Monday, April 30, 2012

စကားလုံးတို့ ဝတ်ဆံ အကြွေ..


စာတွေ ရေးခဲ့ဖူးပါတယ် ~ စာတွေ ရေးနေ ပါတယ် ~ စာတွေ ဆက်ရေးပါဦးမယ် ~ ~

ကျွန်မဟာ ကိုယ်တားထားတဲ့ ကိုယ့်စည်း.. ကိုယ်ခတ်ထားတဲ့ ကိုယ့်ဘောင်ထဲမှာ ကိုယ်တိုင် လွတ်လပ်စွာ ကူးရင်းခတ်ရင်း စာရေးနေ သူပါ..။ ခြေအခတ်မှာ ရင်ဘတ်ထဲက အရာတချို့က ဒိုက်တွေအဖြစ် လာကပ် တတ် တာ ဆန်းတယ် မထင်မိ..။ “ဒိုက်” လို့ ဆို တိုင်း အမှိုက်တွေပဲလို့တော့ ပြောလို့ ဘယ်ရမလဲနော်..! တခါ တခါ ဗေဒါဖြစ် သလို ကြာပန်းငုံတွေလည်း လာစုတွယ်ငြိချင် ငြိမှာပေါ့..။ ကျိုးကြောင်း ဆီလျော်သလို ဖွဲ့နွဲ့ရင်း ရာသီ သုံးပါးမှာပွင့်တဲ့ ပန်းတို့ရဲ့ ဝတ်ဆံအကြွေမှာ ငိုက်မြည်းသွားမယ့် အနာဂါတ် ဟာ ဒေသသံ ဆန် မဆန် ဘယ်သူ ငြင်းချက် ထုတ်မှာမို့လဲလေ...!!

စာမှာ ဈာန်ဝင်လာတဲ့အခါ လက်အစုံဟာ မှော်အောင် မအောင် အဖြေ ထုတ်ဖို့ အချိန်ရတတ်တာ မှ မဟုတ်တာ..။ ရေးမိတဲ့ စာမှာ ကာလံဒေသံ ပါချင် ပါမယ်.. နိမိတ်တွေ အတိတ်တွေ နဲ့ ငြိကောင်းငြိမယ်.. ဆန္ဒတွေလည်း ပါကောင်း ပါမှာပေါ့..။ လက်ရှိ ရင်ခုန် သံ နဲ့ နွှယ်ချင်နွှယ်မယ်.. ဒါမှမဟုတ်... ကျိန်စာ မိထားတဲ့ ရင်ဘတ်ထဲက အနာဟောင်း တချို့ ကျိန်စာပြယ် ပြန် ရှင်သန် လာသလိုမျိုး ရုန်းထချင်လည်း ရုန်းထ လာမှာ ပေါ့။

စာဟာ ကျွန်မ မျက်နှာဖြစ်သလို စာဟာ ကျွန်မ ခန္ဓာအသွင် ဆောင်ချင်လည်း ဆောင်ဦးမှာ လေ..။ တခါတရံ တော့ စာဟာကျွန်မ ဆံနွယ်တွေလို ရှုပ်ချင် လည်း ရှုပ်ခဲ့မှာပါပဲ..။ ကျွန်မ သွေးတွေလို ရဲရဲ တောက် လာတဲ့ အခါမျိုးမှာ ကျွန်မကိုယ်တိုင် နည်းနည်းတော့ ကြောက်မိတတ်တာ မငြင်းချင် ပါဘူး...။

သွေးစက်အချို့ နဲ့ ရေးမိတော့မယ့် လက်အစုံကို ဘရိတ် ပြန်အုပ်ရတတ်တဲ့ အခါ ကျွန်မလို သက်ပြင်း ချ မိသူ ဘယ်နှစ်ယောက် ရှိမလဲတော့ မသိ..!! ဝဋ်နာကံနာ တစ်ခုလို အလိုမကျစွာ ကိုယ့်လက် ကိုယ်ပြန်ချုပ်၊ ကိုယ့်လက် ကိုယ်ပြန်ဖြုတ် နဲ့ပါပဲ။ ကျေနပ်သလို မကျေနပ် သလို စိတ်တွေနဲ့ နေရထိုင်ရ ခက်လာတဲ့ အခါ စာအုပ်ကို ပိတ် ပြန်အိပ် ရုံပေါ့..။ ကျွန်မ ခေါင်းတော့ မကုတ်ပါဘူး..။
အိပ်လို့ကော ပျော်မယ် ထင်ပါသလား..!! ဂယောက် ဂယက်တွေ ထတွေးလို့ မာတဲ့ခေါင်းက နေသာ နေဆဲ...။ သံစဉ် ပဲ မဲ့သလို တေးသွား ပဲ လွဲသလိုနဲ့ တောင်ရောက်မြောက်ရောက် ပြန်ရေး ပြန်ဖျက်နဲ့ သမိုင်းအသစ် ကို တက်ဖို့ ခက်ရဲ့။ ဆူးတွေ အများကြီး မြင်နေရ တာတောင် ဖိကိုင်မိ ချင်ပြန်သေးသူ လိုလို ..။ ကိုယ့်ကိုကိုယ် စိတ်ပျက် ကြက်ခြေတွေ ခတ်ရပေါင်းလည်း များလွန်းပြီ..။ စိတ်တွေ အချဉ်ပေါက်တဲ့ အခါ အာရုံ ခါးခါးတွေ နဲ့ ခရီးကို မပေါက်တော့တာရယ်..။

ဒါပေမဲ့လည်း နာတာရှည် ဝေဒနာစွဲသလို လက်အစုံ က စာတွေ ချချ ရေးပြန်တယ်..။ စာရေးသူ အမျိုးသမီး တစ်ယောက်ဟာ မိခင်ကောင်း ဖြစ်နိုင်ချေ ရာခိုင်နှုန်း ဘယ်လောက်များ ရှိသလဲတော့ မသိ ပါဘူး။ သေချာတာကတော့ စာတွေမှာ ကျွန်မဟာ ဖေဖေဖြစ်သလို နူးညံ့သိမ်မွေ့တဲ့ မေမေလည်း ဖြစ်တယ်..။ သားလေးဖြစ်သလို ပါးဖောင်းဖောင်း နီတာရဲ သမီးလေးလည်း ဖြစ်တယ်..။ ဆိုးနွဲ့တဲ့ အစ်မ တစ်ယောက် ဖြစ်သလို စကားနည်းတဲ့ ညီမလေးဖြစ်တယ်..။

သိပ်ချစ်တတ်တဲ့ ချစ်သူဖြစ်သလို နားလည်ပေး တတ်တဲ့ သူငယ်ချင်းလေး ဖြစ်တယ်..။ သက်မဲ့ခုံတန်းလေးဖြစ်သလို ကြောင်ဖြူဖြူလေးဖြစ်တယ်..။ ခေတ်အမြင် ရှိသလို ဟိုးခေတ်ဟောင်းကို ပြန်ဆွဲသူဖြစ်တယ်..။ မင်းသမီးတစ်လက်ဖြစ်သလို ပွဲကြည့်သူသက်သက် ဖြစ်တယ်..။ ကျွန်မကို လိုလားသူဖြစ်သလို ကျွန်မကို ခေါင်းခါရှုံ့ချသူ ဖြစ်တတ်ပြန်တယ်..။ အတော်များများ မှာတော့ ပေတေတေဂျစ်ကန်ကန် ခေါင်းမာသူ မိန်းမတစ်ယောက်ပါပဲ..။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ စာရေးနေပါတယ်..။

ကိုယ်ဆိုတဲ့ တေးသွားတစ်ပုဒ်ကို ကိုယ်တိုင်ပြန်ကြားနိုင်ဖို့ သိပ်ကို ငတ်မွတ်လာတဲ့အခါ နံရံတွေကို ဖောက်ထွက်ရင်း လေစိမ်းတွေနောက် အမောတကော ပြေးလိုက်မိ တတ်တာလည်းရှိတယ်..။ နွေးထွေးမှု ကို လိုအပ် တောင့်တရင်း ရင်ခွင်ငတ်သူလို ဖြစ်လာတဲ့ စာတွေအတွက် ဘယ်ဗေဒင်ဆရာကို ဟောစာတမ်း ထုတ်ခိုင်း ရမယ်မသိ..။ ကိုးရိုးကားရား ကိုယ့်စာတွေနဲ့ ကိုယ် ရယ်ချင်သလို ငိုချင်သလို နဲ့ပေါ့..။ နေတွေခြစ်ခြစ်တောက်ပူ၊ မိုးတွေသည်း၊ လျှပ်တွေလက်၊ လေပြင်းတွေ တဝုန်းဝုန်းကျလို့ နတ်ဝင်သည် နတ်ပူးသလို လည်းဖြစ်ရဲ့...။

စာတွေနဲ့ အတွေးတွေ တမေ့တမော လွှင့်မြောနေခိုက် ရုတ်တရက် မျက်နှာကျက်က အိမ်မြှောင် တစ်ကောင် ပြုတ်ကျလာမှ ကပျာကယာ ထ ဖြစ်တတ်သေးတာမျိုး..။ စာတွေနဲ့ စစ်ခင်းရင်း ပဋိပက္ခတွေ အများသား နဲ့ ကိုယ်တိုင်ပဲ “ကောင်းသောညပါ...” “အိပ်မက်လှလှမက်ပါစေ...” ဆိုတာမျိုး ပြန်ပြီး နှုတ်ဆက် ရလေမလား..!! “လူဆိုတာ ကိုယ့်မာနနဲ့ ကိုယ်” ဆိုတဲ့ စကား အဓိပ္ပါယ်ကို သေချာ နားလည်ပါရဲ့ နဲ့ ဘာမှ မဆိုင်ပဲ စာမှာ “ကိုယ်” နဲ့ “မာန” က အသွင်မတူတဲ့ သတ္တဝါနှစ်ကောင်လို သတ်ကြ ပုတ်ကြ..။

နောက်ဆုံးတော့ ပြန်ဖျန်ဖြေရင်း ကိုယ်တိုင်ပဲ ဒိုင်သူကြီး ဖြစ်သွားရပြန်သေးတာ..။ ဒီလိုနဲ့ လုံးချာပတ်ချာတွေ တဝဲဝဲလည်လို့ပါပဲ..။ စာထဲမှာရွက်လွှင့်... နာကျဉ်ခြင်း ရာသီတွေကိုဖြတ်... ချိုမြိန် ဒုက္ခတွေ ကို ရင်စည်းခံ... အေးစက်စက် အတိတ်၊ ပစ္စုပ္ပန်တွေကို ကျော်ဖြတ်ရင်း......

စာတွေ ရေးခဲ့ ဖူးပါတယ်.....။
စာတွေ ရေးနေပါတယ်..........။
စာတွေ ဆက်ရေးပါဦးမယ်...........။

ဒီလိုနဲ့ ပဲ ဟိုး .... နက်ရှိုင်းတဲ့ ရင်ဘတ်ထဲက စကားလုံးတွေ ဝတ်ဆံ ကြွေ တိုင်း ရေးဖြစ်နေ တဲ့ စာရေးခြင်း အနု ပညာ မှာ ရင်ခုန်မှုတွေနဲ့ နူးညံ့သက်ဝင်နေမိပါတယ်..။ စိတ်သန့်စွာနဲ့ ချွေချမိတဲ့ စာတွေအပေါ်မှာ သစ္စာဖောက်မှု ကင်းတဲ့ ရသတစုံတရာလေးပဲ ဖြစ်ဖြစ် ပေးစွမ်းနိုင်သူ တစ်ယောက်သာ ဖြစ်နေပါရစေ...။


                                             (ခင်လေးငယ်)

1 comment: