Sunday, November 17, 2013

~ Tranquility (2) ~

======= (၁) =======

 ပိန်းပိတ်မှောင်သော ညကောင်းကင်တွင် ကြယ်ကလေး တစ်လုံးတစ်လေမှ ဆော့ကစား မနေ..။ လ- သည် ထိုကောင်းကင်၌ ရှိနေပါငြား ရုပ်လုံးထွက် မပြ..။ တိမ်တိုက်တစ်မျှင်မျှ မရှိ..။ စိမ့်အေးနေသော ဆောင်းလေသည်ပင် တိုးသံသဲ့သဲ့မျှ မပြု..။ မေပယ်လ်ရွက်လေးများ အရိုးထိတိုင် ခိုက်ခိုက်တုန် ချမ်းနေပေရော့မည်ဟူသော စိုးရိမ်စိတ်သည် မလေးရင်၌ ပဲ့တင်ထပ်၏..။ 

ချိုအီအီ မောင့်တယောသံကို သတိတရ ရှိလာသည်..။ ထိုတယောသံ၌ မလေး၏ မျက်စောင်း လွှလွှကလေးများ ကခုန်ဖူးခဲ့ပါ၏..။ ပြုံးစစ နှုတ်ခမ်းဖြားမှ ထွက်ဆိုခဲ့ဖူးသော စကားများ၏ အသံသည်ကား စူပုတ်ပုတ်နိုင်ခဲ့ပြန်သည်..။ တရံတစ်ခါမျိုးတွင် ဆန့်ကျင်ဘက်ဆန်သော မူဟန်များနှင့် သရုပ်ပြတတ်သူ မလေးသည် မိမိကိုယ်ကို နားမလည်နိုင် ဖြစ်တတ်ပြန်သေး၏..။ 
======= (၂) =======
မလေးသည် ပန်းနုရောင်ခေါင်းအုံးပေါ်၌ ပါးတစ်ဘက် အပ်ထားလျက် ရှိ၏..။ မျက်လွှာများကို မှေးစင်းထားသည်..။ ထိုညကို တစ်ဦးတည်း ပိုင်ဆိုင်မှု ပြုလိုက်သောအခါမှ မောင့်တယောသံသည် မလေးနှလုံးအိမ်သို့ ပြတ်ပြတ်သားသား ပိုမိုတိုးဝင် စီးမျောလာတော့၏..။ မေပယ်လ်ရွက်ကလေးများပင် ပြုံးရိပ်သန်းနေလိမ့်မည်ဟု မလေး ထင်မိသည်..။ 

မောင်သည် မှော်ဝင်နေသူ တစ်ဦးအသွင်နှင့် တေးသွားတစ်ပုဒ်ပြီးတစ်ပုဒ်ကို လှလှပပ မနားတမ်း ပြောင်းလဲတီးခတ်နေ၏..။ ကြိုးများကို ဖိကိုင်ထားသော မောင့် ဘယ်ဘက်လက် ထိပ်ဖြားလေးများ နာရှာရော့မည်..။ စိုးရိမ်စိတ်နှင့် “မောင်...” ဟု ဖွဖွခေါ်မိချိန်တွင် တယောသံသည် ရုတ်တရက်ပင် မလေးထံပါးမှ ပျောက်သွား၏..။ 

မောင်ရေ~~~~  ဟု တဆတ်ဆတ်တုန်ရီသော နှုတ်ခမ်းများမှ ထပ်ကာတလဲလဲ တကြော်ကြော် အော်ခေါ်သံသည် ညဥ့်လယ်ယံ၌ ကျယ်လောင်စွာ မြည်ဟိန်းနေသည်..။ ငြိမ်ဆိတ်စွာဖြင့် ရင့်ရင့်ကျက်ကျက် လှပခဲ့သော ညသည်ရုတ်ချည်း အကျည်းတန်သွား သယောင်ရှိ၏..။ မလေးသည် နွမ်းနယ်စပြုနေပြီ်..။ ကွဲအက်လာသော လည်ချောင်းနှင့်အတူ မလေး ခန္ဓာတစ်ကိုယ်လုံးသည် ဖြူဖျော့ပါးလွှာလွန်း နေတော့သည်..။
======= (၃) =======
နဖူးပေါ်၌ လက်ဖဝါးတစ်ခု၏ အထိတွေ့ရသည်..။ မောပမ်းနွမ်းနယ်နေသော မလေးသည် ရှိသမျှ အားအင်ကို စုစည်းကာ မျက်ခွံနှစ်လွှာကို ခပ်ဖြည်းဖြည်းဖွင့်၏..။ အမြင်အာရုံများ မပီဝိုးဝါး အကြားမှပင် နူးညံ့သိမ်မွေ့သော မောင့်မျက်ဝန်းများ လဲ့နေသည်ကို မြင်သည်..။ အိုကွယ်.. မောင်မျက်ရည်ဝဲနေတာ များလား..!! 

“မလေး နေမကောင်းဘူးလေ..” 

“အသက်လေးကို မှန်မှန်ရှူရင်း သတိလေးမှတ်နေ..” 

“မောင် ရှိနေတယ်.. မလေးနဲ့ အတူတူ မောင်ရှိနေတယ်..” 

“စိတ်လေးပူမနေရဘူး.. မောင် မလေးဘေးမှာ အမြဲတမ်း ရှိနေတာပါကွယ်..” 

အမြဲခန့်ငြားတည်ငြိမ်သော မောင့်အားပေးစကားသံသည် မပြောင်းမလဲ ပြတ်ပြတ်သားသား ရှိလျက်ဟု ထင်မြင်စရာပင်..။ သို့သော် အဆုံးသတ် စကားအချလေးများ၌ တိမ်ဝင်သွားသော မောင့်စိုးရိမ် ပူပန်စိတ်များ အကြောင်း မလေး သိ- နေပြန်သည်..။ ရေစွပ်ထားသော ဝါဂွမ်းတစ်စနှင့် နှုတ်ခမ်းဖျား နှစ်လွှာကို ဖွဖွထိသုတ်ပေးသည်ကို သိ၏..။ 

ဒီလိုပဲ မောင့်မလေးက ခဏခဏ အဖျားကြီးတတ်တာလေ..”

“အားတင်းပြီး အသိလေး ကပ်ထားပေး.. အဖျားကျတော့မှာရယ်..”    တဲ့..။
======= (၄) =======
မလေးသည် အားယူပြီး မောင့်ကို ပြုံးပြနိုင်ဖို့ ကြိုးစား၏..။ ဖျော့တော့တော့ သူမ အပြုံးလေးပဲ ဖြစ်ဖြစ် မောင့်ကို မြင်စေချင်စမ်းသည်..။ “ဟင့်အင်း.. မလေး နေကောင်းပါတယ် မောင်ရဲ့..”  ဟုလည်း တိုးဖွဖွ ပြောလိုသေးသည်..။ သို့သော် မလေးသည် ထိုအရာနှစ်ခုလုံးကို မစွမ်းသူသာ ဖြစ်နေ၏..။ 

တစ်ခုတော့ မောင့်အား မလေး ပေးနိုင်ပါလိမ့်မည်..။ ထိုအရာသည် မောင့်ပူပန်စိတ်များ ရုတ်ချည်းပပျောက်နိုင်သော အရာဖြစ်သည်ကို မလေး ကောင်းကောင်း သိသည်..။ မလေး မျက်ဝန်းတွေထဲ ငေးစိုက်ကြည့်နေသော မောင်သည် ထိုအရာလေးကို တိတိပပ မြင်နိုင်ပေမည်..။ 

မလေး၏မျက်ဝန်းများသည် ဖျော့တော့လွန်းနေပါသော်ငြား အေးအေးမြမြလေး ဖြစ်၍နေလိမ့်မည်..။ ဝေဒနာ အရှိန်နှင့် ရဲရဲတောက်နီနေသော ထိုမျက်ဝန်းများ အထဲ၌ ချမ်းမြေ့ခြင်းကို မောင် အသေအချာ ရှာတွေ့ပါလိမ့်မည်..။ ထို့အတူ မလေး၏ နှလုံးအိမ်အတွင်း၌ မောင်အမြတ်တနိုး အရှိဆုံးသော ကြည်လင်မှုကလေး ရှိမြဲ ရှိနေခြင်းကိုလည်း ကျေကျေနပ်နပ်ပင် မောင် မြင်တွေ့နိုင်သေးသည်..။ 

မလေးသည် ထိုဆောင်းတစ်ည၌ မောင့်အား စိတ်ချလက်ချ ထားခဲ့ကာ မျက်လွှာအစုံကို မှိတ်လျက် နှစ်နှစ်ခြိုက်ခြိုက်လေးပင်  ငြိမ်ဝပ်သွားတော့၏..။

┊     ┊  ┊      ┊
┊  ┊  ┊  ★
┊  ┊  ☆
┊  ★
======= (၅) =======
အဖြူရောင် ဖုန်းအပြားလေးဆီမှ သီးချင်းသံစဉ်တစ်ပုဒ် ထ- မြည်သည်..။ အိပ်ရာထရန် အချက်ပေး နှိုးစက်ဖြစ်၏..။ မျက်လုံးများ မှိတ်ထားလျက်ကပင် ဖုန်းကို စမ်းကာ ပိတ်သည်..။ မျက်လုံးအစုံကို ဖွင့်ဟကာ ကြည်ကြည်လင်လင်လေးနှင့် နေ့သစ်ကို ကြိုဆိုလိုက်၏..။ သူမ၏ လှုပ်ရှားမှုကြောင့် ညာဘက်၌ အိပ်နေသော မောင့်ခန္ဓာကိုယ်သည် အနည်းငယ်မျှ လူးလူးလွန့်လွန့် ဖြစ်လာသော်ငြား နိုးပုံမရ..။ 

ညတာရှည်သော ဆောင်းည၌ မက်ခဲ့သည့် အိပ်မက်အကြောင်း မလေးသည် မောင့်အား စီကာပတ်ကုံး ပြန်လည်ပြောပြ လိုလှပြီ..။ တစ်ညတာလုံး ခေါင်းတင်ကာမှေးအိပ်ခဲ့သော မောင့် ဘယ်လက်မောင်းအား ခပ်ဖွဖွ မွှေးမွှေးပေးရင်း နှိုးမိသည်..။ မောင်သည် သူ မက်၍နေနိုင်ပါသော အိပ်မက်အား အရှိန်အဟုန် ကောင်းကောင်းနှင့်ပင် ဆက်မက်နေဟန် တူ၏..။ 

မလေးသည် ဆံနွယ်များကို လက်ဖြင့် စုသိမ်းရင်း နေခြည်နုများနှင့်အတူ သဘောတကျ ဟက်ဟက်ပက်ပက် လိုက်လံ ရယ်မောနေတော့သည်..။ မောင်ကား တုတ်တုတ်မျှပင် မလှုပ်သေး..။ ခင်ပွန်းသည် မောင်သည် အင်မတန် အိပ်ရာနှိုးရ ခက်ပါကြောင်း မလေးသာလျင် အသိဆုံးဖြစ်မည်..။ 



 ခင်လေးငယ် ::: 2013/ 11/ 12 :::

No comments: