Sunday, November 17, 2013

~ မဂ္ဂ ~


တဆစ်ဆစ် ညည်းတွားနေတဲ့ အစွန့်ပစ်ခံတွေက
လမ်းမကြီးဘေးမှာ တွားသွားနေကြတယ်..။

မကြည့်ရက်တဲ့ ခြုံပုတ်တွေ- ရွက်ခြောက်အို အပုံကြီးတွေက
သူတို့ မျက်လွှာ ခလုတ်ကို ထ- ပိတ်ကြသတဲ့..။

အို.. အသင်လူသားတို့
အို.. ကျွန်ုပ်တို့
ဒီအဖြစ်ဟာ ရှက်စရာပဲ..။

“မီး” လာတယ် (မလင်းဘူး)
“မိုး” ရွာတယ် (ရေမပါဘူး)
ကမ္ဘာကြီးဆိုတာ ခြောက်ခြောက်သွေ့သွေ့ အေးခဲခဲကြီးတဲ့
နှမျောစရာကွယ်..!!


ငါမှန် နင်မှား (နင်မှား ငါမှန်)
ရှင်းလား.. ရှင်းရဲ့ မဟုတ်လား..
အဲ့လိုတွေ ငြင်းကြ ခုန်ကြ
ရနံ့တွေ တလှိုင်လှိုင်နဲ့ ကမ္ဘာကြီးလည်း ငါတို့ ပါးစပ်ဖြားမှာ
ဟို မြောင်းထဲကဖား အစာမစားမီနဲ့ စားပြီးကာစလို
ဖောင်းလိုက် ပိန်လိုက်ကြီး.။

အကြင်နာ..“ရှား” ရင်း ခြုံပုတ်တွေကို ရှက်ဖို့မေ့
ချစ်ခြင်းမေတ္တာ..“ခေါင်းပါး” ရင်း ရွက်ခြောက်တွေကို ရှက်ဖို့မေ့
မီး- မလင်းရခြင်းအကြောင်း၊ ရေ- မပါရခြင်းအကြောင်း၊
အရင်းခံကို ကောင်းကောင်း မေ့တယ်
ငါတို့တွေဟာ ငါတို့ကိုယ်တိုင်ကိုလည်း မေ့နေတယ်..။

အစွန့်ပစ်ခံတွေက
ခင်ဗျား စွန့်ထားတာ- ငါလည်း စွန့်ခဲ့တာ-
သတိမေ့တာများ နှမျောစရာကွယ်..!!

ဟော..
ငါတို့ ရှုရှိုက်နေတယ်
အဲ့ဒီ တစ်ခုတည်းနဲ့ အချိန် မီသေးတယ်..။

“““တဆစ်ဆစ် ညည်းတွားနေတဲ့ အစွန့်ပစ်ခံတွေက လမ်းမကြီးဘေးမှာ တွားသွားနေကြတယ်”””

တကယ်တမ်းဆို.. ပြန်ကောက်ယုံလေးနဲ့
မီးလည်း လင်း' တယ်
ရေလည်း ပါ' တယ်
ကမ္ဘာကြီးလည်း နွေး' တယ်.. 

ငါတို့သွားမယ့် လမ်းလည်း ပေါက်' ပါတယ်..။

ခင်လေးငယ် :: 2013/ 10/ 26 ::

No comments: