Saturday, April 28, 2012

လမ်း ...

လမ်း....

ညဥ့်နက်နက် မှာ ငြိမ်သက်နေတဲ့ လမ်းတစ်လမ်း...!!! သူ့ခန္ဓာပေါ်မှာ မိုးစက်တွေ အလိမ်းလိမ်းနဲ့ မည်းနက်ပြောင် လက်လို့...။ လမ်းဘေး ဓါတ်တိုင် ရဲ့ ခပ်မှိန်မှိန်မီးလုံးရောင်တောင် လင်းလွန်းနေသယောင် သူ့အပေါ် ဝဲဖြာကျနေတယ်...။ ကိုယ်ငေးနေမိခဲ့တာ နာရီလက်တံတွေတောင် အတော်လွင့်သွားနေပြီ...။ မထင်မှတ်ပဲ  လူးလွန့်ထလာတဲ့ လမ်းဟာ စိုရွှဲမည်းနက်နေတဲ့ သူ့ဆံနွှယ်ရှည်တွေကို ခပ်သဲ့သဲ့ လှုပ်ခါ လိုက်ပြီး ကိုယ့်ကိုနှုတ်ဆက်တယ်... “ဟိုင်း...” တဲ့။ ဖြတ်ကနဲ အသက်ရှုတွေ ခဏရပ်သွားချိန်မှာ ကိုယ့်ကို စကား တစ်ခွန်း သူပြောတယ်..။  

“မင်း လမ်းတွေကို သဘောကျလား...!!”

ပြာနှမ်းနှမ်းနိုင်နေ တဲ့  သူ့နှုတ်ခမ်း က  ထွက်ကျ လာတဲ့ အသံ တစ်စဟာ တိုးဖျော့ ကွဲအက် လွန်းနေ တော့ တိတ်ဆိတ်နေ ခဲ့တဲ့ ကိုယ့် အသက် ရှုသံတွေ တဟုန်ထိုး မြန် လာပြန်တယ် ..။  နာကျင်ကျင် အရသာ တစ်မျိုး က   ရင်ခုန်သံတွေ နဲ့ အတူ ကိုယ့် ရင် တံခါးဝ ကို ဆောင့်ပြီး လာ အကပ် မှာ ကိုယ် ဟာ ခေါင်းငိုက်စိုက် ကျ လို့ ဝေဝါးဝါး အပြုံး တစ်စ ကို နှုတ်ခမ်း မှာ တပ်လိုက် မိတယ် ထင်တယ်..။ 

အဲ့ဒီ စက္ကန့်လေး အတွင်းမှာပဲ ဘာ စကား မှ မပြောပဲ ခေါင်းငုံ့ ချလိုက်တဲ့ ကိုယ်ရယ်... စကားပြောတဲ့ လမ်း ရယ်.. မိတ်ဆွေ စဖြစ် သွားခဲ့တာ ဖြစ်မယ်..။ တစုံတရာ ကို နာကျည်း နေတဲ့ လမ်းဟာ သူ့ကြေကွဲမှုတွေ ကို ညည်းတွားရင်း စကားလုံးတွေ အဖြစ်နဲ့ တဟုန်ထိုး ဖောက်ခွဲ ထုတ်ပစ်လို ပုံရတယ်.. လမ်းဟာ စကားပြောဖို့ အဖော် စောင့်နေခဲ့သူ လည်း ဖြစ်နိုင် တယ်..။  ပေါက်ကွဲ ထွက်လာမဲ့ သူ့ စကားကို နားထောင်ပေးဖို့ တစုံတယောက် ကို  စိတ်ရှည်လက်ရှည်နဲ့ ထိုင်ရွေးချယ် ခဲ့ ပုံလည်း ပေါ်တယ်..။ 

လမ်း ဟာ ခပ်စင်းစင်း ဝပ်တွားနေ တဲ့ မြွေတစ်ကောင် လို ယောက်ယက် ခပ်မှု ကင်းကင်း နဲ့ ပေတေနေခဲ့သူ လည်း ဖြစ်နေ ခဲ့ပါလိမ့်မယ်..။ လမ်းဟာ လမ်းနဲ့ မတူအောင် မာနတွေ လည်း ရှိနေပြန်တယ်..။ လမ်းဟာ မဲ့ပြုံးကို ပိုင်ပိုင်နိုင်နိုင် ပြုံးပြနိုင်တဲ့ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ထက် အများကြီး သာနေတယ်..။ ပြီးတော့.. လမ်းဟာ သိပ်ကို ကြင်နာတတ်လွန်းတဲ့ မာသာထရီဆာလို အမူအကျင့် ရှိသူ လည်း ဖြစ်မယ်..။ လမ်းဟာ အားငယ်ပြီး မျက်ရည်တွေကျနေတဲ့ ဖြူစင်လွန်းတဲ့ ကလေးလေး တစ်ယောက် လိုလည်း ဖြစ်တယ်..။ 

လမ်းဟာ ပညာတွေ အများကြီးတတ်ပြီး အတွေ့အကြုံ ပေါင်း များစွာ နဲ့ ရင့်ကျက် လွန်းနေတဲ့ ပရော်ဖက်ဆာကြီး တစ်ဦး လိုလည်း ဖြစ်ပြန်တယ်..။ လမ်းဟာ ကျက်သရေ ရှိရှိ အိနြေ္ဒ ရလွန်းတဲ့ ကောက်ကြောင်းလှလှ အမျိုးသမီး လိုလည်း ဖြစ်တယ်..။ တာဝန် ကို သိတတ်လွန်းတဲ့ အိမ်ထောင် ဦးစီး တစ်ဦး လည်း ဖြစ်တယ်..။  လမ်းဟာ ကောက်ကျစ်မှု ကင်းတယ်.. လမ်းဟာ မတရားမှု ကို မုန်းတီး သလို.. ငြိမ်းချမ်းရေး ကို တောင့်တမြတ်နိုးသူဖြစ်တယ်..။ အသေချာဆုံး ကတော့ လမ်းဟာ  လမ်းဖြစ်ပြီး လူသား တချို့ထက် လူသားဆန်နေ ပါတယ်...။

စကားတွေ ပြောနေတဲ့ လမ်းရဲ့မျက်ဝန်းတွေဟာ တခါတခါ တဖြတ်ဖြတ် လက်နေတယ်.... တခါတခါ ညှိုးငယ် လွန်းစွာ နဲ့ မျက်လွှာ ကို ပါးပါးလေး ချတတ်ပြန်တယ်..။ လမ်းဟာ သွေးကိုမုန်းတီး စက်ဆုတ်သူ ဖြစ်တယ်..။ ယမ်းနံ့တွေ ကို ခါးသီး လွန်းသူဖြစ်တယ်... စစ်ကို မုန်းတယ်.. စစ်ဖိနပ်တွေ ရဲ့ တက်ကြွတဲ့ ချီသံတွေကို အော့နှလုံးနာသူဖြစ်တယ်..။ ညှပ်ဖိနပ်ပြတ်လေး တစ်ဖက်ကို သူ့ရင်ခွင် မှာ အလှ ဆင်ထားချင် သူလည်း ဖြစ်တယ်..။ တိုးကြပ်ပြည့်သိပ်နေတဲ့ ဘတ်(စ်)ကားတွေကို ချစ်ပြီး... ဖနောင့် ပါးနေ တဲ့ ညှပ် ဖိနပ်လေးတွေ ဆီက ရတတ်တဲ့ ဖိနပ်သံကို သီချင်းစပ်ချင်သူ ဖြစ်တယ်..။ 

လမ်းဟာ တဝေါဝေါ နဲ့ အရှိန်ပြင်းပြင်း မောင်းဖြတ် သွားတတ် တဲ့ မှန်လုံကားတွေကို ရွံရှာသူဖြစ်တယ်..။ ပုဆိုး တိုတိုဝတ် လျော့ရွဲရွဲ ထီးကိုစောင်းပြီး ခပ်သုတ်သုတ် လျှောက်တတ်တဲ့ လူတွေ ဆီ က ဖိတ်စင် ကျလာတဲ့ ချွေးစက်တွေကို တန်ဖိုး ထားသူ ဖြစ်တယ်..။ လမ်းဟာ စုတ်တသတ်သတ် ညည်းတွားရင်း ခေါင်းကိုအတွင်တွင် ရမ်းခါတတ်တယ်... လမ်းဟာ သူ့ စိတ် လွတ်သွား ချိန်မှာ ကိုယ်တိုင် ထိမ်းချုပ်နိုင်စွမ်းမဲ့သူလို ခပ်ကျယ်ကျယ်နဲ့ “တောက်..” ခေါက် တတ်ပြန်သေး တယ်...။ 

လမ်းဟာ အတ္တကြီးပြီး မောဟတရားတွေ ထန်လွန်းနေတဲ့ လူတွေကို ကဲ့ရဲ့ ရှုံ့ချတယ်...။ ဖိနပ် မပါတဲ့ ကလေးတချို့ရဲ့ ဗိုက်ဟောင်းလောင်းနဲ့  ဆာလောင်စွာ ငိုကျွေးနေမှုကို ကဗျာ စပ်သူ ကဗျာဆရာ လည်း ဖြစ်တယ်..။ တစ်ထောင့်တစ်ည ထက် ပိုဆန်းကျယ်တဲ့  သရုပ်မှန် ပုံပြင်တွေကို ကွင်းကွင်း ကွက်ကွက် မြင်ယောင် လာအောင် ပြောနိုင်တဲ့ အင်မတန်  ပုံပြောကောင်းသူ ဖြစ်တယ်..။ လူတွေ ပစ်ချ လိုက်တဲ့ စီးကရက်ထက် ဖက်ကြမ်းတို တစ်လိပ်ကို ခုံမင်စွာကောက်ယူရင်းနဲ့ စာရေးချင်တဲ့ စာရေးဆရာ ဖြစ်တယ်..။ 

လမ်းမှာ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ မျှော်လင့်ချက်တွေ  ရှိနေတယ်.. လမ်းဟာ တခါတခါ အားအင်ချိနဲ့စွာ မှုန်ဝါးဝါးနိုင် သွားသလို တခါ တခါတော့ ရဲရဲတောက်နေတဲ့ အနီရောင် အလံတစ်လက်လို ဝံ့ဝံ့ကြွားကြွား ခန့်ငြား လွန်းလာတယ်..။ လမ်းဟာ မလိုအပ်တဲ့ ဘောင်တွေ ကို အော်ဂလီဆန်နေတယ်.. ဘယ်သူမှ မလိုက်နာ ချင်တဲ့ စည်းမျဉ်းတွေကို အရက်ဖြူနဲ့မြည်းပြီး လက်ထိုးအန်ချင်တဲ့ ခပ်ရွတ်ရွတ်ကောင် လည်း ဖြစ်တယ်..။ သူရဲကောင်း တို့ရဲ့ ဝိညာဉ်တွေ ကို နတ်ဆရာ တစ်ယောက်လို အစည်းအဝေး ခေါ် ပြီး လေးစားမှု တွေ နဲ့ တပည့်ခံ ချင်သူ ဖြစ်တယ်..။ 

လမ်းဟာ အတိတ် အိပ်မက်တွေ ပြန် မက်မက် နေ ရတာ ကို တစ္ဆေတစ်ကောင်  မြင်ရတာ ထက် ကြောက်လန့်တတ်သူ ဖြစ်တယ်..။ လမ်းဟာ သူမ တက်ဖူးတဲ့ ကျောင်းတော်ကြီးကို လွမ်းနေသူဖြစ်တယ်..။ လမ်း ဟာ သစ်ပုတ်ပင်ကြီး ရှိရာကို အပြေး သွားချင်သူ လူငယ်လေး ဖြစ်တယ်..။ လမ်း ဟာ စွယ်တော်ပင်တွေအောက်က ခုန်တန်းရှည်ပေါ် မှာ မခို့တရို့ ထိုင် ရင်း ချစ်သူ့ဘေးမှာ တီတာ ချွဲနွဲ့ နေချင်တဲ့ ကောင်မလေးဖြစ်တယ်..။ 

သူ့စကားတွေ ကို မှင်တက်ငေးမောနေရင်း ဘာမှပြန်မပြောတဲ့ ကိုယ့်ကို ဂြိုလ်ကြည့်ကြည့် သူ ဖြစ်တယ်..။ ခေါင်း ကို အတွင်တွင် ငုံ့ထား ရင်း မျက်ရည်ခိုးသုတ်တဲ့ ကိုယ့်ကို သနားနေပုံလည်း ရတယ်..။ လမ်း ဟာ စာတစ်ပုဒ် ဖတ်သလို ကိုယ့်အတွေးတွေကို သိသိ သာသာ ဝင်ဖတ်ချင်သူဖြစ်တယ်..။ မိုးရေတွေအောက် မှာ ခေါင်းမာမာ နဲ့ သူ့အနားမှာ ရှိနေပေးခြင်းကို အားနာနေပုံရတယ်..။ 

လမ်းဟာ သူ့ရင်အစုံက ကွဲရှလွင့်စင်လာတဲ့ အကျိုးအပဲ့တွေကို သိမ်းထားပေးမှာ သိနေတဲ့ ကိုယ့်ကို ကျေးဇူးတင်စကား ဆိုတတ်သေးတယ်။ ကိုယ့်နှုတ်က ထွက်ကျလာမဲ့ စကားတစ်ခွန်းခွန်းကို မျှော်လင့်နေပုံရတယ်..။ အားမလို အားမရ ဖြစ်ခြင်းတွေ နဲ့ ကိုယ့်ကို အပစ်တင်ချင် ပုံရတယ်..။ လမ်းဟာကိုယ့်ကို အရပ်လေးမျက်နှာ ကနေ ရှု့ထောင့်အမျိုးမျိုးနဲ့ လေ့လာသူလည်း ဖြစ်တယ်..။ 

ကိုယ့် မျက်နှာ ကို မော့လိုက်ရင်း သူ့မျက်လုံးတွေ ထဲကို စေ့စေ့ကြည့် လို့ ခေါင်းတစ်ချက် ဆတ်ပြ လိုက်တယ်..။  ဒါဟာ ကိုယ် လမ်းကို နှုတ်ဆက် လိုက်ခြင်းပဲ ဆိုတာ သူသိသွားပြီ...။ လမ်းက လက် တစ်ဖက် ကမ်းရင်း ကိုယ့်ကို ပြုံးအပြမှာ ကိုယ့် မျက်ရည်တွေကို သူမြင်သွားပြီ..။ လမ်းဟာ ပထမ မျက်မှောင်ကြုတ် တယ်.. အဲ့ဒီနောက် ခေါင်းကို လေးတွဲ့တွဲ့ခါရင်း နောက်ဆုံး စကား အရှည်ကြီး တစ်ခွန်း ကို သူပြောတယ်..  

“မင်းဟာ စကားမပြောတတ်တဲ့ လူတစ်ယောက်ဆိုတာ ငါသိသွားပြီ... ငါ့အန်ဖတ်တွေကို မင်းသယ်မသွားပါနဲ့... ငါ့ပုံပြင်တွေကို မင်းရင်ထဲက ထုတ်ပြီး ဒီနေရာမှာပဲထားခဲ့ပါ.. မျက်ရည်တွေကို သုတ်လိုက်တော့.. မင်းလျှောက်မဲ့ လမ်းတွေ လှပပြီး ဒဏ်ရာတွေ နည်းပါစေကွာ.. ကဲ.. မင်းသွားတော့”  ... တဲ့...။ 

ပြောပြော ဆိုဆို လမ်းဟာ ငြိမ်သက်သွားတယ်... လမ်းဟာ လမ်းဖြစ်သွားတယ်...။ 

ဘယ်လို ခံစားမှုမျိုးမှန်း မသိပဲ ကိုယ့်ရင်တွေ တစ်ဆို့ဝမ်းနည်းလာပြီ...။ စူးပြီး အောင့်တက်လာတဲ့ရင်ကို လက် တစ်ဖက် နဲ့ ကိုယ် ဖိလိုက်ရင်း နောက်လက်တစ်ဖက်နဲ့ မိုးတွေရွှဲရွှဲစိုနေတဲ့ ကိုယ့်ဆံပင်တွေကို သပ်တင် လိုက် တယ်..။  ကိုယ်ဟာ ခြေထောက် တစ်ဖက် ကို ခပ်ဖွဖွ စကြွလိုက်တယ်..။ ချာကနဲ လှည့်ထွက် ဖို့ အားယူ ရင်း ကိုယ့်နှုတ်ခမ်း ဆီက သူမမျှော်လင့်တဲ့ စကားတစ်ခွန်း လွတ်ထွက် ကျသွားတယ်..။ 

“ငါကိုယ်တိုင် လည်း လူမှမဟုတ်တာ...  အရာအားလုံး နာကျင်ကြေကွဲမှုအားလုံးဟာ မင်းနဲ့ထပ်တူ ထပ်မျှ ခံစားဖူး တဲ့ လူယောင်ဆောင်ထားတဲ့ လမ်းတစ်လမ်းမို့ပါပဲ... ငါမင်းကို နှုတ်ဆက်ပါခဲ့တယ် လမ်းရေ....”  ။။

ညဥ့်နက်နက် တစ်ညမှာ မိုးရေတွေအောက်က လမ်းတစ်လမ်းဟာ တုတ်တုတ်မှမလှုပ် တိတ်ဆိတ်ငြိမ်သက် လွန်းစွာ လဲလျောင်း လို့ နေပါတယ်...။


                                                         (ခင်လေးငယ်)

No comments: