Wednesday, May 2, 2012

ဘဝရဲ့ အပိုင်းအစ (၁)


~~~ ဖြစ်နေတဲ့ စိတ်ခံစားမှု ~~~

ဒီရေတွေလို တက်လိုက်ကျလိုက် ဖြစ်နေတဲ့ ကျွန်မစိတ်တွေရဲ့ ရွေ့လျားမှုကို ဘယ်လိုမှန်အရိပ်မှာ ပုံဖော်ကြည့်လို့ မြင်ရ နိုင်ပါသလဲ..!! လေငြိမ်နေတဲ့ ရေကန်သေ တစ်ခုက သဲ့သဲ့လေးမှ လှုပ်ခတ်မှုမရှိတဲ့ ရေပြင်လို၊ ဒေါသတွေနဲ့ ခက်ထန်နေတဲ့ ပင်လယ်ပြင်ကျယ်က ခပ်ကြမ်းကြမ်း ရေလှိုင်းတွေလို၊ ငြိမ်သက်သွားလိုက် ပရမ်းပတာ လှုပ်ရှားသက်ဝင်လာလိုက် ဖြစ်နေဆဲ ကျွန်မ နှလုံးခုန်သံတွေရဲ့ အသံဝေ့ဖ်တွေကိုရော ဘယ်လိုကရိယာမျိုးနဲ့ တိုင်းယူလို့ ရနိုင်ပါသလဲ..!!

ရနိုင်တယ်ပဲ ဆိုပါဦးလေ.. ကျွန်မမျက်လုံးတွေနဲ့ ကြည့်လို့ မြင်နိုင် မမြင်နိုင် ကျွန်မနားတွေနဲ့ နားထောင်လို့ ကြားနိုင် မကြားနိုင် ဆိုတာမျိုးကို ကိုယ်တိုင်ယုံကြည်မှု မရှိပြန်ဘူး။ သွေးလေ ခြောက်ခြားတဲ့ ညတွေမှာ သတိမထား မိလိုက်ပါပဲ “ဖေဖေရေ..” လို့ ယောင်ယောင်ပြီး အော်ခေါ်မိတဲ့ ကျွန်မအသံကို ဖေဖေ ကြားနိုင်မှာတဲ့လား။ သေချာတာ တစ်ခုကတော့ ကျွန်မ ကိုယ်တိုင် အားရကျေနပ်မှု မရှိခြင်း သက်သက်တွေနဲ့ ဖေဖေ့ကို ခုတလော သိပ်ကိုတမ်းတနေမိခြင်းပါပဲ..။

မတောက်တခေါက်သာ တီးတတ်တဲ့ ဂစ်တာ.. ကြိုးတွေ မညီချိန်မှာ ဖေဖေ့ လက်ချောင်း ရှည် သွယ်သွယ်တွေကို ကျွန်မ တမ်းတမိတယ် ဖေဖေ..။ ကျွန်မ လက်ချောင်း သေးသေးလေး တွေကို စိတ်ရှည် လက်ရှည် ဆုပ်ကိုင်ရင်း ဂစ်တာကော့ဒ်လေး တစ်ခုကို စသင်ပေးခဲ့ တုန်းက ပုံရိပ်တွေက လေပွေတွေလို ကျွန်မကို ပွေ့ဖက်လို့...။ ကျွန်မနဖူးနဲ့ ပါးလေးတွေကို နမ်းတိုင်း ရတတ်တဲ့ ဖေဖေ့ နှုတ်ခမ်းက ဆေးလိပ်နံ့တွေကို ကျွန်မ လွမ်းဆွတ်လိုက်တာ..။

ဖေဖေက ကျွန်မ မသိအောင်စဖို့ နောက်ကွယ်က တိတ်တိတ်လေး လာခဲ့ချိန်တိုင်း ဆေးလိပ်နံ့တွေ စွဲကပ်နေတဲ့ ဖေဖေ့ ကိုယ်နံ့လေးကို ကျွန်မက ကြိုရနေခဲ့ပြီးပြီ..။ ကျွန်မဟာ ဖေဖေ့သမီးလို့ ထွေထွေထူးထူး ဘယ်သူ့ကိုမှ လိုက်ပြောစရာမလိုပဲ ရုပ်ရည်ကော ဝါသနာ အမူအကျင့်တွေပါ အားလုံး တူနေခဲ့တာလေ..။ ကလေးလေး ဘဝကတည်းက အပျိုကြီးဖားဖား ဖြစ်တဲ့အထိ နွေရာသီ ကျောင်းပိတ်ရက်တွေ ရောက်တိုင်း ဂျင်းဘောင်းဘီ တစ်ထည်ကိုဝတ်လို့ ဖေဖေ သွားလေရာနောက်ကို ကောက်ကောက်ပါအောင် လိုက်တတ်တဲ့ ဖအေတူသမီး..။

ဖေဖေ ခရီးထွက်တဲ့ တောထဲတောင်ထဲ ခရီးကြမ်းကြမ်း ရာသီဥတု ကြမ်းကြမ်းတွေမှာ ဖေဖေနဲ့ အတူတူ ဖြတ်ကျော်ခဲ့ ဖူးတဲ့နေ့တွေ...။ အိမ်မှာ ကျန်နေခဲ့တတ်တဲ့ မေမေ့ ဟင်းတွေကို လွမ်းဆွတ်ရင်း ဖေဖေနဲ့ကျွန်မ စကားထိုင်ပြောဖူးတဲ့ ညတွေမှာ ဖေဖေက ဂစ်တာလေးကို သဲ့သဲ့တီးနေခဲ့တာ..။ တောတောင်ဆိုတာ ဖေဖေ့သမီး ကျွန်မအတွက်တော့ မစိမ်းခဲ့တဲ့ အရာတွေပါပဲ...။ မည်းမှောင်နေတဲ့ သစ်တောတွေထဲမှာ ဘွတ်ဖိနပ် အထူကြီးစီးထားတဲ့ ဖေဖေ လမ်းတွေလျှောက်တိုင်း ကျွန်မ ဖေဖေ့လက် ကို တွဲခိုထားရင်း တူတူလျှောက်ခဲ့ကြတာ..။


ဖေဖေ အများဆုံး ဝတ်တတ် တဲ့ ဂျာကင်ကြီး တစ်ခု ကို ခုထက် ထိတိုင် ကျွန်မ အမြတ်တနိုး သိမ်းထား မိနေဆဲ ဆိုတာ လည်း ဖေဖေ မသိ နိုင်တော့ ပါဘူး..။ ဖေဖေ သွားလေရာ ကို ယူသွား တတ်တဲ့ ဂစ်တာလေးက အိမ် သေးသေး လေး တစ်လုံးထဲက ကျွန်းစားပွဲ ပုလေး ဘေးမှာ ထောင် ထား လျှက် ပေါ့..။ ကျွန်မ လည်း ရှိနေဖို့ မဖြစ်နိုင် တဲ့ အဲ့ဒီ အိမ်လေး ထဲမှာ ခုဆို ဖုန်လေး တွေ တက်နေ မှာပဲ..။ ဖေဖေ့ ဂစ်တာ အို လေး ရဲ့ ခေါ်သံကို ကျွန်မ အိပ်မက် မှာ တစ်ခါ တစ်ခါ ကြားရ တတ်သေး တယ်..။ ဖေဖေ့ သမီး ကျွန်မ လက်တွေ ကို သူ မျှော်နေတာ သိနေတယ်..။

"ခွင့်လွှတ်ပေး ပါ ဖေဖေ့ ဂစ်တာအိုလေးရေ... ကျွန်မ ဘဝ တစ်ခု အတွက် လမ်းမောတွေ လျှောက်နေ ရလို့ပါ..။"

~~~ ဖေဖေနဲ့ အတူတူ ~~~


ဆင်တွေကို စီးပြီး နှစ်ညအိပ် သုံးညအိပ် ခရီးတွေရဲ့ ကြမ်းတမ်းမှု ရသကို ကျွန်မ အပျိုပေါက်ဖြစ်ခါစ အရွယ်မှာ စ ကြုံဖူးနေပြီ..။ တော်ရုံတန်ရုံ မိန်းကလေး တစ်ယောက် ငွေပေးဝယ်လို့မရနိုင်တဲ့ အတွေ့အကြုံတွေကို ဖေဖေနဲ့ အတူတူ ယူခဲ့ဖူးတဲ့ ဖေဖေ့သမီး ကျွန်မဟာ ဘယ်လောက်များ ကံကောင်းခဲ့ပါလဲ..!! ဖေဖေ့ တပည့်တွေ ချက်ကျွေးတဲ့ တောဟင်းပူပူတွေရဲ့ အနံ့တွေက ခုတောင်.. ကျွန်မဘေးမှာ မွှေးပျံ့လို့နေသေး...။ ထူးထူးဆန်းဆန်း ဟင်းတွေကို ဖေဖေနဲ့ တူတူ လိုက်စားခဲ့တာလည်း ကျွန်မပါပဲ.. တောကြောင်သားကြော်တို့ ယုန်သားကျပ်တိုက်တို့ မျောက်ချေးခါးတို့ ဆိုတာ ကျွန်မအတွက် ဘာဟုတ်သေးလို့လဲ..။

မြွေသားကြော်ကိုတော့ စားဖူးတယ် ရှိအောင် မြည်းကြည့်ခဲ့တုန်းက ဖေဖေက ပြုံးပြီး ကျွန်မကို သေချာစိုက်ကြည့်နေခဲ့တာလေ..။ အနက်ရောင် မဟုတ်တဲ့ မီးခိုးရောင် ဖေဖေ့မျက်လုံးတွေထဲက ဖိတ်လျှံလာတဲ့ အကြင်နာ မေတ္တာတွေက မီးပုံဘေးမှာ ထိုင်နေခဲ့တဲ့ ကျွန်မ ပါးလေးတွေကိုတောင် မီးခိုးရောင်တွေ သန်းစေခဲ့သေးလား..!! မီလာရှီကာ စိုင်းဗေဒါ ဆိုတဲ့ ဦးနေအောင်ရဲ့ ရုပ်ရှင်ထဲက ပြကွက်တွေလို ဆင်ဖမ်းနေတာကို ဖေဖေ့လက်တွေ တင်းနေအောင် ဆုပ်ကိုင်လို့ တစ်နေကုန် တစ်နေခမ်းကြည့်ရင်း အသက်ရှူတွေ မှားခဲ့ရတာပေါ့..။

ဆင်မကြီးတွေ ကိုယ်ဝန်လွယ်တဲ့ အခါ ကိုယ်ဝန်သည်ကို စောင့်ရှောက်ဖို့ နောက်ဆင်တစ်ကောင်ဟာ သွားလေရာ လိုက်ပေးတတ်တာကို ဖေဖေ့ တပည့်တွေ ရှင်းပြပေးတုန်းက ကျွန်မ အဲ့ဒီဆင်ကြီးကို အလိုလိုလေးစားလို့..။ ဖမ်းလာတဲ့ ဆင်ရိုင်းတစ်ကောင်ကို သူမာန်ချတဲ့ အထိ ကျုံးသွင်းယူရတာတွေ ပထမဦးဆုံး ကြည့်ဖူးတဲ့ ညက ကျွန်မ အိပ်မရခဲ့တာ ဖေဖေသိခဲ့တယ် မဟုတ်လား ဖေဖေ..။ ဆင်ရိုင်းတစ်ကောင် မာန်မချ မချင်း ကျုံးထဲကနေ ထုတ်ပေးလို့ မရတာကို သေချာ နားမလည်တတ်သေးခင် အချိန်အထိ ကျွန်မ မှာ မျက်ရည်တွေဝဲလို့..။


သူ့ကို ချုပ်နှောင်ထားမှုတွေ အတွက် ဒေါသတကြီးနဲ့ သူအော်တာတွေ.. သံကြိုးအကြီးကြီးတွေနဲ့ ထူးခတ်ထားတဲ့ ခြေထောက်တွေကို ရုန်းထားရာက စီးကျလာတဲ့ သွေးတွေနဲ့ ဒါဏ်ရာတွေကြောင့် ကျွန်မမှာ ထမင်းတွေ နင်လို့...။ အစာကျွေးတော့လည်း မာန်မချမခြင်း မစားဘူး တင်းထားတယ်..။ သူမာန်ချချိန်ရောက်တဲ့ အထိ သူ့ကို ကိုင်တွယ်မဲ့ ဆင်ဦးစီးက စိတ်ရှည်ရှည်နဲ့ စောင့်ယူရတာ..။ မာန်စ ချချိန်မှာ ဆင်တစ်ကောင်ဟာ ကြောင်လေးတစ်ကောင်လို နူးညံ့လာတာမျိုးပေါ့..။ အရိုင်းဆင်တစ်ကောင် ဘဝကနေ နူးညံ့လာတဲ့ ဆင်တစ်ကောင် ဖြစ်လာချိန်အထိ ကျွန်မ တစ်ပတ်တိတိ စောင့်ကြည့်ခဲ့ဖူးတယ်..။

 ဒီလို အချိန်ပေးကြည့်ဖို့ ကျွန်မရဲ့တောင်းဆိုမှုကို လိုက်ရောပေးခဲ့တဲ့ ဖေဖေ့မေးစေ့ကို ကျေးဇူးတင်စွာ မော့နမ်းမိတော့ ဖေဖေက ကျေနပ်လို့..။ ကျွန်မခေါင်းက ဆံပင်တွေကို ဖွဖွလေး ဖွရင်း ငုံ့ကြည့်နေခဲ့တဲ့ ဖေဖေ့မျက်ဝန်းတွေကို ကျွန်မ မှတ်မိနေသေးတယ်..။ သမီးဆန္ဒ တစ်ခုကို ဖြည့်ပေးလိုက်ရတဲ့ အဖေတစ်ယောက်ရဲ့ ပီတိကို ဖေဖေက နှစ်နှစ်ခြိုက်ခြိုက် စားသုံးနေ လိုက်တာလေ...။

ဖေဖေနဲ့ အတူတူ တောထဲလိုက်သွားခဲ့တဲ့ လေးကြိမ်မြောက်ခရီး ကျွန်မရောက်တဲ့အချိန်မှာ ဆင်မလေး တစ်ကောင်မွေးခဲ့တာ ကျွန်မ ဘဝမှာ မေ့မရဆုံးဆိုတာ ဖေဖေသာရှိနေသေးရင် တူတူပြန်ပြောချင်တယ်..။ ဆင်ဦးစီး ဦးဦးက ကျွန်မနံမည် နှစ်လုံးကို ယူပြီး ဆင်ပေါက်စလေးကို နံမည်ပေးတော့ ဖေဖေက ဟက်ဟက်ပက်ပက် ရယ်နေခဲ့တာ..။ ဖေဖေ့သွားရှည်ရှည်တွေ ပေါ်အောင်ရယ်တိုင်း ဖေဖေ့မျက်နှာက ကျွန်မဖြစ်ဖြစ်သွားသလို..။ ဖေဖေ့နှုတ်ခမ်းဘေးက တွန့်ဝိုက်သွားတဲ့ အကွေးလေးတွေနဲ့ ဖေဖေ့မျက်နှာက သိပ်ယောက်ျား ပီသတာပဲ..။ အနည်းငယ် အနောက်တိုင်း ဆန်နေတဲ့ မျက်နှာနဲ့ဖေဖေဟာ ကျွန်မအတွက်တော့ ကမ္ဘာပေါ်မှာ မိသားစုကို အကြင်နာတတ်ဆုံး ဟီရိုးတစ်ယောက်လို မြတ်နိုးဖွယ် အကောင်းဆုံး လူသား..။ ကျွန်မရင်ကို အနွေးထွေး အလုံခြုံစေဆုံး ယောက်ျား..။

ဆင်ဦးစီးနှစ်ယောက်ကို ပြန်သတ်ခဲ့ဖူးတယ်ဆိုတဲ့ ခပ်ဆိုးဆိုး ဆင်ကြီးတစ်ကောင်ကို ပြခဲ့တုန်းက သူ့ မျက်လုံးတွေထဲကို အကြာကြီး သေချာစိုက်ကြည့်ခဲ့မိတယ်..။ ဖေဖေကတော့ အခါတိုင်းတွေထက်ပိုပြီး ကျွန်မလက်တွေကို တင်းနေအောင် ဆုပ်ကိုင်ဆွဲရင်း ကျွန်မ ပုခုံးတွေကို ဖက်ထားခဲ့တာ..။ ရွှေခဲ ဆိုတဲ့ သူ့နံမည် ကို ကျွန်မဘယ်တော့မှ မမေ့ဘူး..။ သူ့မျက်လုံးတွေကို ကျွန်မကြည့်နေတဲ့ အချိန်မှာတော့ ပကတိဖြူစင်နေတဲ့ ကလေးလေး တစ်ယောက်လို လဲ့နေတာ သိပ်လှနေခဲ့တယ်..။ သူသာ ကျွန်မနဲ့ စကားပြောတတ်မယ် ဆိုရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့မိချိန်တုန်းက ကျွန်မ အသက် ၁၂ နှစ် သမီးပဲ ရှိသေးတာ..။

 ရွှေခဲ ကိုယ်တိုင်ကကော အသိလွတ်ချိန်မှာ သတ်ခဲ့ဖူးတဲ့ သူ့သခင် နှစ်ယောက်ကို တစ်ခါတလေမှာ သတိများ ရနေမိမလားလို့ ကလေးအတွေးနဲ့ ကျွန်မ တွေးနေမိခဲ့တာ အဲ့ဒီတစ်နေ့လုံး တစ်ညလုံး..။ သူ့အစွယ်တွေကို ဖြတ်ထားတယ်ဆိုပေမယ့် ကျန်နေသေးတဲ့ အပိုင်းမှာတောင် ဖြူလဲ့ပြီး သန်မာနေလိုက်တာလေ..။ အံ့သြဖို့ကောင်းတာက ကျွန်မ ရွှေခဲကြီးကို မကြောက်မိသလို မုန်းတီးစိတ်လည်းမရှိခဲ့ပြန်ဘူး..။ သူနဲ့ စကားတွေ ပြောချင်စိတ်ကသာ ကျွန်မ အိပ်မက်ထဲအထိ စိုးမိုးလို့...။

~~~ အပြုံးကို ထွေးပိုက်ခြင်း ~~~

ဖေဖေပေးခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ကံကောင်းခဲ့လွန်းသူ ကျွန်မ...။ ဖေဖေ့ရယ်သံတွေနဲ့ အတူတူ ခုထက်ထိ ကျွန်မ လိုက်ရယ်နေမိဆဲ..။ ဖေဖေ့ ဂစ်တာသံ ညက်ညက်လေးမှာ သီချင်းတွေ လိုက်ဆိုနေမိဆဲ..။ ဆေးလိပ်နံ့တွေ သင်းနေတဲ့ ဖေဖေ့ပါးတွေကို ကျွန်မ မော့မော့ပြီး နမ်းနေမိဆဲ...။ ကျွန်မအတွေးထဲမှာ မေမေက ဖေဖေ့ကို “ကို... ရေ..” လို့ ခေါ်လိုက်ချိန်တိုင်း ကျွန်မ လိုက်လိုက်ပြုံးမိနေဆဲ..။ ကြိုးမညီတဲ့ ဂစ်တာ တစ်လက်ကို ကောက်ကိုင် လိုက်မိချိန်မှာ ကျွန်မ ဘေးမှာ ဖေဖေ များရှိနေလေမလားလို့ ခေါင်းငဲ့ ရှာနေမိဆဲ..။

ကျွန်မ အားတွေငယ်လာချိန်တိုင်း မျက်လုံးတစ်စုံကို မှိတ်လို့ ဖေဖေ့ရင်မှာ တိုးဝှေ့နေမိဆဲ..။ ကျွန်မ ခေါင်းမာလွန်းလို့ မေမေက “ဖအေတူ သမီး.... သွားး....” လို့ ချစ်စနိုး အော်ငေါက် ထုတ်ချိန်တိုင်း ကျေနပ်မှုတွေနဲ့ ကျွန်မ ခေါင်းခါရယ်မောမိဆဲ..။

အထူးဆန်းဆုံးကတော့ ကျွန်မနဲ့ ဘဝခြားသွားပြီ ဖြစ်တဲ့ ဖေဖေ့ကို လွမ်းဆွတ်တိုင်း ရင်ခုန်သံတွေ နူးညံ့စွာနဲ့ ကျွန်မ ပြုံးနေမိခြင်းပါပဲ..။ ဖေဖေ့ကို တမ်းတမိတိုင်း ကျွန်မဘယ်တော့မှ မျက်ရည်မကျတတ်...။ ဖေဖေ့ကို မြင်တွေ့ချင်တဲ့ စိတ်တွေနဲ့ ကျွန်မ ဘယ်တော့မှ ငိုမိမှာ မဟုတ်ဖူး ဖေဖေ...။ ကျွန်မသိပ်ချစ်တဲ့ ဖေဖေဟာ ရုပ်ခန္ဓာတစ်ခုသာ ချုပ်ငြိမ်းသွားတာလေ...။ ဘယ်အရာနဲ့မှ လဲလှယ်လို့ မရနိုင်တဲ့ နူးညံ့မှုတွေနဲ့ ကျွန်မအတွက်တော့ ဖေဖေ ရှင်သန်နေဆဲမို့ပါ...။

ဒီလထဲမှာပဲ ဖေဖေ ဟိုးအဝေးကြီးကို ကြိုထွက်သွားနှင့်တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီ..။ ကျွန်မကိုယ်တိုင် အားရကျေနပ်မှု မရှိခြင်း သက်သက်တွေနဲ့ ဖေဖေ့ကို ခုတလော သိပ်ကို တမ်းတနေမိတာ အမှန်ပါပဲ..။ ဒါပေမဲ့ ကျွန်မ မငိုဘူး ဖေဖေ..။ ဖေဖေ့ကို လွမ်းဆွတ်ချိန်တိုင်း ဖအေတူသမီး ကျွန်မ.... တစ်ယောက်ထဲ အလှပဆုံး ပြုံးနေတယ်ဆိုတာ........။


(ခင်လေးငယ်)

ဖွင့်ဟချက်...။ ။ ကျွန်မဘဝ၏ အကြီးမားဆုံးသော ဆုံးရှုံးမှုတစ်ခု ဖြစ်ပျက်ခဲ့သည့် (ဇူလိုင်လ၊ တစ်ဆယ့်ခြောက်ရက်) ဆိုသော နေ့စွဲ တစ်ခုသို့ ရေးဖွဲ့ပါသည်..။

2010 June Idea Magazine  တွင် သို့ ~  ဖေဖေ ဟူသော ခေါင်းစဉ်ဖြင့် ရေးခဲ့ဖူးပါသည်။

No comments: