Sunday, April 29, 2012

တငွေ့ငွေ့ပေါ့ ~


တိုးသဲ့သဲ့ အသံလှိုင်း တစ်ခုကို နားဝမှာ ကြားနေရတယ်..။ အသံလေးရဲ့ ဦးတည်လားရာဟာ ကျွန်မ နား တစ်စုံ ဆီ ကိုဘဲ ဟုတ်နိုင် မလား..!! အမြန်နှုန်းဘယ်လောက် အရှိန်ဟုန်နဲ့ ဘယ်လိုနေရာမျိုးက ကျွန်မ ဆီကို သယ်ဆောင်လာတာများလဲ..!! သူ့ကို သယ်ဆောင် လာတဲ့ လေတိုက်နှုန်းကို ကျွန်မ ရုတ်တရက် မခန့်မှန်းနိုင် တာ အဆန်းမှ မဟုတ်ပဲကွယ်..။ ပင့်သက်ရှိုက်မိတော့မလို ကျွန်မ စိတ်လေး ယိုင်နဲ့နဲ့ ဖြစ်သွား ခဲ့မိပေါ့..။

သတိအထားမှာပဲ အဲ့ဒီစိတ်လေးကို ကိုယ်တိုင် ကျေနပ်မိ နေသူလိုမျိုး။ မျက်လွှာအချမှာ မခို့တယို့ အပြုံးလေး တစ်စ ကျွန်မ မျက်နှာပြင်ပေါ်မှာ ရိပ်ရိပ်လေး ဖြတ်ပြေးသွားခဲ့တယ်။ ဆုံမှတ် တစ်ခု ကို ကောက်ကြောင်းချ ဆွဲကြည့်ချင်သူလို တိုးတိတ်တိတ်လေး ခုံမင်နေမိလိုက်တာ... စိတ်ကို ဖွဲ့ဆို ဘို့ လိုက်လို့ မမှီတဲ့ စကားလုံးလေး တချို့တောင် စိတ်ဓါတ်တွေ ကျ လက်မှိုင် ချလို့ အိပ်ငိုက်နေသေး ရဲ့။

ဘယ်သူ မှလည်း မသိပါဘူး..။ သိဖို့ လည်း မတောင့်တပါဘူး..။ လေငြိမ်ရပ်ဝန်းမှာ ရုတ်တရက်လေးပေါ့ ခပ်သဲ့သဲ့ လေပွေ တစ်စင်း တိုက်ခတ်နေတယ် လို့ တင်စား ပါရစေ..။ ကြယ်စင်လေး တချို့က ဟိုး.. ကောင်းကင် ထက် ယံ မှာ တီးတိုးသံစဉ် တစ်ပုဒ် ကို ရှက်စနိုး နဲ့ မယ်လိုဒီ ရှာနေကြရဲ့။ ကြယ်လေးတွေ ရဲ့ ပွင့်လင်းမှု ကို အားကျ စိတ်တွေ နဲ့ ငေးမောနေမိသူဟာ ကျွန်မပါဘဲ..။


“အရာရာ ဟာ ပြောင်းလဲခြင်းတွေ နဲ့ပါ..” ဆို တဲ့ ခပ်ဆဆအတွေး က ရင်ထဲ မှာ ကိန်းအောင်းနေ ခဲ့ပြီးသား ဖြစ်နေပြန် တော့.. အပြောင်းအလဲ တစ်ခုခု  လုပ်ရ မှာကို တိတ်တခိုး စိုးရွံ့ မိဆဲ။ ပြောင်းလဲမှု သီအိုရီသစ် ကို ချရေးလိုက်ဖို့ ကျွန်မ လက်ဖျားလေး တွေက ထုံကျဉ်ကျဉ်၊ အေးစက်စက်ရယ်..။

မမြဲခြင်း တွေ နဲ့ သီကျူး နေ မဲ့ ကြယ် တို့ ရဲ့ ဂီတ မှာ တလက်လက် ဖြာနေ တာ က ကျွန်မ နှလုံးခုန်သံ တစ်ချို့ တဲ့လား..။ ကြည်နူး သ လို ကြေကွဲ သလို နဲ့ နောက်ဆုံး တော့ ဟာတာတာလေး ပဲပေါ့။ သိမ်သိမ် မွေ့မွေ့ လေး  ပျော်ဝင်ဖို့ ကို ကျွန်မ ကြောက်လန့် နေ လိုက်တာလေ..။ ကျွန်မကို နားလည် ပါ နော်။ နားလည် တယ် မဟုတ်လား ဟင်..!!

ဒီနေ့နဲ့ မနက်ဖြန် ရဲ့ ချိတ်ဆက်မှုကို ဘယ်လို အရာမျိုး နဲ့ ကျွန်မ ရှင်သန်ခွင့်ပေး လိုက်ရမှာ လဲ...!! အလင်းစ တချို့ကို စီးမျောရင်း လား..!! ဒါမှ မဟုတ် နေဝင်ချိန် တချို့ကို မီးညှိရင်း လား..!! ဟင့်အင်း..!! ပြန်မရ တော့ မဲ့ ညလေး ထဲက စက္ကန့်တွေ ကို လမ်းခင်း ရင်း စက္ကန့် အသစ်လေး ထဲ ကို တိုးဝင်ဖို့ သတ္တိကို ဘယ်လို နေရာမျိုး က ရနိုင်မှာ လဲ။ လောကကြီး ကို ချော့သိပ် ဖို့ ကျွန်မ ကမ္ဘာလေး ကို သာယာ စေဖို့ ချိုမြိန် တဲ့ ပန်းသီးလေး တစ်လုံးနဲ့ အပြာရောင်နှင်းဆီလေး တစ်ပွင့်တော့ ကိုယ်တိုင် ဆောင်ထားချင်သေးတယ်..။

“ရီဝေဝေ ကျွန်မ အိပ်ခန်းလေး ကတော့ တိမ်တိုက်တွေ အပြည့်နဲ့..”

စားပွဲပေါ်မှာ ထွန်းညှိထားတဲ့ ပြာလဲ့လဲ့ ဖန်ခွက်ထဲက ဖယောင်းတိုင် မီးညွန့်လေးထဲမှာ ငှက်ကလေး တစ်ကောင်များ ပျံသန်းနေလေမလား ကျွန်မစောင့်ကြည့် နေမိပြန်ပေါ့။ သီးသန့် ညလေး ထဲမှာ သီးသန့်ရင်ခုန်မှုလေးကို သီးသန့်လေး ခုန်မင်နေရတာ စံပယ်ဖြူလေးတွေ ဖွေးဖွေးလှုပ် ပွင့်နေသလိုပဲ ဘယ်လောက် ရှင်းသန့် မွှေးပျံ့လိုက်လည်း..။ ဆုံမှတ်ဆိုတာ အဲ့ဒီ အရာလေးပေါ် မှာ ကျွန်မတို့ရဲ့ ခြေအစုံကိုချလို့ ရပ်ပစ်လိုက်မှ ဆုံမှတ် လို့ ခေါ်နိုင်တာမျိုးလားဟင်..!!

“ကျွန်မအတွက်တော့ ကျွန်မရဲ့ ညလေးတွေ ရှိနေသ၍ ညတွေတိုင်းဟာ ခြေရာတွေ ဆုံဖို့ မလိုတဲ့ ဆုံမှတ်လေးတစ်ခုပဲပေါ့..”

နှောင်ကြိုးတွေ... နှောင်ကြိုးလေးတွေ။ သက်ရောက်အား ဘယ်လောက်နဲ့ ချည်နှောင်ထုံးဖွဲ့ ထားနေပြီးသားလဲ..!! အို...  ကျွန်မ မတွေးရဲဘူး။ မတွေးရဘူး။ မတွေးသင့်ဘူးလေ။ သီချင်းလေး တစ်ပုဒ် နေကောင်းနေပါရဲ့လား..။ ကဗျာလေးတစ်ပုဒ် ချမ်းမြေ့နေပါရဲ့လား..။ သတင်းလေး တစ်ပုဒ် သင်းပျံ့မွှေးချိုနေ ပါရဲ့လား..။ ဂစ်တာလေးတစ်လက် တောက်ပြောင်လက်နေပါရဲ့လား..။  ဦးထုပ်လေးတစ်လုံး ပျော်ရွှင်နေ ပါရဲ့လား..။ ဖိနပ်လေး တစ်ရံ သန့်စင်နေပါ ရဲ့လား..။ မိုးစက်မိုးပေါက်လေးတွေ ကျန်းမာ ကြည်စင်နေ ပါရဲ့လား..။

“အဘိဓါန်တစ်အုပ်လို ကျွန်မစိတ်တွေကို အမှန်ကန်ဆုံး နားချပါဦး “ဖေဖေ”
“တရား ဓမ္မ တစ်ပုဒ် လို ကျွန်မကို နွေးထွေးငြိမ်းအေးစွာ ကြားနာစေပါဦး “မေမေ”

သူ့ရင်ခွင် နွေခေါင်ခေါင် မှာ ရွာချလိုက် တဲ့ နှင်းမိုးဟာ ကျွန်မဖြစ်လိုမိပေမဲ့....။ ရှတတကြိုးတစ်စရဲ့ ရစ်ဘီးလုံးလေးဟာ ကျွန်မ မဖြစ်ပါ ရစေနဲ့ နော်..။ စွန်လေးတွေ လွတ်လွတ်လပ်လပ် လေထဲမှာ ဝဲလွင့်နေပါစေ။ တိုးတိတ်တိတ်လေး လွမ်းချင်း ကို ဖွဲ့သီနေ တဲ့ ပြတင်း တံခါးလေး တော့ ကျွန်မဖြစ်ချင် ဖြစ်ပါစေပေါ့..။ ဒီလိုနဲ့ ပါပဲ.. ကျွန်မ တစ်စုံတရာကို သတိရလာတယ်..။ သိပ်ကို သတိရနေမိတယ်..။

စကားတွေကို တဖွဖွပြောချ လိုက်ချင် စိတ်က အတွေးထဲမှာပဲ တရှိန်ထိုး နဲ့ ကျွန်မနှုတ်ခမ်းတွေ ရှိရာကို အပြေးအလွှား..။ ကျွန်မ ကြောက်နေ တယ်။ ကျွန်မ စိုးရိမ်နေတယ်..။ ကျွန်မ ဒဏ်ရာတွေ ရခဲ့ဖူးတယ်။ ဒဏ်ရာတွေကျက်ဖို့ ဆေးကု ထားရတယ်..။ ကျွန်မ ငြိမ်သက်နေတယ်..။ ရှင်သန်ခြင်း ကို ကျွန်မ တိတ်တခိုး ငြီးငွေ့နေတယ်။ ထုံထိုင်းတွေဝေ ဆွံ့အ နေတယ်..။ တိုးသဲ့သဲ့ အသံ လှိုင်းလေးကို ကျွန်မ တမ်းတနေ ပါတယ်..။ ဘယ်အရာမှ မလာပါနဲ့တော့။ ဘယ်တော့မှ...။ တကယ်ပါ။ ဘယ်သော အခါ မှပါ..။ ကျွန်မကိုယ် ကျွန်မ ကြောက်တယ်..။ လွန်ဆွဲနေတဲ့ အရာတွေနဲ့ အစွန်းတစ်ဖက်မှာ ကျွန်မ ရပ်မနေချင်ဘူး..။


~ ညင်သာလှိုက်မောမှု ဂီတနဲ့
အပြာရောင် နှင်းဆီတစ်ပွင့်ကို ငေးရင်း

မြဲခြင်း မမြဲခြင်း ရသမှာ 
အိပ်မက်နဲ့အတူ 

တိမ်တွေလိုဘဲ 
အသေချာဆုံး မျောလွင့်မလို့
တငွေ့ငွေ့လေး ထွေးပိုက်ထားပါ  ~

လက်တွေ့ ဘဝထဲမှာ ယုယနွေးထွေးတဲ့ ရင်ခုန်ခြင်းတွေကို အတောင်ပံလေးတစ်စုံ တပ်ပေးလိုက်ဖို့ ကျွန်မ သတ္တိ မရှိနိုင်တော့တဲ့ အခါ... အိပ်မက်တွေ နဲ့ တစ်သက်လုံးပေါ့..။ အိပ်မက်တွေ ထဲမှာဘဲ တစ်သက်စာလုံး ပေါ့..။ ကျွန်မကို.... တငွေ့ငွေ့လေး.... ထွေးပိုက် ထားလိုက် ပါတော့နော်..။

                                                                       (ခင်လေးငယ်)

No comments: