Saturday, April 28, 2012

အဖြူရောင်အတိတ် (သို့မဟုတ်) ကျွန်မဘဝ အပိုင်းအစလေးများ (၂)


တွေးမိလိုက်တဲ့ အတွေးတွေဟာ သီချင်းတစ်ပုဒ်သာ ဖြစ်လာမယ်ဆိုရင် စိတ်တို့ရဲ့ နိမ့်မြင့်တက်ကျ သံစဉ်တွေ နဲ့ စက္ကန့်တိုင်းဟာ သီချင်းတွေ ဖြစ်မယ်ထင်ရဲ့...။ အခုလို အရွယ်မှာ ချတတ်တဲ့ ညစ်ကျယ်ကျယ် သက်ပြင်းတွေဟာလည်း အရောင်းမှိုင်းမှိုင်း ကာလာတွေလို ပုတ်အက်နေတဲ့ သံစဉ်တွေ ဖြစ်ကုန် မှာ များလား..!! လေးတိလေးပင်နဲ့ ဘဝတစ်ခုကို ဖြတ်သန်းနေရမှုမှာ ကျွန်မကိုယ်တိုင် မောပမ်းစပြု လာခဲ့ပြီ..။


သစ်လွင်တောက်ပ နူးညံ့လတ်ဆတ်တဲ့ ငယ်ဘဝ ပုံရိပ်တွေကို အိပ်မက်ဖို့ တမ်းတရင်း ပူလောင်လွန်းတဲ့ အရောင်စုံ အိပ်မက်ဆိုးတွေသာ တစ်ထပ်ပြီးတစ်ထပ် ဆင့်ကာ ဆင့်ကာပေါ့..။ စံပယ်နံ့တွေ ထုံအီနေတဲ့ အိပ်မက်ဖြူဖြူတွေကို မက်ဖူးခဲ့တာ ကျွန်မပဲလားဆိုတာကို ခပ်ခါးခါး အိပ်မက်အနက်ရောင်တွေနဲ့ တစ်ရေးနိုး အထမှာ ကိုယ်တိုင် သံသယတွေ ဖြစ်ရပြန်ပါရော..။

မေမေ လိမ်းပေး လိုက်တဲ့ ပါးနှစ်ဖက်ပေါ်က ဝိုင်းစက်နေတဲ့ သနပ်ခါးပါးကွက်လေးနဲ့ ညာပုခုံး သေးသေးလေးပေါ်မှာ အမွေးဖွားဖွားရောင်စုံ လွယ်အိပ်ကလေးကို ကျကျနနလွယ်.. ကော်လံမှာ ဇာပါးပါးလေး ထပ်ချုပ်ထားတဲ့ ဆွတ်ဆွတ်ဖြူ ကျောင်းအင်္ကျီ.ရယ် ဒူးခေါင်းပေါ်မှာ ကားကားလေး ဝဲကျနေတဲ့ ကျောက်စိမ်းရောင် ကျောင်းစကပ်လေးရယ်နဲ့ ကျောင်းသွားခဲ့သူ ကျွန်မ...။

ကျောင်းဆင်းချိန် အထိ ပါးပေါ်က ပါးကွက်လေးကို အိမ်အရောက် မပျက်အောင် ပြန်သယ်သွားခဲ့ဖူးသူ.. ငြိမ်သက်အေးဆေး လွန်းသူ ကျွန်မ.. အဒေါ်တွေ အကိုတွေ အမတွေကြားမှာ တစ်နေ့တာ ကျောင်းအတွေ့ အကြုံတွေ ကို ဆံပင်တခါခါ ခေါင်းတမော့မော့နဲ့ ပြန်ပြောရင်း ဖြူဖြူစင်စင် ရယ်မောခဲ့ဖူးသူ ကျွန်မ.. အဲ့ဒီ ကျွန်မ ကို ကျွန်မကိုယ်တိုင် လွမ်းဆွတ်နေခြင်းမှာ တချက်ချက်နဲ့ တီးတိုးမြည်တွန်နေတဲ့ ချိနဲ့နဲ့ တိုင်ကပ် နာရီ အိုကြီး တစ်လုံးက သနားတဲ့အကြည့်တွေနဲ့ ကျွန်မကို လှမ်းလို့ငုံ့ကြည့်နေတော့ သူ့ကိုတောင် အားနာမှုတွေ နဲ့ ပြန်သနားမိရပြန်ပါရောလား..။

အဖြူရောင် အလင်းတန်းတွေက ညစ်ပေနေတဲ့ ကျွန်မမျက်လုံးတွေ တစ်ဝိုက်မှာ မသိမသာ ဖြတ်ပြေးသွား လိုက် ညှိုးနွမ်းမောပမ်းပြီး တောက်ပမှုမဲ့နေတဲ့ မျက်ဆန်မွဲမွဲတွေထဲ အတင်းအဓမ္မ တိုးဝင်ရောက် လာလိုက် နဲ့... သူတို့ရယ်သံ အက်အက်တွေမှာ “ဘဝ...” “ဘဝ...” လို့ ကလိတိတိ လှောင်ပြောင်နေ သလို..။ မေမေ... ဖေဖေ...ရေ... ဒူးမထောက် အရှုံးမပေးပါပဲ ညွတ်ညွတ် ကျလာချင်နေတဲ့ ကျွန်မ ဒူးခေါင်းတွေကို မုန်းလိုက်တာ..။

ဟော... သင်္ကြန်တဲ့လား...!! အခုတော့လည်း ကျွန်မနဲ့ ဘာမှ မဆိုင်တဲ့ စကားလုံးလေး တစ်လုံးလို ဖြစ်နေ ခဲ့တဲ့ နှစ်တွေ ဘယ်လောက်များ ကြာနေခဲ့ပြီလည်း ကိုယ်တိုင်တောင် မသိနိုင်တော့..။ အဲ့ဒီ စကားလုံးလေး က ဘယ်လောက်များ ရင်းနှီးစွာ ပတ်သက်ခဲ့ဖူးပါလိမ့် ဆိုတာမျိုးကိုတောင် ဝေဝေဝါးဝါး ဖြစ်လို့နေပြီပဲ...။ ရင့်ကျက် လာတဲ့ အသက်အရွယ်ကြောင့် လည်းဖြစ်နိုင်သလို ကိုယ်ရှိနေရတဲ့ ပတ်ဝန်းကျင် ကျင်လည်နေ ရတဲ့ အသိုင်းအဝိုင်းတွေ ကြောင့်လည်း ဖြစ်နိုင်တာပဲလေ... ။

မညာတမ်း ပြောရရင်တော့ တွေးမိလာတိုင်း လှိုက်ကနဲ ဝမ်းနည်းတက်လာတဲ့ စိတ်တွေနဲ့ တမ်းတမ်း တတကြီး ကို လွမ်းဆွတ်မိနေတာ အမှန်...။ သင်္ကြန်အတုတွေကြားမှာ မပျော်ပါးနိုင်တဲ့ ကျွန်မ စိတ်တွေ ကကော ဘယ်လောက်အထိ စစ်နေပြန်သေးလို့လဲဆိုတာ မဝေခွဲတတ်ပြန်..။ တစ်ခါတစ်ရံတွေမှာ ကိုယ်တိုင် လည်း စိတ် အတုတွေနဲ့ ရှင်သန်နေထိုင်ခဲ့ဖူးတဲ့ နေ့ညတွေ ရှိနေခဲ့မှာပါပဲ...။ အပြုံးအတုတွေကို ပြုံးတတ် ခဲ့တာ လည်း လောကကြီးရဲ့ အလှည့်အပြောင်း မာယာ သင်ခန်းစာ အဆင့်ဆင့်ကို တဆင့်ပြီး တဆင့် အောင်မြင်ခဲ့ခြင်း လို့ လက်ခံလိုက်ရ လေမလား..!!

အပြစ် ကင်းစင်လွန်း တဲ့ အပြုံးအရယ်စစ်စစ်တွေနဲ့ ကောင်မလေးတစ်ယောက်ရဲ့ နှစ်လိုဖွယ် သင်္ကြန်တွေ ဘယ်မှာ များလဲကွယ်..!! ဖေဖေကိုယ်တိုင် စိတ်ရှည်လက်ရှည် လိုက်မောင်းပေးခဲ့တဲ့ ဂျစ်ကား အဖြူလေး တစ်စင်းပေါ် က ဟက်ဟက်ပက်ပက် ရယ်မောသံတွေရယ်... အပြစ်ကင်းစင်တဲ့ နှုတ်ခမ်းပါးလေး တစ်စုံနဲ့ နူးညံ့ သန့်စင် ဝါဝင်းနေတဲ့ ပိတောက်ခက်လေးကို ဖွဖွလေး ထိနမ်းဖူးတဲ့ ကောင်မလေး တစ်ယောက်ကော ဘယ်ရောက် သွားခဲ့ပြီလဲ..!!

ကြည်စင်နေ တဲ့ မျက်လုံးရွှန်းလဲ့လဲ့တွေနဲ့ ကောင်မလေးက သူ့ဖေဖေ ယူလာပေးတဲ့ ပိတောက်ခက်လေးရဲ့ သင်းပျံ့နေတဲ့ ပိတောက်နံ့တွေကို အားပါးတရ ရှုရှိုက်ဖူးခဲ့သေးသတဲ့လေ..။ သင်္ကြန်ရေတွေ ရွှဲရွှဲဆိုနေတဲ့ ဆံနွှယ်တွေကို လည်တိုင်လေးမော့ရင်း နေခြည်နုတွေအောက်မှာ ရေစက်လေးတွေ တဖွားဖွား ဖြာဆင်း ကျသွားအောင် ဟန်ဆောင်မှုကင်းစွာနဲ့ ခေါင်းလေးကို လှုပ်ရမ်းကာ ခါခဲ့ဖူးတာလည်း အဲ့ဒီကောင်မလေး ပါတဲ့...။

ဒါဆိုရင်... ရောင်စုံ မီးပုံးလေးတွေ တလှုပ်လှုပ်နဲ့ လက်နေတဲ့ သတင်းကျွတ် ညလေးတွေကရော..!! အိပ်မက် ခဲ့တာလား ကိုယ်တိုင် တွေ့ကြုံစားခဲ့ရတာလားကွယ်..။ ဗျောက်အိုးသံလေးတွေ ဆူညံနေတဲ့ လမ်းမတွေပေါ် က ဝေ့တက်လာတဲ့ ခပ်ပျော့ပျော့ ယမ်းနံ့လေးတွေကို ကျွန်မကိုယ်တိုင် ရဖူးခဲ့တာ သေချာ ပါတယ်..။ ခြံကျယ်ကြီး ထဲမှာ ပြေးလွှားဆော့မြူးရင်း....

“မေမေရေ... သမီး လေယာဉ်ပျံ တောင်ပံကို ကိုကိုကြီး သူ့ကားနဲ့ ဝင်တိုက်လို့ မီးလောင်သွားပြီ”
အသံသေးသေးလေးနဲ့ တိုင်တမ်းရင်း တအိအိငိုခဲ့မိတဲ့ ကလေးငယ်လေးကျွန်မ..။

“ဟာ... မေမေ့သမီး ကျွန်တော့်ကားကို လာဖျက်နေတယ် လုပ်ပါဦးမေမေ..”
ကျယ်ကျယ် လောင်လောင် မြည်တွန်တောက်တီးရင်း... စိုးရိမ်မှုတွေနဲ့ ပြေးလွှားနေတဲ့ ကိုကိုကြီး အသံ..။

“သားကြီးနဲ့ သမီးကြီးရေ... ညီမလေးရဲ့ ကားလေးကို လဲမသွားအောင် ဖေးဖေးမမ ကူတွန်းပေးမှပေါ့ကွယ်...”
ညီမလေးကို ကူညီငဲ့ညှာဖို့ သတိပေးသံနဲ့ မေမေ..။

“အဟိ.. ဟိ”
တိတ်တဆိတ်နဲ့ ပုံ့ပုံ့လေးထိုင်ငေးရင်း ခပ်တိုးတိုး ရယ်မောနေခဲ့သူ အေးဆေးလွန်းတဲ့ မမ..။

 “ကဲ.. သားတို့ သမီးတို့ရေ နောက်နှစ်ရက်တောင် ကျန်သေးတယ်.. ဒီည ပျက်သွားရင်လည်း မနက်ဖြန်နေ့လည်ကျ ဖေဖေပြန်ဝယ်ပေးမယ် ဟုတ်ပြီလား ရန်မဖြစ်ကြနဲ့နော်..”

မေမေ့ကို တိုင်တော အော်ဟစ်သံတွေကြောင့် အေးရာအေးကြောင်း ဝင်နားချဖြေသိမ့်ရင်း ပြုံးနေတဲ့ ဖေဖေ..။

အိပ်မက်...!! နိုးးး ကျွန်မရဲ့ သိပ်ကိုချိုမြလွန်းတဲ့ တကယ့် အတိတ်တွေပေါ့..။ ဒါတွေ.... ဒီအဖြစ်ပျက်တွေ အားလုံးဟာ......။


ခုတော့ ကျွန်မ ဟာ မြွေတစ်ကောင်လို တကိုယ်စာ မြေတွင်းခပ်ကျဉ်းကျဉ်းမှာ ခွေနေတတ်ပြီလား..!! ဆာလောင် ငတ်မွတ်လာချိန်မှာ ကျားသစ်တစ်ကောင်ရဲ့ အမြန်နှုန်းမျိုးနဲ့ သားကောင်ကို ခုန်အုပ်တတ်သူလား..!! ယုန်ဖြူလေး တစ်ကောင်လို နူးညံ့ဖြူစင်ယောင် ဆောင်တတ်သူလား..!! စက်ရုပ်တစ်ရုပ်လို ခြေကိုချ လက်ကိုလှုပ် ခေါင်းတွေ ညိတ်တတ်နေသူလား..!! မာယာများတဲ့ လောကကြီး ကို မာယာတွေနဲ့ ပြန်ပြုံးပြတတ်သူ မိန်းမလား...!! လကွေးကွေးကို မော့ကြည့်ငေးမောရင်း လပြည့်လို ညမျိုးမှာ တိတ်တဆိတ် အခန်းအောင်း တတ်နေသူလား..!!

ဝှက်ဖဲတစ်ချပ်ကို ခပ်သာသာဖိလို့ ပြိုင်ဖက် တစ်ယောက်ယောက် ရဲ့ ရှိုး ဆိုတဲ့ စိန်ခေါ်သံကို နားစွင့်နေချင်သူလား..!! အိုကွယ်.. လှလိုက်တဲ့နေ့.. လှလိုက်တဲ့ ညရယ်လို့ ယစ်မူးမှု အတုတွေကို ကျွန်မ ချဉ်ခြင်းတပ် မနေတာတော့ သေချာပါတယ်..။ တန်ဖိုးကြီး ပွဲတက်ဂါဝန်တစ်ထည်က ကျွန်မရဲ့ အဖြူရောင် ကျောင်း အင်္ကျီလေးလောက် မက်မောစရာ ကောင်းလို့လား။ ဟော.. ကြည့် တလက်လက်ထနေတဲ့ ဇွန်း ခက်ရင်းတွေ ကိုင်ပြီး ဓါးပါးနဲ့ ခပ်ဖွဖွလှီးဖြတ် စားသောက်ရတဲ့ ဟင်းပွဲတွေကို မေမေ့ ချဉ်ပေါင်ကြော်နဲ့ ယှဉ်စရာ လား။

လင်းထိန်တောက်ပလွန်းတဲ့ အဆောက်အဦးတွေကို မော့ကြည့်ခံစားဖို့ ကျွန်မမှာ ရင်ခုန်ချိန် မရှိ ဘူး..။ ကျွန်မ ရပ်ရွာ က ဖွားဖွားအိမ်အိုဟောင်းလေးကို တမ်းတရဦးမယ်..။ ကြေကွဲစရာ အဲ့ဒီ အိမ်အိုဟောင်းလေးထဲမှာ ဖွားဖွားမရှိတော့ဘူး..။ ဖွားဖွားအရိပ်ငွေ့လေးတွေကို ဖမ်းဆုပ် ရင်း နေဝင်ချိန်တွေကို ကြိုးစားကျော်ဖြတ်နေတဲ့ ဖိုးဖိုးရှိနေတယ်..။ အိမ်ဘေးက အသက်တွေ ကြီးလာတဲ့ ပိတောက်ပင်အိုကြီးရှိတယ်..။  ပိတောက်ပင်ကြီးအောက်မှာ သံချေးတွေ အထပ်ထပ် တက်နေတဲ့ ဒန်းလေး ရှိတယ်..။ ကျွန်မ ဖေဖေလည်း မရှိတော့ပါဘူး..။

ဖုန်တက်နေ တဲ့ ဖေဖေ့ဂစ်တာလေးက ဖေဖေ့ကို လွမ်းနေတယ်..။ မေမေကလည်း ကျွန်မနဲ့ အဝေးကြီး မှာ..။ မေမေ့ အသံချိုချိုလေးတွေကို ကြားနိုင်တာ လေလှိုင်းတွေက တဆင့်ပါ..။ ကိုကိုကြီးလည်း သူ့ ကိုယ်ပိုင် မိသားစုအရေးတွေနဲ့..။ မမ လည်း သမီးတစ်ယောက်ကို ပြုစုပျိုးထောင်လို့..။ ညီမလေးလည်း သူ့သမီး နဲ့ သားအတွက် ရင့်ကျက်စွာ ရှင်သန်လို့..။ မိခင်နဲ့မခြား ကျွန်မကို ပြုစုစောင့်ရှောက်ခဲ့တဲ့ အဒေါ်တွေ လည်း ရှင်သန်မှု ကိုယ်စီအတွက် ရုန်းကန်လို့...။

အလွမ်းတွေ အလိမ့်လိမ့် နဲ့ ကျွန်မမျက်နှာပေါ်က အရေးအကြောင်းတွေကို မိတ်ကပ် မဖို့ချင်ဘူး..။ အဲ့လို အချိန်ပေးမဲ့အစား မျက်လုံးလေးမှိတ်ထားရင်း ဖေဖေ့ဂစ်တာသံကို ကျွန်မအတွေးတွေနဲ့ နားထောင် ရဦးမယ်..။ လူတွေစည်ကားလွန်းတဲ့ ကမ္ဘာ့နံမည်ကြီး နေရာတွေကို ကျွန်မလမ်းမလျှောက်ဘူး..။ ဝရမ်တာလေး မှာ တိတ်တဆိတ်ရပ်လို့ အာရုံတွေနဲ့ လေထဲက ပိတောက်နံ့တွေ အတွေးတွေနဲ့ ရှုရှိုက် ရဦးမယ်..။ ဂျိုလီ့နှုတ်ခမ်းနှစ်လွှာအတွက် ချီးမွမ်းခန်းတွေဖွင့်ပြနေတဲ့ ဖန်သားပြင်ကို ငဲ့ကြည့်ဖို့ ကျွန်မ မလိုအပ်ဘူး..။ မေမေ့ အပြုံးချိုချိုတွေကို ကျွန်မ အိပ်မက်ရဦးမယ်..။

ပလူပျံနေတဲ့ ကျည်ဆန် ရထားတွေ အကြောင်း ကျွန်မနားလည်ဖို့ မလိုဘူး..။ ဖေဖေမောင်းပို့တတ်တဲ့ ကားအစုတ်လေးကို ကျွန်မရင်ဘတ်ထဲက ထုတ်ပြီး ဖုန်သုတ် ရဦးမယ်..။ အို..... သွားပါ သွားကြစမ်းပါ...။ ကျွန်မကို မသနားကြပါနဲ့။ အဲ့ဒီအကြည့်တွေကို ကျွန်မ မကြိုက်ဘူး.. မုန်းတယ်။ ကျွန်မအတွက် နှစ်ဆယ့်လေးနာရီဟာ တိုလွန်းနေတာ မှန်တာပေါ့..။

ကျွန်မမှာ အချိန်တွေ မလုံလောက် ဘူး..။ အချိန်တွေကလွဲရင် ကျွန်မဘာကိုမှ တကယ် မလိုအပ်ပါဘူး..။ ကျွန်မငယ်ဘဝရဲ့ အဖြူစင်ဆုံး အချိန်က လှပလွန်းတဲ့ ပုံပြင်ဟောင်းတွေကို မရိုးနိုင်စွာ တစ်ပုဒ်ပြီးတစ်ပုဒ် တစ်ရွက်ပြီး တစ်ရွက် လှန်လို့ ကျွန်မ ဖတ်ရဦးမှာမို့ပါ..။

ကျွန်မ တစ်ယောက်တည်းပါပဲ...။

အဖြူရောင် အတိတ်ကို ပြန်မရောက်နိုင်တော့တဲ့ ကျွန်မက အခုတော့ တစ်ယောက်တည်းပါပဲ...။

(ခင်လေးငယ်)


အိမ်ကို သိပ်လွမ်းနေမိပါတယ်။ ကျွန်မဘဝရဲ့ အမှတ်တရ အဖြစ်ပျက်လေးတွေကို လွမ်းဆွတ်တမ်းတစွာ မျက်ရည်တွေနဲ့ ရေးခဲ့ဖူးတဲ့ စာအဟောင်းလေး တစ်ပုဒ်ပါ။ ဒီညလေးမှာပဲ အားလုံးဖတ်နိုင်ဖို့ ပြန်လည်မျှဝေပါတယ်။

No comments: