Monday, April 30, 2012

ရူးသွပ်တမ်းတစွာ


အတွေးတွေ သိပ် ကို လှပလို့ ရနံ့တွေ မွှေးကြိုင် သင်းပျံ့ လွန်းတဲ့ ညလေး တစ်ည မှာပဲ အဖြစ်အပျက်လေး တစ်ခု ဟာ ခန္ဓာ ပါးပါး ဆီကို လရောင်တွေ လို အေးငြိမ့်စွာ စီးမျော လာခဲ့တယ် ဆိုပါတော့..!! နူးညံ့ခြင်း ပေါင်းစုံ ခ တဲ့ ညလေး လို့ ကိုယ် တင်စား လိုက် မိတော့မယ်..။ လိုက် ဖမ်းဆုပ်ကြည့်တဲ့ အခါ... လက်ဖဝါး လေး တစ်ဖက် ထဲ မှာ ပြည့်ပြည့် လာနေတာ လေမွမွတွေ... သိမ်မွေ့လွန်း တဲ့ လေပါးပါး နုနုလေးတွေ။ လက်ချောင်းလေး တွေ ချိုးပြီး ကွေးချ ပြစ်ရက် စရာ မရှိအောင် နူးညံ့ လွန်းနေ လိုက် တာလေ...။

မိန်းမူးနေတဲ့ ကြည်နူးစိတ်တွေနဲ့ ကိုယ့်ရဲ့အပြုံးတွေလောက် လှနေသူ ဟောဒီကမ္ဘာပေါ်မှာ ဘယ်သူ ရှိနိုင်ဦး မှာတဲ့လဲ..!! သိပ်ကိုသေချာပါတယ် ကိုယ့်အပြုံးတွေကို ဘယ်မိုနာလီဇာမှ မမီနိုင်ဘူးဆိုတာ..။ ချိုသာ လိုက် တဲ့ အသံ ချိုချိုလေး က ကိုယ့်ဘဝ တစ်ခု ဖြစ်များ သွားပြီလား..!! ဝိုင်းစက်နေတဲ့ မျက်ဆန် နက်လေး နှစ်စုံ ကကော ဘယ်သူ့ကိုများ ဖွေရှာနေတာတဲ့လဲ.. မည်းနက်ပြီး ကော့တက်နေတဲ့ မျက်တောင်လေး တွေနဲ့ပေါ့.. ကိုယ့်အသက်ရှုတွေ မှားသွားလောက်အောင်ထိ သိပ်လှတာ ပဲကွယ်..။


ညှို့နေတာ မဟုတ်ပါဘူး.. ဖြူစင်လွန်းခြင်းတွေနဲ့ အနက်ရှိုင်းဆုံး လောကသစ်တစ်ခုဆီ ခေါ်ယူသွားဖို့ သူပြင်ဆင်နေ တာလေ.. ကိုယ်ကလည်း သူခေါ်ဆောင်ရာနောက် အဆုံးစွန်ဆုံးအထိ ကောက်ကောက် ပါအောင် လိုက်ဖို့ အဆင်သင့် ဖြစ်သွားခဲ့ရပြီ။ သူဟာ ကိုယ့် အလင်းလေး တစ်စ အတောက်ပဆုံး အလင်းရောင်လေး ပဲပေါ့...!! ကိုယ့် အသံတွေ ရဲ့ တုန်ခါ လှိုက်မောမှု မှာ ကျေနပ်ခြင်းတွေ အပြည့်နဲ့ ဆိုတာ အလင်းရောင်လေး ကတော့ ဘယ် နားလည်နိုင် ဦးမှာလဲနော်..!!

အို.... သူ့မျက်ဝန်းလေးတွေမှာ ပြဒါးလေးတွေလို အိစက်နေတဲ့ ပုလဲလုံးလေးတွေက တွဲခို လို့ နေပြန်သေးရဲ့.။ နှုတ်ခမ်း နီဖူးဖူးလေး ဆီက လျှံထွက်လာတဲ့ တိုးအက်အက်အသံမှာ ကိုယ့် ရင်ခုန်ခြင်းတွေ အားလုံး ငြိတွယ် ပါသွားခဲ့ပြီ...။ သူ ဘယ်လောက်များ ဆိုးလိုက်လဲကွယ်..! သူ့ဆီမှာ စုန်းစုန်းမြုပ် ပစ်ကျ သွားတဲ့ ကိုယ့် အသိအာရုံတွေ သိပ်များမြန်လွန်းနေပြီလား..!! ဟုတ်တယ် ကိုယ်ဘာကိုမှ မရှက်တော့ပါဘူး အလင်းရောင်လေး ရယ်.. နူးညံ့ခြင်းတွေနဲ့ ပေါင်းစုနေတဲ့ ညလှလှလေးမှာ မင်း ကိုယ့်ဆီ လှမ်းရောက် လာခဲ့ပြီ ပဲဟာ.. ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ကိုယ်ချလိုက်တာ မင်းသိသွားပြီ မဟုတ်လား..!

ကိုယ် ဟန်ဆောင် ဖို့ မကြိုးစား ပါဘူး.. ပွင့်ပွင့်လင်းလင်းပဲပေါ့..။ ဘယ်တော့မှ ကိုယ်မင်းကို မခွဲတော့ဘူး ကိုယ့် နောက်ဆုံး ထွက်သက် လေး တစ်ခု အထိပါ..။ အသံတိတ် ကိုယ့်ကတိတွေ စကားတွေအများကြီးကို သူသိနေမှာပါ..။ ငြိမ်သက်တိတ်ဆိတ်သွားတဲ့ အမူယာ လှုပ်လှီ လှုပ်လဲ့လေး က ကိုယ့်ပါးလေးတွေကို ပူနွေးသွားစေတယ် ထင်ရဲ့.. သူ့ရဲ့ နူးညံ့ခြင်းတွေကို မမီ မှန်း သိနေပေမယ့်.. ကိုယ့်ပါးလေး တစ်စုံပေါ် မှာလည်း ပန်းနုရောင် နှင်းဆီနှစ်ခင်း ရှိနေတယ်လေ..။ သူ့ ဆံနွယ်လေးတွေ ကို ကိုယ်ဘယ်လို တင်စားရမယ်ဆိုတာ စကားလုံး တောင် ရှာမရအောင်ပါပဲ..။

သူနဲ့ ပတ်သက် သမျှ ကိုယ့် ရင်မှာ “ငြိ”..  “တွယ်”..  “နွယ်”.. လို ကိုယ့်မှာ “ပျယ်”.. မယ် မထင်တော့ဘူး အလင်းရောင် ရယ်..။ ကိုယ်ဟာ မင်းနဲ့စအတွေ့မှာ လူလားမြောက်ခဲ့ပြီဆိုတာ ကျေနပ်စွာ ကိုယ် ဝန်ခံ လိုက် ပါတယ်..။ ကိုယ့် လက် အစုံမှာ “အကြင်နာတရား..” ကိုယ့်အသက်ရှူသံတွေမှာ “ခွန်အား..” ကိုယ့်နှလုံးလေး တစ်ချက် အခုန်မှာ “နွေးထွေးခြင်း များ..” နဲ့ ကိုယ့်အတွေ့အထိတွေဟာ မင်းကမ္ဘာ ငြိမ်းချမ်းသာယာစေမှာ သိများ နေလေ ပြီလား..!! ကိုယ့်ကို သုံးသပ် ဖို့ သိပ်ကိုစောပါသေးတယ် အလင်းရောင်လေးရယ်.. အပြည့်ဝဆုံး နက်ရှိုင်းစွာ နားလည်ဖို့ ကိုယ်မင်းကို အချိန်တွေ ပေးထားဦးမှာပါ..။

တနေ့နေ့ပေါ့.. တနေ့နေ့ မှာပေါ့ ကွယ်။ ကိုယ်နဲ့ မင်း ခုထက်ပိုပြီး ထပ်တူကျ ညီမျှလာမယ့် အဲ့ဒီနေ့လေး ရောက်လာရင်ကော..!! ကိုယ့် လက်တွေ ကို တင်းနေ အောင် မင်း ဆုပ်ကိုင် တွဲခို ထားမှာလား..!! ဒါမှမဟုတ်.. မင်း ပုခုံးနုနုလေးပေါ်မှာ ကိုယ့် လက်ဖဝါး တစ်ဖက် ဖွဖွလေးအုပ်မိုး ထားမိလေမှာလား..!! ဟက်ဟက် ပက်ပက် ရယ်မောမိမယ့် ကိုယ်တို့နေ့သစ်တွေကို ရာသီသုံးပါးသိအောင် ကြေညာဖို့ ဒဏ်ရာ တွေ နည်းမှ ဖြစ်မှာ..။ ကိုယ် မင်းကို ဘယ်တော့မှ နာကြည်းစေမယ်မထင်ဖူး.. ရေအလျှင်လို မင်းရှိရာ အမြဲတမ်း စီးဆင်းနေတဲ့ ကိုယ့်မေတ္တာတွေဟာ ဘယ်တော့ မှ ခမ်းခြောက်နိုင်မယ် မထင်တော့ဘူး..။

ကိုယ်တို့ ချစ်ခြင်း ကို ခွင်းနိုင်မယ့် တစုံတရာ ကိုယ်တို့ကမ္ဘာမှာ မရှိစေရဘူး မင်းလည်း ယုံတယ် မဟုတ်လား အလင်းရောင် ရယ်..။ 
ဟော... ကြည့်စမ်း..!! အသံတိတ် သံစဉ်တွေနဲ့ ကိုယ်ချော့သိပ်လို့ မှေးစင်းနေ တဲ့ မျက်တောင် ကော့လေးတွေနဲ့ မျက်လုံးဝိုင်းလေးတွေက ပြန်လက်လာလိုက်တာ နုပျိုလွန်းတဲ့ ကြယ်စင်တွေ လိုပဲ.. တောက်ပနေ လိုက်တာ..။ လူးလွန့်လာတဲ့ မင်းခန္ဓာလေးကြောင့် ကိုယ့်ရင်ခုန်သံတွေ အတိုင်းမသိ ကျယ်လောင် လာရင် မင်း လန့်သွားမှာ ကို တိတ်တိတ်ကလေး စိုးနေမိတယ်..။

စိုးရိမ် လွန်နေ တဲ့ ကိုယ့်အသိတွေနဲ့ အသက်ရှုတွေ အောင့်ကာထားမှ စူးစူးဝါးဝါး ငိုချလိုက်သံလေးက ကိုယ့် ကို ပြာယာခတ် သွားစေ ပြီပဲ..။ နှုတ်ခမ်းတစ်စုံကို ထိန်းချုပ် ထားပါလျှက်နဲ့ မထင်မှတ်ပဲ ကိုယ့် အသံလေး က လွှတ် ကနဲ.. တုန်ရီလို့ ခုန်ထွက်ကျသွားတယ်.. “အလင်းရောင်လေးရယ်..”။ ကိုယ့်အသံကို ကိုယ်တိုင် ခွင့်မလွှတ်နိုင်အောင် ဖြစ်သွား ခဲ့ရတာ..“ခွင့်လွှတ်ပါနော်..” လို့ တဖွဖွနဲ့ တိုးတိုးလေး တောင်းပန် နေမိ ပြန်သေး တယ်..။ “မေမေ့အသံကြောင့် အလင်းရောင်လေး ပိုလန့် သွားမယ် ဆိုရင်ပေါ့.. သမီးလေး ရယ်...”

သူ့ကို ပိုက်ထွေး ဖို့ လက်အစုံကို ဆန့်တန်း လိုက်တော့ ကိုယ့် လက်တွေ ထဲမှာ ပါလာတာက အရောင် အဆင်း ရနံ့ ဘာဆို ဘာမှ မရှိ တဲ့ လေငွေ့ငွေ့တွေ..။ အို... သူ ဘယ်ရောက် သွားပြီလဲ..!! ကိုယ့်ရင်တွေ ပူလောင် လွန်း လို့ ဝုန်းဒိုင်း ကြဲ ကုန်တယ်..။ ဘယ်ကနေ ရောက်လာမှန်းမသိတဲ့ မွန်းကြပ်မှုတွေ နဲ့ ခြစ်ပြီး ဟစ်အော် မိလိုက် တဲ့ ကိုယ့် အသံနက်နက် က လှတဲ့ ညလေးကို အကျည်းတန်စွာ ဖျက်ဆီး လိုက်ပြီပဲ...။ ခြောက်ကပ် တက်လာ တဲ့ အာခေါင် နဲ့ တံတွေး တစ်စက်ကို မြိုချရင်း ... လက်တစ်ဖက် နဲ့ စားပွဲပေါ် က ရေခွက် ကို ကတုန် ကရင် လှမ်း ဆွဲ မိ လိုက်တယ် ဆိုရင်ပဲ......။

ဖန်ခွက် ပါးပါးလေး တစ်လုံးက အစိတ်စိတ်အမွှာမွှာ ရက်စက်စွာ “ကျကွဲ”....၊

အိပ်မက်က လန့်အနိုးမှာ ကိုယ့်မျက်လုံးတွေဟာ မျက်ရည်စတွေနဲ့ “ငိုသည်း”....၊

လှပ လွန်းတဲ့ ကိုယ့်ညလေးဟာ အထီးကျန်မှုတွေအဖြစ် “ပြောင်းလဲ”....၊

ထူးဆန်းမှုတွေနဲ့ ကိုယ့်တစ်ခန္ဓာလုံး ချွေးစက်တွေနဲ့ “စိုရွှဲ”....၊

ကိုယ့် ရဲ့ အတ္တတွေဟာ မီးတောင်တစ်ခုလို နိုးထ “ပေါက်ကွဲ”....၊

မယုံကြည်လောက်အောင်ပဲ အလင်းရောင်လေးကို မြတ်နိုးချစ်ခြင်းမှာ ကိုယ်ဟာ “ပြိုလဲ”....၊
 


ဒီနေ့ ထက် ထိတိုင် အိပ်မက်လေးထဲက ကိုယ့်အလင်းရောင်လေးကို ရူးသွပ် တမ်းတစွာ ကိုယ်ဟာပြန်ပြီး “အိပ်မက်ချင်နေဆဲ”....။။


(ခင်လေးငယ်)
http://www.koyinnawkhinlaynge.blogspot.com/2010/01/blog-post_22.html

No comments: