Tuesday, May 1, 2012

အနားသတ်မရှိသော...



မှိုင်းတက်လာတဲ့ ကောင်းကင်ကို မော့အကြည့်မှာပဲ ကျွန်မမျက်နှာပေါ် မိုးဖွဲသေးသေးလေးတွေ ကျလာခဲ့သည်။

ထိုင်နေမိတဲ့ ခုံတန်းပေါ်က ထရပ်ပြီး ဟိုး... ခပ်လှမ်းလှမ်းဆီက ထီးလိုအမိုးနဲ့ နေရာတစ်ခုဆီ လျှောက်သွားလိုက် ရလေမလား.. ပေပေ တေတေ နဲ့ ကျွန်မ ဆက်ထိုင်နေ သင့်သလား..!! မိုးက သူ့ရာသီမဟုတ်ပဲ ရွာအချမှာ ကျွန်မကတော့ ကျွန်မစိတ်ရာသီ အကျင့် တစ်ခု အလိုအတိုင်း ထ... မရပ်ဖြစ်လိုက်..။ အို... မိုးက မိုးပဲ... သူ ရွာချင်ရွာမယ်.. ကျွန်မလည်း ဆက်ထိုင်ချင် ထိုင်နေမယ် ဒါပါပဲ။

ကံတရား ကပဲ ကျွန်မကို အလိုလိုက်လိုက် လေသလားတော့မသိ... မိုးဖွဲလေးတွေက မိုးပေါက်တွေအဖြစ် ပြောင်းမသွားခဲ့။ ခပ်ကျဲကျဲ နဲ့ ဖွဲဖွဲဖွဖွလေး သူ့တာဝန်သူ ငြိမ်ငြိမ်လေး ဆက်ထမ်းဆောင်လို့..။မနေ့က ခုလို အချိန် မှာလည်း ဒီလိုပဲ မိုးတွေအုံ့နေခဲ့ပါသည်။ ငွေ့ငွေ့လေး နွေးနေတဲ့ စကားသံတွေလည်း ကျွန်မ နားထဲမှာ မနေ့က အတိုင်း။  အေးစိမ့်စိမ့်နိုင်တဲ့ လေတွေကလည်း မနေ့ကလိုပဲ ကျွန်မခန္ဓာကို ပွေ့ဖက်လို့။ မတူတာ တစ်ခု-- မနေ့က ခုလို မိုးဖွဲလေးတွေ ရွာမနေခဲ့တာပဲ ဆိုပါတော့။ ကျွန်မ တစ်စုံတရာကို လွမ်းဆွတ်ရင်း သတိတရ ရှိလွန်းနေသည်။

ကိုယ်တိုင် ဟန်ဆောင်ပြီး ခေါင်းကို ရမ်းခါထုတ်ပစ် လိုက်ရင်ကော..!! ဒါမှမဟုတ်..!!!  အားသန်နေသည့် အရာကတော့ အဲ့ဒီ တစ်စုံတရာကို ကျောက်စိမ်းရောင် ပိုးကတီပါ တစ်စနှင့် တယုတယလေး ထုပ်ပိုးရင်း အစိမ်းရင့်ရောင် သော့တစ်ချောင်းခတ်ကာ သိမ်းထားချင်မိခြင်း ဖြစ်၏..။ ထို အစိမ်းရောင်အထုပ်မှာ ရနံ့တစ်ခုသာ ရှိနိုင်မည် ဆိုလျှင် ထိုရနံ့သည်.. ပန်းနုရောင်ပန်းတစ်ပွင့်၏ နူးညံ့လွန်း တဲ့ ချိုမြိန် ရနံ့လေး ထုံသင်းနေမှာ သေချာလေသည်..။

သူပြော သွားခဲ့သော စကား အတော်များများမှာ ခဏခဏပါတတ်သည့် စကားတစ်ခွန်းကို အကြိမ်ကြိမ် သတိရနေမိသည်။ 
“ခင်ဗျား ဟာ အတော် နားလည်ရ ခက်တဲ့ မိန်းမ တစ်ယောက်ပဲ...”

တွေးရင်း ပြန်ပြန်ရောက် သွားမိတဲ့ မနေ့က ဆိုသည့် ထိုအချိန်များ ထဲတွင် ကျွန်မ ပြန်လည် မွေ့လျော်နေလိုသေး၏။

“တကယ်ဆို ဘာမှန်းမသိတဲ့ ခင်ဗျားလို အမျိုးသမီးကို ကျနော် စိတ်မဝင်စားသင့်ဘူး...”

ကျွန်မ ကိုယ်တိုင် မှန်တစ်ချပ်ထဲ အတင်းတိုးဝင် ဖွေရှာပြန်တော့လည်း ကျွန်မ စိတ်တွေကို မြင်နိုင်သည်မဟုတ်။ သူပြောသလိုပဲ ကျွန်မ ဘယ်သူလဲ..!! ဘာကိုတွေးပြီး ဘာတွေကို အကောင်ထည်ဖော်ဖို့ ဆန္ဒရှိသူလဲ..!! ကျွန်မ အာသီသ ရှိနေသည့် အရာတွေဟာ ဘယ်လို ပုံပန်း သဏ္ဍာန်မျိုးနဲ့ ကောက်ကြောင်းထင် နေတတ်တာလဲ..!! ကျွန်မနဲ့ ခပ်နီးနီးမှာ ရှိနေတတ်လား..!! ဟိုး.. ကောင်းကင်ပေါ် က တိမ်တိုက်ညိုတွေထဲမှာ ပုန်းအောင်း ကွယ်ဝှက်နေတဲ့ မူပိုပို ကဗျာတစ်ပုဒ်လို ရှိနေမလား..!!

“ခင်ဗျားဟာ အိပ်မက် မမက်တတ်သူပဲ... အချစ်ကို ခံစားတတ်သူမှ မဟုတ်တာ..”  

ကောက်ကာ ငင်ကာနှင့် သူပြောချလိုက်သည့် ထိုစကားမျိုးမှာ မှင်တက်သွားမှု မရှိ။ ကြောင်အမ်းအမ်း မနိုင်။ ကျွန်မစိတ်တွေက ပကတိ အလျားလိုက် ရွေ့လျားလို့ နေခဲ့ပါသည်။ ထိုက်သင့်တဲ့ ရင့်ကျက်မှုတစ်ခု ရှိလာသည့် လူတစ်ယောက်အဖို့ အချစ်ဆိုတာကို နားမလည် တတ်သူ ရှိမည်မထင်။ ကျွန်မ ခံစားတတ်ပါသည်။ တွေးယူ နားလည် တတ်ပါသည်။

သို့သော် ထိုအရာနှင့် ပတ်သက်၍ ကျွန်မ ရှင်းပြဆွေးနွေး လိုစိတ် မရှိပြန်။ လူချင်း နီးကပ် ပေါင်းစပ်ဖို့၊ တစ်စုံတစ်ဦးထံမှာ အချစ်ကိုအပ်နှံဖို့၊ ချစ်ခြင်းကို ရယူပိုင်ဆိုင်ဖို့၊ ဒါမှမဟုတ်... အသစ်အသစ်သော ဘဝ တစ်ခု ကို အတူတကွ အခြေခိုင်ခိုင် အုပ်မြစ်ချဖို့ ဆိုတာမျိုး ကျွန်မ မတွေးမိ ခဲ့ချိန်တွေ နှစ်ချို့လာခဲ့ပြီ။ ကျွန်မစိတ်တွေ အတိတ် တစ်စမှာ ဒဏ်ရာ ရခဲ့ဖူးသည်လား..!!

ဟင့်အင်း.. မှားပါသည်။ ချစ်ရမှာကို သတ္တိမရှိသူ မျိုးလား..!!  ဒါလည်း မဟုတ်ပြန်။ အတွေး လွန်တတ်သူ တစ်ဦး မဟုတ်သလို နုံချာချာနှင့် လွယ်လင့်တကူ ခေါင်းညိတ် တတ်သူလည်း မဟုတ်။ ဒါဆို.. အတ္တကြီးသူ လား...!!! ဒီ စကား တစ်လုံးကတော့ ကျွန်မအတွက် နီးစပ်ကောင်း နီးစပ်ပါလိမ့်မည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ..............”

တုံးတိတိ ထို စကား၏ နောက်ကွယ်ကို ကျွန်မ ပုန်းလျှိုးကွယ်လျှိုး လိုက်ရှာမိခဲ့ သေးသည်။ ကောက်ကျစ်စဉ်းလဲမှုမျိုး မတွေ့ရ။ ရမ္မက်ပြင်းသော ပူပူလောင်လောင် စိတ်မျိုးမမြင်ရ။ သူပြောလိုသည်ကို ခပ်ရိုးရိုးရှင်းရှင်းနှင့်  စွပ်စွဲခြင်း၊ သို့မဟုတ် တင်ပြခြင်း သက်သက် မျှသာ ဖြစ်နေ၏။ တွေဝေမှု ကင်းစင်နေသည့် အမျိုးသားတစ်ဦး၏ မျက်နှာကို စက္ကန့်အတော်များများ ရင်း၍ ကျွန်မ ငေးမောကြည့်ခဲ့ ပါသည်။

သူ့ မျက်နှာပေါ်တွင် အလင်းတချို့ တစ်ဝက်တစ်ပျက် ကျနေခဲ့သည်။ သူကိုယ်တိုင် ဖွင့်ဟဝန်ခံ ပြောချလိုက်သော စကားတိုင်းကို တာဝန်ယူလိုစိတ်၊ ယုံကြည်စိတ်ချစိတ် အပြည့်ရှိနေသူ မျက်နှာမျိုးလည်း ဖြစ်သည်။ လေးစားစိတ်ဖြင့် ကျွန်မ ပြုံးမိတော့ သူက ခပ်လှမ်းလှမ်း ခုံတန်းရှည်ပေါ်တွင် နားနေသော ငှက်လေး တစ်ကောင်အား စိုက်ကြည့်နေခဲ့၏။

“တစ်ခါတလေ တော့ ခင်ဗျားဟာ ကျွန်တော် သိပ်ဖတ်ချင်တဲ့ ကဗျာတစ်ပုဒ်ပါ..”

ကဗျာ...!! ကျွန်မ....!!! ကဗျာမဆန်တဲ့ ကျွန်မကို ကဗျာတစ်ပုဒ်လို ဖတ်ချင်နေသူ တစ်ယောက် ကျွန်မဘေးမှာ ကပ်၍ ထိုင်နေလျက်ကပင် တိမ်တိုက်ကို မော့ကာ ကြည့်ပြန်သည်။ ထို သူသည် ကျွန်မအတွက်  အန္တရာယ် ကင်းစွာ  နှစ်လိုဖွယ် ကောင်းနေခဲ့ ပါသည်။ သို့သော်... ကျွန်မ နှုတ်ဆိတ်မြဲသာ ဆိတ်နေခဲ့မိ၏။ သူ့ မျက်လုံးတွေရဲ့ လားရာအတိုင်း ကျွန်မ လိုက်ကာ မော့ကြည့်မိတော့ အုံ့မှိုင်းစ ပြုနေသော တိမ်တိုက်တို့သည် ကျွန်မအကြည့်မှာ ရုတ်ကနဲပင် မည်းမှောင်သွားကြ ပြန်သည်။ တိမ်တိုက်တွေတောင် ကျွန်မ စိတ်တွေကို နှစ်မြို့ဟန် မတူ..။

“ကျွန်တော် ဘာကို ကြားချင်တယ်လို့ မပြောလိုတော့ပါဘူး” 

ထို စကားအတွက် ကျွန်မသူ့ကို ကျေးဇူးတင်မိ သွားပါသည်။ ပေါ့ပါးလွတ်လပ်စွာနှင့် ရုန်းထလာသော ကျွန်မစိတ်တို့သည်လည်း ကျွန်မအလိုကျ ပေါ့ပါးသထက် ပေါ့ပါးနေကြ ပေလိမ့်မည်။ ကျေးဇူးတင် ကျေနပ်စိတ်အချို့နှင့် မှိုင်းဝေဝေ ညနေခင်းကို ကျွန်မတို့ ကိုယ်စီနှုတ်ဆက်ဖို့ ပြင်ဆင်ခဲ့ကြ၏။ အမျိုးသားတစ်ဦး၏ အပြုံးသည် တည်ငြိမ်ကြည်စင်နေသလို ကျွန်မ၏ နှုတ်ခမ်နှစ်လွှာ သည်လည်း ပြေလျော့လျော့ ရှိနေခဲ့ပါလိမ့်သည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ပါ.... ခင်ဗျား ထင်တာထက် ကျွန်တော် ပိုချစ်နေမယ် ဆိုတာပါပဲ... အချိန်ရယ်.. ခင်ဗျား သတိမမှုမိတဲ့ ကျွန်တော့် နားလည်မှု တွေရယ် က အကောင်းဆုံး သက်သေ ပြ ပါလိမ့်မယ်”

တိတ်ဆိတ်သွား ခဲ့သည်။ အိမ်ပြန်ချိန်အတွက် နှုတ်ဆက် ခွဲခွာလိုက်ကြသည်။ အင်မတန်မှ ရိုးရှင်းခဲ့ပါသည်။
သို့သော်.....!!!

မနေ့က ရိုးရှင်း လွန်းသည်ဟု ထင်အပ်ခဲ့မိသော တစ်စုံတရာသည်... ယနေ့ မိုးဖွဲများ အောက်မှာပင် မထင်မှတ်လောက်အောင် ကျွန်မအတွက် ဆန်းကျယ်လွန်း နေခြင်းပင် ဖြစ်တော့၏။ မျက်လုံးအစုံကို မှိတ်ကာ အမြင်အာရုံကို ဖျောက်လိုက်သည်။ အတွေးထဲမှာ အဆင်သင့် ရှိနေပါသော အစိမ်းရောင် ပိုးပုဝါကို ဖွဖွလေး ဖြည်ချသည်..။

အရာတစ်ခုကို တယုတယ ကျွန်မ ထည့်လိုက်သည်။ ထို့နောက် သွေးစအချို့ဖြင့် ရဲရဲနီနေသည့် ဆုပ်ကိုင်မရသော ထိုအရာလေးကို အစိမ်းရောင် သော့ငယ် တစ်ချောင်းနှင့် တစ်သက်လုံးစာ ခတ်လိုက်တော့သည်...။ ကျွန်မ နှလုံးသားသည် တစ်ဖြတ်ဖြတ် လှိုက်မော တုန်ရီနေခဲ့သည် ထင်၏..။

“ကျွန်မ ရှင့်ကို...........”

ထို အစိမ်းရောင် ပုဝါထုတ်လေးထဲသို့ တိုးဖျော့ကာ မရဲတရဲနှင့် တိမ်ဝင်သွားခဲ့သော ကျွန်မ စကားသံလေးမှာ ဝန်ခံလိုမှု အင်အား ကင်းမဲ့ ၍ နေပါလိမ့်မည်...။ ထို စကားတစ်ခွန်း၏ အနားသတ်မျဉ်းကို မဆွဲလိုက်သူမှာ ကျွန်မ ကိုယ်တိုင်ပင် ဖြစ်ပါသည်။ မည်သည့် တစ်ဦး တစ်ယောက်မှ သိရန် မလိုအပ်တော့ပါ။

(ခင်လေးငယ်) 

No comments: