Friday, April 27, 2012

~ Unseen ~



“ ဒီတံခါးကို ဘာလို့ မဖွင့်တာလဲ..? လေကောင်းလေသန့် ရနိုင်တယ် မဟုတ်လား..?? ”

ကျွန်မ သူငယ်ချင်း တစ်ယောက် က တံခါးတစ်ပေါက်ထံ လက်ညှိုးညွှန်ကာ မေးခွန်းထုတ်သည်။ ကျွန်မ အဖြေ ကို မည်သည့် အခါမှ ရတတ်လေ့ မရှိသော်လည်း ထိုသို့သော မေးခွန်းမျိုးနှင့် အလားတူ မေးခွန်း များစွာ ကို သူမ မေးမြန်းတတ်လေ့ ရှိသည်မှာ နှစ်ချီခဲ့ပြီ..။ ကျွန်မကလည်း ထုံးစံအတိုင်း သူမ လက်ညှိုး ညွှန်ရာ ကို လိုက်လံကြည့်ကာ ခပ်ဆိတ်ဆိတ်နှင့် ပြုံးပြလေ့ရှိ၏။

မကြာသေးခင် လပိုင်းလေးက သူမမေးခဲ့သော မေးခွန်းဟောင်း တစ်ခုကို ကျွန်မ ပြန်သတိရ လာမိသည်..။ ထပ်တူ ကျသော မေးခွန်းပင်ဖြစ်၏။ သို့သော် အဖြစ်ပျက်သည်ကား ဆန့်ကျင်ဘက်..။ ထိုစဉ်က သူမ လက်ညှိုး ညွှန် ခဲ့ရာသည် ကျွန်မ အိမ်ထမင်းစားခန်း စားပွဲဘေးမှ ပြတင်းပေါက်ကျယ်ပင်..။

“ ကိုယ် မင်းအိမ်လာချိန်တိုင်း ရာသီမရွေး ဒီပြတင်းပေါက်ကို ဖွင့်ထားတာပဲ တွေ့ရတယ်နော် ~ ဘာလို့ မပိတ် တာလဲ..!! မှန်တွေက ကြည်နေတာပဲကို.. လိုက်ကာဖြူတွေကို ဆွဲဖွင့်ထားယုံနဲ့ ဒီမြင်ကွင်းကိုပဲ အတိုင်းသား ကြည့်လို့ ရတယ် မဟုတ်လား..? ”

ပြတင်းပေါက်ကို တစ်လှည့် သူမ မျက်နှာလေးကို တစ်လှည့် ငေးမောရင်း ကျွန်မ နှုတ်ဆိတ်နေခဲ့ပါသည်။ ထူးဆန်း သည်မှာ ကျွန်မ သူငယ်ချင်းသည် မေးခွန်းတိုင်းကို ထိုအကြိမ်များတွင် တစ်ခါမျှသာ မေးတတ်လေ့ ရှိ၏။ ကျွန်မ အဖြေကို မရမချင်း ထပ်ကာ တလည်းလည်း သူမ မမေးတတ်ပေ။ သူမသည် မေးခွန်း များ သာ မေး၍ ကျွန်မ၏ နှုတ်ဆိတ်နေမှုနှင့် ကျွန်မ၏ အပြုံးများကို ကျင့်သား ရနေသူမျိုးလည်း ဖြစ်နိုင်ပါသည်။

နှုတ်ဆိတ်နေမှု မှာပင် အဖြေတစ်ခု ရှိနေခဲ့ပြီ။ ကျွန်မ နှုတ်ခမ်းဖြားတွေမှာ အပြုံးနှင့်အတူ အဖြေရှိနေခဲ့၏။ ဘာ့ကြောင့် တံခါးပေါက်တွေကို ဖွင့်ရ ပိတ်ရပါသလဲ ဟူသည့် အမေးမျိုးကို သူမအား ကျွန်မ ရှင်းပြ ဖြေကြား ရန် မလိုအပ်လှ..။ အကယ်၍ စကားလုံးများအဖြစ် ကျွန်မ သူ့ကို ဖြေပြခဲ့သည် ရှိသော်ငြား သူမ သေချာ စွာ နားလည်နိုင်မည် မဟုတ်ပါ..။ သူမ မြင်နိုင်သော မြင်ကွင်း၌ ရှိသော တံခါးများကိုသာ သူမ သိနေ၍ ဖြစ်ပါသည်။

ကျွန်မတွင် ကျွန်မသူငယ်ချင်း မသိသော တံခါးများစွာ ရှိနေပါသည်။ ကျွန်မ ထပ်ပြောလိုပါသည်။ ထိုတံခါး အားလုံးတို့သည် သူမ မြင်နိုင်သော မြင်ကွင်းထဲတွင် ရှိမနေပါ။ သူမနည်းတူ ကျွန်မ၏ တံခါးများကို မည်သူ မှ မြင်နိုင်မည် မဟုတ်။ တကယ်တမ်းတော့ ကျွန်မ၏ တံခါးများကို ကျွန်မကိုယ်တိုင် တွန်းဖွင့် မထားသလို သော့ခတ်၍ လည်း ပိတ်မထားပါ..။ ကျွန်မ၏ တံခါးတိုင်းသည် သူ့အလို သူ့ သဘာဝ အတိုင်းသာ လွတ်လပ် လှပ သေသပ်စွာ ရှိနေပါလိမ့်မည်။

မည်သူ့ကိုမှ မည်သည့် အကြောင်းပြချက်များနှင့် ဘယ်သောအခါမှ ကျွန်မ ဖြေကြားဖြစ်တော့မည် မဟုတ်။ တွန်းဖွင့် ရန် မလိုအပ်သော~ ဆွဲစေ့ရန် မလိုအပ်သော~ သော့နှင့်ခတ် ပိတ်ရန် မလိုအပ်သော~ ကျွန်မ၏ တံခါး များ ကို ကျွန်မ ချစ်ပါသည်။ ပိတ်ထားသော်ငြား ကျွန်မ၏ ရှုရှိုက်ခြင်းအတွက် လုံလောက်စွာ လေဝင်လေထွက် ကောင်းနေ ပါလိမ့်မည်။ ဖွင့်ထားပါလျှင်လည်း စိတ်အနှောက်ယှက် ဖြစ်စရာ တစုံတရာ မျှ ကျွန်မ တွင် ရှိမည် မဟုတ်ပါ။

ကျွန်မ ၏ ထိုတံခါးများ အကြောင်းကို မည်သူတစ်ဦး တစ်ယောက်မျှ နားလည်မည် မဟုတ်သော်လည်း ကျွန်မ ကျေနပ် ပါသည်...။

(ခင်လေးငယ်)

1 comment:

NHA said...

အစ်မရဲ့တံခါးတွေကို မမြင်ရပေမဲ့ ... ခံစားမိတယ်လို့ ( ထင်ပါတယ် )