ပုံမှန်
လုပ်ရိုးလုပ်စဉ်တွေထဲမှာပါပဲ.။ ဖြစ် တယ်.. ပျက် တယ်..။ ဒီလို ဖြစ်စဉ်
ပျက်စဉ်လေး မျှသာလည်း မဟုတ်ပြန်ပါဘူး။ အဲ့ဒီအချိန်လေးမှာ ထွေထွေထူးထူး
လုပ်မယူလိုက်တာလည်း အသေအချာပါ။ ကြိုတင်ပြီးလည်း မတွေးခဲ့မိပါဘူး။
ထုံးစံတွေထဲက ထုံးစံလေး တစ်ခုမျှသာဖြစ်တဲ့ အိပ်ရာမဝင်ခင် ရေချိုးခြင်း
ဆိုတဲ့ ခန္ဓာသန့်စင်ခြင်း အချိန်ခဏလေးအတွင်းမှာပဲ ဖြစ်တည် ရရှိခဲ့ပါတယ်။
ပထမအဦးဆုံး
ရေပိုက်က ရေကျလာသံလေးကို ကြားရတယ်။ နွေးနေတဲ့ ရေမှုန်လေးတွေ မျက်နှာပေါ်
လာထိတယ်။ မျက်နှာ တစ်ပြင်လုံး နွေးသွားတယ်။ ရေမှုန်လေးတွေရဲ့
အသံနောက်ကွယ် ကို ခဏလိုက် လိုက်ပါသေးတယ်။ ခဏလေးပါပဲ... ပြီးတော့
ပျောက်သွား တယ်။ မျက်လုံးတွေကို ဆက်ပြီး မှိတ်ထား လိုက်ပါတယ်။
ရေကျနေသံ၊
ရေချိုးခန်းထဲက ရေစိုခံနာရီလေးဆီက လွင့်လွင့် လာလေ့ ရှိတဲ့ တီးတိုးတိုး
တစ်ချက်ချက် အသံ.. ဘာသံမှ မရှိတော့ မကြားတော့ ပါဘူး..။ ရှိလည်း
မရှိတော့ပါဘူး။ ခန္ဓာရုပ်ဟာ ပကတိ “တိတ်ဆိတ်” “ငြိမ်သက်”။ စိတ်နာမ်ကလေး
ပြေးနေတယ်..။ ဟိုဟို ဒီဒီ..။ အလိုက်သင့်လေး ပေါ့ပေါ့ပါးပါး နဲ့ပါဘဲ..
လိုက်သွား လိုက်ပါတယ်။
သူ.. ပြေးနေတာကို ကျွန်မကလည်း
ကြည်ကြည်ဖြူဖြူလေး ရှိနေတယ်။ ကျေနပ်ပါတယ်။ အနီးကပ်ဆုံး အဲ့ဒီနေ့ နေ့လယ်ခင်းလေးဆီကို သူ စိပ်စိပ်လေး ခြေစလှမ်းတယ်။ လိုက်သွားတယ်။ သူ့
ခြေလှမ်းလေး နည်းနည်း ထပ်ကျဲလာတယ်။ ချဲ့လာတယ်။ ဒါကို ကျွန်မ သိလိုက်တယ်..။
သတိထား သိနေပေး လိုက်တယ်။
ဒီကနေ့ ဆီသို့..>
မနေ့ကဆီသို့..> ဖြတ်သန်းပြီးခဲ့တဲ့ တစ်ပါတ်ဆီသို့..>
တစ်လခန့်ဆီသို့..> သူ သွားနေပါတယ်။ တစ်ဖဝါးမှမခွာ သူ့နောက်ကို ကျွန်မ
ထပ်လိုက်နေမိဆဲပဲ။ သူ့ အပြေးနှုန်း မြန်မမြန် ကျွန်မဝေခွဲဖို့ မလိုအပ်ပါဘူး။
သူ့ ခြေလှမ်း အကူးအပြောင်းမှာ ချက်ကျကျ အချိတ်အဆက် မိနေ မနေ
ဆိုတာမျိုး လည်း ကျွန်မတွေးစရာ မလိုပါဘူး။
သူ့နောက် ကို
လိုက်နေခဲ့တယ် လို့ ကျွန်မ ပြောခဲ့ပါတယ်။..ဟုတ်ပါတယ်။ ကျွန်မရဲ့
စိတ်ဝိညာဉ်ကလေး ပထမတော့ သူက ရှေ့မှာပါ။ နည်းနည်းလေး ထပ်ကြာလာတော့
သူ့နောက်ကနေ ကျွန်မ မလိုက်ဖြစ်တော့ ပါဘူး။ သူသွားနေတဲ့ အဟုန်အရှိန်နဲ့
ထပ်တူထပ်မျှ (တစ်နည်းအားဖြင့်) သူခြေလှမ်းလိုက်ခြင်း အားလုံး ထဲမှာ
ကျွန်မအသားကျသွားခဲ့ပါတယ်။ ကျွန်မတို့ အတူတူသွားနေကြပါတယ်။ ဖြစ်ခဲ့
ပျက်ခဲ့ ကြုံခဲ့ဖူးတဲ့ ခဏလေး ခဏလေးတွေဆီကို သွားကြတယ်။
လိုက်ခြင်း..
အတူတူသွားခြင်းတွေကို သိနေတဲ့ အသိလေး ရုတ်ကနဲ ပျောက်သွားတယ်။ အခုတ်တရ
ပြန်ခေါ်ယူ ဖို့ လုပ်ဆောင်လိုက်ဖို့ ဘာမှ မတွေးမိပါဘူး။ အရှိအတိုင်းလေး
ကျွန်မနေလိုက်ပါတယ်။ သူတို့တွေ ကတော့ ဆက်သွားနေတာ အသေအချာပါပဲ။ ကျွန်မဟာ
သူတို့ကို ထိုင်ကြည့်နေယုံ သက်သက်ဖြစ် သွားပြန်တယ်..။ မျက်လုံးတွေကို
ဆက်မှိတ်ထားတယ်။ ပုံမှန် ရှုခြင်း ရှိုက်ခြင်း မှုတ်ထုတ် လိုက်ခြင်းတွေ ထဲမှာ
ကျဉ်လည်နေပါတယ်။
မျက်လုံးတွေ မဖွင့်ပဲ သူတို့ကို ကျွန်မ
မြင်လာတယ်..။ မြင်ကြည့်နေသူ သက်သက်မျှသာဖြစ်သွားတယ်။ ဆက်ကြည့်နေ လိုက်ပါတယ်။
ကြည့်နေတယ် ဆိုတာကို ကျွန်မ သိနေပါတယ်။ ဒါတွေအားလုံးဟာ
အချိန်အကြာကြီး လား..!! ဟင့်အင်း မဟုတ်ပါဘူး။ ပုံမှန် ရေချိုးချိန်လေး အဲ့ဒီ
တစ်ခဏလေး အတွင်းမှာပဲ တကယ့် ငြိမ်းချမ်းမှု အစစ်အမှန်လေး တစ်ခုကို ကျွန်မ
ရရှိလိုက်တာ အတိအကျပါ။
တစ်ခု ဝန်ခံချင်ပါတယ်..။ ပုထုဇဉ်မျှသာ
ဖြစ်တည်နေသေးတဲ့ ကျွန်မ.. ဟုတ်ကဲ့.. “လောဘ” လို့ပြောရ မလား ပါဘဲ။
အဲ့ဒီလိုစိတ်လေး ကပ်ငြိသွားပါတယ်။ အဲ့လို တစ်ခဏ တစ်ခဏလေးတွေ အများကြီးကို
ပိုမို မက်မောတပ်မက်စွာ တောင့်တလာပါတယ်။ လိုချင်လာပါတယ်။ ခဏလေး
ခဏလေးတိုင်းကို သိနေတဲ့ အသိစိတ်လေးကို ထပ်ကာ ထပ်ကာ သိလိုစိတ် အာသီသ သိပ်ကို
ဖြစ်လာခဲ့ပါတယ်။
ဒီလောဘဇောဟာ ကျွန်မအတွက် (သို့မဟုတ်)
အခြားအခြားသော သူတွေအတွက် အကျည်းတန်မယ် မထင်ပါဘူး။ အဆိပ်အတောက်လည်း
ဖြစ်မယ်မထင်ပါဘူး။ သေချာပါတယ် အဲ့ဒီလို ခဏလေး ခဏလေးတွေ ကို အထူးတလည်
ဖွေရှာစရာ မလိုပဲ ကျွန်မရဲ့ လုပ်ရိုးလုပ်စဉ် သွားခြင်းလာခြင်း၊
စားခြင်းသောက်ခြင်း၊ ပြုံးခြင်းရယ်ခြင်းတွေ အားလုံးထဲမှာပါ
ပိုင်ဆိုင်ချင်မိပါတယ်။
ချမ်းမြေ့ လွတ်မြောက်ခြင်း
အစစ်အမှန်ဆီသို့ နောက်ခြေတစ်လှမ်း ထပ်လှမ်းနိုင်ဖို့ကိုသာ
အားသန် လွန်းလှ ပါတယ်။ ကျွန်မအတွက် ဒီနေ့လေးဟာ အမှတ်စဉ် အရပြောရရင် နေ့ အမှတ်
(၅)ပါ။ ဒီစာစုလေးကို မရေးခင်လေး ခုဏကပဲ ချရေးလိုက်မိပါသေးတယ်။
ရိုးရိုးလေးရယ်ပါ။ ( Day - 5 ) ။ ဒါလေးပါပဲ။
ကျွန်မ ရရှိခဲ့တဲ့ တစ်ခဏတာချမ်းမြေ့မှုလေးတွေထဲက တစ်ခုကို အရိုးသားဆုံး ဝေမျှလိုခြင်း သက်သက် မျှသာပါ။
(ခင်လေးငယ်)
No comments:
Post a Comment