Sunday, May 15, 2016

■■ နောက်ထပ်~~ (ဒါမှမဟုတ်)




ဖွင့်ထားမိဆဲ Computer က Browser တစ်ခုမှာ MNTV Livestream ရုပ်ရှင်တစ်ခုပြနေတယ်။ တစ်ခန်း နှစ်ခန်း လှမ်းကြည့်လိုက်ရင်း မီးရမုဒ်ကို စမ်းယူပြီး အမှိန်ဆုံး အနေအထား ပြောင်းတယ်။ စီးကရက် တစ်လိပ်ကို မီးညှိတယ်။ သောက်နေကျ Kent ဟာ ကိုယ့်နှုတ်ခမ်းဖြားကို ရောက်မလာခဲ့ဘူး။ ဖန်ပြာခွက် ဘေးသားပေါ်က အတွန့်လေးကြားထဲ ဖွဖွတင်လိုက်တယ်။ 

ဘာလို့မှန်း ကိုယ် တကယ်မသိဘူး။ သေချာတာတော့ အခန်းမီး ဖျော့ဖျော့အောက် တစ်လိပ်လုံး ကုန်သွားတဲ့အထိ တစ်ငွေ့ငွေ့နဲ့  ကွေ့ဝိုက်တက်သွားတဲ့ သူ့မီးခိုးငွေ့တွေကို ငေးကြည့်နေခဲ့မိတာပဲ။ မီးညှိပြီး မသောက်ပဲ တင်ထားတဲ့ စီးကရက်တစ်လိပ်ရဲ့ လောင်ကျွမ်းမှု သက်တမ်းက ဘယ်နှစ်မိနစ် ကြာခဲ့လဲ။ ဒါလည်း အတိအကျ ကိုယ်မသိဘူး။ 

ခပ်ဟဟ ဖွင့်ထားတဲ့ မှန်ပြတင်းအပြင်က သက်တောင့်သက်သာ ရှိစေတဲ့ လေအေးတချို့ ဝင်လာတာ သိနေတယ်။ ပန်းချီ ဆေးဗူးတွေဆီက အနံ့သဲ့သဲ့ လွင့်လာတယ်။ လမ်းမကျယ်က လီဗာ ပြင်းပြင်းနင်းပြီး မောင်းသွားတဲ့ ကားသံတချို့ကိုလည်း တစ်ချက်တစ်ချက် သယ်လာသေးတယ်။ ဟိုမှာဘက်ဆီမယ် "ပိတောက်တွေ ဖူးငုံချိန် ရောက်လုရောပေါ့.."။ 

အလင်းမှိန်ပြပြဆိုပေမယ့် မီးခြစ်ရှိရာနေရာကို မကြည့်ပဲ သိနေပြန်တယ်။ မီးခြစ်ဆီ လှမ်းမိတဲ့ လက်ကို ပြန်ရုတ်တယ်။ ဘာလုပ်မှာလဲကွယ်..!! တပ်ထားတဲ့ မျက်မှန်ကို အသာအယာချွတ်ရင်း မှိတ်ချလိုက်တဲ့ မျက်လုံးတွေဟာ မြင်ရတုန်းပဲ။ 

ဘဝပေါင်း များစွာက လှုပ်လီလှုပ်လဲ့ပဲ။ ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့တယ်။ ချုံးပွဲချ ငိုကျွေးနေခဲ့တယ်။ ဆာလောင်နေခဲ့တယ်။ ပြည့်လျှံနေခဲ့တယ်။ ပူလောင်နေခဲ့တယ်။ အမိန့်တွေ လွန်ဆန်နေခဲ့တယ်။ ခမ်းနား နေခဲ့တယ်။ တိုးလျှိုး ငြီးတွား နေခဲ့တယ်။ ရေပေါက်လေး တစ်ပေါက်ကိုပဲ လူးလှိမ့် တောင့်တ နေခဲ့တယ်။ မျှော်နေခဲ့တယ်။ လက်ပြ နှုတ်ဆက်ခဲ့တယ်။ တစ်ခါတစ်ခါ နှုတ်ဆက်ချိန် မရခဲ့ဘူး။ တားဆီးချိန် မရခဲ့ဘူး။

--- ဓားစက် အောက်မှာ
--- နှလုံးသွေးစက်တွေ ထက်မှာ
--- ယုံကြည်ခြင်းတွေ အောက်မှာ
--- မှား/မှန် မသိတဲ့ မေးခွန်းတွေ နံပါးမှာ
--- ရွက်ခြောက်တွေ ကြားထဲမှာ
---
---
---
---
---
---
--- ရှာတယ်
--- ရှာတုန်းပဲ
--- ရှာနေရဦးမှာ။

စီးကရက်ဟာ လောင်ကျွမ်းခံပြီး အဆုံးသတ်ရတယ်။ ပူစရာတော့ မရှိပါဘူး။ သူဟာ စီးကရက် နောက်တစ်လိပ် ပြန်မဖြစ်တော့ဘူး။ ဟုတ်တယ်မှလား..! အကယ်၍ ဆေးလိပ်တစ်လိပ်သာ လူတစ်ယောက် ဖြစ်ခဲ့တယ် ဆိုရင်..!


ထားပါတော့ကွယ်~~~~~~

ပန်းပွင့်တွေ ကြွေပြီး/ ခြွေချပြီးတဲ့ ပိတောက်တစ်ပင်ဟာ သူ ရှင်သန်နေသမျှ နောက်ထပ်- နောက်ထပ်- ပိတောက်ဖူးအသစ် အသစ်တွေ ဝေပြန်ဦးမှာ။

ဒါမှမဟုတ်.......... ............. .........။ ။



                                                ခင်လေးငယ် _03052016

✿ ချစ်သော ဂျပန်ကဗျာငယ်လေး တစ်ပုဒ် ✿







ပေးစရာတော့ သိပ်မရှိဘူးကွယ်..!
ရေခရားငယ်ထဲက
(ဟောသည့်....)
ကြာဖြူလေး တစ်ပွင့်တည်း...✿





Ryokan ::::

**သံယောဇဉ်**



တွယ်ရစ်နွှယ်ငင်မှုဟာ အင်မတန် ကြောက်စရာကောင်းမှန်း သူ- သိတယ်။ အေးအေး၊ ပူပူ၊ တမ်းတသူကော အတမ်းတခံ တစ်ပါးသူပါ သဲ့သဲ့ လှုပ်တော့တာပဲ။

မကြိုက်ဘူး။ ဒါပေမယ့် မရဘူး။ အကြိမ်ကြိမ် ခွာချတယ်။ ပြန်ပြန်ပြီး လာလာကပ်တယ်။ ညာလို့ မရဘူး။ ကပ်လာတာကို သိချိန်မှာ ပြန်ခွာလည်း ခဏတာပဲ။ ကာလံဒေသံမရွေး နာမ်ကော ခန္ဓာရုပ်နဲ့ပါ တစ်သားတည်း ချပ်ချပ်ရပ်ရပ် ဖြစ်နေတတ်တဲ့ ဝတ်စုံဟာ အဲ့ဒီကောင်ပဲ။ ဆယ်စုနှစ်ပေါင်းများစွာက မပေါ့မပါး (ဒါမှမဟုတ်) ပေါ့ပေါ့ပါးပါး ရွေ့လျော သွားခဲ့ဖူးပေမပေါ့။ ထူးမခြားနား ဖြစ်စဉ်ဟာ မပြောင်းမလဲ ဖြစ်တည်နေတုန်းရယ်။

အဲ့ဒီ့ပုစ္ဆာကို ကိုင်တွယ်ဖြေရှင်းဖို့.. တဲ့-- 

သူတစ်ဦးတည်း မာန်ပါပါကြွေးကြော် ဟစ်အော်ရင်းနဲ့ သူဘယ်တော့မှ ပြန်မဝတ်ချင်တဲ့ အဲ့ဒီအင်္ကျီဟာ ခုချိန်ထိ သူနဲ့ တော်တော်နေတုန်း~~~ 
ခေါက်ရိုးကျိုး တွန့်ကြေနေတဲ့ ကလေးငယ်ဘဝ အဖြူအမည်း ဓါတ်ပုံအဟောင်းလေးတွေက သူ့နံပါးမှာ ခဏတိုင်း၊ ခဏတိုင်း ပလူပျံလို့ ကောင်းနေတုန်း~~~


ဒီလိုနဲ့ပဲ.......
...................
..........................
...............................
......................................
အမည်နာမတွေအောက် တိုးဝင်သက်ဆင်းခြင်းကို တိတိပပ မုန်းတီးသူ တစ်ယောက်ဟာ သူ- မနှစ်သက်တဲ့ အဲ့ဒီ့ဝတ်စုံကို **သံယောဇဉ်** လို့ တိုးသက်သက်လေး ရွတ်ဆိုရင်း အမည်တပ်လိုက် ရတော့တယ်။


● ခါဂူယ မင်းသမီးလေး ●


ဟိုးရှေး ရှေးတုန်းကပေါ့ကွယ်- ရွာကြီး တစ်ရွာမှာ ဖိုးဖိုးကြီးနဲ့ ဖွားဖွားကြီး လင်မယားနှစ်ယောက် ရှိကြတယ်- တဲ့။ ဖိုးဖိုးဟာ နေ့တိုင်းနေ့တိုင်း တောထဲမှာ ဝါးတွေခုတ်ပြီး ဖိုးဖိုးခုတ်ယူလာတဲ့ ဝါးတွေကို ဖွားဖွားက တောင်းတွေယက်လုပ်လို့ အသက်မွေးဝမ်းကျောင်း ပြု ကြတာပေါ့ကွယ်။

တစ်နေ့တော့ ဖိုးဖိုးက ထုံးစံအတိုင်း ဝါးတွေခုတ်ယူဖို့ တောထဲသွားတာပေါ့။ ဖိုးဖိုး ခုတ်ယူနေကျ ဝါးပင်တွေက အရောင်တွေ တလက်လက်တောက်နေတာကို ထူးဆန်းစွာ မြင်လိုက်ရတယ်။ အရမ်းအံ့သြသွားတာပေါ့။ အနားလည်းရောက်ကော ရောင်ဝါတွေ တောက်ပနေတဲ့ ဝါးပင်တွေကြားမှာ သိပ်ကို ချစ်စရာကောင်းတဲ့ ကလေးပိစိလေး တစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတော့တယ်။ ဒီလိုနဲ့ ဖိုးဖိုးဟာ ချစ်စရာ ကလေးလေးကို တယုတယလေး ပွေ့ချီခေါ်ပြီး အိမ်ပြန်လာခဲ့တာပေါ့။

အိမ်မှာ ရှိနေတဲ့ ဖွားဖွားကလည်း ကလေးလေးကို တွေ့တော့ အရမ်း အံ့သြသွားတာပေါ့။ သိပ်လည်းပျော်ရွှင်သွားတယ်။ ဖိုးဖိုးနဲ့ ဖွားဖွားက အသက်တွေသာ ကြီးလာတယ် သူတို့မှာ ကလေးမှ မရှိပဲကိုး။ ဒါ့ကြောင့် ဒီကလေးလေးကို နတ်သကြားတွေက သူတို့အတွက် လက်ဆောင်ပေးတာပဲ လို့ တွေးပြီး အင်မတန် ဝမ်းသာနေကြတာပေါ့။ ဖိုးဖိုးနဲ့ဖွားဖွားဟာ အဲ့ဒီ ကလေးလေးကို ခါဂူယ- လို့ နာမည်ပေးလိုက်ကြပြီး ဂရုတစိုက် ကျွေးမွေးပြုစု ကြတော့တာပေါ့။

ခါဂူယလေး ရောက်လာတဲ့ နောက်နေ့ကစပြီး ဖိုးဖိုးဝါးခုတ်သွားတိုင်း ခုတ်သမျှ ဝါးပင်တွေထဲကနေ ရွှေဒင်္ဂါးပြားတွေ အများကြီး ထွက်လာတော့တာပဲ။ ဒီလိုနဲ့ ဖိုးဖိုးနဲ့ ဖွားဖွားဟာ ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ ဖြစ်လာကြတယ်။ နှစ်အနည်းငယ် ကြာမြင့်လာတာနဲ့အမျှ ခါဂူယလေးကလည်း အရွယ်ရောက် လာတော့တာပေါ့။ အရွယ်ရောက်လာတဲ့ ခါဂူယလေးဟာ သိပ်ကို ချောမောလှပတဲ့ မင်းသမီးလေးတစ်ယောက် ဖြစ်လာခဲ့တယ်။

သူ့ကို မြင်တဲ့ ယောကျာ်းလေးတိုင်းကလည်း ခါဂူယမင်းသမီးလေးကို အင်မတန်မှ ချစ်ခင်နှစ်သက်မိကြတယ်။ သူတို့တွေဟာ တန်ဖိုးကြီး ရှားပါးလှတဲ့ ရတနာပစ္စည်းတွေ ယူလာပြီး ခါဂူယမင်းသမီးလေးကို လက်ထပ်ပေါင်းသင်းခွင့် ပန်ကြတာပေါ့။ သူတို့တွေ ဘယ်လိုပြောပြော ခါဂူယမင်းသမီးလေးက ဝမ်းသာစိတ် မဖြစ်ဘူး.. တဲ့။ ဒီလိုနဲ့ ဆောင်းတွင်းအချိန်ကို ရောက်လာတာပေါ့။ ဆောင်းညတစ်ည အရောက်မှာ ခါဂူယမင်းသမီးလေးက ရှိုက်ကြီးတငင် ငိုကြွေးရင်း ဖိုးဖိုးနဲ့ ဖွားဖွားကို ဒီလို ပြောတယ်။

"ဖိုးဖိုးနဲ့ ဖွားဖွားရှင့်- သမီးဟာ တကယ်တော့ လမင်းမှာ မွေးဖွားခဲ့တာရယ်ပါ- မကြာခင်မှာပဲ လမင်းကြီးဆီက အကြိုတော်တွေ ရောက်လာပြီး သမီးကို ခေါ်ကြတော့မှာ- သမီးမွေးရပ်မြေကို သမီးမပြန်လို့ မဖြစ်ပါဘူးရှင်.."  ဒီစကားကို ရုတ်တရက် ကြားလိုက်ရတဲ့ ဖိုးဖိုးနဲ့ ဖွားဖွားကလည်း "ဖိုးဖိုးတို့ကို ထားခဲ့ပြီး မသွားပါနဲ့ မင်းသမီးလေးရယ်.." လို့ ငိုကြွေးတောင်းပန်ရင်း တားကြတာပေါ့။ ဒီစကားကို ကြားပြီး နောက်ပိုင်းမှာ ဖိုးဖိုးနဲ့ ဖွားဖွားက ခါဂူယမင်းသမီးလေးကို လာခေါ်ချိန်မှာ ကာကွယ်ဖို့ အင်အားကောင်းတဲ့ စစ်သည်တစ်ထောင်တိတိကို စုထားတော့တယ်။

ဒီလိုနဲ့ (၈)လ (၁၅)ရက်နေ့ည- ဝိုင်းစက်နေတဲ့ လပြည့်ညမှာ လမင်းကြီးဆီကနေ နတ်သမီးတွေ အများကြီး ဆင်းလာကြတယ်။ ခါဂူယမင်းသမီးလေးကို လာခေါ်ကြတာပေါ့။ လမင်းကြီးကလည်း အရောင်အဝါတွေ လင်းလက်တောက်ပသထက် တောက်ပလာလိုက်တာ မင်းသမီးလေးကို ကာကွယ်ဖို့ စစ်သည်တွေအားလုံး လင်းလွန်းလို့ မျက်လုံးတောင် ဖွင့်မကြည့်နိုင်ကြရှာဘူး တဲ့။ စစ်သည်တွေမှာ ခုခံတိုက်ခိုက်ဖို့ အင်အားတွေလည်း မရှိကြတော့ဘူးပေါ့။

"သမီး ပြန်သွားရပါတော့မယ် ဖိုးဖိုးနဲ့ဖွားဖွားရယ်- ဒီအိမ်ကလေးမှာ နေထိုင်ခဲ့ရတဲ့ ရက်တွေအားလုံးမှာ သမီး သိပ်ကို စိတ်ချမ်းသာ ပျော်ရွှင်ခဲ့တာပါ- ဖိုးဖိုးနဲ့ဖွားဖွားရဲ့ ထူးမြတ်လှတဲ့ ကျေးဇူးကို သမီး ဘယ်တော့မှ မမေ့ပါဘူး- ဒီဆေးကို သမီးပေးခဲ့ပါမယ်- ဒီဆေးကို သောက်လိုက်ရင် ဖိုးဖိုးနဲ့ဖွားဖွားက ဘယ်တော့မှ မသေတော့ပဲ အသက်ရှင် နေထိုင်နိုင်မှာပါ- ဖိုးဖိုးနဲ့ဖွားဖွား အသက်ရှင်နေလို့ လမင်းကြီးကို မြင်တွေ့ရတဲ့ အခါတိုင်း သမီးကို သတိရနေပါနော်-" လို့ ပြောရင်း ဆေးထုတ်လေး လှမ်းပေးပြီး လာခေါ်တဲ့ လနတ်သမီးတွေနဲ့အတူ တဖြည်းဖြည်းချင်း လမင်းကြီးဆီ တိုးဝင်သွားသတဲ့။

ဖိုးဖိုးနဲ့ဖွားဖွားက ငိုယိုတားဆီးရင်း မင်းသမီးလေးရဲ့ ဖြောင့်စင်းလှပလွန်းတဲ့ ဆံပင်ရှည်တွေနဲ့ သူဝတ်ထားတဲ့ ကီမိုနိုအင်္ကျီအရှည်ကြီးရဲ့ လက်ဖြားလေးတွေဆီ လက်လှမ်းလို့တောင် မမှီရှာကြတော့ဘူး.. တဲ့။ သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ လပြည့်ညကြီး တစ်ညပဲပေါ့ကွယ်။ ဖိုးဖိုးနဲ့ဖွားဖွားရဲ့ အိမ်ထဲမှာ အမြဲလင်းလက် လှပနေတဲ့ မင်းသမီးလေးရဲ့ အလင်းရောင်လေးလည်း မရှိတော့ဘူးပေါ့။ နှစ်ယောက်သား တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားကြရင်း ဝိုင်းစက်နေတဲ့ လမင်းကြီးကို မော့ကြည့်လိုက်- ချစ်စရာကောင်းတဲ့ ကလေးပိစိလေးဘဝကနေ ချောမောလှပတဲ့ ခါဂူယမင်းသမီးလေး ဖြစ်လာချိန်ထိ အကြောင်းတွေကို ပြန်သတိရ လွမ်းဆွတ်လိုက်နဲ့ ဖြစ်နေကြရှာတာပေါ့။

"ငါတို့ရဲ့ ခါဂူယမင်းသမီးလေးမှ ငါတို့နဲ့ မရှိတော့ပဲကွယ်- ဒီဆေးတွေ ငါတို့မှာ ရှိထားလည်း ဘာအကြောင်းထူးမှာမို့လဲ.." လို့ ငြီးတွားရင်း ငိုယိုကြပြန်တယ်။ ဒီလိုနဲ့ ဖိုးဖိုးဟာ လနဲ့အနီးဆုံး တောင်အမြင့်ကြီးဖြစ်တဲ့ ဖူဂျီတောင်ထိပ်ကို ရောက်အောင်တက်ပြီး ဒီဆေးကို မီးရှို့ပစ်ပေးဖို့ လူတစ်ယောက်ကို အကူအညီတောင်းခံလိုက်တယ်။ အဲ့ဒီဆေးတွေကို မီးရှို့လိုက်တဲ့ နေ့ကစပြီး ထွက်လာတဲ့ မီးတောက်တွေနဲ့ မီးခိုးတွေဟာ ဖူဂျီတောင်ကြီးထိပ်ကနေ ခါဂူယမင်းသမီးလေး ရှိနေတဲ့ လမင်းကြီးဆီ နှစ်ပေါင်းများစွာ အချိန်တွေအကြာကြီး တလူလူနဲ့ တက်နေတော့တာ ယနေ့ထက်တိုင်ပဲတဲ့ကွယ်-

ကဲ-- ခလေးတို့ရေ- ခါဂူယမင်းသမီးလေး ပုံပြင်လေးကတော့ ဒါပါပဲကွယ်--


                                       ■ တီတီခင်လေးငယ်

**သြော်.. ဒီလိုလား**


တစ်ခါတုန်းက ရွာတစ်ရွာမှာ ဟာ့ကုအင်းဆိုတဲ့ ဇင်ဆရာတော်တစ်ပါးရှိတယ်။ သူ့ရဲ့ ရိုးရှင်းနေတဲ့ နေထိုင်မှုကြောင့် ရွာသူရွာသား အားလုံးဟာ ဇင်ဆရာတော် ဟာ့ကုအင်းကို တလေးတမြတ်ရှိ ကြတယ် ဆိုမယ်။

သူသတင်းသုံးရာ အနီးမှာ သိပ်ကို ချစ်စရာကောင်းတဲ့ ဂျပန်မလေးတစ်ယောက် ရှိတယ်။ သူ့ မိဘတွေက ကုန်စုံဆိုင်လေး ဖွင့်လှစ်ရောင်းချပြီး အသက်မွေး ဝမ်းကျောင်းကြတယ်။ တစ်ရက်တော့ မထင်မှတ်ပဲ ကောင်မလေးမှာ ကိုယ်ဝန်ရှိနေကြောင်း မိဘတွေသိသွားတဲ့အခါ အင်မတန် တုန်လှုပ်ခြောက်ခြားသွားကြတယ်။ ဒေါသ အလိပ်လိုက်ထွက်နေတဲ့ မိန်းမပျိုလေးရဲ့ မိဘတွေဟာ အနီးနားမှာ တစ်ဦးတည်း နေထိုင်နေတဲ့ ဇင်ဆရာတော်ကို ယိုးကြတော့တာပဲ။ ဆရာတော်ဆီသွားပြီး လက်ညှိုးငေါက်ငေါက်ထိုး စွတ်စွဲကြတော့တာပေါ့။ ဇင်ဆရာတော်ဟာ ငြိမ်ငြိမ်ဆိတ်ဆိတ် ရှိမြဲရှိနေရင်း စကားတစ်ခွန်း ဆိုတယ်။ ရိုးရိုးလေးပါပဲ။
*သြော်...* ~~~~

ဒီလိုနဲ့ မိန်းမပျိုလေးက ကလေးလေး မွေးလာတော့တယ်။ မွေးလာတဲ့ ကလေးလေးကို ကောင်မလေးရဲ့ မိဘတွေက ဇင်ဆရာတော့်ဆီ သွားပို့ပြီး တာဝန်ယူရမယ်လို့ ပြောပြန်တယ်။ ဒီအခါမှာလည်း ဆရာတော်ဟာ အေးညှင်းစွာနဲ့ စကားတစ်ခွန်းပဲ ဆိုပြီး လက်ခံထားလိုက်ပြန်တယ်။
*သြော်...* ~~~~

ဇင်ဆရာတော်ဟာ ကလေးကို ပြုစုစောင့်ရှောက်ရင်းပဲ ရှိမြဲရှိနေတယ်။ ဒီလိုနဲ့ တစ်နှစ်ကျော်ကြာလာတဲ့အခါမှာ ကလေးအမေ မိန်းကလေးဟာ ဖြစ်ကြောင်းကုန်စင်ကို သူ့မိဘတွေကို ပြောပြတော့တယ်။ တကယ်တော့ ကလေးလေးရဲ့ အဖေဟာ သူတို့ရွာက ငါးဈေးတန်းမှာ အလုပ်လုပ်နေတဲ့ လူငယ်လေးတစ်ယောက်သာ ဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့တယ်။ အဖြစ်မှန်ကို သိသွားတဲ့ မိဘတွေဟာ ဇင်ဆရာတော်ဆီကို သွားပြီး သူတို့အမှားကို ခွင့်လွှတ်ပေးဖို့ တဖွဖွတောင်းပန်ကြတော့တာပဲ။ ဟာ့ကုအင်းဆရာတော်ဟာ ပေါ့ပေါ့ပါးပါး ငြိမ်ဆိတ်နေတဲ့ အဖြစ်နဲ့ပဲ စကားတစ်ခွန်း ဆိုခဲ့တယ်။
*သြော်....* ~~~~ ။။

                           ••••••••••••••••••••••••••••••

သိပ်နှစ်သက်တဲ့ ဇင်ပုံပြင်လေးကို စကားလုံးအရ တိုက်ရိုက်မဟုတ်ပဲ အလျဉ်းသင့်သလို အသိအားနဲ့ ဘာသာပြန်ဆို ရေးပြပါတယ်။ မိတ်ဆွေအတော်များများ ဖတ်ဖူး၊ သိဖူးပြီးသား Is that So? ဆိုတဲ့ ဇင်ပုံပြင်လေးပါပဲ။ အင်မတန် နံမည်ကြီးလွန်းတဲ့ ဇင်ပုံပြင်လေးကတော့ ဒါပဲရယ်။

တိုတိုလေးနဲ့ ကျစ်လျစ်ရိုးရှင်းသလောက် သိပ်ကိုလေးနက်တဲ့ ဒီပုံပြင်လေးကို ဖတ်ယူပြီး ဇင်ဆရာတော် ဟာ့ကုအင်းလိုပဲ ကျော်ဖြတ်ခဲ့ဖူးတဲ့ နေ့ရက်ဟောင်းတချို့ ကျွန်မဘဝမှာ ရှိခဲ့ဖူးပါတယ်။ တစ်ခါတစ်ခါ အချို့အရေးကိစ္စတွေဟာ စကားများများနဲ့ ပြန်လည်ချေပ ဖြေရှင်းဖို့ လုံးဝ မလိုအပ်ဘူးရယ်လို့ တိတိပပ လက်ခံထားပါတယ်။ အချိန်တစ်ခုကိုတော့ ရဲရဲဝံ့ဝံ့ ဖြတ်ကျော်စောင့်ဆိုင်း ရမှာပဲပေါ့။

.

.