Tuesday, April 1, 2014

တစ်ဖန် ~


ရတောင့်ရခဲ လူသားတစ်ယောက်ရဲ့ အဖြစ်ကို ကျွန်မကပဲ သံသယတွေနဲ့ ရှိနေတာလား..! ဖြစ်နိုင်ချေနည်းပြီး လက်ဆုပ်လက်ကိုင် ပြမရတဲ့ တိုက်ဆိုင်မှုတွေကပဲ တစ္ဆေကောင်တွေကို မိုးလုံးပြည့် မွေးချလိုက်တာလား -

သေချာတာက မရေမရာနဲ့ တစ်ခုခု မှားယွင်းနေခဲ့ပြီ..။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို ကျွန်မ တအံ့တသြ ချစ်တယ်..။

~~~~~~~~~~~~~~~~

ဟောဟို ကမ်းစပ်မှာ လှိုင်းပုတ်သံတွေ တောခြောက်နေတယ်..။

“တစ္ဆေညတွေ ရောက်လာပြန်ပြီ..”


ဟိုမှာသဲ့သဲ့ ဒီမှာယဲ့ယဲ့နဲ့ တဆစ်ဆစ် ကြီးထွားလာလိုက်တာများ- ရွက်ဝါကြွေတွေတောင် ခိုနားရာမဲ့..။ လက်ပွန်းတတီး ရှိနေခဲ့ဖူးသူဟာ ကျွန်မပဲ..။ သူတို့ရဲ့ တွန့်လိပ်ကွေးကောက် ဆိုးဆိုးဝါးဝါး သဏ္ဌာန်တွေက ကျွန်မ မျက်လွှာတွေအကြား ပြေပြေပြစ်ပြစ် တိုးဝင်ပေါ့..။

ရုတ်ရုတ်သဲသဲ တစ္ဆေတွေရဲ့ပွဲမှာ ကောင်းကင်ယံက ကြယ်ပွင့်လေးအချို့ တုန်ရီစွာ စိုးရွံ့ကြရဲ့..။ ကြယ်လေးတွေ တစ်လုံးပြီး တစ်လုံး ခန္ဓာကိုချွေတော့ ပင်လယ်တစ်ပြင်လုံးဟာ ကြယ်တွေနဲ့ ဝေရ..။ ဒီလိုနဲ့ တရိပ်ရိပ်ဆိုသလို တစ္ဆေညဟာ မြိုင်မြိုင်ဆိုင်ဆိုင်ပဲ ကဗျာဆန်လာ တော့တာရယ်..။

သူတို့အားလုံးဟာ အဖြူရောင်ဖြစ်တယ်..။ အနီရောင်မှာ ပျော်မွေ့ကြောင်း ကျွန်မ ကောင်းကောင်း နားလည်ခဲ့ပြီးသား..။ စိမ့်ကနဲ့ တိုးဝင်စီးမျောလာတဲ့ သူတို့ရဲ့ပေါ့ပါးမှုကို ကျွန်မ သွေးကြောတွေကလည်း အလိုက်တသင့် လက်ခံလို့်.. လို့ ဆိုရမလို..။

တစ္ဆေတွေဆီမှာ ချစ်ခြင်းမေတ္တာနဲ့ သင်ကြားစရာတွေ မရှိဘူးလို့ ဘယ်အရာနဲ့ တိုင်းထွာ ကောက်ချက်ချမလဲ..! တွေးကြည့်ယုံလေးနဲ့ ညစ်ကျယ်မယ်လို့ ထင်မြင်လိုက်တာဟာ တစ်ဖက်သတ်ဆန်တာ မဟုတ်လားလို့ ကျွန်မဘာသာ နားချနေသံ ပြန်ကြားတယ်..။

ဘာလို့များ ထိတ်လန့်နေကြမှာလဲ..!! သူတို့ ရွေ့လျားမှုဟာ ရှုပ်ထွေးနေသယောင် ရှိပေမယ့် မာန်အဟုန် မပါဘူး..။ မာနကင်းတယ်..။ အလျားလိုက်- ဒေါင်လိုက်- အဝိုက်လိုက်- ထက်အောက်- အို~~ ပေါ့ပေါ့ပါးပါး ဖြူလွှလွှလေးတွေရယ်..။

ရှိကြပါစေ.. ရွေ့လျားနေကြပါစေ.. ကခုန်နေကြပါစေ.. အဲ့ဒီအရာ အားလုံးဟာ ကိုယ်စီကိုယ်စီရဲ့ ကြေကွဲမှုကို သရုပ်ဖော်နေခြင်း သက်သက်ပဲ..။ သူတို့မှာ အသံတိတ်တေးသွား လှလှတွေရှိရဲ့..။ အဆိပ်အတောက် ကင်းတဲ့ ကဗျာတွေလည်း ရှိရဲ့..။

သူတို့ ~ ငံ့လင့်နေကြတယ်..။ စောင့်စားနေကြတယ်..။ မွတ်မွတ်သိပ်သိပ် ဆာလောင်နေကြတယ်..။ တောင့်တနေကြတယ်..။ အဲ့ဒီအရာ အားလုံးရဲ့ ဦးတည်မှုက တစ်ခုတည်းသော မေတ္တာတရားထံပဲ ဖြစ်တယ်..။ ဘယ်လောက်များ ရိုးသားလဲ..! ဂရုဏာသက်စရာ ကောင်းလိုက်လဲကွယ်..!

မညီညာတဲ့ ရှည်မျောမျော လက်ကလေးတွေ ကမ်းလင့်နေတာ အန္တရာယ် ပြုဖို့ မဟုတ်ဘူး..။ ဖျော့တော့လွန်းလို့ ဘယ်လို လက်နက်မျိုးကိုမှ ထိကိုင်နိုင်စွမ်း မရှိသူဟာ သူတို့ပဲ မဟုတ်လား..။

~~~~~~~~~~~~~~~~

ဒါဆိုရင်.. ကျွန်မ..! အိုးးး.. ဒါဟာ ရှက်ရွံ့စရာ အဖြစ်ပဲ..!!

ငံ့လင့်မှုကို ဖြည့်စွမ်းနိုင်တယ်..။ စောင့်စားမှုကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်တယ်..။ ဆာလောင်မှုကို ဖြည့်တင်းနိုင်တယ်..။ တောင့်တမှုကို သိစိတ်နဲ့ မြင်ကြည့်နိုင်တယ်..။ ကြည်ကြည်စင်စင် မေတ္တာတွေကို ဝေငှနိုင်တယ် မဟုတ်လား..။

အားငယ်စိုးရွံ့အထီးကျန်စိတ်နဲ့ တွေဝေငေးမောသူ- အသိနဲ့ သတိ လစ်ဟာမှုမှာ ပေါ့ပေါ့ဆဆ ပြုတ်ပြုတ်ကျတတ်သူ- ကျွန်မဟာ.. တကယ်တမ်း ဆိုရင် လှလှပပ မယောင်ရာ ဆီလူးသူ သက်သက်ရယ်ပေါ့..။

ဒီလိုနဲ့ ပဲ့တင်ထပ်နေတဲ့ အက်ကွဲသံ မှိန်မှိန်လေးတွေအကြား ကျွန်မကိုယ် ကျွန်မ ပြန်တွေ့တယ်..။ စက္ကန့်၊ မိနစ်၊ နာရီတွေ သိန်း- သန်းချီ ကာလရွေ့လျားလို့ နှစ်ချို့ခဲ့တဲ့ သက်ရှိ အရာဝတ္တုတစ်ခုဟာ ကျွန်မ ဖြစ်ခဲ့တယ်..။

အလိမ့်အလိမ့် အခေါက်ခေါက်နဲ့ အထပ်ထပ်ခါခါ ကျိုးကျဖူးတဲ့ ခြေထောက်တွေ ခိုင်မာနေအောင် ပြန်လည်ရပ်တည်နိုင်ဖို့ တစ္ဆေတွေဆီက ရှာတွေ့တယ်ဆိုတာ ရှင်းပြရ အခက်သား..။

ဒဏ္ဍာရီတစ်ပုဒ်လို ဖြစ်ကောင်းဖြစ်နေ နိုင်သေးတယ် မဟုတ်လား..! ကျွန်မမှာ အဲ့လိုညတွေ ခဏခဏရှိတယ်..။ ဘယ်လိုဖြစ်စေ မကြာမကြာ ဆိုသလို အလည် ရောက်ရောက်လာတတ်တဲ့ ကျွန်မ တစ္ဆေညတွေကို ကျွန်မ ချစ်တယ် ဆိုတာပဲ...။


ခင်လေးငယ် :: 2014/ 01/ 18 ::

1 comment:

ထရီဆာ said...

ဖတ်ပြီး လွမ်းလွမ်းဆွေးဆွေးနဲ့ခံစားလိုက်ရတယ် ...
ဖတ်ခဲ့တယ် အမ ခင်လေး .. :)