Tuesday, May 1, 2012

လမ်းခွဲတဲ့ည


 
ညဟာ...
တိမ်လွှာကင်းလို့ လ စသာတယ်..။
လက်လက်ထ လ ရောင်မှာ မှိုင်းပြပြ မျက်ဝန်းနဲ့ အစပြုတော့
ယောင်မှားမှင်သက်..ဝစီပိတ်ကို စ ကျင့်လိုက်တယ်..။

လက်ဖျားတွေအေးစက် အသံမဲ့ စကားက ဗုံးတစ်လုံးအလား
မြေပြင်ကျယ်ဟာ မီးထတောက်ဖို့ နှလုံးသားကို တည်ကြက်လုပ်တော့
မဲ့ပြုံးလေးတောင် မပြုံးမိအောင်အံကိုကြိတ်လို့ အကြံကိုထုတ်တယ်...။

အဲ့ဒီည... ကမ္ဘာမြေကို သွက်သွက်ခါစေဖို့ ဆာကေးတစ်ခွက်
တိုက်..
လိုက်..
တယ်.....။

ကဲ... ဘာတွေဖြစ်လာမလဲ...!!

အမြည်းမရှိတဲ့ ကမ္ဘာဟာ အနမ်းတွေ ဇောက်ထိုးမိုးမျှော်နဲ့
အလွမ်းတွေက ဝုန်းဒိုင်းကျဲ နာကျဉ်ခြင်းတွေ လျှပ်လိုထ အလက်
တရားပျက်မယ့် မိုးခြိမ်းသံနဲ့အတူ မျက်ရည်တွေ ရွာအချမှာ
ရုတ်တရက်ပါပဲ....
မင်းကိုငါ လမ်းခွဲ

နှုတ်.. ဆက်.. တယ်... "ကဝေ"။

(ခင်လေးငယ်)

ကဝေ တမ်းချင်း


တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့
စိတ်တွေဖြန့်ကျက် နေလိုက်တာ..။

အမောတကြီး ပြေးကပ်လာတဲ့ လေ-တစ်စ
ကိုယ့်ဆံနွယ်တွေကို အဖွမှာ
ယောင်ပြီး တ မိတယ် “ကဝေ”..။

လက်သွားတဲ့ အပြုံးက
ရင်ဘတ်ကနေ အန်ထွက်ကျလာလို့
ပြန်သိမ်းချိန်တောင် မရခဲ့..။

ကိုယ်မမြင်နိုင်တဲ့ ကိုယ့်အနားမှာ
ရှိနေခဲ့တာလား..!
ရှိနေပေးတာလား..!
ရှိနေပေးဦးမှာလား..!!

ဆန္ဒကို ကိုယ်ချမပြပါဘူး
သိမ်းထားတဲ့ လေးနက်မှုတွေနဲ့
တွေဝေရတာလောက် လှတဲ့အရာ
ဒီကမ္ဘာမှာ မရှိမှတော့
အလှကို ငြင်းပယ်ဖို့အထိ
မရူးသွပ်ချင်တာ အမှန်..။

ဒီအတိုင်းလေးပဲ ကောင်းပါတယ်
ရနံ့မပျယ်မယ့် ပန်းတစ်ပွင့်
ရင်မှာဝင့်နေတာ ကျက်သရေရှိလို့ပါ
နွမ်းမှာစိုးတယ် “ကဝေ”..။

အမှတ်တရ သံစဉ်တစ်ပုဒ်ကို
သိမ်းထားမှာပေါ့
သတိရတဲ့အခါ ထုတ်ကြည့်ဖို့ ~

ဒီလိုနဲ့... ထပ်ပြီး
တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့
စိတ်တွေဖြန့်ကျက် မိဦးမယ်..။


(ခင်လေးငယ်)

ဧရာဝတီရဲ့ အမှတ်တရ ပုံရိပ်များ


( Day - 1 )
လွန်ခဲ့တဲ့သုံးနှစ်က မြန်မာပြည်ကို အလည်ပြန်ခဲ့တဲ့ နေ့လေးတွေကို တမ်းတလွမ်းဆွတ် နေမိပါတယ်....!! အဲ့ဒီနေ့က ဧရာဝတီရဲ့ကောင်းကင်မှာ တစ်နေကုန် တိမ်တိုက်တွေဖုံးပြီး မိုးတွေက မပြိုပါပဲ အုံ့နေခဲ့တာလေ~  နေလုံးကြီးကို မမြင်လိုက်ရဘဲ အမှောင်တွေ ကြီးစိုးသွားမှာကို ရင်တထိတ်ထိတ်နဲ့ ကင်မရာကို ဆုပ်ကိုင်ထားရင်း ဆုတွေတောင်းလိုက်ရတာ~ ကျွန်မ ဆုတောင်းလေး ပြည့်ခဲ့ပါတယ်... နေဝင်ချိန်အရောက် တိမ်တွေ ခပ်ကျဲကျဲ ဖြစ်သွားချိန်မှာ ရိုက်ယူခဲ့တဲ့ ပုံလေးကို ခံစားကြည့်ပေးပါ...။


( Day - 2 )
အပေါ်က ပုံလေးကလည်း ကျွန်မ အင်မတန်ချစ်တဲ့ ကျွန်မတို့ရဲ့ ဧရာဝတီပါပဲ... သူ့ ရင်ခွင်စီးကြောင်း နံရံမှာ မေးတင်ရင်း အိပ်တန်းတက်ဖို့ နေဝင်ချိန်လေးကို စောင့်နေတဲ့ လှေငယ်လေးတွေပေါ့....။ ကင်မရာက အလင်းရောင်ကြောင့် သူတို့လေးတွေ အနှောက်အယှက် ဖြစ်သွားမှာကို စိုးရိမ်စွာနဲ့ တိုးတိုးလေး ရင်ခုန်ရင်း ကျွန်မလက်ဖျားတွေ အေးစက်နေခဲ့တယ်~  မင်းတို့လေးတွေ လန့်သွားခဲ့တယ်ဆိုရင် ကျွန်မကို ခွင့်လွှတ်ပေးပါနော်..။


( Day - 3 )
အဲ့ဒီညနေရဲ့ နေဝင်ချိန်မှာတော့ ဧရာဝတီကို မိုးထားတဲ့ တိမ်လေးတွေက ရဲရဲဝံ့ဝံ့နဲ့ တောက်ပလို့ နေခဲ့ရဲ့~  နေမင်းကြီးရဲ့ အလင်းရောင်ကြောင့် တိမ်လေးတွေ လှခဲ့တာလား.. ဒါမှမဟုတ်... တိမ်လေးတွေကြောင့် နေမင်းကြီးရဲ့ အဖိုးတန်မှုကို လောကကြီးက ပိုပြီး တန်ဖိုးထားတတ် သွားတာမျိုးများလား...!! ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ~  နေမင်းကြီးရယ် တိမ်လေးတွေရယ်~ ကို ကျေးဇူးတင်ရင်း သူတို့ရဲ့ တောက်ပမှုတွေ အားလုံးအတွက် ကျွန်မ လှိုက်လှိုက်လှဲလှဲ ဦးညွှတ်ခဲ့ပါတယ်..:)


                                   (ခင်လေးငယ်)

ကဝေတစ်ကောင်နဲ့ ဆောင်းတစ်ည


ကဝေကိုက်တဲ့ ဆောင်းတစ်ည ~  (Was Posted On Tuesday, April 21, 2009)

ဒီည အတော်လေး အေးတယ်.. ဒီဂရီကိုကြည့်လိုက်တော့ ဇီးရိုး..!! အချိန်က ညသန်းခေါင်ကျော်ကာစ ၁၂း၃၅ လောက်ရှိမယ်..။ အပြင်မှာ ဘယ်သူမှ မရှိတော့ဘူး.. ကျွန်တော် တစ်ယောက်တည်း..။ လွတ်လပ်မှုတွေ နဲ့ အားပါးတရ ပျံသန်းနေဆဲ “ဝုန်း..” ဆိုပြီး အရမ်းလှတဲ့ မိန်းကလေး တစ်ယောက် မျက်လုံး ရှေ့ မှာ ပေါ်လာတယ်.. ဒါ ရိုးရိုးတော့ မဖြစ်နိုင်ဘူး... ဘယ်လိုပါလိမ့်..!!

သူ့ကို မြင်တာနဲ့ ကျွန်တော် အလန့်တကြား သိလိုက်ပြီ.. “ကဝေမ” တစ်ယောက်ဆိုတာ... သူ ကျွန်တော့်ကို ပညာတွေ စပြတယ်.. ၁၂ကြိုး.. ၁၃ကြိုး.. ၆ကြိုး.. ၅ကြိုး... အိုး.. ဟို့..!! အကုန်စုံသွားတာပဲ.. ကျွန်တော် စောင့်ကြည့် ရင်းနဲ့ ကြက်သီးတွေ ထနေတယ်.. သူ ကြိုးလွဲသွားမှာကိုလေ..။ ဘယ်ရမလဲ ကျွန်တော် လည်း ဒါမျိုး မကြောက်လို့ ဒီလိုအချိန်မှာ ရွာရိုး ထွက်လျှောက် လာတာပဲ မဟုတ်လား..!! ကျွန်တော်လည်း ဒီ လောကသား ဆိုတာကို သူသိပုံမရဘူး.. ဒါပေမယ့် သူနဲ့ ကျွန်တော်က လိုင်းတော့ မတူဘူး..။ အထီးကျန်ကျန် နဲ့ ထွက်လာတာတော့ တူပုံ ရတယ်..။

ကျွန်တော်က ၁၅ ကို ဘောင်တက်ထားတဲ့ သေသူ ဖြစ်နေ ပြီးသား.. ဒါပေမယ့်  သူ့ကို ကျွန်တော် အလစ် မပေးရဲဘူး..။ သူက မျက်လုံး တောက်တောက်တွေနဲ့.. ကျွန်တော့် ဝှက်ဖဲကို စိတ်ဝင်စားနေတယ်.. ကျွန်တော်ကတော့ သူ့ရဲ့ မှောက်ထားတဲ့ တစ်ချပ်ကို မှန်းထားပြီးသား..။

မရည်ရွယ်ပါဘူး.. စိန်ခေါ်သလို အကြည့်တွေ နဲ့ စ လာလို့ ကျွန်တော့် ဝှက်ဖဲကို လှန်ပြလိုက် တယ်ဗျာ..။ သူ စက္ကန့်ဝက်လောက် အသက်ရှူ ရပ်သွားတယ်.. ဘာများ ဖြစ်နိုင်လဲ ဆိုပြီးပေါ့..!!

ကျွန်တော် ဝှက်ထားတဲ့ ကျွန်တော့်ရဲ့ Queen ကို ကြည့်ပြီး.. ပထမ သူပြုံးတယ်.. နောက်.. ဟက်ဟက်ပက်ပက် အော်ရယ်ရင်း သူ့ King တစ်ပါးကို ခပ်ကြွားကြွားလေး လှမ်းပြတယ်..။ သေနေသူချင်း အတူတူ နောက်ဆုံး သူကိုယ်တိုင် ဝန်ခံသွားခဲ့တယ်.. Queen ဖြစ်မယ်လို့ သူ.. ထင်မထားခဲ့ပါဘူး တဲ့..!! သူ့ပညာ မြင့်မမြင့် မသေချာပေမယ့် လုံးဝ မနိမ့်ဘူး ဆိုတာ ကြောက်ခမန်း လိလိ ကျွန်တော် သိနေပြန် တယ်..။

ကျွန်တော့်ကိုလည်း သူ့သားကောင်ဖြစ်အောင် တခြားနည်းတွေ ပြောင်းပြီး အမျိုးမျိုး ပညာစမ်း ဖမ်းစားနေ သေးတာ.!! သူ့ရဲ့ ရာဇဝင်ကို ကျွန်တော့် အာရုံနဲ့ မသိမသာ ခိုးကြည့်တော့.. ဟိုက်ရှားဘားးး.. မနည်း ပါလား..!! သူ့ စက်ကွင်းမှာမိလို့ ခစားနေ ကြတဲ့ သူတွေ.. ကျွန်တော်လည်း ပါမသွားအောင် သတိနဲ့ အသက်တွေ ရှူပြီး ရင် တလှပ်လှပ် စောင့်ကြည့်နေ ခဲ့ရတယ်..။

တစ်ချက်မှ အလစ်ပေးလို့ မရသလို ခြေချ မှားလို့ မဖြစ်ဖူးလေ..။ ဒီလိုနဲ့ ညသန်းခေါင် အချိန်ဟာလည်း နက်သထက် နက်လို့လာပြီ ကျွန်တော်ပြန်ရတော့မယ်.. စကားစကို ဖြတ်.. လက်ပြနှုတ်ဆက် ပြန်ခဲ့တယ်..။ ဘာလို့မှန်း မသိဘူး လေတစ်ချက်ချွန်လို့ ကျွန်တော်ပျော်ပြီး ပြန်ခဲ့တယ်..။ အပြန်လမ်းမှာ လွတ်အောင် ရုန်းခဲ့နိုင်တာလား..!! ငြိတွယ် ကျန်ခဲ့တာလား..!! ဝေဝေဝါးဝါး တွေးရင်း ကျွန်တော့်အာရုံမှာ ကဝေမ ကပ်ပါ လာတယ်...။

ဘယ်လိုပဲဖြစ်ဖြစ် လွတ်တော့ လွတ်မြောက် လာပြီဆိုတဲ့ အသိနဲ့ အသက်ကို တစ်ဝကြီး ရှူရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ချ လိုက်တယ်..။ “ဖြတ်” ကနဲ မျက်လုံးကို ဖွင့်လိုက်တော့ ကျွန်တော့် တစ်ကိုယ်လုံး တဆစ်ဆစ်နဲ့ နာကျဉ်ကိုက်ခဲလို့..။ နာရီကို ကြည့်လိုက်တော့ မနက် ၉း၃၀..။ “ဟိုက်..!! သွားပြီ... အလုပ်သွားဖို့ နောက်ကျနေပြီ..” ကျွန်တော် အလန့်တကြား ရေရွတ်ရင်း ပြုံးလိုက်တယ်.. ကျွန်တော် မနေ့ညက ကဝေမ တစ်ယောက် အကိုက်ခံ ခဲ့ရ တာပါလား..!!

သေချာတယ် ကျွန်တော့်စိတ်တွေ တစ်ချက်ပါသွား ခဲ့ပြီ... အဲ့ဒီ က.. ဝေ.. မ.. ဆီ.. ကို....။


ကဝေ တစ်ကောင်သို့ ~  (Was Posted On Sunday, April 19, 2009)


ကဝေမ တဲ့.!! စွတ်စွဲတာလား..! တင်စားတာလား..! သရော်တာလား..! မြှင့်ပေးတာလား..! သတ်မှတ် လိုက်တာ လား..! မင်း ချပြ လိုက်တာ လား..! ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နားဝမှာတော့ ချိုခဲ့ပါတယ်..။ မင်း ကိုယ်တိုင်ကကော ကဝေ တစ်ကောင်ပဲ မဟုတ်လား ကွယ်..!! ကဝေဟာ ကဝေညှို့တာ ပြန်ခံရတော့ စုန်းတွေ ထတောက်လိုက်တာ အဲ့ဒီည ကောင်းကင် တစ်ခုလုံး အရောင်တွေ စုံပြီး လက်လက်ကို ထလို့..။

အနီရောင် တောက်တောက်တွေ နဲ့ အပြာရောင်တွေ လွှမ်း အသွား စိတ်နှစ်ခု ရဲ့ ရင်ဘတ်တွေမှာ ခရမ်းပုပ် ရောင် ရင့်ရင့်တွေ က နေရာယူလို့ ပြုံးကြတယ်..။ ပညာချင်း ပြိုင်တာ မဟုတ်နိုင်ဘူး..။ ဒါဟာ ကြိုးနံပါတ် အသစ်တစ်ခုကို အတူတကွ သင်ယူကြတာ မျိုးလေကွာ..။ အဲ့လို မင်း မထင်ဘူးလား..!! အို... မင်းဘယ်လိုထင်ထင်ပါ ဒါကို ကိုယ် စိတ်မဝင်စားဘူး သိလား..! ကြိုးလွဲ သွားမှာကို စိုးရိမ်စိတ်တွေ နဲ့ မင်း ရှိနေခဲ့တယ် ဆိုတာ..။

မင်းလိုပါပဲ ကိုယ်ကိုယ်တိုင်လည်း အသက်တောင် ဝဝ မရှုခဲ့မိပါဘူး..။ သင်ယူနေတဲ့ ကြိုးကွက်တွေ လွတ်ထွက် သွားမှာစိုးလို့ပေါ့..။ ခနဲ့တဲ့တဲ့ ကဝေပြုံးတော့ မပြုံးနဲ့ ကိုယ့်ဆရာရေ~  ကဝေချင်း ခြေမြင်အောင် ပညာတော့ မစမ်းဘူး..။ အနုမြူရောင်ထက် တောက်တဲ့ အရောင်တွေ ကွန့်မြူးတဲ့ ညမှာ မင်းနဲ့ကိုယ်ဟာ ရဲဘော်ရဲဘက် သွေးသောက်တွေ ဖြစ်ခဲ့တာပဲ ဟုတ်..!!

မင်း ငြင်းဖို့ ကြိုးစားမယ်တော့ ကိုယ်မထင်ဘူး ကဝေရေ..။ နှုတ်ခမ်းနှစ်လွှာကို တင်းနေအောင် မင်း စေ့ထားနေမှာ ကိုယ်သိနေတယ်..။ လွှတ်ချလိုက်ပါ.. ဆုပ်ကိုင်ထားတဲ့ အရာတွေကိုပေါ့..။ မင်း တွေးမတွေးတော့ ကိုယ်မသိဘူး.. ကိုယ်တော့ အသစ် တက်လိုက်တဲ့ ကြိုးအကြောင်းနဲ့ အတွေးတွေက ချာချာလည် မူးနောက် လို့..။

ကဲ.. မင်းဘယ်လိုထင်လဲ ကဝေ..!! ကိုယ်တို့ နောက်တစ်ကြိုး အတတ်ကို အောင်မြင်စွာ ရခဲ့တာလား..!! လေ့လာဆဲ အဆင့်လား..!! ဒါမှမဟုတ် မင်းရော ကိုယ်ပါ ပြိုင်တူ ဂုဏ်ထူးထွက်ခဲ့ကြ တာလား...!! ကဝေတွေတော့ ကြိုးတွေရှုပ်လို့ ရုပ်သေးတွေဖြစ်လိုဖြစ်..။

ဟား.. ဟား.. ဘယ်လိုပဲဖြစ်ဖြစ် ကဝေမ တစ်ယောက်ကတော့ ကဝေတစ်ကောင်ကို သတိထားလိုက်မိပြီ ဆိုတာလေးပါပဲ..။ ကိုယ်ကတော့ လုံးဝ ပညာစမ်းမှာ မဟုတ်ဘူး..။ ကစားဖို့ကိုလည်း ကိုယ် စိတ်မဝင်စားပါဘူး ဒါ.. အသေအချာပဲ..။ ကဝေတွေ မှာလည်း ရင်ဘတ်တွေ ကိုယ်စီနဲ့ဆိုတာ မင်း မေ့ထားဖို့ မကြိုးစားလေနဲ့..။

ဒါဟာ ပေါ့ပေါ့လေး မဟုတ်ဖူး ကိုယ့် ကဝေရေ ~

နားလည်မှုတွေ နဲ့ ရင်းထားတဲ့ အရာတွေ အများကြီးဆိုတာ မင်းလည်းအသိ ကိုယ်လည်း အသိနဲ့ မို့ပါပဲ.......။

                      (ခင်လေးငယ်)

မုန်တိုင်းလွန်စ နေ့တစ်နေ့


မေရေ... ဒီနေ့တော့ ဝယ်လို့ ရနိုင်တာလေးတွေ လိုက်ဝယ်ဖို့ ဈေးသွားမှ ဖြစ်မယ်... အခြေအနေက ဘာမှန်းမသိဘူးလေ.. အဝတ်လဲကွာ.. မေနဲ့ သမီးကို ဈေးမှာ ခဏချ ထားခဲ့မယ်... ဘဘကြီးတို့ အိမ်နဲ့ ကြီးမြတို့အိမ် အတွက် သောက်ရေ နည်းနည်း သွားပို့ ပေးမှဖြစ်မယ်.. ဓါတ်ဆီ ကလည်း ထုတ်လို့ရမှာ မဟုတ်သေးဘူး.. ဓါတ်ဆီ ပတ်ရှာဝယ်ပြီး အပြန်မှ ဈေးဝင်ခေါ်မယ်နော်..” ဆိုတဲ့ သမီးအဖေရဲ့ စကားသံ အရှည်ကြီးအဆုံးမှာ..

“ဟုတ်...” ဟု ခေါင်းကို ဆတ်ကနဲ ညိတ်ရင်း အိပ်ရာ နိုးကာစ ဆံပင် စုတ်ဖွားလေး နဲ့ သမီးကိုပါ အင်္ကျီလဲပေးလိုက်သည်..။

“ဇင်မာရေ အစ်မနဲ့လိုက်ခဲ့ရမယ်နော်.. အိမ်နောက်က တံခါးတွေ သေချာပိတ်.. ဦးဦးကားပေါ် ရေတင်နေတာလည်း ကူလိုက် ပါဦး ကွယ်...” ဟု ဇင်မာ့ကို လှမ်းပြောရင်း မကြာမီပင် အပြင်ထွက်ဖို့ သမီးရော ကျွန်မပါ အဆင်သင့်ဖြစ် နေခဲ့ပြီ…။

မုန်တိုင်း အလွန် နေ့များထဲမှ ပထမဦးဆုံး အပြင်ထွက်ခြင်းပင် ဖြစ်သည်။ တစ်နေ့က တိုက်သွားတဲ့ မုန်တိုင်းက တကယ့်ကို သွေးပျက် ချောက်ချားစရာ။ လှမ်းမြင်ရ တဲ့ မြင်ကွင်းတိုင်းက ရင်ထဲကို မချိမဆန့် ဝင်လာနေသည်။ ပြိုလဲနေသော ညောင်ပင်ကြီးတွေ၊ ဓါတ်တိုင်ကြီးတွေ၊ လွင့်စင်ပြန့်ကျဲ နေသော သွပ်ပြားတွေ၊ အစိတ်စိတ် အမွှာမွှာ ဖြစ်နေသော မှန်ကွဲ အပိုင်းအစတွေ၊ အပုံ့လိုက် ပြိုပျက် နေ သော အိမ်သေးသေးလေးတွေ၊ မြင်မြင်သမျှ အားလုံးက စိတ်မကောင်းစရာအတိ..။ 

“ကို..” ကတော့ ဘီးလေးဘီး လှိမ့်၍ရလို့သာ ကားဟုခေါ်လို့ရသော ကားစုတ်လေးကို သတိထားရင်း အပျက်အစီးတွေကို ကွေ့ဝိုက် မောင်းနှင် နေသည်..။ အချို့နေရာ ရေလျှံ၊ အချို့နေရာမှာ လမ်းတွေပိတ်နဲ့ ဈေးသို့ တော်တော်နှင့် မရောက်နိုင်..။ ကျွန်မ မျက်လွှာကိုချကာ ဘုရားစာ တချို့ တ၀က်ကို ရွက်ဆိုရင်း လိုက်ပါခဲ့သည်။ မြင်နေကြမဟုတ်တဲ့ မြင်ကွင်းတွေက ငါးနှစ်သာရှိသေးတဲ့ သမီးလေး အတွက်တော့ အသစ်အဆန်း ဖြစ်နေသည် ထင်၏။ 

အင်မတန်သွက်လက်တဲ့ သမီးလေးတောင် မျက်လုံးလေး အ၀ိုင်းသားနှင့် ငြိမ်သက် လွန်းနေသည်။ သမီးလေး အတွေးမှာ စိုးရိမ်ထိတ်လန့်မှုတွေများ ကျန်ရှိနေလေဦးမလား..!! ကျွန်မ ကိုယ်တိုင်ကတော့ မီးစက်လေးနှင့် မနေ့က ရေလေး နည်းနည်း တင်၍ ရလိုက်သော တိုက်ခန်းကျဉ်းလေး ကို ကျေးဇူးတင်နေမိသည်။ 

“တစ်ပတ်စာ နီးနီးတော့ လောက်မှာပါနော်..”
ဆိုတဲ့ “ကို့” အသံကြားမှ ပိုက်ဆံအိတ် ပါးပါးလေးကို ငုံ့ကြည့်ကာ နွမ်းလျ ဖျော့တော့စွာဖြင့်.....
“အင်း..”
ဟု ဖြေရင်း သက်ပြင်း အချမှာပင် ဈေးရောက်နေပြီ ဆိုတာ သတိထား မိတော့သည်။

သမီးလေးကို မတတ်သာလို့သာ ခေါ်ခဲ့ရပေမယ့် နောင်တက ရချင်ချင်။ အပြိုအပျက် များကြားတွင် ရအောင် ဖွင့်ထားသော ဈေးလေးက တိုးမပေါက်..။ အလုအယက် ကြပ်သိပ်ရှုပ်ထွေးစွာနှင့် ဆူညံလို့နေသည်။ သမီးလေးလက်ကို တင်းနေအောင်စွဲယူရင်း အပူတွေ ကိုယ်စီ ထွေးပိုက်ထားသည့် လူတွေကြား တိုးဝှေ့ဝင်ခဲ့သည်။ ကြက်ဥ တစ်လုံးကို ၃၅၀ ကျပ်တဲ့ ကုန်ဈေးနှုန်းက တစ်ခါမှ မကြားဖူးတဲ့ အဆင့်ကို ခုန်တက်သွားပြီ။ 

လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော နွမ်းဖတ် ရိသဲ့နေသည့် တစ်ထောင်တန် အဟောင်းလေး ငါးရွက်ကို ကျွန်မ ဖြန့်ကြည့်မိ လိုက်သေးသည်။ ရှိတာလေးနှင့် ရသလောက် အမြန်ဆုံး တိုးဝယ်ပြီး ပြန်ထွက် ရုံသာ..။ “တစ်ပတ်စာ လောက်တော့..” ဟု ပြောသွားခဲ့သော “ကို့..” စကားကို သတိရမိရင်း ကျွန်မ ဝယ်လို့ရလိုက်တာက သုံးရက်စာပင် မရှိပေ။ အတွေး များစွာနှင့် သက်ပြင်းကို ဖွဖွချရင်း ဈေးမှအထွက် မထင်မှတ်တဲ့ မြင်ကွင်းလေးတစ်ခုက ကျွန်မရင်ဝကို လာ ဆောင့် သည်။ မြောင်းဘေး က မြေကြီးပေါ်မှာ ထိုင်နေကြသော မည်းညစ် ချောက်ကပ်နေသည့် ကလေးငယ်နှစ်ယောက်..။ 

အရိုးပေါ် အရည်တင် မျက်နှာလေးက ကြေကြေကွဲကွဲနှင့် ကျွန်မကို စိုက်ကြည့်နေ၏။ လိုအပ်တာထက် ပိုပြူး နေသည်ဟု ထင်ရသည့် မျက်လုံးလေး တစ်စုံက ကျွန်မကို ကျောက်ရုပ်တစ်ရုပ် ဖြစ်သွားစေသည်။ အကြီးမလေးက သူ့မောင်လေးဟု ယူဆရသော ကလေးငယ်၏ ကျောကုန်းကို ကုတ်ပေးနေသည်။ ခြင်ဖုလေးတွေကို ကုတ်ရင်း ကြီးလာဟန်တူသော အနာလိုလို အပိန့် အကြီးကြီး တွေနှင့် ကလေးငယ်က ယားလွန်း၍လား ဆာလောင်၍ လားမသိ... ကျယ်လောင်စွာ အော်ဟစ်ငိုယိုလို့ နေသည်။

“ဘုရား.. ဘုရား..!! သူတို့မိဘတွေရော..!! သူတို့မောင်နှမ..!! ပြန်စရာအိမ်..!! စားစရာ...!! ဟင့်အင်း..!!” ကျွန်မ အာခေါင်တွေ ခြောက်ကပ်ကွဲအက် လာလိုက်တာ အသက်ရှူလို့ပင် မဝတော့။ သမီးလေးလက်ကို ပိုမိုတင်းနေအောင် ဆုပ်ကိုင်လိုက်သည်။ ပါသမျှ လေးနှင့် သုံးရက်စာမရှိတရှိ ဝယ်လာသော ကြွပ်ကြွပ်အိတ် အကြီးကြီး နှစ်လုံးကို ဘယ်ညာဆွဲ၍ ကိုင်ထားသော ဇင်မာ့ လက်ထဲက အိတ်တစ်လုံးဆီ ကျွန်မလက် အလိုလို ရောက်သွားခဲ့ပြီ။ ဆတ်ကနဲ ခပ်မြန်မြန်ပင် ဆွဲယူကာ ထို ကလေးမ လက်ထဲသို့ ထည့်လိုက်မိသည်။ 

 မထင်မှတ်ပါပဲ ဝင်းလက်သွားခဲ့သော မျက်လုံးပြူးပြူးတွေကို ကျွန်မကြာကြာ မကြည့်နိုင်အောင် လူတွေ တိုးဝှေ့ လို့ လာပြန် သည်..။ သမီးနှင့် ရွယ်တူမရှိတရှိ ကောင်မလေး.. ပြီးတော့ နှစ်နှစ်သားခန့်သာ ရှိဦးမည့် သူ့မောင်လေးရဲ့ ပုံရိပ်တွေက ကျွန်မအတွေးမှာ ကပ်၍ လိုက်ပါလာခဲ့ပြီ....။ သမီးလက်လေးတွေကို ဆွဲကိုင်ယူရင်း လူကြားထဲက တိုးအထွက် မထင်မှတ်ပဲ မိုးစက် အကြီးကြီး တွေနှင့် မိုးခပ်ကြဲကြဲ ရွာချလိုက်သည်။ မိုးသားတွေကို မော့ကြည့်ပြီး ခေါင်းပြန် အချ ကျွန်မတို့ကို လှမ်းကြည့်နေသည့် “ကို..”..။  

ဆတ်ကနဲ ခေါင်းညိတ်ပြတဲ့ “ကို့” မျက်ဝန်းတွေက ညိုမှောင်ရီဝေလို့..။ ပုခုံးပေါ်ကို ဖွဖွလေးလာတင်သည့် “ကို့” လက်ဖမိုးကို ကျွန်မ လက်လေးတစ်ဖက်နှင့် ပြန်လည် ဖြစ်ညှစ်ထားလိုက်မိသည်။ သက်ပြင်း ချသံနှင့်အတူ မောင်နှမ နှစ်ယောက်ကို လှမ်းကြည့်နေ သည့် “ကို့” မျက်လုံးတွေထဲမှာ စာနာသနားစိတ်နဲ့ အကြင်နာ တရား တွေ ရောပြွမ်းလို့နေသည်ပဲ...။

မိုးသား မည်းမည်းတွေက ထစ်ချုန်းသံနှင့်အတူ အငြိုးကြီးနေဆဲ.. ရန်လိုနေဆဲ..။ အင်္ကျီလက်ပြတ်လေးနဲ့ သမီးက သူ့လက်မောင်းပေါ်က မိုးစက်တွေကို လက်သေးသေးလေးနှင့် သတ်ချရင်း...
“မိုးစက်လေးတွေ ကလည်း အေးလိုက်တာနော် မေမေ..” တဲ့။ ကျွန်မ ယောင်ရမ်းပြီး ခေါင်းညိတ် ပြလိုက်မိသည်ထင်၏..။

တကယ်တမ်း ကျွန်မ ပါးပြင်နှစ်ဖက်ပေါ်က မိုးစက်တွေ ပူနွေးနေကြတယ်ဆိုတာ...။

(ခင်လေးငယ်)


မှတ်ချက်။ ။ လွန်ခဲ့တဲ့ ငါးနှစ်က ရေးခဲ့ဖူးသော နာဂစ်ခြွေအပြီး နံနက်ခင်း တစ်ခင်းစာပြကွက် ဝတ္ထုတိုလေးပဲ ဖြစ်ပါတယ်...။


ဝေးလွင့်ခြေရာ ~


ဆောင်းလေအဝှေ့မှာ ချမ်းစိမ့်တက်လာတဲ့ အသိနဲ့ ကိုယ်မှာ ကပ်နေတဲ့ သားရေဂျာကင်ဇစ်ကို လည်ပင်းအထိ ဆွဲတင် မိလိုက် ပါတယ်။ သြော်.. နှင်းတွေတောင် ခပ်စိပ်စိပ်ပိုသည်းလာပြီပဲ။ ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်လေးကို နားနှစ်ဖက်ဖုံးတဲ့အထိ ခပ်ဖိဖိ ပြင်ဆောင်း မိပြန်တယ်။ လက်အိတ်တွေအောက်မှာ မြှုပ်နေတဲ့ နာရီကို ကြည့်မိတော့ ၃ မိနစ်လိုနေပါသေးတယ်။ အချိန်ကို ဂရုစိုက် တိကျ လွန်းတဲ့ သူရောက်လာတော့မှာပါ...။

ရပ်နေတဲ့နေရာဘေး ခုံတန်းရှည်ပေါ်မှာတော့ သစ်ပင်ကြီးတွေဆီက ဖြာကျလာတဲ့ မီးရောင်စုံလေးတွေက မှိတ်တုတ်မှိတ်တုတ်နဲ့ ကခုန် လို့ပေါ့။ သီချင်းသံမဟုတ်တဲ့ တေးသွားနဲ့ တီးလုံးသံလေးတွေက နားထဲကို တိုးဝင်လာလိုက် ထွက်ပြေးသွားလိုက်။ ခေါင်းကို မော့ပြီး ကောင်းကင်ကို ကြည့်မိတော့ နှင်းမှုန်တွေက မျက်နှာပေါ်ကို အပြေးအလွှား တွယ်ကပ်ရောက်လာကြတယ်။ ခပ်ပြားပြား ကား အမည်းလေးတစ်စီး တုန့်ကနဲ အရပ်မှာ မော့ထားတဲ့ခေါင်းကို ပြန်ချမိပါတယ်..။

နေမင်းဟန်...!! သူက ကားထဲကနေပဲ သူ့ကိုယ်ကိုငဲ့ပြီး ကျွန်မဘက်အခြမ်း ကားတံခါးကို ဖွင့်ပေးရင်း...

“မင်္ဂလာပါ... မငယ်.. ကိုယ် နောက်မကျပါဘူးနော်...” 
“ဟင့်အင်း.. ကျွန်မ ၃ မိနစ်ပဲ စောရောက်နေတာပါ ကိုနေမင်း...”


ကားထဲက အပူပေးစက် အနွေးကြောင့် အတော်လေး နေသာထိုင်သာရှိသွားပါတယ်..။

“ကိုယ်တို့ တစ်ခုခု သွားစားသင့်တယ်နော်” 
“ကောင်းပါတယ် ကိုနေမင်း”


ထုံးစံ အတိုင်း နေမင်းဟန် အသံက ရိုးသားမှုတွေနဲ့ တည်ငြိမ်လို့ပါ။ များသောအားဖြင့် ကျွန်မကို အလုပ်မှာရော အပြင်မှာပါ “မေ” လို့ ခေါ်တတ်ကြတယ်။ အင်္ဂလိပ်စာလုံး May ဆိုတာ ကျမတို့ မြန်မာအသံထွက်တွေထဲမှာ ခေါ်ရမှတ်ရလွယ်တာလည်း ပါပါ လိမ့်မယ်။ စသိချိန်ကစလို့ မိတ်ဆွေသက်တမ်း တစ်လျှောက်လုံးမှာ နေမင်းဟန်ကို ကျွန်မ “ကိုနေမင်း” လို့ခေါ်ခဲ့သလို ကျွန်မကို သူများတွေ ခေါ်သလို “မေ” လို့ မခေါ်ပဲ ကျွန်မနာမည်ကို “မ” ထည့်ပြီး “မငယ်” လို့ခေါ်တတ်သူပါ။ 

စကားပြောတိုင်းလည်း ကိုယ်နဲ့ မင်းလို့ သုံးနှုန်းတတ်သလို ပိုမိုရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လာတဲ့ ခုချိန်အထိ ကျွန်မကိုယ်တိုင်ကလည်း “ကျွန်မ”လို့ပဲ သုံးစွဲ ခဲ့ပါတယ်..။ သူက သူ့ကားထဲက MD Player ခလုပ်လေးကိုနှိပ်လိုက်တော့ ကျွန်မနှစ်သက်တဲ့ Rock သီချင်းတစ်ပုဒ် ခုန်ထွက်လာတယ်။ အံ့သြမှုတွေ နဲ့ သူ့ကိုငဲ့အကြည့် သူ့အပြုံးတစ်ခုက လှစ်ကနဲ။ “နေမင်းဟန်” ဆိုတဲ့ သူဟာ ဘယ်တော့မှ ဆူညံညံ ပေါက်ကွဲသံစဉ်မျိုး နှစ်သက် တတ်သူမှ မဟုတ်တာ။ 

ကျွန်မတို့ မိတ်ဆွေသက်တမ်း သုံးနှစ် ကျော်လာတဲ့အထိ သူ့ကားထဲမှာ ဒီလိုသီချင်းသံမျိုး ကြားရလေ့ မရှိ။ ဒါဟာ ပထမဦးဆုံးအကြိမ်ပါပဲ...။ ကျွန်မတို့ တွေ့ဆုံချိန်တွေတိုင်း ပြောတတ်တဲ့ စကားတွေကတော့... တစ်ခါတလေ အလုပ်ထဲက ဖိစီးမှုတွေပါမယ်။ စာအုပ်တွေ အကြောင်းပါမယ်။ ရုပ်ရှင်တွေအကြောင်းပါမယ်။ သီချင်းအကြောင်းတွေပါမယ်။ ကိုယ်ရေးကိုယ်တာ တချို့တစ်ဝက်ပါမယ်။ ကိုနန္ဒ မေမေ့ အကြောင်း ပါမယ်။ ဝတ်ရည်ရဲ့ ခပ်ဆိုဆိုး မောင်လေး အကြောင်းသူပြောမယ်။ ဒါတွေပါပဲ......။

“ကိုနန္ဒ နေကောင်းလား ကိုယ် သုံး လေး ရက်လောက်တော့ရှိပြီ ဘူတာထဲမှာ သူ့ကို လှမ်းတွေ့လိုက်သေးတယ်” 
“ဟုတ်... ခုတလော ပုံမှန်ထက် သူအလုပ်များနေပါတယ်” 
 
“ကိုယ်တို့ ကိုရီးယားစာ စားရအောင်လေ”
 
“ကောင်းတယ် ကိုနေမင်း ကျွန်မလည်း အဲ့လိုတွေးနေမိတာ”
 

“ဝတ်ရည်ကတော့ အစပ်မစားလို့ ဘယ်တော့မှ ညှိလို့မရခဲ့ဖူးဘူး..”
 
ကျွန်မကတော့ ငပိနဲ့ အစပ်ကိုကြိုက်တယ်”
 

“ကိုယ် မင်းကို ခုမှသိတာ မဟုတ်ဖူးလေ...”


ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောလိုက်မိပါတယ်..။

“မင်း ကလေးလေးတစ်ယောက်လို ရယ်တဲ့အသံ ကိုယ်မကြားရတာ ကြာပြီနော်” 
“ဟုတ်တယ် ကိုနေမင်း ကျွန်မ ဒီလို မရယ်နိုင်အောင် အလုပ်တွေနဲ့ မွန်းနေတာမျိုး”


“ဟန်ဆောင်ပြီး အလုပ်တွေထဲမှာ နှစ်ထားတာ တကယ့်မင်းမှ မဟုတ်တာ”


ကျွန်မခေါင်းကို ဆတ်ကနဲ ညိတ်ပြမိရင်း...

“ဝတ်ရည် ခရီးထွက်မယ်ဆိုတာ သွားဖြစ်လား”
 
“အင်း.. ဒီနေ့ ကိုယ်သူ့ အတွက် လေယာဉ်လက်မှတ် ရက်အတိအကျယူပေးခဲ့တယ်”
 

“ကိုနေမင်း မလိုက်ဖူးလားဟင်”

“အို့.. အို ကိုနန္ဒခရီးတွေရော မင်းလိုက်ဖြစ်လို့လား မငယ်” 

“အင်း.. ဒါလဲဟုတ်ပါတယ်လေ”

“နောက်ဆိုရင်တော့ ကိုယ်လိုက်ရတော့မှာ ဒီခရီးက ဝတ်ရည် တစ်ယောက်ထဲသွားမယ့် နောက်ဆုံးအကြိမ် ခရီးဖြစ်လိမ့်မယ်”

ကျွန်မ ပေါင်ပေါ်တင်ထားတဲ့ စလင်းဘက်အိတ် အပြားလေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသွားတယ်။ အိတ်ထဲမှာ ဖုန်းလေးတစ်လုံး၊ ပိုက်ဆံအိတ်ပါးပါးလေး တစ်အိတ်၊ ခေါင်းဘီးလေးတစ်ချောင်း နဲ့ ပန်းနုရောင် ဖိတ်စာကဒ်လေးတစ်ခု ရှိနေပါတယ်။ အဖုံးပေါ်မှာ “နေမင်းဟန်” ဆိုတဲ့ နာမည် ခပ်ဖိဖိရေးထားတဲ့ ကဒ်လေးက ဆွဲထုတ် ယူသူမဲ့ ငြိမ်သက်နေဆဲပါပဲ...။

“မငယ်”

ကျွန်မအကြည့်တွေက နေမင်းဟန် မျက်နှာပေါ်ရောက်သွားတယ်...။

“မငယ်”
“ရှင် ကျွန်မကို ခေါ်တာ နှစ်ခါရှိနေပြီ ကိုနေမင်း” 

“ဟား ဟားး အဲဒီခပ်ပြတ်ပြတ် အသံနဲ့ ရှုတည်တည် အကြည့်တွေက မင်းမှမင်းပဲ”
 
“တော်ပါရှင်.. ကိုနေမင်း ဒီနေ့ စကားတွေတော်တော် ပြောနေတယ်နော်”
 

“ဟုတ်တယ်.. ကိုယ်ဒီနေ့ ကလေးတစ်ယောက်လို ရယ်တာတွေကို ကြားချင်လို့ မင်းကို စချင်နေတာ”


ကျွန်မ သူ့ စကားဆန်းတွေကြောင့် ရယ်ဖြစ်ပြန်ပြီ...။

“ကိုနေမင်း ဘာလို့ ဒီသီချင်းတွေ ဖွင့်ရတာလဲ ကျွန်မစဉ်းစားနေတာ” 
“သြော်... ဒါလား.. ဒါက... ဒီလိုလေ...”


ရယ်နောက်နောက် သူ့စကားက တစ်ဝက်တစ်ပျက်မှာ ဆုံးသွားတယ်။ တိကနဲ ကားဘရိတ်ကို တစ်ချက်တော့ပြီး သူ ရပ်လိုက် ပါတယ်။ စောစောက နေမင်းဟန် မဟုတ်တော့ သလိုပဲ တိတ်ဆိတ်လို့ပေါ့။ ကျွန်မ ခပ်ပေပေမျက်လုံးနဲ့ သူ့ မျက်နှာကို လှမ်းကြည့် မိပါတယ်။ စတီယာတိုင်ကို ညာဘက်လက် တစ်ခုတည်းနဲ့ ဆုပ်ထားရင်း နှင်းတွေကျနေတာကို သူငေးနေတယ်။ ပြီးတော့ ခပ်တိုးတိုး အသံနဲ့ ပြောပါတယ်........

“ဘယ်သူမှ မသိသင့်တဲ့အရာပါ.. တစ်ခါတစ်လေ ကိုယ်ဟာ မင်း... ဖြစ်ဖြစ်ကြည့်ဖူးတယ် မင်းလည်း သိမှာမဟုတ်ဖူး သိစရာလည်းမလိုဘူး... ဒါပါပဲ”

နေမင်းဟန် စကားတွေက ကျွန်မကို တိတ်ဆိတ်သွားစေတယ်။ ချက်ချင်း အားယူပြီး ကျွန်မ ခပ်သော့သော့ ရယ်မောဖြစ်လိုက်တယ်...။

ကိုနေမင်း ရယ် ရှင်... ဟာလေ......” 
“ဝတ်ရည်ခရီးက ပြန်လာပြီးရင် ကိုယ်တို့ လက်ထပ်တော့မယ်.. မငယ်”


သူ့စကားသံ တိုးတိုးလေး အဆုံးမှာ ကျွန်မ ရယ်မောလိုက်မိပြန်တယ်။ နေမင်းဟန် ရှင်ပြောတယ်လေ.. ဒီနေ့ ကျွန်မရယ်သံတွေကို ကြားချင်တယ်ဆို....

“ဘာလဲ ကျွန်မကို သတို့သမီး အရန် ကမ်းလှမ်းချင်တာလား”

သူခေါင်းကိုခါတယ်... ပြီးတော့ ကျွန်မမျက်နှာကို စေ့စေ့ကြည့်နေတယ်...

“မင်းကို ကိုယ်ကျေးဇူးတင်တယ် မငယ်” 
“ရှင်”
 

“မင်း ရယ်သံတွေ အတွက်ပါ ပြီးတော့....”


သူ ခဏရပ်ရင်း အသက်ကို ပြင်းပြင်းတစ်ချက်ရှူပြီး စကားဆက်ပြောတယ်...။ 
“ကိုယ်ဟာ မင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရပြီး နောက်ပိုင်းမှာ ပတ်ဝန်းကျင်ကို လစ်လျူရှု သင့်တာတွေကို ရှုတတ်တဲ့ အလေ့အကျင့် ရခဲ့တယ်... ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်တွေ သန့်စင်စွာ ထပ်တူကျမှုတွေကို ကိုယ်နားလည် တတ်ခဲ့ တယ်... ပေတေသလို တည်ငြိမ်တတ်တဲ့ မင်းအမူအယာတွေနဲ့ ခင်မင်စရာကောင်းတာတွေ... ကိုယ့်ကို မိတ်ဆွေကောင်း တစ်ယောက် ရဲ့ ပေးနိုင်တဲ့ ဖေးမပေးမှုတွေနဲ့ အားပေးခဲ့တာတွေ... ကိုယ့်ဖိစီးမှုတွေကို မင်းလမ်းပြမှုတွေနဲ့ တည်ငြိမ်စွာ ကျော်ဖြတ်စေ ခဲ့တာတွေ... အိုကွာ.. အများကြီးပါ... ကိုယ်စံထားရတဲ့ မင်းကို အရာအားလုံးအတွက် ကိုယ်ကျေးဇူးတင်တာပါ.. မငယ်”

အို... ကိုနေမင်းရယ် အထူး အဆန်းတွေရှင်..”

ဒီတစ်ခါတော့ ဟက်ဟက်ပက်ပက် အော်ရယ်လိုက်တာ နေမင်းဟန်ပါ။ ရှင့်ရင်ထဲကအသံတွေ ဟုတ်မဟုတ် ကျွန်မ အဖြေရှာသင့်သူ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့... အတွေးတွေကို ကျွန်မ မောင်းတုတ်နိုင်ခဲ့ပါတယ်..။

“ကိုနန္ဒ အတွက် ဂုဏ်ယူတယ်ဆိုတာ ကိုယ့်ကိုယ်စား ပြောပေးပါ...” 
“................”


ကျွန်မ ခေါင်းငုံ့ပြီး စလင်းဘက်လေးကို ဖွင့်လိုက်တယ်။ ညာဘက်လက်ချောင်း ထိပ်လေးတွေနဲ့ ပန်းနုရောင် ဖိတ်စာ ကဒ်လေး အတွေ့ မှာ ကျွန်မလက်ကို ပြန်ရုတ်လိုက်မိပါတယ်။ နေပါစေတော့လေ...!! တိုက်ဆိုင်လွန်းစွာ ကျွန်မပြောမယ့် စကားတွေကို ဒီဆောင်းညဥ့်ဦး ပိုင်းမှာပဲ သူကအရင် ပြောသွားခဲ့ပါတယ်။ ကျွန်မ လက်လေးတွေ အနည်းငယ် တုန်ရီနေခဲ့တယ်။ ကျွန်မ ခေါင်းမော့ပြီး သူ့ ကို ပြုံးပြီး ကြည့်လိုက်မိပါတယ်..။

ကျွန်မလည်း ဝတ်ရည်ကို ပြောချင်တယ်... ရင့်ကျက်တည်ငြိမ်တဲ့ ခင်ပွန်းလောင်း တစ်ယောက်အတွက် ကျွန်မ အင်မတန် ဂုဏ်ယူ မိတယ် လို့.... Congratulation ပါ..”

ကမ်းပေး လိုက်တဲ့ ကျွန်မ ညာလက်ဖဝါးကို သူ့လက်ဖဝါးနဲ့ ဖျစ်ညှစ်လိုက်တယ်။ နေမင်းဟန်.. ရှင့်အပြုံးတွေ လဲ့ နေသလို ကျွန်မ မျက်လုံးတွေ လည်း အရောင်လဲ့နေခဲ့ပါတယ်။ ကျွန်မတွေးမိတယ်.. ကျွန်မတို့တတွေ တစ်ဦးနဲ့တစ်ဦး ရင့်ကျက်စွာ ချီးမွမ်းခန်းတွေ ဖွင့်နေကြ တာ ဘာအတွက်များပါလဲ..!! နှလုံးသားထဲကို ဝင်လာမယ့် တစ်စုံတစ်ရာကို အသိစိတ်တွေနဲ့ ထိန်းယူခဲ့ကြတာကရော ဘယ်လောက် များ သေသပ်လှပခဲ့ကြလဲ... နော်..!!

ကျွန်မ ချက်ချင်း ဆုံးဖြတ်လိုက်ပါတယ်။ သူ့အတွက် ယူလာတဲ့ ပန်းနုရောင် ဖိတ်စာလေးတစ်စောင်ကို ဘယ်တော့မှ သူ့ကို ပေးဖြစ်တော့ မှာ မဟုတ်ပါဘူး.!! ကျွန်မတို့တွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လူသားဆန်စွာ တွေးခေါ်ဆုံးဖြတ်ခဲ့ကြတယ်။ အကောင် အထည် ဖော်နိုင်ခဲ့ကြတယ်။ ကျွန်မနဲ့ နေမင်းဟန် ဆိုတဲ့ ရှင့်ရဲ့ ဆုံစည်းရခြင်းဟာ သုံးနှစ်ထက်သာ ပိုစောခဲ့ကြမယ် ဆိုရင်လေ.......!!

ကျွန်မတို့ နှစ်ယောက်ရဲ့ အပြန်လမ်းမှာ နှင်းတွေထူထပ်အောင် ကျနေခဲ့တယ်...။ ကျွန်မအိမ်ရှေ့လမ်းပေါ်အရောက် သူရပ်ပေးတဲ့ ကားပေါ်က ဆင်းရင်း ကောင်းကင်ကို မော့အကြည့်မှာ သည်းနေတဲ့ နှင်းမှုန်တွေကြောင့် “လ” ကိုမြင်ခွင့် မရခဲ့ပါဘူး...။ တကယ်လို့ များ အဲ့ဒီညရဲ့ ကောင်းကင်မှာ “လ” တစ်စင်းဟာ ကြည်လင်အေးချမ်းစွာ သာနေခဲ့မယ် ဆိုရင်တောင် ကျွန်မ မျက်လုံးတွေက မြင်ချင် မှ မြင်နိုင်ခဲ့လိမ့်မယ် ဆိုတာကိုတော့.....!!


(ခင်လေးငယ်)

ကိုယ်ပွား


စိတ်တွေတဲ့လား ဘယ်မှာလဲ..!!
သြော်... အရောင်စုံ။

ဈေးလိုခင်းမယ် စိတ်ကူးရင်း
ဖြန့်ချလိုက်တော့မှ အကြွေ~  အကြွေတွေ
ကျိုး.. ပဲ့.. ကြေ.. မွ..။

ကမ္ဘာကို စာအံချင်တဲ့ အတွေးနဲ့ ရာသီကို အာခံတဲ့အခါ
မနိုင်ဝန်ထမ်းမိသူ သမီးပျိုလို ဟိုလိုလို ဒီလိုလိုနဲ့
ဟန်မူပိုနေပုံက အာရုံတွေခါး ဗျာတွေက ခပ်များများ..။

ခပ်ကြားကြားပါးကွက်မှာ မျက်ရည်စီးကြောင်းတွေ အထင်းသားမို့
ကဲ... လေဒီရေ
ငိုချင်းကဖို့ သက်ပြင်းကိုရှိုက်သွင်း
ခြေလက်ကိုပြင်ရင်း အတောင်တွေညောင်းမှ
ကျော့ရှင်းအောင် လည်ကိုဝံ့လည်း အပိုပေါ့..။

မြစ်အသေထဲမှာ စိတ်တွေ အိပ်အိပ်နေရတာ
အိပ်မက်လိုပဲ... တဲ့လား..!!
နွေ မဟုတ်မှတော့ ညတာရှည်တဲ့ ဆောင်းမှာ
မမက်ချင်လည်း အိပ်မက်တွေ ရှည်ဦးမယ့် ဒီည..။

ခပ်ညံ့ညံ့ကလောင်နဲ့ ရေးမှတော့
ခပ်ထေ့ထေ့ စာ
ခပ်ငေါ့ငေါ့ ကဗျာ
ခပ်ရိရိ ဒဿနတစ်ချို့သာ ဘေးမှာ စုပုံကျဲပြန့်လို့
ဒါဟာ . . . . အနှောင့်အသွားမလွတ်တဲ့ ကြော်ငြာမို့
လေဒီရေ...
ငါ . . . . .
ပျို့ကာ အန်ချင်လာမိတယ်..။။

(ခင်လေးငယ်)

အနားသတ်မရှိသော...



မှိုင်းတက်လာတဲ့ ကောင်းကင်ကို မော့အကြည့်မှာပဲ ကျွန်မမျက်နှာပေါ် မိုးဖွဲသေးသေးလေးတွေ ကျလာခဲ့သည်။

ထိုင်နေမိတဲ့ ခုံတန်းပေါ်က ထရပ်ပြီး ဟိုး... ခပ်လှမ်းလှမ်းဆီက ထီးလိုအမိုးနဲ့ နေရာတစ်ခုဆီ လျှောက်သွားလိုက် ရလေမလား.. ပေပေ တေတေ နဲ့ ကျွန်မ ဆက်ထိုင်နေ သင့်သလား..!! မိုးက သူ့ရာသီမဟုတ်ပဲ ရွာအချမှာ ကျွန်မကတော့ ကျွန်မစိတ်ရာသီ အကျင့် တစ်ခု အလိုအတိုင်း ထ... မရပ်ဖြစ်လိုက်..။ အို... မိုးက မိုးပဲ... သူ ရွာချင်ရွာမယ်.. ကျွန်မလည်း ဆက်ထိုင်ချင် ထိုင်နေမယ် ဒါပါပဲ။

ကံတရား ကပဲ ကျွန်မကို အလိုလိုက်လိုက် လေသလားတော့မသိ... မိုးဖွဲလေးတွေက မိုးပေါက်တွေအဖြစ် ပြောင်းမသွားခဲ့။ ခပ်ကျဲကျဲ နဲ့ ဖွဲဖွဲဖွဖွလေး သူ့တာဝန်သူ ငြိမ်ငြိမ်လေး ဆက်ထမ်းဆောင်လို့..။မနေ့က ခုလို အချိန် မှာလည်း ဒီလိုပဲ မိုးတွေအုံ့နေခဲ့ပါသည်။ ငွေ့ငွေ့လေး နွေးနေတဲ့ စကားသံတွေလည်း ကျွန်မ နားထဲမှာ မနေ့က အတိုင်း။  အေးစိမ့်စိမ့်နိုင်တဲ့ လေတွေကလည်း မနေ့ကလိုပဲ ကျွန်မခန္ဓာကို ပွေ့ဖက်လို့။ မတူတာ တစ်ခု-- မနေ့က ခုလို မိုးဖွဲလေးတွေ ရွာမနေခဲ့တာပဲ ဆိုပါတော့။ ကျွန်မ တစ်စုံတရာကို လွမ်းဆွတ်ရင်း သတိတရ ရှိလွန်းနေသည်။

ကိုယ်တိုင် ဟန်ဆောင်ပြီး ခေါင်းကို ရမ်းခါထုတ်ပစ် လိုက်ရင်ကော..!! ဒါမှမဟုတ်..!!!  အားသန်နေသည့် အရာကတော့ အဲ့ဒီ တစ်စုံတရာကို ကျောက်စိမ်းရောင် ပိုးကတီပါ တစ်စနှင့် တယုတယလေး ထုပ်ပိုးရင်း အစိမ်းရင့်ရောင် သော့တစ်ချောင်းခတ်ကာ သိမ်းထားချင်မိခြင်း ဖြစ်၏..။ ထို အစိမ်းရောင်အထုပ်မှာ ရနံ့တစ်ခုသာ ရှိနိုင်မည် ဆိုလျှင် ထိုရနံ့သည်.. ပန်းနုရောင်ပန်းတစ်ပွင့်၏ နူးညံ့လွန်း တဲ့ ချိုမြိန် ရနံ့လေး ထုံသင်းနေမှာ သေချာလေသည်..။

သူပြော သွားခဲ့သော စကား အတော်များများမှာ ခဏခဏပါတတ်သည့် စကားတစ်ခွန်းကို အကြိမ်ကြိမ် သတိရနေမိသည်။ 
“ခင်ဗျား ဟာ အတော် နားလည်ရ ခက်တဲ့ မိန်းမ တစ်ယောက်ပဲ...”

တွေးရင်း ပြန်ပြန်ရောက် သွားမိတဲ့ မနေ့က ဆိုသည့် ထိုအချိန်များ ထဲတွင် ကျွန်မ ပြန်လည် မွေ့လျော်နေလိုသေး၏။

“တကယ်ဆို ဘာမှန်းမသိတဲ့ ခင်ဗျားလို အမျိုးသမီးကို ကျနော် စိတ်မဝင်စားသင့်ဘူး...”

ကျွန်မ ကိုယ်တိုင် မှန်တစ်ချပ်ထဲ အတင်းတိုးဝင် ဖွေရှာပြန်တော့လည်း ကျွန်မ စိတ်တွေကို မြင်နိုင်သည်မဟုတ်။ သူပြောသလိုပဲ ကျွန်မ ဘယ်သူလဲ..!! ဘာကိုတွေးပြီး ဘာတွေကို အကောင်ထည်ဖော်ဖို့ ဆန္ဒရှိသူလဲ..!! ကျွန်မ အာသီသ ရှိနေသည့် အရာတွေဟာ ဘယ်လို ပုံပန်း သဏ္ဍာန်မျိုးနဲ့ ကောက်ကြောင်းထင် နေတတ်တာလဲ..!! ကျွန်မနဲ့ ခပ်နီးနီးမှာ ရှိနေတတ်လား..!! ဟိုး.. ကောင်းကင်ပေါ် က တိမ်တိုက်ညိုတွေထဲမှာ ပုန်းအောင်း ကွယ်ဝှက်နေတဲ့ မူပိုပို ကဗျာတစ်ပုဒ်လို ရှိနေမလား..!!

“ခင်ဗျားဟာ အိပ်မက် မမက်တတ်သူပဲ... အချစ်ကို ခံစားတတ်သူမှ မဟုတ်တာ..”  

ကောက်ကာ ငင်ကာနှင့် သူပြောချလိုက်သည့် ထိုစကားမျိုးမှာ မှင်တက်သွားမှု မရှိ။ ကြောင်အမ်းအမ်း မနိုင်။ ကျွန်မစိတ်တွေက ပကတိ အလျားလိုက် ရွေ့လျားလို့ နေခဲ့ပါသည်။ ထိုက်သင့်တဲ့ ရင့်ကျက်မှုတစ်ခု ရှိလာသည့် လူတစ်ယောက်အဖို့ အချစ်ဆိုတာကို နားမလည် တတ်သူ ရှိမည်မထင်။ ကျွန်မ ခံစားတတ်ပါသည်။ တွေးယူ နားလည် တတ်ပါသည်။

သို့သော် ထိုအရာနှင့် ပတ်သက်၍ ကျွန်မ ရှင်းပြဆွေးနွေး လိုစိတ် မရှိပြန်။ လူချင်း နီးကပ် ပေါင်းစပ်ဖို့၊ တစ်စုံတစ်ဦးထံမှာ အချစ်ကိုအပ်နှံဖို့၊ ချစ်ခြင်းကို ရယူပိုင်ဆိုင်ဖို့၊ ဒါမှမဟုတ်... အသစ်အသစ်သော ဘဝ တစ်ခု ကို အတူတကွ အခြေခိုင်ခိုင် အုပ်မြစ်ချဖို့ ဆိုတာမျိုး ကျွန်မ မတွေးမိ ခဲ့ချိန်တွေ နှစ်ချို့လာခဲ့ပြီ။ ကျွန်မစိတ်တွေ အတိတ် တစ်စမှာ ဒဏ်ရာ ရခဲ့ဖူးသည်လား..!!

ဟင့်အင်း.. မှားပါသည်။ ချစ်ရမှာကို သတ္တိမရှိသူ မျိုးလား..!!  ဒါလည်း မဟုတ်ပြန်။ အတွေး လွန်တတ်သူ တစ်ဦး မဟုတ်သလို နုံချာချာနှင့် လွယ်လင့်တကူ ခေါင်းညိတ် တတ်သူလည်း မဟုတ်။ ဒါဆို.. အတ္တကြီးသူ လား...!!! ဒီ စကား တစ်လုံးကတော့ ကျွန်မအတွက် နီးစပ်ကောင်း နီးစပ်ပါလိမ့်မည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်ဗျာ..............”

တုံးတိတိ ထို စကား၏ နောက်ကွယ်ကို ကျွန်မ ပုန်းလျှိုးကွယ်လျှိုး လိုက်ရှာမိခဲ့ သေးသည်။ ကောက်ကျစ်စဉ်းလဲမှုမျိုး မတွေ့ရ။ ရမ္မက်ပြင်းသော ပူပူလောင်လောင် စိတ်မျိုးမမြင်ရ။ သူပြောလိုသည်ကို ခပ်ရိုးရိုးရှင်းရှင်းနှင့်  စွပ်စွဲခြင်း၊ သို့မဟုတ် တင်ပြခြင်း သက်သက် မျှသာ ဖြစ်နေ၏။ တွေဝေမှု ကင်းစင်နေသည့် အမျိုးသားတစ်ဦး၏ မျက်နှာကို စက္ကန့်အတော်များများ ရင်း၍ ကျွန်မ ငေးမောကြည့်ခဲ့ ပါသည်။

သူ့ မျက်နှာပေါ်တွင် အလင်းတချို့ တစ်ဝက်တစ်ပျက် ကျနေခဲ့သည်။ သူကိုယ်တိုင် ဖွင့်ဟဝန်ခံ ပြောချလိုက်သော စကားတိုင်းကို တာဝန်ယူလိုစိတ်၊ ယုံကြည်စိတ်ချစိတ် အပြည့်ရှိနေသူ မျက်နှာမျိုးလည်း ဖြစ်သည်။ လေးစားစိတ်ဖြင့် ကျွန်မ ပြုံးမိတော့ သူက ခပ်လှမ်းလှမ်း ခုံတန်းရှည်ပေါ်တွင် နားနေသော ငှက်လေး တစ်ကောင်အား စိုက်ကြည့်နေခဲ့၏။

“တစ်ခါတလေ တော့ ခင်ဗျားဟာ ကျွန်တော် သိပ်ဖတ်ချင်တဲ့ ကဗျာတစ်ပုဒ်ပါ..”

ကဗျာ...!! ကျွန်မ....!!! ကဗျာမဆန်တဲ့ ကျွန်မကို ကဗျာတစ်ပုဒ်လို ဖတ်ချင်နေသူ တစ်ယောက် ကျွန်မဘေးမှာ ကပ်၍ ထိုင်နေလျက်ကပင် တိမ်တိုက်ကို မော့ကာ ကြည့်ပြန်သည်။ ထို သူသည် ကျွန်မအတွက်  အန္တရာယ် ကင်းစွာ  နှစ်လိုဖွယ် ကောင်းနေခဲ့ ပါသည်။ သို့သော်... ကျွန်မ နှုတ်ဆိတ်မြဲသာ ဆိတ်နေခဲ့မိ၏။ သူ့ မျက်လုံးတွေရဲ့ လားရာအတိုင်း ကျွန်မ လိုက်ကာ မော့ကြည့်မိတော့ အုံ့မှိုင်းစ ပြုနေသော တိမ်တိုက်တို့သည် ကျွန်မအကြည့်မှာ ရုတ်ကနဲပင် မည်းမှောင်သွားကြ ပြန်သည်။ တိမ်တိုက်တွေတောင် ကျွန်မ စိတ်တွေကို နှစ်မြို့ဟန် မတူ..။

“ကျွန်တော် ဘာကို ကြားချင်တယ်လို့ မပြောလိုတော့ပါဘူး” 

ထို စကားအတွက် ကျွန်မသူ့ကို ကျေးဇူးတင်မိ သွားပါသည်။ ပေါ့ပါးလွတ်လပ်စွာနှင့် ရုန်းထလာသော ကျွန်မစိတ်တို့သည်လည်း ကျွန်မအလိုကျ ပေါ့ပါးသထက် ပေါ့ပါးနေကြ ပေလိမ့်မည်။ ကျေးဇူးတင် ကျေနပ်စိတ်အချို့နှင့် မှိုင်းဝေဝေ ညနေခင်းကို ကျွန်မတို့ ကိုယ်စီနှုတ်ဆက်ဖို့ ပြင်ဆင်ခဲ့ကြ၏။ အမျိုးသားတစ်ဦး၏ အပြုံးသည် တည်ငြိမ်ကြည်စင်နေသလို ကျွန်မ၏ နှုတ်ခမ်နှစ်လွှာ သည်လည်း ပြေလျော့လျော့ ရှိနေခဲ့ပါလိမ့်သည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် ပါ.... ခင်ဗျား ထင်တာထက် ကျွန်တော် ပိုချစ်နေမယ် ဆိုတာပါပဲ... အချိန်ရယ်.. ခင်ဗျား သတိမမှုမိတဲ့ ကျွန်တော့် နားလည်မှု တွေရယ် က အကောင်းဆုံး သက်သေ ပြ ပါလိမ့်မယ်”

တိတ်ဆိတ်သွား ခဲ့သည်။ အိမ်ပြန်ချိန်အတွက် နှုတ်ဆက် ခွဲခွာလိုက်ကြသည်။ အင်မတန်မှ ရိုးရှင်းခဲ့ပါသည်။
သို့သော်.....!!!

မနေ့က ရိုးရှင်း လွန်းသည်ဟု ထင်အပ်ခဲ့မိသော တစ်စုံတရာသည်... ယနေ့ မိုးဖွဲများ အောက်မှာပင် မထင်မှတ်လောက်အောင် ကျွန်မအတွက် ဆန်းကျယ်လွန်း နေခြင်းပင် ဖြစ်တော့၏။ မျက်လုံးအစုံကို မှိတ်ကာ အမြင်အာရုံကို ဖျောက်လိုက်သည်။ အတွေးထဲမှာ အဆင်သင့် ရှိနေပါသော အစိမ်းရောင် ပိုးပုဝါကို ဖွဖွလေး ဖြည်ချသည်..။

အရာတစ်ခုကို တယုတယ ကျွန်မ ထည့်လိုက်သည်။ ထို့နောက် သွေးစအချို့ဖြင့် ရဲရဲနီနေသည့် ဆုပ်ကိုင်မရသော ထိုအရာလေးကို အစိမ်းရောင် သော့ငယ် တစ်ချောင်းနှင့် တစ်သက်လုံးစာ ခတ်လိုက်တော့သည်...။ ကျွန်မ နှလုံးသားသည် တစ်ဖြတ်ဖြတ် လှိုက်မော တုန်ရီနေခဲ့သည် ထင်၏..။

“ကျွန်မ ရှင့်ကို...........”

ထို အစိမ်းရောင် ပုဝါထုတ်လေးထဲသို့ တိုးဖျော့ကာ မရဲတရဲနှင့် တိမ်ဝင်သွားခဲ့သော ကျွန်မ စကားသံလေးမှာ ဝန်ခံလိုမှု အင်အား ကင်းမဲ့ ၍ နေပါလိမ့်မည်...။ ထို စကားတစ်ခွန်း၏ အနားသတ်မျဉ်းကို မဆွဲလိုက်သူမှာ ကျွန်မ ကိုယ်တိုင်ပင် ဖြစ်ပါသည်။ မည်သည့် တစ်ဦး တစ်ယောက်မှ သိရန် မလိုအပ်တော့ပါ။

(ခင်လေးငယ်) 

ကွာခြားမှု


“ချလွမ်း.... ချလွမ်း....”
သတိတွေ အရမ်း ထား နေသည့် ကြား မှ ဖန် ပန်းအိုးလေး လွတ်ကျပြီး တစ် စစီ ကွဲခဲ့ပြီ...။

“ဟဲ့.. ဘာသံတွေ လည်း... မိအေး... ငါဒီလောက် အတန် တန် မှာထား တဲ့ကြား က ခုတော့ကွဲပြီမှတ်လား.. ဒီ ဖန် ပန်းအိုး က နင့်လခ ငါး လခစာလောက် တန် တယ်..”

“သွား.. သွား နင့်လခတော့ မဖြတ်တော့ဘူး.. နင့်ကို ကောင်းကောင်း ဒါဏ်ပေး ရမယ်.. အဝတ်လျှော်စက် နှစ်ခု လုံး ထဲက အဝတ်တွေ အကုန် ထုတ်ပြီး အားလုံး လက်နဲ့လျှော် .. ဒါဘဲ”

“ပြောင် ပစေနော်.. အားလုံး မပြီးမချင်း နင် ထမင်းစား ရမယ် မထင် နဲ့... နင့် အမေ မိလှ ကို ကူခိုင်း ဖို့လည်း လုံးဝ မစဉ်းစား နဲ့.. ကြား တယ်နော် မိအေး.. ငါနှစ်ခါ ထပ် မပြော ဘူး.. နောက် တစ်ခါ ဒါမျိုးဖြစ် ရင်တော့ အိမ်က ဆင်း ဖို့ နင့် အဝတ်ထုပ် သာ ပြင် ထားပေတော့.. ဟဲ့.. သွားလေ.. ငါ လုပ် မိတော့မယ်”

ဖွားဖွားကြီး လက် အရွယ်မှာ ကြောက်လန့်တကြားနဲ့ နောက်ကို ဆုတ် လိုက် တယ်။ ဖိနပ် မပါတဲ့ ခြေဖဝါးက ကွဲနေတဲ့ ဖန်စပေါ်ကို တက်နင်း မိပြီး သမီး ဖနောင့်က သွေးတွေထွက်လာပြီ..။

“ချလွမ်း... ခွမ်း”

“ဖွားဖွားရေ... ဖွားဖွား.. လုပ်ပါဦး.. သားရဲ့အခန်းထဲမှာ ဘောလုံး ကန်လိုက် တာ သားGame ကစားနေကြ TV မှန်ကြီး ကွဲသွားလို့”

“ဟဲ့.. ဘုရား.. ဘုရား.. ငါ့မြေးလေးကို မှန်ကွဲစတွေ ဘာတွေ စဉ် သွားသေး လား လုပ်ကြ ပါဦး.. အမလေး မြေးလေး ရယ်... ရင်တွေ တုန်လိုက် တာ လာပါဦး ဖွားဖွားဆီ..” 

Monday, April 30, 2012

ဒီနေ့



ကျွန်တော် နဲ့ သူ သိပ်ချစ်မိ သွားကြတာ အတော်လေး တော့ ထူးဆန်းနေနိုင် ပါတယ်..။ ပြန် ပြောပြ ရမယ် ဆိုရင် လည်း စကားလုံး တွေ က သိပ်တော့ မရှိပြန် ပါဘူး။ နှလုံးသား ထဲကို အလိုလို ရောက် လာပြီး နူးနူးညံ့ညံ့လေးနဲ့ အခိုင်အမာ သန္ဓေ တည် သွားတာ မျိုးလေး ပါပဲ..။ ကျွန်တော့်ခြေ တွေ သူ့ဆီ လှမ်း မသွားခဲ့ သလို သူလည်း ကျွန်တော့် ကို မကမ်း ခဲ့ ပါဘူး..။

ဒါပေမဲ့ အံ့သြစရာ ကောင်းတာ က ကျွန်တော် တို့ ဆုံမှတ် တစ်ခုလေး အပေါ် မှာ အတူတူ ရပ်မိ သွားကြတယ် ဆိုတာပါပဲ..။ ရင်ခုန် စရာ သိပ်ကို လှပတဲ့ ဆုံမှတ်လေး ပေါ်က စက်ဝိုင်းလေး တစ်ခု ထဲ မှာ ရပ်နေ တဲ့ ခြေထောက် လေး နှစ်စုံ ရှိနေ ပါတယ်..။

အခိုင် အမာ အမှတ် တရ ရှိနေစေတဲ့ အရာတွေ ကတော့ ပြောလို့မကုန်နိုင်အောင် အများကြီးပဲပေါ့...။ သူဟာ ကျွန်တော့် အတွက် နှစ်လိုဖွယ် အကောင်းဆုံး အမျိုး သမီး ဖြစ် သ လို သူက လည်း ကျွန်တော့် အမူအကျင့်တွေကို မြတ်နိုးပေးတတ်သူ တစ်ယောက် ပါ။

ကျွန်တော်နဲ့ သူ့မှာ တူတဲ့ အလေ့အထလေးတွေ အတော် များ ပါ တယ်..။ အတူညီ ဆုံး မူဟန် တစ်ကွက် ကတော့ ကျွန်တော် တို့ နှစ်ဦးလုံး ပေပေ တေတေနဲ့ လမ်းတွေ လျှောက် နေတတ်ကြခြင်း ပဲပေါ့။ ကျွန်တော် တို့ ဆုံဖြစ်ကြ တိုင်း တစ်ယောက် ပုံစံ တစ်ယောက်ကြည့် လို့ ရယ်မော မိကြတာ လည်း အကြိမ်ကြိမ်။

ကျွန်တော် တို့ ဟာ အပေါ်ယံမျက်လုံးတွေနဲ့  ပတ်ဝန်းကျင် ကို စာဖတ် ဖို့ မကြိုးစား သလို ဟန်ဆောင်ခြင်း တွေ ကို မီးရှို့ကာ ပြာချ ထားတတ် ကြသူတွေ ပဲ ဖြစ်ပါတယ်...။
ငွေကြေး ဂုဏ်ပကာသန အရှိန်အဝါတွေနဲ့ ပတ်သက်လို့လည်း အာရုံဝင်စား ဖို့ မတတ်ကြသူတွေပါပဲ..။ ကျွန်တော့် လက်တစ်ဖက် ကမ်းပေးလိုက် တာနဲ့ အပြုံး လက်လက်လေး နဲ့ သူ့လက်ဖဝါးလေး ကို လာထည့်ပေး တတ်သူဟာ ကျွန်တော့်သူပဲပေါ့။ ထွေထွေ ထူးထူး ကြိုးညှိ စရာ မလိုပါပဲ အော်တိုလေး ကာရံ ညီ သွားကြမြဲ ပါပဲ..။ သူနဲ့ ကျွန်တော် ဟာ တောက်ပြောင်ပြောင် အဝတ်စားမျိုး ကို မုန်းတီးခြင်း ဋီကာချဲ့ လို့ အထူး အဆန်းနဲ့ အရောင်တွေ အကြောင်း အလု အယက် အတင်းပြော တတ်ကြ သူတွေ လည်း ဖြစ်ပါ တယ်..။ ဖွာကျဲကျဲ ဆံပင်တွေ ကိုယ်စီနဲ့ ကျွန်တော်တို့ဟာ အရောင် ပျယ် ဂျင်းဘောင်းဘီတွေ ဖရို့ဖရဲ ဝတ်ရခြင်း ကို ခုန်မင်တတ် သူတွေပါ။

ငြိမ်သက် နေရာ ကနေ သီချင်းတစ်ပုဒ်ကို ရုတ်တရက် နှုတ်ကထုတ်ဆိုမိတိုင်း သူလည်း ကောက်ခါငင်ခါနဲ့ အဲ့ဒီသီချင်း ကိုပဲ ဆိုညည်း လိုက်တာမျိုး တူနေ တတ် ပြန်သေး တယ်..။ 

ချစ်ဖို့ကောင်း တဲ့ တိုက်ဆိုင်မှုလေးတွေ ကျွန်တော်နဲ့ သူ့ကြားမှာ ခဏခဏ ကြုံရတတ်ပါတယ်..။ လူတွေ ကြားထဲမှာ တိုးဝှေ့ ဆွဲခေါ် ရင်း သူ့လက်လေးကို တင်းနေအောင် ဖျစ်ညှစ် လိုက်ရင် သူက သူမှီတဲ့ ကျွန်တော့် မေးစေ့ကို ခေါင်းလေးမော့ပြီး ဖြတ်ကနဲ နမ်းတတ် တဲ့ သူလည်း ဖြစ်ပါတယ်..။ ရှုပ်ပွနေပြီးသား သူ့ ဆံနွှယ်တွေ ကို မျက်လုံးတွေ ဖုံးတဲ့အထိ ကျွန်တော် စနောက်ကာ ဖွတတ် တဲ့ အခါ တိုင်း ဂျစ်ပေပေ မျက်စောင်းနဲ့ ဝေ့ကြည့်တတ်သေးတယ်..။ ဒါပေမဲ့လည်း သူ့နှုတ်ခမ်းပါးလေး တွေကတော့ ပြုံးနေ တာ ပါပဲ...။


သူ့ရဲ့ နှစ်နှစ်ခြိုက်ခြိုက်လေး အပြုံးလေးတွေ မြင်နေ ရရင် ကျွန်တော်ကျေနပ်နေသလို ကျွန်တော် ပျော်နေတိုင်း လည်း သူ့ဘဝ.. လို့ ကဗျာ ဆန်ဆန် ပြောတတ်သေးသူပေါ့..။

ကျွန်တော် သူ့ကို ချစ်စရာ အမည်းရောင် ဂစ်တာလေးတစ်လုံး လက်ဆောင်ပေးဖူးပါတယ်..။ သူ တစ်ယောက် ထဲ ရှိနေတဲ့ အချိန် တွေ မှာ ကျွန်တော့်ဆီက ရတဲ့ ဂစ်တာလေး နဲ့ စကားတွေ ပြောတတ်တဲ့ အကြောင်း ကျွန်တော့်ကို ပြန်ပြောရင်း ရှက်စနိုးနဲ့ ရယ်မော တတ်ပြန် သေးတယ်.။ ကျွန်တော်တို့ နှစ်ယောက် ဟာ ဂစ်တာလေးကို အထီးအမ ခွဲရင်း သားလေးလား..! သမီးလေးလား..! လို့ ငြင်းခုန် တတ်ကြ ပါသေးတယ်..။ “ဟိုမကျ ဒီမကျ အခြောက်လေးများ ဖြစ်နေရင် ဒုက္ခ...” လို့ ကျွန်တော် နောက်ပြောင် ရင်တော့ သူ မကြိုက် ပါဘူး။

အဲ့လို စနောက်တိုင်းလည်း ကလေးတစ်ယောက်လို စိတ်ကောက် ပြန် တာ ကျွန်တော့်သူ... ပဲပေါ့..။ ကြာရှည် စိတ် မကောက် တတ်တဲ့ သူ့စရိုက်လေးကိုလည်း ကျွန်တော် အရမ်း ကို ချစ်ပါတယ်။ ကျွန်တော်ဟာ သူစိတ်ဆိုးအောင် စိတ်ရှည်ရှည် နဲ့ ခဏ ခဏ စတတ်သူပါပဲ..။


ကျွန်တော် တို့ ချစ်သူ့သက်တမ်း တလျှောက်လုံးမှာ  ကြီးကြီးမားမား တစ်ခါမှ ရန်မဖြစ်ဖူးကြပါဘူး..။

ကျွန်တော် နဲ့ သူ့ကြားမှာ ချည်နှောင်ထားတဲ့ ကြိုးတွေကို သူများတွေ မြင်သာအောင် ချပြဖို့မလိုအပ်ဖူးလို့ ခံယူ ထားကြ သူတွေပါပဲ.။ သူဟာ ကျွန်တော် သိပ်ချစ်တဲ့ ချစ်သူတစ်ယောက်ဖြစ်သလို ကျွန်တော့် အတွက် အရမ်း လိုအပ်တဲ့ တိုင်ပင်ဖော် သူငယ်ချင်း ဆိုလည်း မမှားပြန်ဘူး..။ ကျွန်တော့် သူ့ကို အစ်မ တစ်ယောက် လို လေးစား မြတ်နိုး သလို ကျွန်တော့် ညီမငယ်လေး တစ်ယောက် လိုလည်း သူ့ကို ပူပန်တတ်သေး တယ်..။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု အပြည့် အဝ ပုံအပ် လက်ချင်းတွဲ လို့ လမ်းတွေ ဆက် လျှောက်နေ ကြတာပါပဲ..။


မိခင် တစ်ယောက် က ကလေးတစ်ယောက်ကို ယုယသလိုမျိုး သူပေးတဲ့ အကြင်နာတွေ ရတတ်ချိန်တိုင်း မျက်ရည်ဝဲ လောက်အောင် အထိ ကျေးဇူး တင် ကြည်နူးရသူ ဟာ ကျွန်တော်ပါပဲ..။

လူတွေကြား ထဲ လက်တွဲသွားရင်း ကျွန်တော့်ကို လှည့်ကြည့်တတ်တဲ့ ကောင်မလေးတွေ တွေ့ခဲ့ရင်လည်း သူဟာ အပြုံးမပျက် တတ်သူ မျိုးပေါ့..။ ကျွန်တော် ကိုယ်တိုင် ကလည်း သူ့ကို ဂရုတစိုက်ရှိတတ်တဲ့ အမျိုးသား တွေ ရှိနေရင်တောင် ဝန်တိုစိတ်ဆိုတာမျိုး လုံးဝ မဖြစ်တတ် ပါဘူး..။ ဒါဟာလည်း ကျွန်တော်နဲ့ သူ့ရဲ့ အပြန် အလှန် အကြွင်းမဲ့ ယုံကြည်မှုတွေကြောင့်ပါပဲ..။ ကျွန်တော်နဲ့သူ ကိုယ်ဆီ အိမ်ပြန်ဖို့ လမ်းခွဲ နှုတ်ဆက် ချိန်တွေမှာ “စိတ်ချမယ်နော်...” လို့ ကျွန်တော်ပြောတိုင်း.. သူကလည်း ကျွန်တော့် ကို ပြုံးကြည့် ရင်း ခေါင်းလေး ညိတ်ပြ တတ်ပါတယ်..။

တခါတလေတော့ ခေါင်းကိုငဲ့စောင်းလို့ မျက်လုံးလေးတွေစွေပြီး ချစ်စနိုးလုပ်တတ်တဲ့ သူ့ မျက်စောင်းလေး ကို ချွင်းချက် အဖြစ် ကျွန်တော် ရတတ် ပါသေးတယ်..။

ကျွန်တော် သူ့ ကို ဘယ်အရာမျိုးမှာမှ ပိတ်ပင်တားဆီး ချုပ်ချယ်တာမျိုး မလုပ်တတ်ပါဘူး..။ ပွင့်လင်း ထက်ြမက်တဲ့ သူ့စိတ်လေးကို ကျွန်တော် အလေးထား အသိအမှတ်ပြု လို့ မြတ်နိုးပါတယ်။ သူဟာ အမိန့်ပေး ခံရခြင်းကို မုန်းသလို သူ့ဘောင်လေးထဲမှာ ပျော်ရွှင် လွတ်လပ်စွာ နေထိုင်လှုပ်ရှား နေခြင်းကို သူ ကိုယ်တိုင် လေးစား တန်ဖိုးထား တတ်တာကို ကျွန်တော်သိနေလို့ပါ..။ ကျွန်တော် တစ်ခုခု ကို အလွန် အကျွံ မဖြစ်စေဖို့ သူ သတိပေးတတ်သလို ကျွန်တော် ကလည်း သူ့ ကျန်းမာရေး နဲ့ ပတ်သက် လို့ သူ နားလည် လက်ခံ အောင် ပါးပါးလေး လှစ်ကာ ပြောပြနားချမိ တတ်ပါတယ်..။

သူ သတိပေးသမျှ ကို ကျွန်တော် ခေါင်းညိတ်နားထောင်သလို သူကလည်း ကျေကျေနပ်နပ် ဆင်ခြင် နေထိုင် ပေးတတ် လို့ ကျွန်တော် သူ့ ကို အချစ်ပိုရပြန်တာပါပဲ..။

သူဟာ ကျွန်တော့် ကို အတိုင်းထက် အလွန် နားလည်ပေးတတ်သူပဲ ဖြစ်ပါတယ်..။ သူနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် ကျွန်တော့် ကိုယ် ကျွန်တော် အား မရ ဖြစ်မိတတ်တယ်..။ သူ စိတ်ညစ်သွားမှာ မျိုးကို ကျွန်တော် မလိုလား ပါပဲ မတတ်သာ တဲ့ အခြေအနေ တွေပေါ်မှာ နင်းလျှောက် ရ တိုင်း ကျွန်တော့် စိတ် ခြေလှမ်း တိုင်း က လေးပင် တွန့်ဆုတ်နေ တတ်တာ ဘယ်သူမှ သိနိုင်မယ်မထင်ပါဘူး။ သူ့ကို ကျွန်တော် စိတ် မဆင်းရဲစေ ချင်တာ ကျွန်တော်သာ အသိဆုံးမို့ပါ..။ ကျွန်တော့်ဘဝရဲ့တစ်နေရာရာ မှာ သူရှိကို ရှိနေမှဖြစ်မှာပါ..။ ကျွန်တော် သူ့ ကို အဲ့လောက် ထိ လိုအပ်ပါတယ်..။

သူ့ဆန္ဒ သူ့အလို မှန်သမျှ ကို အလိုက်တသိ ဖြည့်ဆည်းပေးနိုင်တဲ့ ကျွန်တော် ဖြစ်ချင်ပါတယ်။

ကျွန်တော် သူ့ကို ရည်းစား ဘယ်နှစ်ယောက်ထားခဲ့ဖူးလဲ ဆိုတဲ့မေးခွန်းမျိုး မေးဖို့စိတ်မဝင်စားသလို သူ သိနေတဲ့ ကျွန်တော့် အတိတ်တွေ နဲ့ ပတ်သက်လို့လည်း ကျွန်တော့် ကို စိတ်ရှုပ်အောင် မလုပ် တတ် ပါဘူး..။ ကျွန်တော် တို့ နှစ်ယောက် လုံး ပစ္စုပ္ပန်ကို မြတ်နိုး ပါတယ်..။ “ဒီနေ့..” ဆိုတာ ကို ချစ်ပါတယ်...။ “ဒီနေ့..” ကျွန်တော် သူ့ မျက်နှာလေး ပြုံးသွား အောင် ဘာလုပ်ပေးနိုင်မလဲ တွေး သလို သူကလည်း “ဒီနေ့..” ကျွန်တော့် ကို ဘယ်လို ယုံကြည် နားလည်မှုတွေ ထပ်ပေးနိုင်မလဲ ကျိုးစားနေတာကို ကျွန်တော် သိနေ ပါတယ်..။

သူ့ အရိပ်တွေနဲ့ “ဒီနေ့..” ဆိုတာကို ကျွန်တော် ဆုပ်ကိုင်နိုင်သလို ကျွန်တော့် မေတ္တာတွေနဲ့ ဒီနေ့လေးမှာ သူ့ စိတ်တွေ ကို အေးချမ်းပျော်ရွှင်ခွင့်လေး ပေးနေပါရစေ..။ 

ကျွန်တော့် အတွက် ဒီနေ့ဟာ လှပပြီး သူ့အတွက် သူပိုင်ဆိုင်ရမဲ့ ဒီနေ့လေးမှာ ကျွန်တော်နဲ့ အတူတူ နှစ်နှစ် ခြိုက်ခြိုက်လေး ပြုံး နေနိုင် ပါစေ...။ ကျွန်တော်တို့ကို မနက်ဖြန် အကြောင်းလေး ခဏလောက်တော့ မေ့ထား ခွင့်ပေးပါ..။ ကျွန်တော်တို့ နှစ်ယောက် လုံး ဘဝ အတွက် လုပ်ဆောင်စရာတွေ အမောတွေ အများကြီး ရှိနေသေးတာ ကျွန်တော်တို့ ကိုယ်တိုင် သိထားကြပါတယ်..။ ဒါပေမဲ့ ... ကျေးဇူးပြု ပြီး ထပ်ပြော ပါရစေ.... ကျွန်တော်နဲ့သူ့ကို မနက်ဖြန်တွေအကြောင်း ဒီနေ့မှာ မေ့ ထားနိုင် ဖို့ ခဏလေး တော့ ခွင့်ပြုပေး ကြပါ...။

ဒီနေ့လေး မှာ ကျွန်တော် သူ့ပါးလေးတွေကို နူးညံ့ကြင်နာစွာနဲ့ ဖွဖွလေး နမ်းပါရစေ..။ 

သူ က လည်း သူ့ လက်ဖဝါး နွေးနွေးလေးတွေနဲ့ ကျွန်တော့်လက်တွေကို မြတ်မြတ်နိုးနိုး ပြန်လည်ဆုပ်ကိုင်ထား ပါလိမ့်မယ်..။ 

ဒီနေ့လေး ကို ကျွန်တော်နဲ့ သူ ကြည်နူးစွာနဲ့ သိပ်ကို လိုလားပါတယ်။

ကျွန်တော် တို့ ရဲ့ မျက်လုံးတွေကိုမှိတ်ပြီး “ဒီနေ့..” လေးကို သာယာငြိမ်သက်စွာနဲ့ ချိုမြိန်နာရီတွေပေါ်မှာ တွဲခိုစီး လို့ နေနေပါရစေ..။

ချော့ကလက် နံ့လေးတွေ ထုံအီနေမဲ့ ရောင်စုံအိပ်မက် လှလှလေးတစ်ခုကို အတူတူမက်ရင်း “ဒီနေ့..” လေး ကို  ရင်ခုန်သံတွေနဲ့  ဖြတ်ကျော် ခွင့်ပေးပါ....။

ကျွန်တော် တို့ နှစ်ယောက် သိပ် ကို မျှော်လင့်ခဲ့ကြတဲ့ “ဒီနေ့..” လေး ကို ကျွန်တော်နဲ့.... သူ.... .... .... .... ....!!!!



တူငယ်...တူမငယ်၊ မောင်ငယ်...ညီမငယ်လေးတွေအတွက် ဗာလင်တိုင်း လက်ဆောင် အဖြစ် အမှတ်တရ ပေါ့ပေါ့ ပါးပါး လေး ရေးဖွဲ့ တာပါ။ ချစ်တတ်သူတိုင်း နူးညံ့ ရင်ခုန်သံတွေနဲ့ ပျော်ရွှင်သာယာ ကြည်နူးနိုင်ကြပါစေ....။ 
 (ခင်လေးငယ်)

မဖွဲ့လိုက်ရတဲ့ စာတစ်ပုဒ်

ရွက်ဝါတွေ ကြွေကျနေတဲ့ လမ်းဆုံပေါ်မှာ ခြေအစုံကိုရပ်မိတော့ သတိရ လွမ်းဆွတ်စိတ်တို့က ရင်ဝဆီတိုးဝှေ့ ဝင်ရောက် လာကြတယ်..။ လမ်းမကြီးတစ်ခုလုံး ရွက်ဝါတွေ ခင်းထားလိုက်တာများ ညိုဝါဝါပျိုးခင်းကြီး တစ်ခုလိုပါပဲ...။ အက်ကွဲကွဲ ရှတတ အရသာ တစ်ခုကို ခံစားလိုက်ရတယ်။ ခပ်လှမ်းလှမ်းဆီမှာ ရွက်ခြောက်တွေနဲ့ ဖုံးအုပ်နေတဲ့ ခုံတန်းလျားတစ်ခု... လွမ်းဆွတ်ဖွယ် ပန်းချီကားလေး တစ်ချပ်အတိုင်း အထီးကျန်စွာ လှပလိုက်နေရဲ့..။

ကားတွေ ဖြတ်သွားဖြတ်လာ မရှိတဲ့ ဒီလမ်းဆုံလေးက ဟိုး... အရင်တစ်ချိန်တုန်းကလို မပြောင်းလဲ..။ ခြောက်သွေ့ တိတ်ဆိတ် ငြိမ်သက်ဆဲ..။ နွေဦးရဲ့လေရူးတွေက ဝတ်ထားတဲ့ အင်္ကျီအဖြူလွလွလေးကို ဆော့ကစား ကြည်စယ်နေတာကရော ရာသီ အပြောင်းရဲ့ ပုံသေကားချပ်တစ်ခုကို အဓိပ္ပါယ် လှစ်ဟပြနေသလိုမျိး...။

တစ်ဖြူးဖြူး လေသံတွေကို ကဗျာတစ်ပုဒ်လို ဖတ်ချင်လာမိပြန်ပြီ..။ ကျွန်မ လက်ထဲမှာရှိနေတဲ့ လက်ကိုင်ဖုန်းရဲ့ ပါဝါကို ပိတ်လိုက် တယ်..။ လေတိုးသံတွေကလွဲလို့ တခြားအသံတစ်ခုရဲ့ နှောက်ယှက်မှုမျိုး မလိုလားမိတာ အမှန်ပါ..။ ဒီလမ်းဆုံမှာ အထပ်ထပ် ချဖူးတဲ့ ခြေရာလေးတွေအကြောင်း ခေါင်းထဲရောက်လာပြန်တယ်..။ လမ်းဆုံမှာ ဘဝမဆုံခဲ့တဲ့ လူနှစ်ယောက် ကရော... ဘဝကိုယ်ဆီကို ဘယ်လိုအနေအထားတွေနဲ့ ဘယ်လိုလမ်းတွေ ပေါ်မှာများ လျှောက်လို့နေကြပြီလဲ..!!

သေချာတာ ကတော့ အဲ့ဒီလူသားနှစ်ယောက်ထဲက တစ်ယောက်- ဒီလမ်းဆုံပေါ်မှာ အခု... လက်ရှိရပ်နေမိခြင်းပဲ မဟုတ် လား..။ ရင့်ကျက် လာသလိုနဲ့ မရင့်ကျက်သေးတဲ့ စိတ်ကို သတိပြုမိချိန်မှာ ကလေးမငယ်ငယ်လေး တစ်ယောက်လို ကျွန်မ ကိုယ် တိုင် ဟက်ဟက်ပက်ပက် ရယ်ချင်လာပြန်ရော...။ ဆည်းဆာရဲ့ တောက်ပနေတဲ့ နေခြည်က ညိုဝါဝါ ရွက်ဟောင်းခင်း ကို ရွှေရောင်တင်ပေး လိုက်သလို ဝင်းဝါလို့ လှပလွန်းလိုက်တာ..။


အခုလို ရာသီရောက်တိုင်း ရာသီစာ ကဗျာ တစ်ပုဒ်ကို ဖတ်ဖို့ လာခဲ့ဖူးတဲ့ နှစ်တွေ တောင် ထပ်တိုးလို့ လာခဲ့ပေါ့...။ ဒီနှစ်တော့ ဒီနေရာလေး အရောက် ကျွန်မ စိတ်တွေ ပိုပြီး ထူးခြား လို့ နေခဲ့တာပါ။ ကဗျာ ဖတ်ရင်း စာရေးချင် လာတဲ့ စိတ်တွေနဲ့ မွတ်သိပ် လို့ နေလိုက်တာ များ...။ အတွေးတွေ ထဲမှာပဲ စာနိဒါန်းကို အစပျိုး လိုက်ခဲ့မိ..။ ကျွန်မ ဆံနွယ်တွေ လိုပဲ စကားလုံး တွေက ဖရိုဖရဲ နဲ့ လူးလွန့်တက် လာခဲ့ပေါ့..။  လှပ သေသပ် တဲ့ စာ တစ်ပုဒ် ဖြစ်လာဖို့ အထိတော့ ကျွန်မ ပိပိရိရိ ရေးနိုင် လိမ့်မယ် မထင်..။

ဒီလိုနဲ့ပါပဲ တွေးရင်း၊ ငေးရင်း၊ လွမ်းဆွတ် ရင်း၊ မျက်လုံးတွေ က ဘာမှ ထင်ကျန်မနေတဲ့ ခြေရာတွေ နောက်- ထပ်ချပ်မခွာ လိုက်ရင်း၊ လေရူးတွေ ဆော့မြူးနေ တာကို ကြည်နူးရင်း၊ သူတို့တွေ ပေးဖတ်တဲ့ ကဗျာ တွေကို တစ်ရွက်ပြီး တစ်ရွက် လှန်ရင်း ပါပဲ..။ ကျွန်မ အတွေးထဲမှာ စရေးထားတဲ့ နိဒါန်းတွေက ရုတ်တရက်နဲ့ အငွေ့ပျံ ထွက်ပြေး သွားကြ တယ်..။ သူတို့လေးတွေ ငွေ့ရည် ဖွဲ့ပြီး ပြန်ရောက်လာတာကတော့ ကျွန်မရဲ့ မျက်ဝန်းတွေဆီကိုပါပဲ..။ နေဝင် ဆည်းဆာရဲ့ ရီဝေဝေ ပုံရိပ်က မျက်ရည်ကြည်တွေနဲ့ လဲ့ပြီး ပိုလို့ လှပ ပြည့်စုံ လာသလို...။

ကျွန်မ ငြိမ်သက်ခြင်း နဲ့ ဖျော့တော့တော့ အသက်ရှုနေမိရဲ့..။ ရွက်ခြောက် တွေပေါ်ကို ညင်ညင်သာသာ နင်းလျှောက်ရင်း ခုံတန်းလေးဆီကို တရွေ့ရွေ့။  ခုံတန်းထောင့်လေး ပေါ်က သစ်ကိုင်းခြောက်လေး ကို လက်လေးတစ်ဖက်နဲ့ ဖယ်ထုတ်ရင်း ခပ်လျော့လျော့ ထိုင်ချလိုက်မိပါတယ်။ ဝန်းကျင်တစ်ခု လုံး လေတိုး သံတွေက လွဲလို့ အရာရာဟာ ပကတိ တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းလို့ပေါ့..။ အငွေ့ပျံသွားတဲ့ နိဒါန်းကို စာပြန်စီရင်း နောက်တစ်ကြောင်းကို ထပ်စတော့... ခပ်နွဲ့နွဲ့ ရယ်သံလေး တစ်ချို့က နွေလေညှင်းနဲ့အတူ ကျွန်မနားဝဆီ တိုးဝင် ရောက်ရှိ လာခဲ့ပါတယ်..။

ကျွန်မ လှမ်းကြည့်မိလိုက်တယ် ဆိုရင်ပဲ......။ ကောင်မလေး တစ်ယောက် ခိုးခိုး ခစ်ခစ်လေး ရယ်မောလို့.. ကောင်ကလေး တစ်ယောက်ကလည်း ကောင်မလေးရဲ့ လက်ကလေး ကို ကြင်ကြင်နာနာ ဆုပ်ကိုင်ထားလျက်..။ ကောင်လေးရဲ့ နဖူးပေါ်မှာ ဆံနွယ် ခပ်ပျော့ပျော့တွေက ဝေ့ဝေ့ ဝဲဝဲလေး...။ ကောင်မလေး မျက်နှာ တစ်ခြမ်းကိုတော့ ဆံနွယ်ရှည်တွေ ဖုံးအုပ်ထားတယ်။ ကောင်မလေးမျက်နှာပေါ်မှာ ဖုံးအုပ်နေ တဲ့ ဆံပင် ရှည်တွေ ကို ကောင်လေးက သပ်တင်ပေးတော့ ကောင်မလေးက ခေါင်းကိုရမ်းခါလို့ ဆံနွယ်တွေကို ပို ရှုပ်သွားအောင် လုပ်ရင်း ကြည်စယ် စနောက်လို့နေပါတယ်..။

ကိုယ်စီ မျက်ဝန်းလေးတွေထဲမှာ နုနယ် ဖြူစင်ရှင်းသန့်ခြင်းတွေက အတိုင်းသား...။ သူတို့ ကို လှမ်းကြည့်ရင်း ကျွန်မ နူးနူးညံ့ညံ့ရင်ခုန် ကြည်နူးလာခဲ့ပေါ့...။ ကောင်မလေး ပုခုံးပေါ်က လျှောကျလု လွယ်အိပ်လေးကို ကောင်လေးက ပြန်တင်ပေးရင်း.. နဖူးလေးကို ငုံ့အနမ်း.. ခေါင်းငုံ့ တိမ်းရှောင် လိုက်တဲ့ ကောင်မလေးရဲ့ မျက်နှာလေးကို ကောင်လေးက စိုက်ကြည့်ရယ်မောလို့..။ အနမ်းလေးအစား နဖူးကို လက်သီးဆုပ်လေး နဲ့ ဖွဖွလေးတို့ထိရင်း ကြည်စယ်နေပြန်သေးရဲ့...။ ကောင်မလေးက ခြေဖျားလေးကို ထောက်- ခေါင်းလေး ကို မော့ရင်း ကောင်လေးရဲ့ နားတစ်ဘက် အနားကပ်ပြီး တစ်စုံတစ်ရာ အပြောမှာ... ကောင်လေးက ရယ်သံကိုဖြတ်ချတယ်...။

အဲ့ဒီနောက် ကဗျာလေး တစ်ပုဒ်ကို တိုးတိုးလေး ရွတ်ပြ နေပေါ့..။ သူတို့ မျက်နှာလေးတွေမှာ သွက်လက် ဖြူစင်မှုတွေ နဲ့ ငြိမ်းချမ်းလိုက်တာ..။ ကောင်လေးရဲ့ ကဗျာရွတ်သံကို နားထောင်နေတဲ့ ကောင်မလေးက မျက်လုံးလေးတွေကို ဖွဖွလေး မှိတ်ထားတယ်..။ ကဗျာလေး ရွတ်အပြီး ကောင်လေးက ကောင်မလေးရဲ့ လက်ဖဝါးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်တော့ ကောင်မလေးက လက်ကလေး ကိုရုန်းရင်း.....

"နောက်တစ်ခေါက် ထပ်ရွတ်ပြ.."

ကောင်လေးက ချစ်စနိုးမူဟန်နဲ့ မျက်မှောင်ကျုံ့ရင်း ကောင်မလေးမျက်နှာနားကို ဝေ့ကျလာတဲ့ ရွက်ဝါလေးတစ်ရွက်ကို လှမ်းဖမ်း လိုက်တယ်..။ ဆုပ်ကိုင်ထားတဲ့ လက်ကလေးကို တယုတယဖြည်ချရင်း ရွက်ဝါလေးကို ကောင်မလေးလက်ထဲ ထည့်ပေး လိုက်ပြန် တယ်..။  ကောင်မလေးရဲ့ တိုးဖွဖွ အသံ ချိုချိုလေးတစ်သံ သူ့ နှုတ်ခမ်းပါးလေးတွေဆီက ခုန် ထွက်ကျ လာတယ်..။

"သိပ်ချစ်တာပဲ..."

အိုး... ဒီအသံတွေ နဲ့ ဒီပုံရိပ်လေးတွေကို ကျွန်မရင်းနှီး နေလိုက်တာ..။ အာရုံ ထပ်စိုက်ရင်း သေချာနားထောင်မိတော့...
ကျွန်မ..!! ဟုတ်တယ်.. ဒါကျွန်မရဲ့ ရယ်သံတွေ..။ သေချာပါတယ် ဒါဟာ ကျွန်မကိုယ်တိုင်ရဲ့ ရယ်သံတွေနဲ့ ကျွန်မပါပဲ..။ လွယ်အိပ်လေး ကရော ကျွန်မရဲ့ လွယ်အိပ်ကလေး..!! ကောင်မလေးရဲ့ ဆံနွှယ်တွေ..!! အို.. ကျွန်မဆံနွယ်တွေပဲ မဟုတ်လား...!!

"မောင်က အများကြီး ပိုပါတယ်..."

ဟင်..!! ဒါ... ဒါဟာလည်း... သူ... သူ့အသံ..!! သူ့အသံလေး..!! နွေးထွေးနူးညံ့ ချိုသာလိုက်တာ..။ သူ့လက်ချောင်း ရှည် သွယ်သွယ်လေး တွေ... သူ့ဆံပင် ပျော့ခွေခွေလေးတွေပဲ မဟုတ်လားကွယ်..။


"မောင်တို့တွေ ဘယ်တော့မှ မခွဲကြဘူးနော်.."


ကျွန်မနားအစုံ ကို လက်ဖဝါးနှစ်ဖက်နဲ့ ဖိအုပ်ပြီးခေါင်းကို ခပ်ကြမ်းကြမ်း ရမ်းခါလိုက်ပေမဲ့.. သူတို့ အသံလေးတွေကို ကြားနေ ရဆဲ...။ ကျွန်မကို ငြင်းပယ်ခွင့်ပြုကြပါ..။ ကျွန်မ လက်မခံ ပါရစေနဲ့..။ ဟင့်အင်း.... ကျွန်မ ဘေးနားက ထွက်ခွာ သွားကြပါ..။  အသံလေး တွေရယ်.. ကျွန်မဆီ မလာကြပါနဲ့..။ 

"ဒီလမ်းဆုံလေးပေါ်မှာ ဖိုးဖိုးဖွားဖွားတွေ ဖြစ်တဲ့အထိ မောင့်... လက်ကိုတွဲရင်း နေ့တိုင်းလျှောက်မှာပေါ့..."

ကျွန်မ မျက်ဝန်းတွေ ကို တင်းနေအောင်ပိတ်ရင်း.. ခေါင်းငုံ့ပြီး ရှိုက်ကြီးတငင် ငိုအချမှာ- ဆည်းဆာကို အမှောင်တွေက ဝါးမျို လို့...။ ခပ်ရင့်ရင့် နွေလေရူးက ကျွန်မ ရှိုက်သံတွေကို သူနဲ့အတူ ဆွဲခေါ်သွားပြန်တော့ ရော်ရွက်ဝါတွေက လွမ်းချင်းတစ်ပုဒ်ကို ဟစ်အော် သီကျူးရင်း ကခုန်ကြတယ်...။ ဒါတွေအားလုံးဟာ ကောင်းချီးပေးသံလား..!! နှလုံးခုန်သံတွေကို တစိမ့်စိမ့် ရက်ရက်စက်စက် ဆွဲထုတ် ပြစ်လိုက်သံတွေ များလား..!!

အိုးး ဘာဆို ဘာမှ မသိလိုတော့တာပါ..။ ထားခဲ့ကြပါ..။ သွားကြပါ..။ ကျွန်မကို ထားသွားကြ ပါတော့..။ ကျွန်မ တစ်ယောက်တည်း နေနေပါရစေနော်..။ အသံတွေ အားလုံး ဆိတ်ငြိမ်သွားခဲ့ပါပြီ...။ ကျွန်မ ကျေနပ်သွားပါသလား..!! ကျွန်မကိုယ် ကျွန်မ ဘာမှ မသိလိုက်..။  ဘယ်လို အသံမျိုး မှ မရှိတော့ချိန်ဟာ ကျွန်မရင်အစုံ၊ နားဝတစ်စုံထံကို  အကျယ်လောင်ဆုံး အဖြစ်နဲ့ ရောက်ရှိလာလိမ့်မယ်လို့ ကျွန်မ မသိခဲ့ခြင်း ပါပဲ...။ တကယ်တော့... တိတ်ဆိတ်သွားမှုနဲ့ ဒွန်တွဲကပ်ပါလာတဲ့ ပုံရိပ်လေးတွေက အခုမှ အရှိန်အဟုန် ပြင်းပြင်းနဲ့ တရိပ်ရိပ် ထပ်မံ တိုးဝှေ့လို့ လာနေပေါ့...။

ရွက်ဝါကြွေတွေနဲ့ အလှဆင် ခင်းကျင်းဖွဲ့သီထားတဲ့ ဒီလမ်းဆုံမှာ ရစ်ဝဲနေတတ်တဲ့ ဝိဉာဉ်တွေ အကြောင်းကို ဆည်းဆာကတောင် ရိပ်မိနိုင်မယ် မထင်ပါဘူး...။ ပိန်းပိတ်အောင် မှောင်သွားတဲ့ လမ်းပေါ်မှာ- ရွက်ဝါကြွေလေးတွေ တစ်ဖတ်ပြီး တစ်ဖတ်၊ တစ်ထပ်ပြီး တစ်ထပ်ပဲပေါ့..။ ထိုင်သူ မဲ့တဲ့ ခုံတန်းရှည်ပေါ်က ရွက်ဝါလေးတွေက ကြေကြေကွဲကွဲ ဟောင်းနွမ်းလွန်းလှပြီ..။

ဒီလိုပါပဲ.. ကျွန်မရင်ထဲက မဖွဲ့ဖြစ်လိုက်တဲ့ စာလေးတစ်ပုဒ်ကလည်း အစဉ်အမြဲ  လတ်ဆတ်ခြင်းတွေနဲ့ ခြောက်သွေ့ ဆွေးမြည့် လို့...။



 (ခင်လေးငယ်)