Sunday, April 29, 2012

ကြယ်သီကြိုး (သို့မဟုတ်) ရင်၌တည်သော ထိုချစ်ခြင်း


ချစ်တတ်ခြင်းသည် အချစ်ဖြစ်သည်...။ ထို့အတူ တစ်ရံတစ်ခါ၌ ဖြစ်ခဲ့သော ချစ်ဖူးခြင်း သည်လည်း အချစ်ဖြစ်ပါသည်...။ ပုထုစဉ်မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူ ရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ်တခါမျှတော့ အချစ်ကို ခံစားဖူးပါလိမ့်မည်..။
ငယ်ရွယ်နုပျိုစဉ် တွင် ဖြစ်စေ.. တည်ငြိမ်ရင့်ကျက်သော အရွယ်တွင်ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင်ဖြစ်စေ.. နူးညံ့သော ချစ်ခြင်း တစ်ခု၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော် ဖူးလေမည်..။ နှလုံးသားကို ဗဟိုပြု၍ ရင်၌ တည်သော စစ်မှန်သည့် ချစ်ခြင်း သည် အသက် အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတုရာသီမရွေး ကွေ့ကောက် ကင်းစွာ မိမိ ထံသို့ တန်းတန်း မတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။  

ဟန်ဆောင် ထိမ်းချုပ်ရန် အင်မတန်မှ ခက်ခဲသော အရာသည် အချစ် ဖြစ်ပါလိမ့်မည်..။ ချုပ်တည်းနိုင်စွမ်း မည်မျှပင်ရှိနေပါစေ မိမိစိတ်၏ ခံစားဖြစ်တည်မှုကို ကိုယ်တိုင် အချိန် ရှည်ကြာ လိမ်ညာ ဖုံးကွယ် ၍ လုံးဝရနိုင်မည် မဟုတ်ပါ..။


~~~~~~~~~~~~~~~~။။။။။။~~~~~~~~~~~~~~~~~


“ချစ်ဖူးပါသည်.. ချစ်ခဲ့ပါသည်.. ချစ်နေဆဲ ဖြစ်ပါသည်..။”

တိုးတိုး တိတ်တိတ် နေဝင်သွားတဲ့ ညနေတွေ အများကြီး ရှိနေဆဲပါ..။ ကျွန်မတို့အတွက် နေ့သစ်တွေ ရောက်လာ ဦးမယ် ဆိုပါဦး.. ဘယ်မှာလဲ အတူတူရှိနိုင်မဲ့ အာရုံဦးနဲ့ ညနေခင်းတွေ ညတွေရယ်...။ ရခဲ့ဖူး သလား မရတော့ တာလား ရနိုင်သေးတယ် မရနိုင်တော့ဘူး ဘာမှမသိနိုင် တော့တာလား..!! နမိတ် မဖတ်တတ်သူ ကျွန်မတို့နှစ်ဦး ဘယ်အရာကိုမှ အတိတ်မကောက် ခဲ့ဖူးတာတော့ သေချာပါရဲ့နော်။ ကျွန်မလေ... ဘာကိုမှ ကြေကွဲမနေပါဘူးကွယ်..။ အရာရာဟာ ဟိုး အရင်အတိုင်းပါပဲ သူ့ အလိုလိုလေး ပဲပေါ့...။


နှိုင်းနှိုင်းဆဆ နဲ့ ချင့်ချိန်ကြည့်ဘို့ ဆိုတဲ့စကားလုံးလေးက ကျွန်မတို့ စိတ်တွေနဲ့ သိပ်ကိုဝေးလွန်းခဲ့ပါတယ်..။ စိတ်တွေ နဲ့ လျှောက်လှမ်းနေ တဲ့ ကျွန်မတို့ လမ်းလေးက ဖြောင့်ဖြူးနေလွန်းလို့..။ သူနင်းလျှောက်သွားတဲ့ ရွက်ခြောက်ကြွေလေးတွေရဲ့ တိုးသဲ့သဲ့ ညည်းတွားသံ ကို ကျွန်မခံစားမိနေသလို ကျွန်မဘယ်ဖက် လက်ကောက်ဝတ်ပေါ်က လှုပ်လှီလှုပ်လဲ့ တွဲခိုနေတဲ့ ကြယ်လေးတွေ ရဲ့ ခိုးခစ်ခစ် ရယ်သံလေးတွေကို နားထဲမှာ အလွတ်ရနေ တတ်ခဲ့သူဟာ ဘယ်သူများ ရှိနိုင်သေးလို့လဲ...။ 

ဘယ်သူပြောမလဲ... ကျွန်မတို့ကို...!! ရူးတယ်လို့ပေါ့..။ ဘယ်လိုပြောပြော ပြောကြပါစေ.. နူးညံ့နေဆဲပါ။



လာသွားမယ် 
ဟောဟိုကမ်းစပ်  
ခရုကောက်ရင်းတေးဆို  
နေညိုညိုမှာ 
ငိုမှာ စိုးတယ်  
မောင့်လက်ကိုတွဲ  
အားသစ်ဖြစ်စေ 
နွေးထွေးစေ..။

လေအသော့မှာ တရိပ်ရိပ်ပြောင်းသွားတဲ့ တိမ်ပန်းချီတွေကို မော့ကာငေးရင်း ဟက်ဟက်ပက်ပက် ရယ်မောရင်း ကလေးငယ် လေးတွေ လို ဆော့ပြေးဖူးတဲ့ ညနေတွေကို သတိအရမှာ ပြုံးမိပြန်သေးတယ် မောင်..။ နှုတ်ခမ်းပါးမှာ လက်တမ်းကဗျာလေးတွေ “တွဲခို..” မျက်ဝန်းနက်နက်မှာ အကြည့်လဲ့လဲ့တွေက “လက်စို..”။ 



ဒီလိုနဲ့ပါပဲ... ချစ်ခြင်းမူဟန်ကိုယ်စီနဲ့ ချစ်ခြင်းတွေကို ချခင်း.. ချစ်ခြင်းလမ်းမှာ ဖွဖွနင်းရင်း.. ချစ်ခြင်းနဲ့ ကြည်စယ်.. မပျယ်မဲ့ သစ္စာ နဲ့ ချစ်ခြင်းကိုပွေ့ပိုက်လို့ အိမ်အပြန်တွေဟာ သိပ်ကိုလှပ လွန်းခဲ့ပါတယ်..။ ငှက်လေးတွေရဲ့ အိပ်တန်းတက် တေးဆိုသံကို ခြေရာကောက် တော့ နေကြာဝါဝါတွေက မခို့တရို့လေးနဲ့  ငိုက်မြည်းပြ ကြသေးတယ်...။

အိပ်မက်မှာ အာရုံခံ ရေတွက်ခဲ့တဲ့ ဟော.. ဟို နက်ပြာပြာ ကောင်းကင်ထဲက ကြယ်တွေလည်း အများကြီး ရှိခဲ့ဖူးသေးတာပေါ့။ ကျွန်မ ပြောပြ မိခဲ့တာ မှတ်မိနေဦးမှာကို ယုံကြည်နေမိဆဲပါ...။ အဲ့ဒီညမှာ ဘယ်လို ကြယ်လေးမျိုးမှ မကြွေစေရဘူး ရယ်လို့ နှစ်ဦး သဘောတူ တိုးတိုးလေး ရွတ်ဆိုမိခဲ့ကြဖူးတယ် ဆိုပါတော့..။

“သဲပြင်ပေါ်မှာထိုင်ပြီး ညကောင်းကင်က ကြယ်တွေကို ကျွန်မတို့ လုပြီး ရေတွက် ကြမယ်လေ.. နော်”
“မေ့ကိုဝတ်ပေးဖို့ အနွေးထည်လေး တစ်ထည် ယူလာမယ်”

“ကျွန်မကကော ဘာယူလာမယ်လို့ မောင်.. ထင်လဲဟင်..” 
“ဒေါက်ဖိနပ် တစ်ရံ..”

“ဟင့်အင်း..” 
“ဟော.. ဆိုင်လည်း မဆိုင်ဘူးဆိုပြီး ပြုံးနေပြီ ဒါဆိုဘာလဲ တိုးတိုးလေးပြောပြ”

“ကြိုးလေး တစ်ကြိုး” 
ဟင်....

ဟုတ်တယ်.. မောင်“ 
“ဘာကြိုး..”  

“ကြယ်သီကြိုး” 
“မေ.... ရယ်” 

မှင်တက်မှုနဲ့ နူးညံ့သွားတဲ့ သူ့မျက်နှာဟာ နှစ်လိုဖွယ် တည်ကြည်နေသလို.. မျက်လုံးတွေထဲက ယုံကြည်ချက် သက်ငြိမ်ပန်းချီ တစ်ချပ် ကို  လှစ်ကနဲ မြင်ခွင့်ရလိုက်သူဟာ ကျွန်မဖြစ်ခဲ့ပါတယ်..။  အဲ့ဒီအချိန်လေးမှာ ရိုးရှင်းသန့်စင်တဲ့ ရင်ခုန် စီးကြောင်းလေး ဟာ မောင်ဆုပ်ကိုင်ထားတဲ့ ကျွန်မဘယ်ဖက် လက်ဖျားလေးဆီကနေ ဖြစ်တည်ခဲ့တာပါ.. မောင်..။ ကျွန်မတို့ နံဘေးမှာ ကဗျာသစ် တစ်ပုဒ် ကခုန်တော့မယောင်..။ အကြည့်တွေပြိုင်တူနဲ့ ခေါင်းကိုပင့်လို့ ကောင်းကင်ဆီကို မော့အငေးမှာ လှိုင်းပုတ်သံလေးက တိုးသဲ့သဲ့..။

အမူပိုပို
ချစ်သူ့အတွက်
တိုးတိတ်တောင်းပန်
မပြိုပါနဲ့
တိမ်မိုးညိုရယ်
မေ.. ငြိုငြင်မှာ
စိုးလှတယ်..။


တအိအိ ပြိုဆင်းလာတော့မဲ့ မိုးသားတွေကို မောင်က ကဗျာလေးနဲ့ တဖွဖွတောင်းပန်ချိန်မှာ ကျွန်မဆံနွှယ်တွေကို လေအေးအေးက ကျီစယ်..။ လေအသော့မှာ ကျွန်မခေါင်းထက်က ခပ်ကွေးကွေး စံပယ်ကုံးလေးဆီက ရနံ့လေး ပျယ်မှာတောင် စိုးမိရသေးတယ်.. တဲ့ လားကွယ်..။ 

“အချစ်ဆိုတာ ဘာများလဲ.. လို့ တကူးတက တွေးကြည့်ဖူးသလား မေ..” 
“အို...! အချစ်...!!” 
“ပြောကြည့်ပါလားဟင်” 
“ချစ်ခြင်းနောက်ကွယ်မှာ တွဲလျက်ကပ်ပြီး တွယ်ငြိလာတဲ့ အရာတွေ အများကြီးပဲ မဟုတ်လား ကွယ်..သူ့တစ်ခု တည်း ကိုတော့ အချစ် ဆိုတာ ဘာလဲဆိုပြီး ပုံသေ အဓိပ္ပါယ်ဖွင့်ဆိုလို့ မရနိုင်သလို.. ဖွင့်ဆိုနိုင်ဖို့လည်း လိုအပ်မယ် မထင် ပါဘူး... မေ ကတော့လေ ဘာတွေဖြစ်လာဦးမလည်း ဆိုတဲ့ အတွေးပေါင်းစုံနဲ့ ရင်မောမနေချင်ဘူး.. အဆုံးစွန် ထိ မေ.. တွေးကြည့်ဖူးသူပါ မောင်နဲ့မေကော ဒီလောက်ချစ်နေကြပြီး ခွဲခွာခြင်းဆိုတဲ့ တစုံတရာ မေတို့ဆီ ကို ရောက်မလာနိုင် ဘူးလို့ ပြောနိုင်လို့လား မောင်ရယ်... ခွဲခွာကြရရင်ကော တည်တည်ငြိမ်ငြိမ် မေ.. ရင်မဆိုင်နိုင် ပါဘူး.. အဆိုးဆုံးကို ကြိုတင်တွေးထားဖူးလို့ မေ့မှာ သတ္တိတွေရှိမယ် မောင်ထင်လား..!! ဟင့်အင်း မောင်ရယ် ခံစားနိုင် တယ် မခံစားနိုင်ဘူး ဆိုတာ သတ္တိနဲ့မှ မဆိုင်တာလေ.. နော်.. မခွဲရဖို့တော့ မေတို့ ကြိုးစားရမှာပေါ့.. ဘယ်လိုပဲ ဖြစ်ဖြစ် ပါကွယ်.. ဒီလိုနေ့လေးတွေ အတွက်ကော တသက်လုံးစာပါ  မောင့်ကို.. ချစ်တယ်...”    
“ဒါပေါ့ မေ.. ဝေးဝေးနီးနီး မောင်တို့ရင်ထဲက အချစ်တွေ ရှင်သန်နေသမျှ နူးညံ့သန့်စင်စွာနဲ့ ချစ်နေကြဖို့ပါပဲ.. မောင်ချစ်တာ မေ.. တယောက်ထဲ... ကဲ.. မေယူလာမဲ့ ကြိုးကလေးနဲ့ မောင်တို့အတွေးတွေထဲက ကြယ်လေးတွေ ကို တလုံးချင်း သီကြမယ်နော်..” 
"ဟုတ်......”

မြတ်နိုးချစ်ခင် ယုံကြည်ခြင်းတွေနဲ့ သူဆိုပြဖူးတဲ့ ကဗျာလေးတွေကို ကျွန်မနားဝမှာ ကြားယောင်လာတိုင်း ချိုလဲ့လဲ့ ပုံရိပ်လေးတွေ ကျွန်မ အနား ဖြတ်ဖြတ်ပြေးနေဆဲ..။ အခုဆိုရင်... ကျွန်မတို့တတွေ တယောက်အနားမှာ တယောက် မရှိနိုင်တော့တဲ့ နှစ်လတွေက မရည်တွက်နိုင်အောင် အများကြီးရှိနေပါပြီ..။ ဒါပေမဲ့... ကျွန်မစိတ်တွေက တရက်မှမခွဲခွာပဲ မောင့်ဘေးမှာ ရှိနေခဲ့တာပေါ့..။ ဒီလို ပါပဲ မောင့်.. ရင်ခုန်သံတွေလည်း ကျွန်မနဲ့ အနီးဆုံးမှာ လှုပ်ခါနေဆဲဆိုတာ ယုံကြည်လိုက်တာလေ..။ 




ကျွန်မ ကို ချစ်စနိုးနဲ့ မေမေ“မေ”.. လို့ ခေါ်တတ်တဲ့ ကျွန်မတူတွေ တူမတွေတောင် လူပျိုပေါက်လို့ ခေါ်ဆိုနိုင်လာတဲ့ အရွယ်တွေ ရောက်လို့နေပေါ့..။ မောင့်မှာလည်း ကျွန်မလိုပဲ တူတွေ တူမတွေ အများကြီး ရှိနေလောက်ပြီဆိုတာ ကျွန်မသိနေပါတယ်..။ ကျွန်မ တို့ နှစ်ယောက်လုံး အိမ်ထောင် မပြုဖြစ်ကြတာကို တိုက်ဆိုင်မှု တစ်ခုရယ်လို့တော့ ပေါ့ပေါ့လေး ပြောမထွက်ပါဘူးကွယ်..။ 




ကျွန်မ အတွက်ရယ်လို့ မောင်စပ်ပြီး သိမ်းထားနေတဲ့ မဆိုဖြစ်တော့မဲ့ ကဗျာလေးတွေ ဘယ်နှစ်ပုဒ်တောင် ရှိလို့နေပြီများလဲ..!! အဲ့ဒီလို ပါပဲ... ကျွန်မတို့ အတူတူ သီကုံးနေဆဲ ကြယ်လေးတွေကလည်း ကုန်မှ မကုန်နိုင်ပဲ..။ ကျွန်မတို့ ကြယ်သီကြိုးလေးက ဘယ်လောက် ပဲ ရှည်လျားလာပါစေ ဘယ်တော့မှ ပြတ်ထွက်မှာမှ မဟုတ်တော့ပဲလေ.. နော်..!!



ကျွန်မ ဆိုတာ မောင့် အသိလေးထဲမှာ ရှိနေသ၍ မောင်.. ဆိုတာ ကျွန်မနှလုံးအိမ် ထောင့်လေးတစ်နေရာမှာ နေရာယူထားသ၍.. ကျွန်မ တို့ ဘယ်မှာ ဝေးကွာခဲ့လို့လည်း..!! မကြာခင်မှာပဲ ကျွန်မ ဆံပင်လေးတွေ ငွေရောင် သမ်းလာတော့မှာ မောင်ရဲ့..!! ပြုံးစစနဲ့ မဆီမဆိုင် ဆံပင်ကို သပ်တင်လိုက်မယ့် မောင့်ပုံစံကို ကျွန်မ အတွေးမှာ မြင်ယောင်လာမိတယ်..။ သြော်... မောင်လည်း နောက် ရာစုနှစ် တစ်ကွေ့ နှစ်ကွေ့ကျော်ရင် ဖိုးဖိုးပဲပေါ့ကွယ်..။ 




ကျွန်မနားဝလေးမှာ မောင့်ခေါ်သံလိုလို စကားပြောသံလိုလို ကျွန်မ အတွေးမှာ တိုးတိုးလေး ကြားမိလိုက်ပါတယ်..။
“ကဲ... အတွေးတွေ ဝေမနေနဲ့ မေ ရယ်.. မောင်တို့ မသီမိလိုက်ပဲ လွတ်သွားတဲ့ ကြယ်လေး တွေ များနေ မှာ စိုး လှတယ်...”  
~~~~~~~~~~~~~~~~။။။။။။~~~~~~~~~~~~~~~~~


ချစ်တတ်ခြင်း သည် အချစ်ဖြစ်သည်...။ ထို့အတူ တရံတခါ၌ ဖြစ်ခဲ့သော ချစ်ဖူးခြင်းသည်လည်း အချစ် ဖြစ်ပါသည်...။ ပုထုစဉ် မှန်လျှင် လောကတွင် အချစ်နှင့်ဝေးကွာသူ မည်သူရှိပါသနည်း..။ ဘဝတွင် အနည်းဆုံး တကြိမ် တခါ မျှတော့ အချစ် ကို ခံစားဖူး ပါလိမ့်မည်..။ 


ငယ်ရွယ်နုပျိုစဉ်တွင် ဖြစ်စေ.. တည်ငြိမ် ရင့်ကျက်သော အရွယ်တွင် ဖြစ်စေ.. အသက်အရွယ် ကြီးရင့်သော အခါတွင် ဖြစ်စေ.. နူးညံ့သော ချစ်ခြင်း တစ်ခု ၌ (သို့မဟုတ်) ချစ်ခြင်းတစ်ခုနှင့် ရင်ခုန် မွေ့ပျော်ဖူးလေမည်..။ နှလုံးသားကို ဗဟိုပြု ၍ ရင်၌ တည်သော စစ်မှန်သည့် ချစ်ခြင်းသည် အသက်အရွယ်၊ ဂုဏ်ပကာသန၊ ရုပ်ရည်သွင်ပြင်၊ ဥတု ရာသီ မရွေး ကွေ့ကောက် ကင်းစွာ မိမိထံသို့ တန်းတန်းမတ်မတ် ချဉ်းနင်းဝင်ရောက် လာတတ်လေ့ ရှိပါသည်..။ 


ထို့နောက်.. နူးညံ့သန့်စင် လှပလွန်းသော ထိုချစ်ခြင်းသည် အသက်အရွယ်အားဖြင့် မည်မျှပင် ကြီးမြင့် သွားပါစေ နုဖတ်သည့် နှလုံးသားရင်ခွင် ကိုယ်စီ၌ ကိန်းဝပ်ရှင်သန် တည်မြဲနေလေ့လည်း ရှိတတ် ပါသေးသည်..။



(ခင်လေးငယ်)


No comments: