Tuesday, May 1, 2012

ဝေးလွင့်ခြေရာ ~


ဆောင်းလေအဝှေ့မှာ ချမ်းစိမ့်တက်လာတဲ့ အသိနဲ့ ကိုယ်မှာ ကပ်နေတဲ့ သားရေဂျာကင်ဇစ်ကို လည်ပင်းအထိ ဆွဲတင် မိလိုက် ပါတယ်။ သြော်.. နှင်းတွေတောင် ခပ်စိပ်စိပ်ပိုသည်းလာပြီပဲ။ ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်လေးကို နားနှစ်ဖက်ဖုံးတဲ့အထိ ခပ်ဖိဖိ ပြင်ဆောင်း မိပြန်တယ်။ လက်အိတ်တွေအောက်မှာ မြှုပ်နေတဲ့ နာရီကို ကြည့်မိတော့ ၃ မိနစ်လိုနေပါသေးတယ်။ အချိန်ကို ဂရုစိုက် တိကျ လွန်းတဲ့ သူရောက်လာတော့မှာပါ...။

ရပ်နေတဲ့နေရာဘေး ခုံတန်းရှည်ပေါ်မှာတော့ သစ်ပင်ကြီးတွေဆီက ဖြာကျလာတဲ့ မီးရောင်စုံလေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ ကခုန် လို့ပေါ့။ သီချင်းသံမဟုတ်တဲ့ တေးသွားနဲ့ တီးလုံးသံလေးတွေက နားထဲကို တိုးဝင်လာလိုက် ထွက်ပြေးသွားလိုက်။ ခေါင်းကို မော့ပြီး ကောင်းကင်ကို ကြည့်မိတော့ နှင်းမှုန်တွေက မျက်နှာပေါ်ကို အပြေးအလွှား တွယ်ကပ်ရောက်လာကြတယ်။ ခပ်ပြားပြား ကား အမည်းလေးတစ်စီး တုန့်ကနဲ အရပ်မှာ မော့ထားတဲ့ခေါင်းကို ပြန်ချမိပါတယ်..။

နေမင်းဟန်...!! သူက ကားထဲကနေပဲ သူ့ကိုယ်ကိုငဲ့ပြီး ကျွန်မဘက်အခြမ်း ကားတံခါးကို ဖွင့်ပေးရင်း...

“မင်္ဂလာပါ... မငယ်.. ကိုယ် နောက်မကျပါဘူးနော်...” 
“ဟင့်အင်း.. ကျွန်မ ၃ မိနစ်ပဲ စောရောက်နေတာပါ ကိုနေမင်း...”


ကားထဲက အပူပေးစက် အနွေးကြောင့် အတော်လေး နေသာထိုင်သာရှိသွားပါတယ်..။

“ကိုယ်တို့ တစ်ခုခု သွားစားသင့်တယ်နော်” 
“ကောင်းပါတယ် ကိုနေမင်း”


ထုံးစံ အတိုင်း နေမင်းဟန် အသံက ရိုးသားမှုတွေနဲ့ တည်ငြိမ်လို့ပါ။ များသောအားဖြင့် ကျွန်မကို အလုပ်မှာရော အပြင်မှာပါ “မေ” လို့ ခေါ်တတ်ကြတယ်။ အင်္ဂလိပ်စာလုံး May ဆိုတာ ကျမတို့ မြန်မာအသံထွက်တွေထဲမှာ ခေါ်ရမှတ်ရလွယ်တာလည်း ပါပါ လိမ့်မယ်။ စသိချိန်ကစလို့ မိတ်ဆွေသက်တမ်း တစ်လျှောက်လုံးမှာ နေမင်းဟန်ကို ကျွန်မ “ကိုနေမင်း” လို့ခေါ်ခဲ့သလို ကျွန်မကို သူများတွေ ခေါ်သလို “မေ” လို့ မခေါ်ပဲ ကျွန်မနာမည်ကို “မ” ထည့်ပြီး “မငယ်” လို့ခေါ်တတ်သူပါ။ 

စကားပြောတိုင်းလည်း ကိုယ်နဲ့ မင်းလို့ သုံးနှုန်းတတ်သလို ပိုမိုရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လာတဲ့ ခုချိန်အထိ ကျွန်မကိုယ်တိုင်ကလည်း “ကျွန်မ”လို့ပဲ သုံးစွဲ ခဲ့ပါတယ်..။ သူက သူ့ကားထဲက MD Player ခလုပ်လေးကိုနှိပ်လိုက်တော့ ကျွန်မနှစ်သက်တဲ့ Rock သီချင်းတစ်ပုဒ် ခုန်ထွက်လာတယ်။ အံ့သြမှုတွေ နဲ့ သူ့ကိုငဲ့အကြည့် သူ့အပြုံးတစ်ခုက လှစ်ကနဲ။ “နေမင်းဟန်” ဆိုတဲ့ သူဟာ ဘယ်တော့မှ ဆူညံညံ ပေါက်ကွဲသံစဉ်မျိုး နှစ်သက် တတ်သူမှ မဟုတ်တာ။ 

ကျွန်မတို့ မိတ်ဆွေသက်တမ်း သုံးနှစ် ကျော်လာတဲ့အထိ သူ့ကားထဲမှာ ဒီလိုသီချင်းသံမျိုး ကြားရလေ့ မရှိ။ ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ...။ ကျွန်မတို့ တွေ့ဆုံချိန်တွေတိုင်း ပြောတတ်တဲ့ စကားတွေကတော့... တစ်ခါတလေ အလုပ်ထဲက ဖိစီးမှုတွေပါမယ်။ စာအုပ်တွေ အကြောင်းပါမယ်။ ရုပ်ရှင်တွေအကြောင်းပါမယ်။ သီချင်းအကြောင်းတွေပါမယ်။ ကိုယ်ရေးကိုယ်တာ တချို့တစ်ဝက်ပါမယ်။ ကိုနန္ဒ မေမေ့ အကြောင်း ပါမယ်။ ဝတ်ရည်ရဲ့ ခပ်ဆိုဆိုး မောင်လေး အကြောင်းသူပြောမယ်။ ဒါတွေပါပဲ......။

“ကိုနန္ဒ နေကောင်းလား ကိုယ် သုံး လေး ရက်လောက်တော့ရှိပြီ ဘူတာထဲမှာ သူ့ကို လှမ်းတွေ့လိုက်သေးတယ်” 
“ဟုတ်... ခုတလော ပုံမှန်ထက် သူအလုပ်များနေပါတယ်” 
 
“ကိုယ်တို့ ကိုရီးယားစာ စားရအောင်လေ”
 
“ကောင်းတယ် ကိုနေမင်း ကျွန်မလည်း အဲ့လိုတွေးနေမိတာ”
 

“ဝတ်ရည်ကတော့ အစပ်မစားလို့ ဘယ်တော့မှ ညှိလို့မရခဲ့ဖူးဘူး..”
 
ကျွန်မကတော့ ငပိနဲ့ အစပ်ကိုကြိုက်တယ်”
 

“ကိုယ် မင်းကို ခုမှသိတာ မဟုတ်ဖူးလေ...”


ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်မိပါတယ်..။

“မင်း ကလေးလေးတစ်ယောက်လို ရယ်တဲ့အသံ ကိုယ်မကြားရတာ ကြာပြီနော်” 
“ဟုတ်တယ် ကိုနေမင်း ကျွန်မ ဒီလို မရယ်နိုင်အောင် အလုပ်တွေနဲ့ မွန်းနေတာမျိုး”


“ဟန်ဆောင်ပြီး အလုပ်တွေထဲမှာ နှစ်ထားတာ တကယ့်မင်းမှ မဟုတ်တာ”


ကျွန်မခေါင်းကို ဆတ်ကနဲ ညိတ်ပြမိရင်း...

“ဝတ်ရည် ခရီးထွက်မယ်ဆိုတာ သွားဖြစ်လား”
 
“အင်း.. ဒီနေ့ ကိုယ်သူ့ အတွက် လေယာဉ်လက်မှတ် ရက်အတိအကျယူပေးခဲ့တယ်”
 

“ကိုနေမင်း မလိုက်ဖူးလားဟင်”

“အို့.. အို ကိုနန္ဒခရီးတွေရော မင်းလိုက်ဖြစ်လို့လား မငယ်” 

“အင်း.. ဒါလဲဟုတ်ပါတယ်လေ”

“နောက်ဆိုရင်တော့ ကိုယ်လိုက်ရတော့မှာ ဒီခရီးက ဝတ်ရည် တစ်ယောက်ထဲသွားမယ့် နောက်ဆုံးအကြိမ် ခရီးဖြစ်လိမ့်မယ်”

ကျွန်မ ပေါင်ပေါ်တင်ထားတဲ့ စလင်းဘက်အိတ် အပြားလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသွားတယ်။ အိတ်ထဲမှာ ဖုန်းလေးတစ်လုံး၊ ပိုက်ဆံအိတ်ပါးပါးလေး တစ်အိတ်၊ ခေါင်းဘီးလေးတစ်ချောင်း နဲ့ ပန်းနုရောင် ဖိတ်စာကဒ်လေးတစ်ခု ရှိနေပါတယ်။ အဖုံးပေါ်မှာ “နေမင်းဟန်” ဆိုတဲ့ နာမည် ခပ်ဖိဖိရေးထားတဲ့ ကဒ်လေးက ဆွဲထုတ် ယူသူမဲ့ ငြိမ်သက်နေဆဲပါပဲ...။

“မငယ်”

ကျွန်မအကြည့်တွေက နေမင်းဟန် မျက်နှာပေါ်ရောက်သွားတယ်...။

“မငယ်”
“ရှင် ကျွန်မကို ခေါ်တာ နှစ်ခါရှိနေပြီ ကိုနေမင်း” 

“ဟား ဟားး အဲဒီခပ်ပြတ်ပြတ် အသံနဲ့ ရှုတည်တည် အကြည့်တွေက မင်းမှမင်းပဲ”
 
“တော်ပါရှင်.. ကိုနေမင်း ဒီနေ့ စကားတွေတော်တော် ပြောနေတယ်နော်”
 

“ဟုတ်တယ်.. ကိုယ်ဒီနေ့ ကလေးတစ်ယောက်လို ရယ်တာတွေကို ကြားချင်လို့ မင်းကို စချင်နေတာ”


ကျွန်မ သူ့ စကားဆန်းတွေကြောင့် ရယ်ဖြစ်ပြန်ပြီ...။

“ကိုနေမင်း ဘာလို့ ဒီသီချင်းတွေ ဖွင့်ရတာလဲ ကျွန်မစဉ်းစားနေတာ” 
“သြော်... ဒါလား.. ဒါက... ဒီလိုလေ...”


ရယ်နောက်နောက် သူ့စကားက တစ်ဝက်တစ်ပျက်မှာ ဆုံးသွားတယ်။ တိကနဲ ကားဘရိတ်ကို တစ်ချက်တော့ပြီး သူ ရပ်လိုက် ပါတယ်။ စောစောက နေမင်းဟန် မဟုတ်တော့ သလိုပဲ တိတ်ဆိတ်လို့ပေါ့။ ကျွန်မ ခပ်ပေပေမျက်လုံးနဲ့ သူ့ မျက်နှာကို လှမ်းကြည့် မိပါတယ်။ စတီယာတိုင်ကို ညာဘက်လက် တစ်ခုတည်းနဲ့ ဆုပ်ထားရင်း နှင်းတွေကျနေတာကို သူငေးနေတယ်။ ပြီးတော့ ခပ်တိုးတိုး အသံနဲ့ ပြောပါတယ်........

“ဘယ်သူမှ မသိသင့်တဲ့အရာပါ.. တစ်ခါတစ်လေ ကိုယ်ဟာ မင်း... ဖြစ်ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး... ဒါပါပဲ”

နေမင်းဟန် စကားတွေက ကျွန်မကို တိတ်ဆိတ်သွားစေတယ်။ ချက်ချင်း အားယူပြီး ကျွန်မ ခပ်သော့သော့ ရယ်မောဖြစ်လိုက်တယ်...။

ကိုနေမင်း ရယ် ရှင်... ဟာလေ......” 
“ဝတ်ရည်ခရီးက ပြန်လာပြီးရင် ကိုယ်တို့ လက်ထပ်တော့မယ်.. မငယ်”


သူ့စကားသံ တိုးတိုးလေး အဆုံးမှာ ကျွန်မ ရယ်မောလိုက်မိပြန်တယ်။ နေမင်းဟန် ရှင်ပြောတယ်လေ.. ဒီနေ့ ကျွန်မရယ်သံတွေကို ကြားချင်တယ်ဆို....

“ဘာလဲ ကျွန်မကို သတို့သမီး အရန် ကမ်းလှမ်းချင်တာလား”

သူခေါင်းကိုခါတယ်... ပြီးတော့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်နေတယ်...

“မင်းကို ကိုယ်ကျေးဇူးတင်တယ် မငယ်” 
“ရှင်”
 

“မင်း ရယ်သံတွေ အတွက်ပါ ပြီးတော့....”


သူ ခဏရပ်ရင်း အသက်ကို ပြင်းပြင်းတစ်ချက်ရှူပြီး စကားဆက်ပြောတယ်...။ 
“ကိုယ်ဟာ မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကို လစ်လျူရှု သင့်တာတွေကို ရှုတတ်တဲ့ အလေ့အကျင့် ရခဲ့တယ်... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်တွေ သန့်စင်စွာ ထပ်တူကျမှုတွေကို ကိုယ်နားလည် တတ်ခဲ့ တယ်... ပေတေသလို တည်ငြိမ်တတ်တဲ့ မင်းအမူအယာတွေနဲ့ ခင်မင်စရာကောင်းတာတွေ... ကိုယ့်ကို မိတ်ဆွေကောင်း တစ်ယောက် ရဲ့ ပေးနိုင်တဲ့ ဖေးမပေးမှုတွေနဲ့ အားပေးခဲ့တာတွေ... ကိုယ့်ဖိစီးမှုတွေကို မင်းလမ်းပြမှုတွေနဲ့ တည်ငြိမ်စွာ ကျော်ဖြတ်စေ ခဲ့တာတွေ... အိုကွာ.. အများကြီးပါ... ကိုယ်စံထားရတဲ့ မင်းကို အရာအားလုံးအတွက် ကိုယ်ကျေးဇူးတင်တာပါ.. မငယ်”

အို... ကိုနေမင်းရယ် အထူး အဆန်းတွေရှင်..”

ဒီတစ်ခါတော့ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တာ နေမင်းဟန်ပါ။ ရှင့်ရင်ထဲကအသံတွေ ဟုတ်မဟုတ် ကျွန်မ အဖြေရှာသင့်သူ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့... အတွေးတွေကို ကျွန်မ မောင်းတုတ်နိုင်ခဲ့ပါတယ်..။

“ကိုနန္ဒ အတွက် ဂုဏ်ယူတယ်ဆိုတာ ကိုယ့်ကိုယ်စား ပြောပေးပါ...” 
“................”


ကျွန်မ ခေါင်းငုံ့ပြီး စလင်းဘက်လေးကို ဖွင့်လိုက်တယ်။ ညာဘက်လက်ချောင်း ထိပ်လေးတွေနဲ့ ပန်းနုရောင် ဖိတ်စာ ကဒ်လေး အတွေ့ မှာ ကျွန်မလက်ကို ပြန်ရုတ်လိုက်မိပါတယ်။ နေပါစေတော့လေ...!! တိုက်ဆိုင်လွန်းစွာ ကျွန်မပြောမယ့် စကားတွေကို ဒီဆောင်းညဥ့်ဦး ပိုင်းမှာပဲ သူကအရင် ပြောသွားခဲ့ပါတယ်။ ကျွန်မ လက်လေးတွေ အနည်းငယ် တုန်ရီနေခဲ့တယ်။ ကျွန်မ ခေါင်းမော့ပြီး သူ့ ကို ပြုံးပြီး ကြည့်လိုက်မိပါတယ်..။

ကျွန်မလည်း ဝတ်ရည်ကို ပြောချင်တယ်... ရင့်ကျက်တည်ငြိမ်တဲ့ ခင်ပွန်းလောင်း တစ်ယောက်အတွက် ကျွန်မ အင်မတန် ဂုဏ်ယူ မိတယ် လို့.... Congratulation ပါ..”

ကမ်းပေး လိုက်တဲ့ ကျွန်မ ညာလက်ဖဝါးကို သူ့လက်ဖဝါးနဲ့ ဖျစ်ညှစ်လိုက်တယ်။ နေမင်းဟန်.. ရှင့်အပြုံးတွေ လဲ့ နေသလို ကျွန်မ မျက်လုံးတွေ လည်း အရောင်လဲ့နေခဲ့ပါတယ်။ ကျွန်မတွေးမိတယ်.. ကျွန်မတို့တတွေ တစ်ဦးနဲ့တစ်ဦး ရင့်ကျက်စွာ ချီးမွမ်းခန်းတွေ ဖွင့်နေကြ တာ ဘာအတွက်များပါလဲ..!! နှလုံးသားထဲကို ဝင်လာမယ့် တစ်စုံတစ်ရာကို အသိစိတ်တွေနဲ့ ထိန်းယူခဲ့ကြတာကရော ဘယ်လောက် များ သေသပ်လှပခဲ့ကြလဲ... နော်..!!

ကျွန်မ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။ သူ့အတွက် ယူလာတဲ့ ပန်းနုရောင် ဖိတ်စာလေးတစ်စောင်ကို ဘယ်တော့မှ သူ့ကို ပေးဖြစ်တော့ မှာ မဟုတ်ပါဘူး.!! ကျွန်မတို့တွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လူသားဆန်စွာ တွေးခေါ်ဆုံးဖြတ်ခဲ့ကြတယ်။ အကောင် အထည် ဖော်နိုင်ခဲ့ကြတယ်။ ကျွန်မနဲ့ နေမင်းဟန် ဆိုတဲ့ ရှင့်ရဲ့ ဆုံစည်းရခြင်းဟာ သုံးနှစ်ထက်သာ ပိုစောခဲ့ကြမယ် ဆိုရင်လေ.......!!

ကျွန်မတို့ နှစ်ယောက်ရဲ့ အပြန်လမ်းမှာ နှင်းတွေထူထပ်အောင် ကျနေခဲ့တယ်...။ ကျွန်မအိမ်ရှေ့လမ်းပေါ်အရောက် သူရပ်ပေးတဲ့ ကားပေါ်က ဆင်းရင်း ကောင်းကင်ကို မော့အကြည့်မှာ သည်းနေတဲ့ နှင်းမှုန်တွေကြောင့် “လ” ကိုမြင်ခွင့် မရခဲ့ပါဘူး...။ တကယ်လို့ များ အဲ့ဒီညရဲ့ ကောင်းကင်မှာ “လ” တစ်စင်းဟာ ကြည်လင်အေးချမ်းစွာ သာနေခဲ့မယ် ဆိုရင်တောင် ကျွန်မ မျက်လုံးတွေက မြင်ချင် မှ မြင်နိုင်ခဲ့လိမ့်မယ် ဆိုတာကိုတော့.....!!


(ခင်လေးငယ်)

No comments: