Saturday, April 28, 2012

~ သမီးလေးအတွက် ပုံပြင် ~ (၂ )


ဒီည မေမေ့ သမီးလေးအတွက် အိပ်ရာဝင် ပုံပြင်လေးတစ်ပုဒ် ရွေးထားတယ်..!!    မေမေ့သမီးလေး ပေါ့ပေါ့ပါးပါးလေး နားထောင်ဖို့ အဆင်သင့်ပြင်တော့နော်..  

တစ်ခါတုန်းက စမ်းချောင်းလေး တစ်ချောင်းရှိတယ်..  စမ်းချောင်းလေးကို ဟိုး တောင် အမြင့်ကြီး တစ်တောင်ပေါ်မှာ မွေးဖွားခဲ့တာပေါ့..။ စမ်းချောင်းလေးရဲ့ မွေးရပ်မြေ.. သူ့ဇာတိဖြစ်တဲ့ တောင်အကြီးကြီးဟာ သိပ်လှတာပဲသမီး.. သစ်ပင်ကြီးတွေကလည်း စိမ်းစို၊ ငှက်ကလေးတွေ ရဲ့ အသံလေးတွေကလည်း ပိကျိ ပိကျိ နဲ့ ချိုလွင် သာယာလို့ပေါ့..။



စမ်းချောင်းလေးကိုယ်တိုင်ရဲ့ ရေလေးတွေကလည်း ကြည်စင်လွန်းနေလို့  ကျောက် စရစ်ခဲလေးတွေ ငါးလေးတွေကိုပါ  အတိုင်းသား မြင်နေရတယ်..။ သစ်ရွက်လေးတွေ ပန်းပွင့် လှလှလေးတွေကလည်း စမ်းချောင်းရေပြင်ပေါ်မှာ  ပျော်ရွှင်ကြည်နူးစွာ မျောလွင့်လို့...။

စမ်းချောင်းလေးဟာ တစ်နေရာကနေ တစ်နေရာကို စီးဆင်းဖို့ ခရီးတွေ အထပ်ထပ် ထွက်ခဲ့တာပေါ့..။ ဆက်ပြီးတော့ စီးဆင်းရမှာ စမ်းချောင်းလေးရဲ့ တာဝန်ကိုး သမီးလေးရဲ့.. ဒီလိုနဲ့ စီးဆင်းရင်းနဲ့ပဲ စမ်းချောင်းလေးဟာ တဖြည်းဖြည်း လူလားမြောက်ကြီးပြင်း လာတာပေါ့ကွယ်...။ စမ်းချောင်းလေးဟာ ဟိုးအရင်လို သူ့ရေလေးတွေကလည်း မကြည်စင်တော့ဘူး.. တောတောင်အသစ်တွေကို အလီလီ ဖြတ်ကျော်နေရှာတယ်။

စမ်းချောင်းလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှိုက်တွေ ဒိုက်တွေလည်း ရှိလာတယ်.. နှုံးမြေပြင်တွေ ကို ဖြတ်ကျော်လာတဲ့ အခါမှာ သူ့ရေလေးတွေဟာ ဝါကျဉ်ကျဉ် နီဆွေးဆွေး ညစ်နွမ်းလို့ပေါ့..။ ဘယ်လိုတွေ ညစ်နွမ်းသွားသွား ချောင်းလေးကတော့ သူ့ဦးတည်ရာကို ဆက်ပြီး စီးဆင်းနေ ဆဲပဲ သမီးလေး..။ သူ့ရဲ့ ဦးတည်ရာဟာ ပင်လယ်ပြာပြာကြီး ဆီကိုပဲပေါ့..။ စမ်းချောင်းလေး ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပင်လယ်ကြီးထဲအထိ ရောက်အောင် စီးဆင်းဖို့ကိုသာ သူ သိခဲ့တာပေါ့..။

နှစ်တွေ အလီလီကြာမြင့်လာခဲ့သလို.. စမ်းချောင်းလေးမှာလည်း အတွေ့အကြုံတွေ အများကြီး ရှိလာပြီ.. ခံနိုင်ရည် ခွန်အားတွေလည်း ပိုပိုရှိလာတယ်..။ သူ့ရေလေးတွေ ဘယ်လို အရောင် ဖြစ်နေပါစေ သူဟာ ဆက်ပြီးစီးဆင်းနေဆဲ..။ စမ်းချောင်းလေးကနေ မြစ်ကြီးဖြစ် လာတယ်.. ဒါပေမဲ့ သူကိုယ်တိုင်ရဲ့ စိတ်အစဉ်မှာတော့ သူဟာ စမ်းချောင်းလေး အဖြစ်နဲ့ ရှင်သန်နေ တာပေါ့ကွယ်..။

ဒီလိုနဲ့ တစ်ရက် မှာ စမ်းချောင်းလေး ထင်မှတ်မထားတဲ့ အရာတစ်ခုကို သူတွေ့မြင်လိုက် ရတယ် တဲ့ သမီး.. စမ်းချောင်းလေးဟာ သိပ်ကို တုန်လှုပ်သွားခဲ့တာပေါ့.. ဘာလို့လည်း ဆိုရင် သူဟာ မဆုံးနိုင်အောင် ကျယ်ဝန်းလှတဲ့ သဲကန္တာရ အကြီးကြီး တစ်ခုကို ဘွားကနဲ တွေ့လိုက် ရလို့ပဲ.. သူ သိပ်ကြောက်လန့်သွားခဲ့တယ်.. စမ်းချောင်းလေး မျက်လုံးတွေ မှာလည်း မျက်ရည်တွေနဲ့.. စမ်းချောင်းလေးရဲ့ တိုးတိုးလေး ငိုနေသံကို လေပြေလေးက ကြားတော့ စမ်းချောင်းလေးအနားကို တိုးသွားခဲ့တယ်..။

အဲ့ဒီမှာပဲ လေပြေလေးနဲ့ စမ်းချောင်းကလေး အပြန်အလှန် စကားတွေ ပြောကြတာပေါ့။

“မင်း.. ဘာလို့ ငိုနေတာလဲ..!! ငါဟာ မင်းအခု ငေးမျှော်ကြည့်နေတဲ့ သဲကန္တာရကြီးကို ဖြတ်တိုက်လာတဲ့ လေပြေပဲ”


“ကျွန်မ သွားချင်တာ ပင်လယ်ကြီးဆီကိုပါ.. အခုတော့ ဒီသဲကန္တရကြီးထံမှာ ကျွန်မ အဆုံးသတ်ရတော့မယ်.. ကျွန်မ ဆက်စီးခွင့်မရှိတော့ဘူး.. သေဆုံးရတော့မှာ  

လို့  ငိုရှိုက်သံလေးနဲ့  တိုးတိုးလေးပြန်ပြောတယ်..

“ဒါဟာ ကြေကွဲစရာမှ မဟုတ်တာ.. ဒါဟာ ရှောင်လွဲမရတဲ့ အရာတစ်ခုသာပါ..”

“အို..... ကျွန်မဟာ စမ်းချောင်းတစ်ခု အဖြစ် ဘယ်တော့မှ မနေရတော့ဘူးဘဲနော် ဒီနေ့ဟာ ကျွန်မရဲ့ နောက်ဆုံးနေ့”

“မင်းဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာထက် ငြင်းပယ်မရတဲ့ အမှန်တရားကိုသာ မင်း သိနေ ရမယ်.. မင်းဘဝမှာ သင်ကြားလာခဲ့တဲ့ အတွေ့ကြုံတွေလည်း များခဲ့ပြီပဲ.. အခု ဒီအချိန် မှာ သိနေရမဲ့ အသိ.. အဲ့ဒီအသိလေးနဲ့ သဘာဝတရားအတိုင်း သဲပြင်ကြီးထဲမှာ အကြည်လင် ဆုံး စိတ်ကလေးနဲ့  မြှုပ်နှံနိုင်လိုက်ပါတော့..”

လေပြေလေးရဲ့ စကားတွေကို နားထောင်ပြီး စမ်းချောင်းလေးဟာ မျက်ရည်တွေကို သုတ်လိုက် တယ်..။

“ဟုတ်တယ်.. တစ်ကြိမ်တစ်ခါ စမ်းချောင်း ဆိုတဲ့ ဘဝလေးကို ကျွန်မ ရရှိပြီးပြီ.. ပျော့ပြောင်း စွာ~ နူးညံ့စွာ~ ရဲဝံ့စွာ~ သတ္တိရှိစွာ~ လည်း စီးဆင်းခဲ့ဖူးပြီ.. ကျွန်မရဲ့ တာဝန် ဝတ္တရားတွေ ကိုလည်း ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပြီးပြီ.. ကျွန်မ ကျေနပ်ပါပြီ.. ရှောင်လွှဲမရတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း ကိုလည်း ကျွန်မ ကောင်းကောင်းနားလည်ပြီ.. ဒီအသိလေးကြာင့်လည်း ကျွန်မ စိတ်ဝိညာဉ်တွေ ဟာ အခု ဒီခဏလေးမှာပဲ ပေါ့ပါးလွတ်လပ်သွားပြီ.. ဒါဟာ ပူလောင်သောကတွေ နဲ့ ငိုကျွေးစရာမှ မဟုတ်ပဲနော်.. လေပြေလေးရေ.. ကျွန်မ နှုတ်ဆက် ခဲ့ပါတယ်..”

လို့ စမ်းချောင်းလေးက လေပြေလေးကို နှုတ်ဆက်ပြီး ညင်ညင်သာသာလေးပဲ သဲကန္တာရကြီးဆီကို စီးဆင်းသွားတော့တယ်.. တဲ့ သမီးလေးရဲ့..။ 

မေမေ ဒီည ပြောပြတဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်..


ကဲ... မေမေ့ သမီးလေးရေ..~~~

သမီး နဖူးလေး ကို အိပ်ရာဝင် အနမ်းလေး ပေးချိန်ရောက်လာပြီ.. သမီးလေး မျက်လုံးလေးတွေ မှိတ်လိုက် ပါတော့...  မေမေတို့တွေ အကြည်စင်ဆုံး အိပ်ရာဝင်ကြရအောင်..။ သမီးလေးကို မေမေ သိပ်ချစ်ပါတယ်။


                                                             (ခင်လေးငယ်)



No comments: