Tuesday, May 1, 2012

မုန်တိုင်းလွန်စ နေ့တစ်နေ့


မေရေ... ဒီနေ့တော့ ဝယ်လို့ ရနိုင်တာလေးတွေ လိုက်ဝယ်ဖို့ ဈေးသွားမှ ဖြစ်မယ်... အခြေအနေက ဘာမှန်းမသိဘူးလေ.. အဝတ်လဲကွာ.. မေနဲ့ သမီးကို ဈေးမှာ ခဏချ ထားခဲ့မယ်... ဘဘကြီးတို့ အိမ်နဲ့ ကြီးမြတို့အိမ် အတွက် သောက်ရေ နည်းနည်း သွားပို့ ပေးမှဖြစ်မယ်.. ဓါတ်ဆီ ကလည်း ထုတ်လို့ရမှာ မဟုတ်သေးဘူး.. ဓါတ်ဆီ ပတ်ရှာဝယ်ပြီး အပြန်မှ ဈေးဝင်ခေါ်မယ်နော်..” ဆိုတဲ့ သမီးအဖေရဲ့ စကားသံ အရှည်ကြီးအဆုံးမှာ..

“ဟုတ်...” ဟု ခေါင်းကို ဆတ်ကနဲ ညိတ်ရင်း အိပ်ရာ နိုးကာစ ဆံပင် စုတ်ဖွားလေး နဲ့ သမီးကိုပါ အင်္ကျီလဲပေးလိုက်သည်..။

“ဇင်မာရေ အစ်မနဲ့လိုက်ခဲ့ရမယ်နော်.. အိမ်နောက်က တံခါးတွေ သေချာပိတ်.. ဦးဦးကားပေါ် ရေတင်နေတာလည်း ကူလိုက် ပါဦး ကွယ်...” ဟု ဇင်မာ့ကို လှမ်းပြောရင်း မကြာမီပင် အပြင်ထွက်ဖို့ သမီးရော ကျွန်မပါ အဆင်သင့်ဖြစ် နေခဲ့ပြီ…။

မုန်တိုင်း အလွန် နေ့များထဲမှ ပထမဦးဆုံး အပြင်ထွက်ခြင်းပင် ဖြစ်သည်။ တစ်နေ့က တိုက်သွားတဲ့ မုန်တိုင်းက တကယ့်ကို သွေးပျက် ချောက်ချားစရာ။ လှမ်းမြင်ရ တဲ့ မြင်ကွင်းတိုင်းက ရင်ထဲကို မချိမဆန့် ဝင်လာနေသည်။ ပြိုလဲနေသော ညောင်ပင်ကြီးတွေ၊ ဓါတ်တိုင်ကြီးတွေ၊ လွင့်စင်ပြန့်ကျဲ နေသော သွပ်ပြားတွေ၊ အစိတ်စိတ် အမွှာမွှာ ဖြစ်နေသော မှန်ကွဲ အပိုင်းအစတွေ၊ အပုံ့လိုက် ပြိုပျက် နေ သော အိမ်သေးသေးလေးတွေ၊ မြင်မြင်သမျှ အားလုံးက စိတ်မကောင်းစရာအတိ..။ 

“ကို..” ကတော့ ဘီးလေးဘီး လှိမ့်၍ရလို့သာ ကားဟုခေါ်လို့ရသော ကားစုတ်လေးကို သတိထားရင်း အပျက်အစီးတွေကို ကွေ့ဝိုက် မောင်းနှင် နေသည်..။ အချို့နေရာ ရေလျှံ၊ အချို့နေရာမှာ လမ်းတွေပိတ်နဲ့ ဈေးသို့ တော်တော်နှင့် မရောက်နိုင်..။ ကျွန်မ မျက်လွှာကိုချကာ ဘုရားစာ တချို့ တ၀က်ကို ရွက်ဆိုရင်း လိုက်ပါခဲ့သည်။ မြင်နေကြမဟုတ်တဲ့ မြင်ကွင်းတွေက ငါးနှစ်သာရှိသေးတဲ့ သမီးလေး အတွက်တော့ အသစ်အဆန်း ဖြစ်နေသည် ထင်၏။ 

အင်မတန်သွက်လက်တဲ့ သမီးလေးတောင် မျက်လုံးလေး အ၀ိုင်းသားနှင့် ငြိမ်သက် လွန်းနေသည်။ သမီးလေး အတွေးမှာ စိုးရိမ်ထိတ်လန့်မှုတွေများ ကျန်ရှိနေလေဦးမလား..!! ကျွန်မ ကိုယ်တိုင်ကတော့ မီးစက်လေးနှင့် မနေ့က ရေလေး နည်းနည်း တင်၍ ရလိုက်သော တိုက်ခန်းကျဉ်းလေး ကို ကျေးဇူးတင်နေမိသည်။ 

“တစ်ပတ်စာ နီးနီးတော့ လောက်မှာပါနော်..”
ဆိုတဲ့ “ကို့” အသံကြားမှ ပိုက်ဆံအိတ် ပါးပါးလေးကို ငုံ့ကြည့်ကာ နွမ်းလျ ဖျော့တော့စွာဖြင့်.....
“အင်း..”
ဟု ဖြေရင်း သက်ပြင်း အချမှာပင် ဈေးရောက်နေပြီ ဆိုတာ သတိထား မိတော့သည်။

သမီးလေးကို မတတ်သာလို့သာ ခေါ်ခဲ့ရပေမယ့် နောင်တက ရချင်ချင်။ အပြိုအပျက် များကြားတွင် ရအောင် ဖွင့်ထားသော ဈေးလေးက တိုးမပေါက်..။ အလုအယက် ကြပ်သိပ်ရှုပ်ထွေးစွာနှင့် ဆူညံလို့နေသည်။ သမီးလေးလက်ကို တင်းနေအောင်စွဲယူရင်း အပူတွေ ကိုယ်စီ ထွေးပိုက်ထားသည့် လူတွေကြား တိုးဝှေ့ဝင်ခဲ့သည်။ ကြက်ဥ တစ်လုံးကို ၃၅၀ ကျပ်တဲ့ ကုန်ဈေးနှုန်းက တစ်ခါမှ မကြားဖူးတဲ့ အဆင့်ကို ခုန်တက်သွားပြီ။ 

လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော နွမ်းဖတ် ရိသဲ့နေသည့် တစ်ထောင်တန် အဟောင်းလေး ငါးရွက်ကို ကျွန်မ ဖြန့်ကြည့်မိ လိုက်သေးသည်။ ရှိတာလေးနှင့် ရသလောက် အမြန်ဆုံး တိုးဝယ်ပြီး ပြန်ထွက် ရုံသာ..။ “တစ်ပတ်စာ လောက်တော့..” ဟု ပြောသွားခဲ့သော “ကို့..” စကားကို သတိရမိရင်း ကျွန်မ ဝယ်လို့ရလိုက်တာက သုံးရက်စာပင် မရှိပေ။ အတွေး များစွာနှင့် သက်ပြင်းကို ဖွဖွချရင်း ဈေးမှအထွက် မထင်မှတ်တဲ့ မြင်ကွင်းလေးတစ်ခုက ကျွန်မရင်ဝကို လာ ဆောင့် သည်။ မြောင်းဘေး က မြေကြီးပေါ်မှာ ထိုင်နေကြသော မည်းညစ် ချောက်ကပ်နေသည့် ကလေးငယ်နှစ်ယောက်..။ 

အရိုးပေါ် အရည်တင် မျက်နှာလေးက ကြေကြေကွဲကွဲနှင့် ကျွန်မကို စိုက်ကြည့်နေ၏။ လိုအပ်တာထက် ပိုပြူး နေသည်ဟု ထင်ရသည့် မျက်လုံးလေး တစ်စုံက ကျွန်မကို ကျောက်ရုပ်တစ်ရုပ် ဖြစ်သွားစေသည်။ အကြီးမလေးက သူ့မောင်လေးဟု ယူဆရသော ကလေးငယ်၏ ကျောကုန်းကို ကုတ်ပေးနေသည်။ ခြင်ဖုလေးတွေကို ကုတ်ရင်း ကြီးလာဟန်တူသော အနာလိုလို အပိန့် အကြီးကြီး တွေနှင့် ကလေးငယ်က ယားလွန်း၍လား ဆာလောင်၍ လားမသိ... ကျယ်လောင်စွာ အော်ဟစ်ငိုယိုလို့ နေသည်။

“ဘုရား.. ဘုရား..!! သူတို့မိဘတွေရော..!! သူတို့မောင်နှမ..!! ပြန်စရာအိမ်..!! စားစရာ...!! ဟင့်အင်း..!!” ကျွန်မ အာခေါင်တွေ ခြောက်ကပ်ကွဲအက် လာလိုက်တာ အသက်ရှူလို့ပင် မဝတော့။ သမီးလေးလက်ကို ပိုမိုတင်းနေအောင် ဆုပ်ကိုင်လိုက်သည်။ ပါသမျှ လေးနှင့် သုံးရက်စာမရှိတရှိ ဝယ်လာသော ကြွပ်ကြွပ်အိတ် အကြီးကြီး နှစ်လုံးကို ဘယ်ညာဆွဲ၍ ကိုင်ထားသော ဇင်မာ့ လက်ထဲက အိတ်တစ်လုံးဆီ ကျွန်မလက် အလိုလို ရောက်သွားခဲ့ပြီ။ ဆတ်ကနဲ ခပ်မြန်မြန်ပင် ဆွဲယူကာ ထို ကလေးမ လက်ထဲသို့ ထည့်လိုက်မိသည်။ 

 မထင်မှတ်ပါပဲ ဝင်းလက်သွားခဲ့သော မျက်လုံးပြူးပြူးတွေကို ကျွန်မကြာကြာ မကြည့်နိုင်အောင် လူတွေ တိုးဝှေ့ လို့ လာပြန် သည်..။ သမီးနှင့် ရွယ်တူမရှိတရှိ ကောင်မလေး.. ပြီးတော့ နှစ်နှစ်သားခန့်သာ ရှိဦးမည့် သူ့မောင်လေးရဲ့ ပုံရိပ်တွေက ကျွန်မအတွေးမှာ ကပ်၍ လိုက်ပါလာခဲ့ပြီ....။ သမီးလက်လေးတွေကို ဆွဲကိုင်ယူရင်း လူကြားထဲက တိုးအထွက် မထင်မှတ်ပဲ မိုးစက် အကြီးကြီး တွေနှင့် မိုးခပ်ကြဲကြဲ ရွာချလိုက်သည်။ မိုးသားတွေကို မော့ကြည့်ပြီး ခေါင်းပြန် အချ ကျွန်မတို့ကို လှမ်းကြည့်နေသည့် “ကို..”..။  

ဆတ်ကနဲ ခေါင်းညိတ်ပြတဲ့ “ကို့” မျက်ဝန်းတွေက ညိုမှောင်ရီဝေလို့..။ ပုခုံးပေါ်ကို ဖွဖွလေးလာတင်သည့် “ကို့” လက်ဖမိုးကို ကျွန်မ လက်လေးတစ်ဖက်နှင့် ပြန်လည် ဖြစ်ညှစ်ထားလိုက်မိသည်။ သက်ပြင်း ချသံနှင့်အတူ မောင်နှမ နှစ်ယောက်ကို လှမ်းကြည့်နေ သည့် “ကို့” မျက်လုံးတွေထဲမှာ စာနာသနားစိတ်နဲ့ အကြင်နာ တရား တွေ ရောပြွမ်းလို့နေသည်ပဲ...။

မိုးသား မည်းမည်းတွေက ထစ်ချုန်းသံနှင့်အတူ အငြိုးကြီးနေဆဲ.. ရန်လိုနေဆဲ..။ အင်္ကျီလက်ပြတ်လေးနဲ့ သမီးက သူ့လက်မောင်းပေါ်က မိုးစက်တွေကို လက်သေးသေးလေးနှင့် သတ်ချရင်း...
“မိုးစက်လေးတွေ ကလည်း အေးလိုက်တာနော် မေမေ..” တဲ့။ ကျွန်မ ယောင်ရမ်းပြီး ခေါင်းညိတ် ပြလိုက်မိသည်ထင်၏..။

တကယ်တမ်း ကျွန်မ ပါးပြင်နှစ်ဖက်ပေါ်က မိုးစက်တွေ ပူနွေးနေကြတယ်ဆိုတာ...။

(ခင်လေးငယ်)


မှတ်ချက်။ ။ လွန်ခဲ့တဲ့ ငါးနှစ်က ရေးခဲ့ဖူးသော နာဂစ်ခြွေအပြီး နံနက်ခင်း တစ်ခင်းစာပြကွက် ဝတ္ထုတိုလေးပဲ ဖြစ်ပါတယ်...။


1 comment:

Anonymous said...

မိုင်တိုင်နှစ်ဆယ် စာအုပ်မှာ စဖက်ဖူးတာပါ စာရေးအရမ်းကောင်းတယ်နော်