Wednesday, April 24, 2013

~ ပြာလဲ့သော ရာသီသစ်များ ~


နွေဦးဟု ဆိုနိုင်ခဲ့သော ရာသီသည် ရက်သတ္တပတ် သုံးပတ်ခန့်သာ ရှင်သန်၍ ရုတ်တရက် ကွယ်ပျောက်သွားခဲ့သည်..။ ထူထဲအောင် ဝတ်ကာ အနွေးဓာတ်ကို ပျိုးယူရသည့် အအေးလွှမ်းသော နေ့ရက်ဆီသို့ ပြန်လည် ဦးလှည့်သည်မှာ သုံးရက်မြောက် ဖြစ်သည်..။


မည်းမှောင်သည့် တိမ်တိုက်များနှင့် နေခြည်ကို မှိုင်းတိုက်ထုတ်သော တိုကျိုသည် ငုတ်လျှိုးလျှိုး နိုင်လှသည် ထင်မိ၏..။ တဝေါဝေါနှင့် မာန်ပါသော လေကို အံတုရင်း ခေါင်းမာမာနှင့် အရွေ့နှေး သည်မှာလည်း ထိုတိမ်တိုက် မည်းများပင်..။


အပျိုမလေးသဖွယ် အရောင်စုံ ကူးပြောင်းလွယ်သော တိုကျို၏ ကောင်းကင်ပြင်သည် သုံးရက်တိတိ နေ့နေ့ညည အိုမင်းရင့်ရော်သည့် အသွင်ဆောင်နေ၏..။


* * * * * * * * * * 



ရာသီတစ်ခုသည် ရုပ်၊ နာမ်၊ ခန္ဓာ တွင်းပြင်သို့ လွယ်လင့်တကူ ဝင်ရောက် ပူးကပ်နိုင်သည့် အစွမ်းရှိသည်ကို သတိထားမိသည်မှာ ဆယ်စုနှစ် နှစ်ခုစာ ရှိပြီ..။ မည်သို့ဆိုစေ တစ်သားတည်း ထပ်တူကျရင်း စီးမျောလွယ်သည့် သဘောဆောင်သော စိတ်ကို မုန်းတီးခြင်း မဖြစ်..။ ကိုယ်တိုင် အမြတ်တနိုး နှစ်ခြိုက်မြဲ ဖြစ်သည်..။

ဥတုရာသီအချို့ကို ခပ်တည်တည်နှင့် ပိုင်ဆိုင်မှုပြုကာ မူပိုင်အဖြစ် အပိုင်စားသိမ်းမည်..။ မည်သူ့ ခွင့်ပြုချက်မျှ လိုအပ်မနေခဲ့..။

ကျွန်မ၏ ရာသီများကို ~~~

“နားလည်ရလွယ်ကူသော အရောင်များနှင့် ခြယ်သလို၏”
“ပန်းတစ်ပွင့်နှင့် ထပ်တူပြုလို၏”

“လူ- ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အသွင် အသက်သွင်းလို၏”
“နတ်ဘုရား တစ်ပါးအဖြစ် ရွှန်းရွှန်းလဲ့လဲ့ တင်စားလို၏”

“ချိုမြိန်သော ပန်းသီးတစ်ကိုက် အဖြစ် အရသာရှိရှိ စားသုံးလို၏”
“ငှက်ငယ်အသွင် ပေါ့ပေါ့ပါးပါး ပုံဖော်လို၏”

“ကူးခတ်မြူးပျော်နေသော ရွှေငါးလေး တစ်ကောင်ဖြစ် လှလှပပ ဖန်ဆင်းလို၏”
“နဂါးငွေ့တန်းအဖြစ် တခမ်းတနား ငေးမော မှင်တက်နေလို၏”

“ဆိုးပေပေ ဂျစ်ကန်ကန်နှင့် ခပ်မိုက်မိုက် ကောင်ကလေး၏ စူးရှရှ မျက်လုံးများထဲသို့ မွှေနှောက်သူအဖြစ် စိုက်ကြည့်လို၏”


* * * * * * * * * *

ကျွန်မ အပိုင်သိမ်းထားသော ရာသီများ အလိုအတိုင်း ခေါ်ဆောင်ရာသို့ ကောက်ကောက်ပါအောင် ချစ်ခင်စွာ ကျွန်မ လိုက်မည်..။ သူတို့အားလုံးသည် တစ်သီးတစ်သန့် ရှိနေသည်..။ အခြားသူများ ပိုင်ဆိုင်သော ရာသီများနှင့် တူ- မတူ “နိုင်းယှဉ်ခြင်း အမှုကို မည်သည့်အခါမှ ကျွန်မ မပြု..”

စိတ်နှလုံးအတွင်းသို့ ငုတ်လျှိုးတူးစွသော အခါ အတိတ်၌ မွေးမြူခဲ့ဖူးသည့် ပုတ်အက်နေ သယောင်ရှိသော ရာသီအချို့ကို ပြန်တွေ့၏..။ တည်ငြိမ်သော စိတ်ဖြင့် အသာတကြည်နှင့် ဖယ်ထုတ်သည်..။ လေထုကို ခိုတွယ်စီးရင်း သူတို့လာရာ လမ်းဆီဲသို့ တိုးဝင်ကွယ်ပျောက်သွားသည်..။ အရာအားလုံးသည် အသစ်အသစ်သာ ဖြစ်၏..။


* * * * * * * * * *

ကုတင်ခေါင်းရင်းရှိ ပန်းနုရောင် လိုက်ကာရှည်ကို ဆွဲဖွင့်မိသည်..။ ရက်အချို့တွင် မှိုင်းပြနေခဲ့သော တိုကျိုကောင်းကင်သည် ယနေ့ (တနလာင်္နေ့) နံနက်ခင်း၌် ရှင်းသန့်သော နေခြည်တို့ ငြိမ့်ငြိမ့်ညောင်းညောင်း ကခုန်နေသည်..။ နေခြည်နုတို့၏ ပျော့ပျောင်းလှသော သိမ်မွေ့မှုသည် ကျွန်မထံ ကူးစက်၏..။ ကျွန်မ၏ မျက်စံနက်များထဲတွင် ပြာလဲ့လဲ့ပုံရိပ်များ ထင်ဟပ်နေပါလျက် ပန်းနုရောင်သို့ ချစ်စဖွယ် ပြောင်းပြန်သည်..။

ဝင်သက်နှင့် ထွက်သက်သည် နှာဖြားဝတွင် စည်းချက်ညီညီ ရှိလှ၏..။ နဘေထပ်စရာ မလို- ကာရံညီနေသည့် ထို အဖြစ်သည် ကျွန်မ၏ ရာသီသစ် ဖြစ်သည်..။ တစ်စုံတစ်ရာ၏ ခွင့်ပြုချက် မလိုအပ်ခဲ့သော ကျွန်မပိုင်ဆိုင်မှု ပြုထားသည့် ဥတုရာသီများထံသို့ မည်သူမဆို အဆီးအတားမဲ့ ဝင်ထွက်လေ့လာ နိုင်သည်..။ သဘောတူ ခေါင်းညိတ်ထောက်ခံရန် မလို..။

တစ်ခုတော့ ရှိမည်...။

“ကျွန်မ၏ ဥတုရာသီတိုင်းထဲတွင် ကျွန်မ ချစ်မြတ်နိုးသော လူသားအချို့ ငြိမ်ဝပ်အေးချမ်းစွာ အတူတကွ ရှိနေကြ၏..”


* * * * * * * * * *


(ခင်လေးငယ်)
2013/ 04/ 22

~ နွေဦးဂစ်တာလေး၏ အိပ်ရာဝင် ~

လှိုင်းပုတ်သံ သဲ့သဲ့သည် ကိုယ်ပေါ်တွင် လွှမ်းခြုံထားသည့် စောင်ပါးထဲ အထိ ငြင်ငြင်သာသာ တိုးဝင်လာခဲ့၏။ ဆီးကြိုကာ တယုတယလေး ပွေ့ပိုက်ထွေးဖို့ ဆန္ဒ ဖြစ်ပေါ်သည်။  


ငြိမ်သက်နေသော ပင်လယ်သည် လရောင်၏ အချော့အမြူ၌ အသာတကြည် ကနွဲ့ကလျ လှပနေမည်ကို မျက်လုံးအစုံ မှိတ်ထားပါလျက် ခံစား၍ ရ၏။ ကျွန်မထက် တစ်နာရီတိတိစောကာ နေဝင်လေ့ရှိသော သူမ နေထိုင်ရာနှင့် ကပ်လျက်တွင်လည်း ပြာလဲ့လဲ့ ပင်လယ်ပြင် ရှိနေသည်။


နွေဦးပေါက် ရာသီသည် ကျွန်မအိပ်ခန်း ဟိုဟိုသည်သည်၌ နေရာ ယူထားသည်။ အိပ်မှုံစုံမွှားနှင့် ကျွန်မ လှမ်းကြည့်လေ့ ရှိသော ခပ်ပါးပါး နံရံကပ်နာရီ အဝိုင်းမှ စက္ကန့်တံလေး အထိ နွေဦးသည် မခို့တယို့ တွဲခိုနေ၏။

 
အပူပိုင်း ရာသီနှင့် အသားကျ နေလေ့ ရှိသော သူ သည် နွေဦးပေါက်ကို အထွေအထူး ခံစားတတ်မည် ဟုတ်- မဟုတ် ကျွန်မ အသေအချာ မသိ။ 



တမျှော်တခေါ် ညကောင်းကင်ကို ငေးမောတတ်လေ့ရှိသော သူ့ကို ကြယ်ငေးသူဟု ကျွန်မ စနောက်လေ့ ရှိတတ်သည်။


ယခုလို ညမျိုးတွင် သူ့အခန်း၏ ပြတင်းလိုက်ကာများကို ဆွဲဖွင့်ဟရင်း ကြယ်ငေး နေပါလိမ့်မည်။ သို့မဟုတ် သူ ပိုင်ဆိုင်သော မဟူရာရောင် ဂစ်တာကို ဆော့ကစားရင်း ခိုင်ထူးသီချင်း တစ်ပုဒ်အား ဖွဖွ ညည်းဆို နေနိုင်ပြန်သေး၏။


“♫.. ♪.. တိတ်ဆိတ် အိပ်မက်တို့ ကျန်နေဆဲ... ငါ့စိတ်တွေ နှင်နေတုန်းပေါ့.. တချို့တွေ နေ- နိုင်လွန်းတယ်...♪..♫..”


ဆိုသည့် နေရာကို အခါခါ ကျော့၍ ဆိုချင်ဆိုနေပေမည်။ ထိုအပုဒ်ကို အားရအောင် သူ တီးခတ်ပြီးလျှင် သီချင်း နောက် တစ်ပုဒ် ဆိုညည်းဖို့အတွက် လက်ကွက် ရွှေ့လိမ့်ဦးမည်။


“♫.. ♪.. ဒီကောင်းကင်ကြီးလည်း ဟိုးအရင်လို မလှတော့ဘူး... တို့ နှစ်ဦးသား ဘဝမှာ ကမ္ဘာကြီး ခြားထားသလို...♪..♫..” ဟု

ဆွေးဆွေးမြေ့မြေ့ ဆိုလိုက်မည့် သူ့ အသံသည် ကျွန်မပါးပြင်ပေါ်တွင် ဝေ့ဝဲနေသော လှိုင်းပုတ်သံ သဲ့သဲ့နှင့် တပြေးညီ ကျသွားခဲ့၏။  အိပ်ခန်းတွင်းမှ ကျွန်မ နွေဦးသည် စကားမဆိုပါပဲ တိတ်တဆိတ် ငြိမ်ဝပ်သွားတော့သည်။


ပိတ်ထားသော အိပ်ခန်းမီး မှောင်မှောင်အောက်မှာပင် ညာဘက်လက်ဖြင့် ပါးလျလျ ဖုန်းရှိရာကို စမ်းယူလိုက်သည်။


ထို့နောက်~~ ချစ်စွာသော သူ့ ထံ “Good Night My Love..” ဟု ရေးကာ ပို့လိုက်၏။


“Downloaded” ဟူသော ခပ်မှိန်မှိန် စာတမ်းလေးကို ဖတ်အပြီး နွေဦးကို ခဏတာမျှ ချန်ခဲ့ကာ မျက်လုံးအစုံကို ပိုမိုတင်းကျပ်အောင် ပိတ်၍ ကျွန်မ အိပ်စက်စ ပြုချိန်တွင်- သူ သည်လည်း ပြုံးတုံ့တုံ့ မူဟန်နှင့် ည-ကို နှုတ်ဆက်- ဂစ်တာကို သိမ်းကာ မှေးစက်ဖို့ ပြင်ပါလိမ့်မည်..။ ။

(ခင်လေးငယ်) 2013/ 03/ 17

~ အိမ်ပြန်သူ ~


ခပ်လှမ်းလှမ်း ရေစပ်မှာ ခြေဆင်းထိုင်ခဲ့သူ လူရွယ်က ချွတ်ထားတဲ့ သူ့ ဖိနပ်ကို ကောက်စီးဖို့ မတ်တပ် ရပ်လိုက်တယ်..။

ဆိုင်းဆရာ့ စကား ခဏငှားသုံးရင် ဒါဟာ.. “ပတ်စာခွာ ဖျာလိပ်” အဲ့ဒီနေ့အတွက် သူ့ အိမ်ပြန်ဖို့ ဖြစ်တယ်..။

ဒီလိုနဲ့ ကျွန်မလည်း ရထားကြီးစီး အိမ်ပြန်ခဲ့တယ်။ ဘယ်နှစ်ကြိမ်မြောက် ပြန်ခြင်းလည်း ကျွန်မ မသိဘူး။ ကျွန်မ အိမ်ပြန်နေတယ်..။



ကျွန်မ စီးနေတာ.. ခနော်နီ ခနော်နဲ့ ရထားပဲ- မကျေနပ်ဘူး။ ငယ်က စီးဖူးတဲ့ ရထားလို “ဘော်ဘူး” မမြည်ဘူး။ “ဂျုံးဂျုံး ဂျက်ဂျက်” ခုတ်သံ မကြားရဘူး..။ နောက်.. ကျွန်မ လိုအပ်တဲ့ အဟုန်နှုန်းနဲ့ ခုတ်မောင်း မပေးနိုင်သေးဘူး..။


ဒါကိုပဲ ရထားလို့ ခေါ်ရင်း တို့လို့တန်းလန်း လက်တွေမြှောက်ထားလျက် အိပ်ငိုက်နေကြ သေးတယ်..။ ဒီလိုနဲ့ အိမ်ပြန်ရပြန်ပြီ..။


““ဒီနေရာမှာ တိတိပပ သိနေတာ ရှိတယ်- ရထား ခုတ်မောင်းသူဟာလည်း အိမ်ပြန်နေတဲ့ ကျွန်မ ကိုယ်တိုင်ပဲ ရယ်..””


တစ်ကိုယ်ရေတိုက်ခန်း ကျဉ်းလေးသော့ကို ဖွင့်တာလည်း ဘယ်နှစ်ကြိမ်မြောက်မှန်း မမှတ်မိဘူး..။ မှတ်မိနိုင်စရာလည်း မရှိဘူး။ ကျွန်မ မမှတ်မိဘူးဆိုတာ အေးအေးဆေးဆေး သိ- နေပေးလိုက်တော့ ပွဲပြီးသွားပါတယ်။ ဒီလိုနဲ့ မရိုးနိုင်စွာ ကျွန်မ အိမ်ပြန်တယ်..။


“အိမ်ပြန်ရောက်ပြီလို့ ဘယ်သူ အော်ပြောသလဲ..?” မရောက်သေးဘူ။ ပြန်တုန်း..ဒီလိုနဲ့ ပြန်နေတုန်း..။ ပြန်ပြန် နေရတုန်း..။


မပြီးနိုင်မစီးနိုင်- တစ်မျှော်တစ်ခေါ်- ရှည်ရှည်လျားလျား- ထွေထွေပြားပြား- တောင်ဆင်းတောင်တက်- တိုးလျှိုး ငုတ်ကူး- နည်းပေါင်းစုံနဲ့ ကိုယ့်အသိကိုယ် ပျိုးခင်းပြီး အိမ်... ပြန် ပြန်တယ်..။


အိမ်က “ထွက်” တယ်..။
အလုပ် “သွား” တယ်..။
ထမင်း “စား” တယ်..။
“အိပ်” တယ်..။


ဘယ်သူတွေ ဘယ်လို ပြောပြော- ပြောစေ.. ကျွန်မ မငြင်းပါဘူး..။ လက်ခံပေး ထားတယ်။ ကျွန်မကတော့ နေ့နေ့ ညည အိမ်ပြန်ခြင်း တစ်ခုပဲ လုပ်နေတာရယ်..။


တစ်ကိုယ်စာ ပတ်ပတ်လည်ကို ဟိုဟိုဒီဒီ ကြည့်မိတိုင်း ဖြည့်စရာတွေက အများသား..။ ဒါပေါ့..!! လိုအပ်နေသေး တာကိုး..။


ကျွန်မ ဖြည့်မိသလား.? ပြည့်သွားသလား.? ဟုတ်ပြီ. ဖြည့်ဖူးမယ်- တစ်ခါတရံ ပြည့်ဖူးတယ်- ဆိုဦးတော့.. သေချာပါတယ် ကျွန်မ အိမ်ပြန်နေဆဲပဲ..။


ပြန်စရာ မလိုအပ်တော့ချိန် ရောက်တဲ့အထိ ကျွန်မ အိမ်ပြန်နေတုန်းပါပဲ..။


အိမ်ပြန်နေတယ်..။ အိမ်အပြန်လမ်းကို မြင်နေပြီးသား ကျွန်မဟာ အိမ်ပြန်သူသာ ဖြစ်ပါတယ်..။


(ခင်လေးငယ်)
2013/ 03/ 14