Saturday, April 28, 2012

လက်ဆောင်



တစ်ခါက....
ကောင်းကင်ဆီကို ပျံတက်သွားတဲ့
စာအုပ်လေးတွေ ရှိဖူးတယ်။

သူတို့တွေ လေဟုန်စီးတယ်။
တိမ်တွေကြား ဆော့ကစားတယ်။

တစ်အုပ်က ပြောတယ် ~
အဲ့တာ “ပင်လယ်”
နောက်တစ်အုပ်က ငြင်းပယ် ~
ဟင့်အင်း “အပြာရောင် အပ်ချည်ကြိုးလေး”။

ကောင်းကင်ထက်ယံက
ငုံ့ကြည့်...
တီးတိုး...
ရယ်ကြ မောကြ ~
သာသာ ယာယာ ~
ကြည်နူးခဲ့ကြ။

တစ်ခါက...
လက်ဖဝါးတစ်စုံထဲ
ကောင်းကင်ဆီက
စာအုပ်လေးတွေ ကြွေကျလာဖူးတယ်။

အလုအယက်...
အိမ်လေးကို စပ်စုကြ...
အိပ်ခန်းလေးထဲပြေးဝင်ကြ...
နောက်ဆုံးတော့ ~
စားပွဲလေးပေါ်မှာ နေရာယူကြ။

တစ်ခါက...
တစ်အုပ်ကို ပွေ့ချီမိတော့
တစ်အုပ်က စိတ်ကောက်...
ချော့မြူရ
ဖြေသိမ့်ရ
ပြုံးမိရပေါ့။

တစ်အုပ်က
ကော်ဖီပူလေး လိုက်သောက်ခဲ့တယ်။
နောက်တစ်အုပ်က
လက်ဖက်တစ်ဇွန်း ကောက်မြုံ့ခဲ့တယ်။

တစ်အုပ်ကပြောတယ်
ငါဟာ...
“ပန်းလေးတစ်ပွင့်”
နောက်တစ်အုပ်က ပြောတယ်
ငါဟာ...
“မြားလေးတစ်စင်း”။

တစ်ခါက ~
..............
..................
တစ်ခါတုန်းက ~ ~ ပေါ့။


(ခင်လေးငယ်)

No comments: