Monday, April 30, 2012

ဆိုး၍ စိုးရိမ်စွာ ချစ်ရသော ~


မိဆိုးရေ..!! 
မင်းပေးတဲ့ ရသတွေဟာ သိပ်ကို စုံလွန်းလှတယ်။ ဘယ်တော့မှလည်း ရိုးနိုင်မယ်မထင်ဘူး။ အများဆုံးရတတ်တဲ့ ရသကတော့ ကိုယ့်ကို မင်းဟာ စိုးရိမ်မှုတွေ ပေးတတ်ခြင်းပါပဲ...!! မင်းကပဲဆိုးတာလား ကိုယ်ကပဲ စိုးရိမ်လွန်နေတာလား.. တစ်ကယ်တော့ ကိုယ်ဟာ မင်းအတွက်သက်သက်နဲ့ အသက်ရှင်နေတဲ့ လူသားတစ်ယောက်ရယ်ပါ။

မိဆိုးရေ... မှတ်မိလား..!!
အဲ့ဒီနေ့က မိုးတွေရွာနေခဲ့တယ်လေ... မိုးရေတွေထဲမှာ ထီးမပါပဲ ခေါင်းတစ်ခါခါနဲ့ လမ်းလျှောက်နေတဲ့မင်းကို ခပ်ဝေးဝေးက လှမ်းအတွေ့မှာ အမြန်ဆုံးနှုန်းနဲ့ မင်းနားကို ကိုယ်ရောက်သွားခဲ့တယ်။ ကိုယ့်အပြောမှာ ပေတေတေ အကြည့်နဲ့ မင်းပြောခဲ့တဲ့စကားက...

“အိုး...!! ပူစရာမလိုပါဘူး.. ငါက လူမမာကြီးမို့လား.. ဒီမိုးလေးလောက်များ....”
ကားပေါ်ကနေ ခဏလေးဆင်းမိတဲ့ ကိုယ့်ခန္ဓာကို မိုးစက်တွေ လာထိရုံနဲ့တင် ကိုယ့်မှာတော့ ခိုက်ခိုက်ကို တုန်လို့.. အေးလွန်းသလို ဆိုးဝါးလွန်းတဲ့ ရာသီဥတုမှာ ပေတေလွန်းတဲ့ မင်းကိုကြည့်ရင်း ငုတ်တုတ်မေ့ခဲ့ရတဲ့ နေ့တွေထဲက တစ်နေ့ပေါ့...။

မိဆိုးရေ... မှတ်မိလား..!!
စိတ်ကူးပေါက်ပေါက်နဲ့ ရုပ်ရှင်သွားကြည့်ခဲ့ကြတဲ့ နေ့လေးအပြန်ကိုလေ... ကောက်ခါငင်ကာနဲ့ မင်းပြောခဲ့တဲ့စကားက...

“မနက်ဖြန်လည်း ငါ.. ကျောင်းမသွားဘူး ဒီကား ထပ်လာကြည့်ဦးမှာ..”
ကိုယ့်အကြည့် ကြောင်အမ်းအမ်းမှာ ဟက်ဟက်ပက်ပက် မင်းပြုံးတယ်..။
“ဟ.. ကျောင်းပျက်လို့ စာမရတဲ့ အထဲမှာ ငါမပါဘူး....”
မင်းကိုယ်တိုင် ယုံကြည်မှုအပြည့်နဲ့ ပြောနေတဲ့ မင်းစကားမှာပဲ ကိုယ်ဟာ ပါးစပ်အဟောင်းသား...။

မိဆိုးရေ... မှတ်မိလား..!!
ဖုန်းဆက်ပြီး ကိုယ့်ကိုခေါ်ခဲ့တဲ့ ပူပြင်းလွန်းတဲ့ နေ့တစ်နေ့ကိုပေါ့...။ နေပူကျဲကျဲမှာ တိုက်နေတဲ့ လေရဲ့ အပူချိန်နဲ့တင် အသားတွေဟာ ကျွမ်းမတတ်။ ကိုယ်ရှိနေတဲ့ နေရာကို မင်းမေးတယ်.. ပြီးတော့....

“မိနစ်သုံးဆယ်အတွင်း လာခေါ်ပေးပါ... ငါ ..x..x..x. ပန်းခြံရဲ့ ဘယ်ဘက်အခြမ်းမှာ ရှိနေတယ်...”

ကိုယ်ရောက်တော့ သိပ်ကြာကြာမရှာရဘူး ပူလွန်းလို့ ဘယ်သူမှ မထိုင်နိုင်တဲ့နေရာမှာ မင်းကိုအထင်းသားတွေ့ လိုက်ရတယ်။

“ထ မယ်လုပ်မှ မိုက်ကနဲဖြစ်သွားလို့...”



ပြူးထွက်နေတဲ့ ကိုယ့်မျက်လုံးတွေကို ခပ်ငဲ့ငဲ့ကြည့်ရင်း...

“မည်းချင်လို့ နေကင်တယ်.. ဘယ်သူ့ကိုမှ မထိခိုက်ဖူး ငါ့အသားနဲ့ငါ... နင် လာခေါ်ပေး တာ ကျေးဇူး..”

ထ အရပ်မှာ ယိုင်သွားတဲ့ မင်းလက်မောင်းကို ခပ်ကြမ်းကြမ်း ဖမ်းအထိန်း.. မဖြူတဲ့ ကိုယ့် လက်ဖမိုးက နေလောင်ခံထားတဲ့ မင်း လက်မောင်းပေါ်မှာ ဖွေးဖွေးကိုဆွတ်လို့...။ ကိုယ့်မျက်နှာ ဟာ မင်းကြောင့် မျက်မှောင်တွေ ကြုတ်ထားမိတာ အတော်ရုပ်ဆိုးနေခဲ့မှာ.. ။


မိဆိုးရေ... မှတ်မိလား..!!
တစ်ရက် မထင်မှတ်ပဲ ကိုယ်မင်းအိမ်ကို ရုတ်တရက်ရောက်ခဲ့တဲ့နေ့လေ... လေးချက်လောက် ဆင့်ပြီးတီးမိတဲ့ ဘဲလ်သံအဆုံးမှာ မင်းတံခါးလာဖွင့်ခဲ့တယ်.. မင်းမျက်နှာကို မြင်လိုက်ရချိန် အံ့အားသင့်မှုတွေနဲ့ ကိုယ့်မှာ ဆွံ့... အ... လို့...!! မင်းကတော့ ရှက်ရွံ့ သွားခြင်း အလျင်းမရှိ... ပကတိ အေးစက်စက် ငြိမ်းချမ်းစွာ ခပ်တည်တည်နဲ့ပေါ့။

“အိမ်ထဲမှာနေလို့ အလှမပြင်ရဖူးလို့ ဘယ်ဘုရားမှ ဟောမထားဘူး.. ရဲနေအောင် နှုတ်ခမ်းနီဆိုးတော့ကော ဘာဖြစ်လဲ...”
“ငါ့အာရုံနဲ့ငါ.. နင်လန့်စရာမလိုဘူး.... အလှပြင်တာ မြင်ဖူးအောင်ကြည့်ထား ဟွန်း..”

အံ့သြမှုတွေနဲ့ တဟား ဟား ကိုယ် အော်ရယ်တော့လည်း မင်းက မင်းနဲ့ မဆိုင်သလို ထုံးစံအတိုင်း အေးဆေးနဲ့ပါပဲ...။


မိဆိုးရေ... မှတ်မိလား..!!
မင်းနဲ့ ကိုယ် ဗုံတီးသံတွေ ဆူညံနေတတ်တဲ့ လမ်းလေးခွဆုံ အကျယ်ကြီးမှာ လမ်းကူးတုန်းကလေ... လက်ရဲဇက်ရဲနဲ့ ကိုယ့်လက်ကို ဆောင့်ဆွဲပြီး...

“လာဟာ.. ဟိုဖက်ရောက်တဲ့အထိ ဖြတ်ပြေးကြမယ်..”

အလန့်တကြား ပြေးပြီးလိုက်မိတဲ့ ကိုယ့်ခြေထောက်တွေကပဲ တွန့်ဆုတ်ဆုတ် နိုင်နေလို့လားမသိ.. ကိုယ့်လက်ကို ဖြုတ်ချရင်း...  

“ဘာလဲ.. လူတွေကြည့်လို့ ရှက်တာလား.. သူများပစ္စည်းခိုးတာ မဟုတ်ဘူး.. ပြေးချင်စိတ်ရှိလာလို့ ပြေးမိတယ်.. မှားလား..! လူတွေရဲ့အကြည့်နဲ့ ကိုယ့်ကိုယ်ကို ဘောင်မခတ်စမ်းပါနဲ့...”

သက်ပြင်းချမိတဲ့ ကိုယ်ဟာ.. မင်းရဲ့ စူးရှရှ မျက်စောင်းမှာ တမေ့တမော မှင်တက်လို့။


မိဆိုးရေ... မှတ်မိလား..!!
မင်းသူငယ်ချင်း သုံးယောက်နဲ့ ကိုယ်တို့ လျှောက်လည်ဖြစ်တဲ့နေ့ပေါ့... လမ်းဘေးက ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ ကိုယ့်မိတ်ဆွေတစ်ဦး ကိုယ်တို့တွေကို တွေ့သွားခဲ့တယ်နော်.။ သူက ဟန်လုပ်ပြီး မုန့်လေးဝင်စားသွာပါဦး ဆိုတဲ့ အပြောကို... အိနြေ္ဒထိန်းဖို့ ကိုယ့်လက်အကုတ်မှာ မင်းပြန်ပြောတဲ့စကားက...

“ကျွေးတဲ့လူက ကျွေးချင်တယ်.. ငါက ဆာလို့ စားချင်တယ်ပြော ခေါင်းညိတ်တာ ဘာဖြစ်လဲ.. ဒါ.. ဟန်ဆောင်စရာလား.. သွားစမ်းပါ...ငစိုးရာ”

ကိုယ့်မိတ်ဆွေ ဆွဲထုတ်ပေးတဲ့ ခုံမှာ မင်းက.. ကျကျနန ဝင်ထိုင်ရင်း ကိုယ့်ကို လှမ်းပြုံးပြခဲ့တာနော်.. ကိုယ့်မှာသာ မအီမလည်ကြီးနဲ့ မင်းဘေးမှာ ဝင်ထိုင်လိုက်ရရော...။

မိဆိုးရေ... မှတ်မိလား..!!
မင်းဖေဖေဆိုခဲ့ဖူးတဲ့ Cliff Richard သီချင်းတစ်ပုဒ်အကြား ရှိုက်ကြီးတငင်နဲ့ မင်းငိုခဲ့တဲ့နေ့လေ... လမ်းပေါ်မှာ လူတွေကအများကြီး ခေါင်းလည်းမငုံ့ဘဲ တအိအိနဲ့ ငိုရင်းလျှောက်နေတဲ့ မင်းပုံစံကို ပြန်မြင်လာတယ်.. သတိထားဦး.. ဆိုတဲ့ ကိုယ့်အပြောကို...

“ဟင်.. လမ်းပေါ်မှာငိုတာ အခွန်ဆောင်ရလို့လား... မလိုအပ်တဲ့ နားချမှုတွေ လာမလုပ်နဲ့ ဒါ.. ငါ့လွတ်လပ်ခွင့်..”


မိဆိုးရေ... မှတ်မိလား..!!
ကော်ဖီတစ်ခွက်ကို ကိုင်ထားပြီး ကော်ဖီဆိုင် တစ်ဆိုင်မှာ တစ်ယောက်ထဲ ထိုင်နေတာကို မထင်မှတ်ဘဲ ကိုယ် တွေ့သွားခဲ့တဲ့ နေ့လေးကိုရော...!! မင်းဟာ ဘယ်အရာကိုမှ လွန်လွန်ကျူးကျူး မလုပ်တတ်တာ ကိုယ်ယုံကြည်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ ကော်ဖီက လုံးဝ မတည့်ဘူးလေ။ တစ်နေကုန် မင်းထိုင်နေခဲ့တာ ကိုယ်သိနေတယ်.. ပူတတ်လွန်းတဲ့ ကိုယ့်စိတ်တွေကတော့ ငယ်ထိတ်တောင်ရောက်နေပြီ။  ပြန်ဖို့ပြောတဲ့ ကိုယ့်စကားကို...

“အများကြီး မသောက်သင့်တာ ငါသိတယ်.. ငါ့. အခွင့်အရေးကို ချိုးဖောက်တဲ့ စကားတွေ လာမပြောနဲ့နော်...”
“နှစ်ခွက်ပဲ သောက်တာ...” 

ကိုယ့်ကို မင်းက ခေါင်းကိုမော့ပြီး ပြောတာမျိုး မဟုတ်ခဲ့ဘူး။ မျက်ဝန်းတစ်စုံကို ထောင့်ကိုကပ်လို့ အပေါ်ကို လှန်ပြီး ဂျစ်တူးတူး မျက်နှာပေးနဲ့ ပြောပြောဆိုဆို ထ ရပ်ခဲ့တာလေ။  မင်းလွယ်နေကျ အိတ်လေးကို ဖြတ်ကနဲ လွယ်ရင်း ခပ်ကျော့ကျော့ ခြေလှမ်းတွေနဲ့  ကိုယ့်ကိုကျောခိုင်း၊  ကားသော့လေးကို လက်ညှိုးနဲ့ ကစားရင်း.. တစ်လှမ်းချင်း.. ထွက်သွားလေရဲ့....!! ကိုယ့်မှာသာ သက်ပြင်းတွေ တစ်သီကြီးနဲ့...မင်းချန်ခဲ့တဲ့နေရာမှာ ငေါင်ပြီး ကျန်ခဲ့ရရော... မိဆိုးရယ်..!!

မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... .... .ဟွန်း..... ..... ..... ..... ..... .....” တဲ့....။
  
မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... .....ငစိုးရယ်.... ..... ..... ..... ..... .....” တဲ့....။

မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... ...နင် ဟာလေ... ..... ..... ..... ..... ....” တဲ့....။

မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ..... ...တော်စမ်းပါ... ..... ..... ..... ..... ....” တဲ့....။
  
မိဆိုးရေ... မှတ်မိလား..!!
“..... ..... ..... ..... ...ရော့.. ဒါ.. နင့်အတွက်... ..... ..... ..... ....” တဲ့....။


မိဆိုးရေ......!!
တစ်ကယ်တော့ ကိုယ့်နာမည် တစ်လုံးကိုယူပြီး မင်းကိုယ့်ကို “ငစိုး..” လို့ မခေါ်သင့်ဘူးသိလား..!! ကိုယ့်ရင်ထဲက တိတ်တိတ်လေး ခေါ်နေမိတဲ့... မင်းနာမည်မဟုတ်တဲ့.. “မိဆိုး..” ဆိုတာသာ မင်းနာမည် အရင်းဖြစ်သင့်တာပါ။ ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ.. ကိုယ့်ရင်ထဲက မိဆိုးလေးကို ဆိုးလို့ကို စိုးရိမ်ကြီးစွာနဲ့ ချစ်တယ်...။

ဟုတ်တယ်.. မိဆိုး..! ဘယ်တော့မှ မပြောင်းလည်းဘူး... တစ်သက်လုံး လှလှပပလေး သိမ်းထားမယ်.. နောက်ပြီး မင်းသိအောင်လည်း ကိုယ်ဘယ်တော့မှ ပြောဖြစ်မှာမဟုတ်တော့ပါဘူး။

"တကယ်ပါ.... မိဆိုးရယ်..." 

      "ကိုယ်.... 
       မင်းကို....
       အရမ်း....
      ချစ်တယ်..."


                                          (ခင်လေးငယ်)

No comments: