Friday, April 27, 2012

2009 တုန်းက ရေးခဲ့ဖူးတဲ့ “ဒိုင်ယာရီ တစ်ရွက်”




ဒီလိုနဲ့ ကျွန်မ ရဲ့ နေ့သစ်တစ်ခု စခဲ့ပြန်ပြီပေါ့..။ မနက်ခင်းမှာပဲ အာရုံတစ်ခုနဲ့ နိုးထရင်း ညကို ကြိုပြီး ကြောက်နေတတ်သူဟာ ကျွန်မ တစ်ယောက် တည်းလား..!! ကြေကွဲမှုတွေကို လက်ဆင့်ကမ်းဖို့ တစ်စုံ တစ်ယောက် ကို ဖွေရှာနေတတ်သူဟာ ကျွန်မ မဟုတ်ဘူး ..။ နင့်နင့်နဲနဲ ရင်းထားရတဲ့ အနာတရ စိတ်တွေ ကို လက်ခံသူရှိနေစေဦး ကျွန်မ ခွဲပေးဖြစ်မယ်မထင်..။ နာမ်စား တစ်ခု ကို ထပ်ခါ တလဲလဲ ရွတ်ဆို ရင်း ငြီးတွားနေ တတ်သူ ကျွန်မဟာ ရထားတဲ့ ဒဏ်ရာလေး ပျောက်သွားမှာကို စိုးရွံ့လို့ နေပြန်သေး သတဲ့..။

ဘယ်လောက် များ မိုက်မဲသူများပါလဲ..!!

လောကမှာ အတည်မြဲ ဆုံးဖြစ်တဲ့ မတည်မြဲခြင်းတွေနဲ့ ကျွန်မ ရစ်သမ်မမှန်စွာ ကူးခတ်နေရဆဲ..။ မှုတ်ထုတ် ရင်း ဝေးဝေးသွားတဲ့ သက်ပြင်း ကို လက်နဲ့ပြန်ဖမ်းလို့ ရမယ်ဆိုရင် ရင်ဘတ်ထဲကို ပြန်ထည့်သိမ်းပြီး စုထား ချင်တယ်..။ အချိန်ရတဲ့ နေ့လည်တစ်ခင်းမှာ ပြန်ထုတ်ရေတွက် ကြည့် ဖို့ သက်သက်ပါပဲ...။ သက်ပြင်းတွေ တိုင်း ကာလာတူခဲ့ လေသလား လို့လည်း စူးစမ်းချင်မိပြန်ပေါ့..။ သံတူကြောင်းကွဲ ခပ်အက်အက် မြေပြင်ပေါ် မှာ ခြေဆင်းထိုင်ချင်သူ ကျွန်မ ဘာတွေကိုများ ထပ်ရင်းချင်နေမိပြန်ပါလိမ့်..!!
တိမ်တိုက်တွေ က ဟားတိုက် လှောင်ရယ်လေမလား..!!

အဲ့ဒီနေ့လယ်ခင်းဟာ နွေတစ်ရက်သာ ဖြစ်ခဲ့မယ်ဆိုရင် လေရူးတွေက ကျွန်မကို သရော်မှာလား..!!

မိုးတစ်နေ့မှာ ဆိုခဲ့ရင်ရော ထစ်ချုန်းမိုးတွေနဲ့ ကျယ်ကျယ်လောင်လောင် ကဲ့ရဲ့မှာပဲ မဟုတ်လား..!!

ဒါမှမဟုတ် ဆောင်းနေ့လယ်တစ်ခု ဆိုခဲ့ရင်ရော... အရွယ်မျိုးစုံတဲ့ နှင်းပွင့်တွေက မထိတထိ တိုးတိုးညင်သာ တီးတိုး ပျက်ရယ်ပြုကြဦးမှာ..!!

ဒီလိုပါပဲ.... ကျွန်မကိုသိသူ~ ကျွန်မကသိသူ~  ကျွန်မက မသိပြန်သူ~  လူတွေရဲ့ မျက်နှာပေါ်က မျက်လုံးတွေကရော..!! ဘာထူးမှာမို့လဲလေ..!!

တန်ဖိုးထားမိတဲ့ အရာတစ်ခု သွေ့ခြောက်သွားမှာ ရင်ခံရင်း မိုးပြိုမှာကို ကြောက်နေချိန်မှာပဲ ပြိုလဲသွားခဲ့တာမျိုး..။ တားမရဆီးမရ လျှံတက် လာတဲ့ အလွမ်းတွေနဲ့ ကျွန်မနေ့တွေညတွေ စုန်းစုန်းမြုပ်ခဲ့တာ ဘယ်နှစ်ရာသီ တိုင်ခဲ့ပြီလဲ..!! ပဲ့တင်သံတွေ အလိပ်လိုက် နဲ့ ရစ်ပတ်လုံးထွေးနေတဲ့ အိမ်လေးထဲမှာ ခိုးခိုးခစ်ခစ်ရယ်သံ တချို့က ကဗျာဆန်ခဲ့တယ်တဲ့လား..!! ပန်းနုရောင် သွားပွတ်တံ တစ်ချောင်းရဲ့ ဒိုင်ယာရီမှာ အဖြူရောင် သွားတိုက်ဆေးတွေနဲ့ စပ်သီထားတဲ့ သီချင်းတစ်ပုဒ်ရှိနေတယ်..။

အပြာနုရောင် လဲ့နေတဲ့ စားပွဲပုလေးပေါ် မှာ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်တစ်ချပ်က ထပေါက်တော့မဲ့ မြွေတစ်ကောင်လို လျှာတစ်လစ်နဲ့ ပါးပြင်းထောင်နေ လိုက်တာ..။ သိပ်မထူး ပါဘူး... ညှို့နေတဲ့ ဝရံတာလေးကရော တိတ်တဆိတ်နဲ့ လက်ကမ်းနေလိုက်ပုံများ အစာငတ်ရင်း ခံတွင်းပျက်နေတဲ့ ကျားသစ်မ တစ်ကောင် ရဲ့ ခြောက်ကပ်ကပ် ခပ်ဟဟ ပါးစပ်လို..။ ဟိုး..ခပ်ဝေးဝေးက လက်တွဲလျှောက်ခဲ့ဖူးတဲ့ ညလမ်းမကြီး တစ်ခု က ကျွန်မအိပ်ခန်းလေးထဲ ရောက်နေသတဲ့..။

လူငယ်တွေရဲ့ ခပ်အုပ်အုပ် ရယ်သံတွေနဲ့ မီးမှောင်မှောင် ယမကာ ဆိုင်လေး တစ်ဆိုင် ဟာ ကျွန်မ ထမင်းစားခန်းလေးပဲ..။ ထမင်းစားပွဲပေါ်မှာ ငါးကင်ပန်းကန် တစ်ချပ်နဲ့ မုံလာဥ Salad တစ်ပွဲ ရှိနေတယ်..။ ဆားဖြူးထား တဲ့ စားလက်စ ခရမ်းချဉ်သီး အစိမ်းတစ်ပွဲက တိုးလိုးတန်းလန်း တူနှစ်စုံနဲ့.. ပြီးတော့ အဖြူရောင် အရည်ကြည်တွေနဲ့ အပြာရောင် ဖန်ခွက်နှစ်လုံး..။ ရေပိုက်က လျှံကျလာတာ ရေတွေအစား အညံ့စား သံစဉ်တွေ...

အို....!! လက်ဆေးကန်ထဲက ပေကျံနေတဲ့ ပန်းကန်လုံး တွေပေါ်မှာ အလိုက်သင့် ကခုန်နေလိုက်တာများ ဘယ်လောက် အော်ဂလီဆန်လဲ..!! ဟော.. ကြည့်..!! ကုတင်ပေါ်မှာ ထောင်ထား တဲ့ အမည်းနက်နက် ဂစ်တာတစ်လက်ရဲ့ ကြိုးခြောက်ချောင်းလုံးက ကျယ်လောင်စွာ တစ်ကြိုးချင်း ထပြတ်ကုန်သတဲ့..။ အလန့်တကြား အပြာရောင် ဖုန်းခပ်ပြားပြားဆီက ထအော်လိုက်တဲ့ "Simple Plan" ရဲ့ သီချင်း "Perfect" က နားစည် အမှေးပါးတွေ ပေါက်ထွက်မတတ်..။ မှန်လိုက်တာကွယ်...!!

"Nothing's all right
Coz we lost it all
Nothing lasts forever
I'm sorry I can't be perfect
Now it's just too late and
We can't go back
I'm sorry I can't be perfect"

နားထောင် ခဲ့ဖူး တဲ့ ခပ်ချိုချို သီချင်းတွေတောင် နားနဲ့အရသာခံလိုက်တော့ နားဝအရောက် ငံတူးတူးနဲ့..။ နားထဲ ကနေ လည်ချောင်းဝ အရောက်မှာ ခါးသက်လိုက်တာ..။ မျိုချလိုက်တော့ အူတွေထဲထိ ရှိန်းတိန်းတိန်း နဲ့ ပူဆင်းသွားလေရဲ့..။ ဘယ်ဖက် ရင်ဘတ်အောက် က ဇကာပေါက်တွေဖြစ်နေတဲ့ နေရာတစ်ခု ကို ပြန်ဆန်တက်လာပြီး ဂျိုးကပ်နေတာများ အခိုင်အမာ အလိပ်လိုက် အထပ် လိုက်နဲ့...။ ခြစ်ချပစ်ဖို့ ဆိုတာ ဝေလာဝေး... ပေတေနေတဲ့ စိတ်တွေနဲ့ တယုတယလေးတောင် “သ” နေမိပြန်သေး...။

စုတ်ထိုးထား တဲ့ နာမ်စားလေးတစ်ခုက ဇကာပေါက်တွေကြားမှာ နှင်းဆီနီတစ်ပွင့်လို လန်းဆတ်ငွါးစွင့် နေလိုက်တာ..! သူ့ ဆူးတွေ က ရင့်သန်လို့ အသက်တစ်ချက်အရှူမှာ ဆစ်ကနဲ တစ်ချက်ချင်းပါလား ..!! နောက်တစ်ချက်.. နောက်တစ်ချက်.. နောက်..... အဲ့ဒီနောက်......!! လှလှပပနဲ့ စည်းဝါးကျနေလိုက်ပုံများ အလိုက်ကိုသင့်လို့..။ အသက်ရှူတွေ မှားလို့ ဘယ်ဖြစ်မှာလဲ.. ကျွန်မ ကိုယ်တိုင် မွေးခဲ့တဲ့ သံစဉ်တစ်ပုဒ် အလဟသ ဖြစ်ကုန်မှာပေါ့.. ဟင့်အင်း..!! ဒီရှူရှိုက်မှုတွေကို တာဝန်သိသလို ပုံစံနဲ့ ဟန်ကိုယ့် ရင်း လူလုပ်လာလိုက်တာ ကျွန်မကိုယ်တိုင် လူပါးတွေကို ဝ... လို့...။

 အို.... ဒီလို နဲ့ သံသရာ အထပ်ထပ်လည်ရင်း အာရုဏ်လား..! မနက်တစ်ခင်းလား..! နေ့လည် တစ်ခင်း လား..! ညနေခင်းလား..! “ည” နက်နက် တစ်ညလေလား..!! ဒါမှမဟုတ်... ဖြစ်နိုင်ချေမဲ့ နေ့နဲ့ည ထပ်တူကျနေတဲ့ အဓိပ္ပါယ်မသိ အဓိပ္ပါယ် မရှိ “ရက်” လို့ လူတွေ က သတ်မှတ်ထားတဲ့ ကာလ အပိုင်းအခြား တစ်ခု လေလား..!! တွေးရင်း~ ငေးငိုင်ရင်း~ ဝေဝါးနေတဲ့ ပါးလျနွမ်းဖျော့ ခန္ဓာ တစ်ကိုယ် ရယ်~ . ဇကာပေါက်နေ တဲ့ နှလုံးသားတစ်ခုရယ်~. မာလွန်းတဲ့ ကျွတ်ဆတ်ဆတ် ဦးခေါင်းတစ်လုံးရယ်နဲ့ ကျွန်မ ခြေဆင်း ထိုင်နေ လိုက်တာ ဒိုင်ယာရီစာရွက်တွေ ဝါကျင်ဟောင်းနွမ်း ကြေမွ နေခဲ့ပြီပဲ~~~

                                                                     (ခင်လေးငယ်)

Sunday, July 19, 2009 (5:23 PM) တုန်းက ~ဟောင်းနွမ်း ကြေမွသွားသော ဒိုင်ယာရီ တစ်ရွက်~ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးတဲ့ Post အဟောင်းလေး ကို ပြန်တင်တာပါ။

1 comment:

DECEMBER tse said...

ဆရာမ​လေး ခင်​​လေးငယ်​ ရဲ့စာသား​တွေက​တော့ ကျွန်​​တော်​အရမ်း​ကြွေတဲ့ သီချင်းတပုဒ်​လိုပါပဲ....u r my angel.ur bird kzy...