီ အဖိုးကြီး ကမှ အရူးစစ်စစ်.. သူ့ကိုယ်သူတောင် အနိုင်နိုင်နဲ့ ဒီတောင်ပေါ်ကို သွားဦးမတဲ့”
ဒီလိုနဲ့ မကြာခင် အချိန်လေးမှာပဲ ဖိုးဖိုးဟာ တောင်ကြီးပေါ်ကိုတက်ဖို့ ခရီးစထွက်သွားခဲ့တယ် သမီး..။
တောင်ပေါ် ကို ခြေစလှမ်းခဲ့တဲ့ ဖိုးဖိုးဟာ ရွာသားတွေကို မြင်နေရဆဲ.. ဒါပေမဲ့ ရွာသားတွေ ကတော့ ဖိုးဖိုးကို မမြင်နိုင်တော့ဘူးတဲ့..။ ဖိုးဖိုးတက်နေတဲ့ တောင်ကြီးဟာ တက်လေ မြင့်လေ .. ထပ်တက်လေ ထပ်မြင့်လေနဲ့ လမ်းမဆုံးနိုင်အောင်ပဲ ပေါ့ကွယ်..။ ရွာသားတွေရဲ့ ကဲ့ရဲ့ လှောင်ပြောင်သံတွေ ကို ဖိုးဖိုးက ကြားနေရဆဲ..။ ကြားနေယုံတင် မကပါဘူး  ဖိုးဖိုးကိုယ်တိုင် ရွာသားတွေ ထဲမှာ အဲ့ဒီရွာကြီးထဲမှာ ရှိနေတာ သမီးလေး.. ရဲ့။
ရွာသားတွေ ကို ဖိုးဖိုးက တွေ့နေရတယ်.. ရွာသားတွေကသာ ဖိုးဖိုးရှိနေမှန်း သိနိုင်ဖို့ သူတို့တွေ မတတ်နိုင်ကြတာ..။ ဒီလိုနဲ့ နေ့ရက်တွေ ကြာလာလေလေ.. ဖိုးဖိုးဟာ ရွာသားတွေ အကြောင်း ကို အရင်ကထက် ပိုပြီး အတွင်းကျကျ နီးနီးကပ်ကပ် သိလာလေပဲ တဲ့..။
ဖိုးဖိုးက ပြောတယ်..
“ငါ ရှိနေတယ်.. ငါပြန်လာနိုင်နေတယ်.. တကယ်တော့ တောင်ကြီးဆီကို သွားသူတွေ ပြန်လမ်း မရှိဘူး ဆိုတာ မဟုတ်ဘူး  မှားတယ်ကွဲ့ အခု ငါဟာ မင်းတို့နဲ့ အတူတူ ရှိနေတယ်လေ”
ဖိုးဖိုးက ဘယ်လို ပြောပြော ဖိုးဖိုးအသံကို ရွာသားတွေဟာ မကြားနိုင်ကြသလို သူတို့ရဲ့ နံဘေး မှာ ဖိုးဖိုးရှိနေမှန်းလည်း မသိကြပါဘူး..။ နေ့ရက်တွေ ထပ်မံ ကြာမြင့်လာလေ.. ဖိုးဖိုး ဟာ ရွာသားတွေနဲ့ ပိုပြီး နီးကပ်လာလေပဲ သမီး...။
မေမေ့ သမီးလေးရေ ~
တကယ်တမ်းတော့ ဖိုးဖိုးဟာ အချိန်တွေ ကြာမြင့်လာတာနဲ့ အမျှ ရွာသားတွေရဲ့ နှလုံးသားကို ပိုပို မြင်လာ ရတာပဲဖြစ်တယ်.. ရွာသားတိုင်းရဲ့စိတ်နှလုံးသား အထဲမှာ အနီးကပ်ဆုံးအထိ ဖိုးဖိုး ရောက်နေတာ.. ရောက်သွားတာ.. ဖိုးဖိုးတက်နေတဲ့ တောင်ကြီးဟာ မဆုံးနိုင်အောင် ပိုမြင့် လာလေလေ ဖိုးဖိုးဟာ ရွာသားတွေရဲ့ နှလုံးသား အတွင်းထဲထိ ပိုရောက်သွားလေ.. သူတို့ စိတ်နှလုံး ထဲမှာ ရှိနေတဲ့ သူတို့ သန္တာန် စစ်စစ်ကို ဖိုးဖိုးဟာ ပို သိမြင်လာလေပဲ သမီး..။
 ပုံပြင်လေး ကတော့ ဒါပါပဲကွယ်..။။

ခုချိန်မှာ မေမေ့သမီးလေး ဒီပုံပြင်ကို သေချာနားလည် ချင်မှ နားလည်မှာပေါ့..။ သမီးလေး ဆက်တွေးနေဖို့ မလိုအပ် လှသေး ဘူးနော်.. ဒါပေမဲ့ သမီး.. ဒီပုံပြင်လေးကို သေချာမှတ်ထားလိုက်ပါကွယ်.. သမီးလေး တစ်ချိန်ချိန် မှာ နားလည် လာမယ် ဆိုတာ မေမေ ယုံကြည် တာ မဟုတ်ဘူး အတိအကျ အပြည့်အဝ မေမေ သိထား တာပါပဲ သမီး...။

ကဲ ~~~
မေမေ့ သမီးနဖူးလေးကို အိပ်ရာဝင် အနမ်းလေး ပေးချိန်ရောက်လာပြီ.. သမီးလေး မျက်လုံးလေးတွေ မှိတ်လိုက် ပါတော့...  မေမေတို့တွေ အကြည်စင်ဆုံး အိပ်ရာဝင်ကြရအောင်..။ သမီးလေး ကို မေမေ သိပ်ချစ် ပါတယ်။

                               (ခင်လေးငယ်)

No comments: