Monday, February 11, 2013

ကြယ်လေးနှစ်လုံးရဲ့ “ကပွဲ”


စင်မြင့်က နှင်းရောင်သန်းနေတဲ့ လေထုထဲမှာဖြစ်တယ်..။
ချစ်ခြင်းမေတ္တာ..~
ထို အရှိ
ထို အသိ နဲ့

ခက်ခက်ခဲခဲ ကကွက်တစ်ခုကို
ပေါ့ပေါ့ပါးပါး ပုံဖော်လို့
လှလှပပ “က” ပြနေတယ် ဆိုစို့ရဲ့...။

မှတ်ချက်။ ။  အဲ့ဒီ ကမ္ဘာမှာ ကြယ်တွေပဲ နေထိုင်ကြတယ်..။


(ခင်လေးငယ်) 2013/ 01/ 11

Thursday, February 7, 2013

မောင် ပြောသိပ်သော ကျွန်မ၏ အိပ်ရာဝင် ပုံပြင်များ (၁)


ကဲ-- လာတော့ “မ”- လိမ္မာတယ်နော်..။ အိပ်ရာဝင်ချိန်ရောက်ပြီ..။ ခန္ဓာကို ပြေလျော့လျော့လေးနေမယ်- စောင်လေးသေချာခြုံ- မျက်လုံးလေးတွေ မှိတ်တော့- နားထောင်ရင်း တစ်ဝက်တစ်ပျက်မှာ အိပ်ချင်လာရင် နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်လိုက်ရမယ် ပြီးတဲ့အထိ နားထောင်စရာ မလိုဘူးနော်- အိုခေ..? ဒါက ကျွန်မကို မသိပ်ခင်- ညတိုင်း မောင် ပြောနေကျ စကား..။

ကျွန်မကလည်း “ဟုတ်” ဆိုပြီး စွေ့ကနဲ အိပ်ရာပေါ်တက်- နားထောင်ကာစတော့ မျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်နဲ့ နားထောင်ရင်း ည-တိုင်း အိပ်ပျော်သွားနေကျပါ..။ မောင်ပြောပြတတ်တဲ့ ပုံပြင်တွေကတော့ ထုံးစံအတိုင်း.. ဇင် ပုံပြင်တွေ- ဆူဖီ ပုံပြင်တွေ- ခရစ်တော် ပုံပြင်တွေ- ပါသလို- ဟိုး မြတ်စွာဘုရားလက်ထက်က ပုံပြင်တွေလည်း ပါတယ်- အစုံပဲပေါ့..။ မောင့် ပုံပြင်တွေဆုံးမှ ကျွန်မ အိပ်ပျော်သလို- တစ်ခါတလေမှာ တစ်ဝက်လောက်နဲ့ အိပ်ပျော်သွားတဲ့ ညမျိုးကလည်း အများသားရယ်..။ နောက်နေ့တွေမှာ မှတ်မိတဲ့ နေရာအထိ ကျွန်မက ပြန်ပြောပြရင်း အဲ့ဒီပုံပြင်ကိုပဲ မောင့်ကို ဆက်ပြောခိုင်းရတာလည်း ရှိသေးရဲ့ ပေါ့လေ..။

ထားပါလေ- စကားရှည်နေမှာ စိုးလို့ တုံးတိပဲ ဖြတ်ချ လိုက်ပါတော့မယ်- ကျွန်မ နားထောင်ထားတဲ့ မောင့်ပုံပြင်တစ်ပုဒ်ကို ပြန်ပြောပြချင်ပါတယ်..။ ပုံပြင်လေးက တကယ့်ကို တိုတိုလေးပါ..။ ခု ကျွန်မ ပြန်လည် ဖောက်သယ်ချမယ့် ပုံပြင်က ဇင်လား- ဆူဖီလား- ဆိုတာတော့ သေချာ မှတ်မိတော့ဘူးနော်..။ ကျွန်မ သိပ်သဘောကျရတဲ့ ပုံပြင်လေးပါပဲ..။

*** ** *** ** *** ** *** ** *** ** *** ** *** ** *** ** ***

- ပုံပြင် (၁) -

ဟိုး အရင်တုန်းက ဘုရင်ကြီး တစ်ပါးရှိပါတယ်..။ 


ဘုရင်ဆိုတော့လည်း တိုင်းရေးပြည်ရေး- အထွေထွေနဲ့ ဦးနှောက်စားစရာ အမှုတွေကလည်း အများသားရယ် မဟုတ်လား..။ ဟို တိုင်းပြည်က စစ်လာတိုက်- ဒီတိုင်းပြည်က နယ်လာချဲ့နဲ့ အဲ့ဒီ ဘုရင်ကြီးဟာ စစ်မှုရေးရာမှာလည်း ကိုယ်တိုင် ကွပ်ကဲလေသတဲ့..။ ဒီလိုနဲ့ တစ်ရက်တော့ ဘုရင်ကြီး နံဘေးအနီးကပ်မှာ ခစားနေတဲ့ မူးမတ်ကြီး တစ်ဦးက ဘုရင်ကြီးကို အကြံပေးတယ်..။

“အရှင်ဘုရား အတွက် အသက် အန္တရာယ်တွေကလည်းများ အန္တရယ်ကင်း အဆာင်လက်ဖွဲ့ တစ်ခုခုတော့ အရှင်နဲ့အတူ ဆောင်ထားနိုင်ဖို့ အစီအမံတစ်ခုခု လုပ်ထားလျင် သင့်တော်ကြောင်းပါ ဘုရား..” ပေါ့..။

ဒီလိုနဲ့ ဘုရင်ကြီးဟာ တိုင်းပြည် အရှေ့စွန်းစွန်းမှာ သတင်းသုံးနေထိုင်တဲ့ ဆရာတော် တစ်ပါးဆီ ရောက်သွားတယ်..။ ဆရာတော့်ကို အန္တရာယ် ကျရောက်ချိန်မှာ သုံးနိုင်ဖို့ တစ်စုံတစ်ခု စီစဉ်ပေးဖို့ ဘုရင်ကြီးက လျှောက်ပါတယ်..။ ဆရာတော်ကလည်း

“ကောင်းပြီ- ကျုပ် စီစဉ်ပေးပါ့မယ်..။ တစ်ခုတော့ရှိတယ်..။ ကျုပ်ပေးမယ့် အရာဟာ အရှင်မင်းကြီး ဘဝမှာ အကြီးမားဆုံးသော အခက်အခဲနဲ့ ကြုံချိန်မှာ တစ်ကြိမ်တစ်ခါသာ သုံးခွင့်ရှိမယ်..” လို့ မိန့်ပါတယ်..။ ဘုရင်ကြီးကလည်း ကောင်းပါပြီ ဆရာတော်ပေါ့..။
ချိန်းဆိုထားတဲ့ နေ့မှာ ဘုရင်ကြီးက ဆရာတော့်ဆီ ပြန်သွားပါတယ်..။ ဆရာတော်က ဘုရင့်ကို စာရွက် အလိပ်ကလေး တစ်ခု ပေးလိုက်ပြီး- ဒီစာရွက်ကို အရှင်အသုံးလိုချိန် အရေးအကြီးဆုံး အချိန်မှသာ  ကျုပ်မှာထားတဲ့ အတိုင်း တစ်ကြိမ်သာ ဖွင့်ကြည့်ပါလို့ အထပ်ထပ် အခါခါ သေချာမှာ လိုက်ပါတယ်..။ ဘုရင်ကြီးကလည်း လက်ထဲမှာ တရိုတသေနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ သယ်ဆာင်ပြန်လာပါတယ်..။

ဒီလိုနဲ့ ဆရာတော်ပေးလိုက်တဲ့ စာရွက်လိပ်လေးကို အမြဲမခွာဆောင်ထားရင်း ဘုရင်ကြီးဟာ သက်တော်ကြီးပြီး အိုမင်း လာခဲ့လပြီ..။ သို့သော်လည်းပဲ အခုချိန်ထိ သူဟာ အဲ့ဒီ စာရွက်လေးကို အသုံးမပြုရသေးပါဘူး..။ ဘုရင်ကြီး ငယ်နုစဉ် အချိန်နဲ့ လူလတ်ပိုင်း အရွယ်တို့မှာလည်း အသက်အန္တရယ် အခက်ခဲပေါင်းများစွာ သေဘေးပေါင်း များစွာနဲ့လည်း ကြုံတွေ့လွတ်မြောက်လာခဲ့ရ ပြီးပါပြီ..။

အဲ့ဒီလို အချိန်မျိုးတွေတိုင်းမှာ ဘုရင်ကြီး- သူ ဟာ ဆရာတော်ပေးလိုက်တဲ့ အရာကို ထုတ်သုံးဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့သူ ဖြစ်ပါတယ်..။ တစ်ကြိမ်သာ သုံးခွင့်ရှိမှာ ဖြစ်တဲ့ အတွက်- အရေးကြီးဆုံးအချိန်ရာက်လာချိန်ကို စောင့်ရင်း မသုံးပဲ ပြန်သိမ်းခဲ့တာတွေသာ ရှိခဲ့ပါတယ်..။ ခုတော့ ဘုရင်ကြီးဟာ နာမကျန်းစွာနဲ့ အိပ်ရာထဲ လဲနေရပြီပေါ့..။ ဘုရင့်ဘေးမှာ ရှိနေတဲ့ မူးမတ်ကြီးတွေက ဘုရင်ကြီး အသုံးမပြူသေးတဲ့ ဆရာတော့်အဆောင်ကို အင်မတန်မှ သိလိုကြသလို နောက်ဆုံး သက်တော်မကုန်ခင် အချိန်မှာ အသုံးပြုသွားဖို့လည်း တိုက်တွန်းကြတယ် ဆိုပါတော့..။

မူးမတ်တွေရဲ့ ပြောဆိုသံတွေ အဆုံးမှာ ဖျော့တော့စွာနဲ့ လဲလှောင်းနေတဲ့ ဘုရင်ကြီး ပြုံးပါတယ်..။ ဆရာတော်ပေးလိုက်တဲ့ စာရွက်လေးကိုလည်း သူ ဖြည်ကြည့်စရာ မလိုပဲ သိနေခဲ့ပါပြီ..။ ဆရာတော် မပြောလိုက်တဲ့ စကားတစ်ခွန်းကိုလည်း ဘုရင်ကြီးဟာ ခုချိန်မှာ သေချာကြားနိုင် နားလည်နိုင်နေပါပြီ..။

ဘုရင်ကြီးဟာ နောက်ဆုံးသော ခွန်အားလေးနဲ့ သလွန်တော်ထက်ကနေ မူးမတ်ကြီးတွေဆီကို ငဲ့စောင်းကြည့်ရင်း တီးတိုးမိန့်တော်မူပါတယ်..။

““အရေးကြီးဆုံးရယ်လို့ တွေးထင်ခဲ့တဲ့ အရာတိုင်းဟာ အချိန်တန်ရင် လွန်မြောက်သွားကြမှာ.. အရေးကြီးဆုံးကို စောင့်ကြည့်ရင်း~~~  တစ်ကယ်တော့ ဘဝမှာ အရေးကြီးဆုံး ဆိုတာ ဘာမှ မရှိဘူး-- ရှိမနေပါဘူး..””

လို့ ပြောရင်း နောက်ဆုံး အကြိမ်အဖြစ် ပြုံးကာ သက်တော်ကုန် နတ်ရွာစံ သွားပါတော့တယ်..။

ဘုရင်ကြီး နတ်ရွာစံပြီးနောက်မှာ မူးမတ်ကြီးတွေက ဆရာတော့် စာရွက်လေးကို ဖွင့်ကြည့်ခဲ့ကြပါတယ်..။ ဘာအင်းမှ ချမထား- ဘာစာမှ ရေးမထားတဲ့ သာမန် ဗလာစာရွက်ခေါက်လေး တစ်ရွက်ကိုသာ မူးမတ်ကြီးတွေ တအံ့တသြ မြင်တွေ့လိုက်ရပါတော့တယ်..။




“အရာတိုင်းဟာ  အချိန်တန်လျင်  ပြီးဆုံးသွားမြဲပါ..”
“This  Too  Shall  Pass”

*** ** *** ** *** ** *** ** *** ** *** ** *** ** *** ** ***

မောင် ပြောသိပ်တဲ့ ကျွန်မရဲ့ အိပ်ရာဝင် ပုံပြင်လေးတွထဲက ကျွန်မနှစ်သက်တဲ့ ပုံလေးတစ်ပုဒ်ကို ပြန်ပြောပြခြင်း ပြီးပါပြီ..။ ကျွန်မ မှတ်မိသလို ပြန်ပြောပြခြင်း သက်သက်ပဲ ဖြစ်ပါတယ်..။ 

~ ကျွန်မ၏ ခင်ပွန်း “မောင့်” ကို ကျေးဇူးတင် မတ်နိုးစွာဖြင့် Facebook Status ဖြစ်ခဲ့ဖူးသော ဒီပို့စ်လေးကို ဘလော့လေးထဲမှာ သိမ်းထားခြင်းပါ ~




(ခင်လေးငယ်)
2013/ 01/ 22 

Wednesday, January 2, 2013

Hello..!! January


လှလှပပ ခြွေချ- ကြွေပြသွားခဲ့
လှလှပပ နောက်တစ်ပွင့် ဖူးပွင့်လာခဲ့..။

ကြွေကြွေ- ခြွေခြွေ - ဝေဝေ ပေါ့.!

ဟိုး အရင်ကလည်း သစ်တယ်
မနှစ်ကလည်း သစ်တယ်
မနေ့ကလည်း သစ်တယ်
နောက်ဆုံး စက္ကန့်လေး အထိ သစ်- သွားခဲ့တယ်

အားလုံး အသစ်တွေချည်းဘဲ..!

ဦးခေါင်းကို မော့- လက်နှစ်ဖက် ဆန့်တန်းလို့
ဘုရားသခင်ထံ
ကျေးဇူးတော် ချီးမွမ်းခန်း မဖွင့်ဆိုလို

ဒီမှာ January ရေ ~
မင်း ကိုယ်တိုင်ကိုလည်း
အထွေအထူး ကျေးဇူးတင်ကြောင်း
တိုးဖွဖွ မပြောလိုတော့..။


မင်းလည်း သစ်တယ်။

ကိုယ်လည်း....
ကြည်ကြည်နူးနူး သစ်တယ်
ချမ်းချမ်းမြေ့မြေ့ သစ်တယ်
တိတ်တိတ်ဆိတ်ဆိတ် သစ်တယ်
မခို့တရို့ သစ်တယ်
ရဲရဲရင့်ရင့်လည်း သစ်တယ်..

ထပ်မပြောတော့ပါဘူးကွယ်..။

ကဲ ~~ လာ
ကိုယ့် အသက်ရှူသံ အခု ဒီခဏမှာ
တစ်စက္ကန့်ချင်း အတူတူ
က-ခုန် ကြစို့လား ကွယ့်..။


ခင်လေးငယ် 
2013/ 01/ 01 @17: 50 PM

“အနည်းငယ် ပဉ္စလက်ဆန်တဲ့ ညငယ်ငယ်ဟာ အိပ်မှုံစုံမွှားနဲ့”

ဟိုး ကောင်းကင်ဘုံမှာ ကြယ်တွေ ရှိမယ်-
တစ်ချို့က ရယ်မော-
တစ်ချို့က ငိုကြွေး-
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
မြင်လား..!! ... ... ...??

သေချာတာ ပြောကြည့် ချင်သေးတယ်..။
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
ဝင်းဝင်းပ “လ” က တစ်စင်းတည်း..။

လည်ကို ဆန့်တန်း- ဦးခေါင်းတစ်ခုလုံး မော့ကြည့်ရင်း
ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းမယ်-

ကဲ..!! မာတိကာ စဖွင့် ကြစို့--

ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
တွေ့လား..!! ဖတ်လို့ရလား-
ကတိုက်ကရိုက် သက်ပြင်း ချလိုက်မိသလား-

ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
မည်းနေပြီးသား ဘယ်ညမှ ပိုမှောင် မသွားဘူး..
သိလား..!! ... ... ...??

ထားလိုက်ပါ- သမရိုးကျ ဖြစ်စဉ်တွေပဲ..။

ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
အသက်တွေ ပိုကြီးလာတယ်- ဆံဖြူလာတယ်-
ကြည့်- ကြည့်ပါ
မျက်ကန်းတစ်ယောက် ဖြစ်နေသူ ဆိုလည်း မြင်ရတယ် ရယ်-

ဒီတော့.....
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ မှာ-
စိတ်သဏ္ဍာန်ကို ပါးအောင် ထပ်လွှာမယ်..
မသိသေးတဲ့ မနက်ဖြန်အတွက်- ဘာတံဆိပ်မှ မကပ်ပါနဲ့..။

အတ္တနဲ့ မောဟကို ဖယ်မယ်.. ဗျာပါဒလည်း မချန်နဲ့တော့..။

ရော့---
ဒီမှာ အခု ခဏ၊
အတိအကျ ရှိနေတယ်..။

(ခင်လေးငယ်
2012/ 11/ 29

Monday, November 5, 2012

““ဆိတ်ငြိမ်ခြင်း အခန်းထဲကို တိတ်တိတ်ကလေး တိုးဝင်လိုက်တဲ့ အခါ””



“ဆိတ်ငြိမ်ခြင်း အခန်းထဲကို တိတ်တိတ်ကလေး တိုးဝင်လိုက်တဲ့ အခါ...”

နေလည်း သာတယ်
မိုးလည်း ရွာတယ် 
နှင်းလည်း ဝေတယ်
စကားတစ်ပွင့် နဲ့ အနမ်းတစ်စလည်း 
ဖွဖွလေး ကြွေ --

ကမ္ဘာမြေ ဖြစ်တည်တယ်..။


(ခင်လေးငယ်)

Tuesday, October 9, 2012

~ Tranquility ~



ပုခုံး နှစ်ဖက် တွင် တွယ်ချိပ် သယ်ဆောင်လာသည့် ကျောပိုးအိပ် ကို ကုတင်ပေါ် တင်လိုက်ချိန်မှာ မိုးသံတွေ က ဝုန်းကနဲ နားထဲ တိုးဝင် လာခဲ့သည်..။ အိမ် ပြန်ရောက်ချိန်နှင့် ကွက်တိ ရွာချလိုက်သော မိုးကို ဘာမှန်းမသိ ဦးညွှတ်မိ သလိုလို..။ အိမ်အပြန် လမ်းမကြီး လက်ယာဘေးဘီမှ အုံ့မှိုင်းမှိုင်း မြင်ကွင်းတွေ အချို့က မဆီမဆိုင် ခေါင်းထဲ ရောက်လာခဲ့၏..။

“မိုးပဲ ရွာမှာပေါ့..” 

သူမ တီးတိုး ရေရွတ်ကာ ဆံပင်တွေကို ခါယမ်းရင်း ပြုံးလိုက်မိသည် ထင်၏..။ တိတ်ဆိတ် ငြိမ်သက်နေသည့် လမ်းမများကို သူမ ချစ်သည်..။ အသက် အရွယ် တစ်ခု မရရှိမီ အထိတော့ ဆူညံမှုတိုင်းကို ခါးသက်သက် ရှိတတ် ခဲ့၏။ အသိတိုင်းကို တင်းတင်းကျပ်ကျပ် ကြည့်တတ်လာချိန်မှ စ၍ ဆူညံရှုပ်ထွေးသော လမ်းမများသည် သူမထံ အရောက်မှာ ငြိမ်ဝပ်သွား တော့သည်..။

“ဆူညံ ပွက်လော ရိုက်နေသည်”
“သပွတ်အူထက်ပင် ရှုပ်ထွေး ပွေလီလှ၏”
“လူအမျိုးမျိုး ဘဝ အထွေထွေ နှင့် ဖြစ်ခြင်း ပျက်ခြင်း ပေါင်းစုံသည် လမ်းမများပေါ်၌ ရှိနေဆဲပင် ဖြစ်သည်”

မည်သို့ပင် ဖြစ်စေ ထို လမ်းများစွာ တို့သည် ပကတိ သန့်စင်စွာ သူမထံ လှလှပပ ရောက်လာ နိုင်ခဲ့ပြီ..။ လမ်းမကျယ်ပေါ်ရှိ ကျယ်လောင်စွာ အော်ဟစ် ပြေးလွှားနေသော ကားကြီး ကားငယ် အထွေထွေ သည် သူမ အတွက် ရော်ရွက်ခြောက်လေးများ ဝေ့ဝဲ ကြွေဆင်းလာသံ တမျှသာ ဖြစ်တော့၏။ ယိုင်တိ ယိုင်ထိုးနှင့် သိုင်းကွက် နင်းကာ ဆူညံနေသော လူငယ် တစ်စု သည် သူမ မြင်ကွင်း ထဲသို့ လှုပ်လှီ လှုပ်လှဲ့ တွဲခိုနေသော နှင်းရည်စက်လေး တစ်ပေါက် အဖြစ် အသွင်ပြောင်း ရောက်ခဲ့ပြီ..။

“သူမသည် ဗလာသက်သက်သာ ဖြစ်၏..။
ရပ်ကွက် အလယ်ခေါင် နာရီစင်ကြီး ဆီမှ နာရီ အချက်ပေး တီးလုံးသံကို မိုးသံတွေ အကြားမှ ကြားရ၏..။ မျက်လွှာကို ပိတ်ကာ အာရုံစူးစိုက်၍ နာရီသံကို ထိုနာရီကြီးနှင့် အတူ လိုက်လံ ရေတွက်မိသည်..။ တီးလုံးသံ တစ်ချက်ပြီးတိုင်း ဝါယာကြိုးများ ရှော့ခ်ဖြစ်သလို တိုးဖွဖွ တဂျစ်ဂျစ် မြည်တတ်သည့် အသံလေး အထိ မိုးသံတွေ အောက်မှာပင် သူမ ကြားပါသည်..။

“ထို တဂျစ်ဂျစ် အသံသည် ခြောက်ခါ တိတိ”

ဆောင်းဦးဆီ လှမ်းလျှောက်ကာစ ပြုသော နွေနှောင်းရာသီသည် တစ်ရံတစ်ခါမျိုးတွင် မထင်မှတ်ပဲ ညစ်ကျယ်ကျယ် နိုင်တတ်သည်..။ သဘာဝလွန် ဖောက်ပြန်မှုမျိုးနှင့် သူမကို ကလိတိတိ ပြုမူ၏..။ စိတ်နှလုံးကို ထိုးဆွ တတ်၏..။ သူမ လှုပ်ရှားလျှင် ပီတိဖြစ်မည်လော..!! အမှန်တကယ်တော့ ယခုလောက် အတွေးဖြန့်ကျက် နေမိခြင်းကိုပင် သူမ လိုအပ်မနေလှ..။ စိတ်အလိုအတိုင်း အတွေး လိုက်သွားခြင်းတိုင်းကို ငြိမ်သက်စွာ ကိုယ်တိုင် ပြန်ကြည့် လာတတ်စ ပြုပြီ..။

ဥတုရာသီ သဘော သည် ဖောက်ပြန် တတ်၏..။ နားမခံနိုင်သော အရာတိုင်းသည်လည်း မြင်တတ်ပါလျင် အပ်ကျသံကိုမျှ မကြား ရတော့အောင် တိတ်ဆိတ်ပါ၏..။ တစ်သီး တစ်ခြားစီ ရှိနေသည်..။ ဗဟိုတည့်တည့်တွင် ကိုယ်စီကိုယ်ငှ ရှိနေသည်သာ..။ အရာများ သည် ဖြစ်တည်နေသည်..။ အရာ အချို့သည် သွေဖယ် နေဆဲ ဖြစ်၏..။ 

သူမ နင်းလျှောက်ခဲ့သော လမ်းမ များသည် ရှည်လျား ကျယ်ပြောပါသည်..။ ဆူညံကာ ရှုပ်ထွေး ကွေ့ကောက် သိမ်လှီသော နေရာများလည်း ရောနှောနေသည်..။ မည်သို့ဖြစ်စေ သူမ အတွက် ထိုလမ်းမ အားလုံးတို့သည် ငြိမ်သက်ခြင်း အားဖြင့် ထပ်တူညီနေ၏..။


(ခင်လေးငယ်)
2012/ 10/ 04

Sunday, September 9, 2012

~ Unseen ~


“ဒီတံခါးကို ဘာလို့ မဖွင့်တာလဲ..? လေကောင်းလေသန့် ရနိုင်တယ် မဟုတ်လား..?? ”


ကျွန်မ သူငယ်ချင်း တစ်ယောက်က တံခါးတစ်ပေါက် ထံ လက်ညှိုးညွှန်ကာ မေးခွန်း ထုတ်သည်။ ကျွန်မ အဖြေကို မည်သည့်အခါမှ ရတတ်လေ့ မရှိသော်လည်း ထိုသို့သော မေးခွန်းမျိုးနှင့် အလားတူ မေးခွန်းများစွာကို သူမ မေးမြန်းတတ်လေ့ ရှိသည်မှာ နှစ်ချီခဲ့ပြီ..။ ကျွန်မက လည်း ထုံးစံအတိုင်း သူမ လက်ညှိုးညွှန်ရာကို လိုက်လံကြည့်ကာ ခပ်ဆိတ်ဆိတ်နှင့် ပြုံးပြလေ့ရှိ၏။

မကြာသေးခင် လပိုင်းလေးက သူမမေးခဲ့သော မေးခွန်းဟောင်း တစ်ခုကို ကျွန်မ ပြန်သတိရ လာမိသည်..။ ထပ်တူကျသော မေးခွန်းပင်ဖြစ်၏။ ဖွင့်ခြင်း- ပိတ်ခြင်း- အဖြစ်သည်သာ ကွဲလွဲခဲ့၏..။ ထိုစဉ်က သူမ လက်ညှိုး ညွှန်ခဲ့ရာသည် ကျွန်မ အိမ်ထမင်းစားခန်း စားပွဲဘေးမှ ပြတင်းပေါက် ကျယ်ပင်..။ 


“ကိုယ် မင်းအိမ်လာချိန်တိုင်း ရာသီမရွေး ဒီပြတင်းပေါက်ကို ဖွင့်ထားတာပဲ တွေ့ရတယ်နော် ~ ဘာလို့ မပိတ်တာလဲ..!! မှန်တွေက ကြည်နေတာပဲကို.. လိုက်ကာဖြူတွေကို ဆွဲဖွင့်ထားယုံနဲ့ ဒီမြင်ကွင်းကိုပဲ အတိုင်းသား ကြည့်လို့ ရတယ် မဟုတ်လား..? ”



ပြတင်းပေါက်ကို တစ်လှည့် သူမ မျက်နှာလေးကို တစ်လှည့် ငေးမောရင်း ထုံးစံအတိုင်း ကျွန်မ နှုတ်ဆိတ်ကာ ပြုံးနေခဲ့ ပါသည်။ ထူးဆန်းသည်မှာ ကျွန်မ သူငယ်ချင်းသည် မေးခွန်းတိုင်းကို ထိုအကြိမ်များတွင် တစ်ခါမျှသာ မေးတတ်လေ့ရှိ၏။ ကျွန်မ အဖြေကို မရမချင်း ထပ်ကာ တလည်းလည်း သူမ မမေးတတ်ပေ။ သူမသည် မေးခွန်းများသာ မေး၍ ကျွန်မ၏ နှုတ်ဆိတ်နေမှုနှင့် ကျွန်မ၏ အပြုံးများကို ကျင့်သားရနေ သူမျိုးလည်း ဖြစ်နိုင်ပါသည်။

ကျွန်မ၏ နှုတ်ဆိတ်မှုမှာ အဖြေတစ်ခု ရှိနေခဲ့ပြီ။ နှုတ်ခမ်းဖြားမှ အပြုံးနှင့် အတူလည်း အဖြေရှိနေခဲ့ ပါ၏။ ဘာ့ကြောင့် တံခါးပေါက်တွေကို ဖွင့်ရ ပိတ်ရပါသလဲ ဟူသည့် အမေးမျိုးကို သူမအား ကျွန်မ ရှင်းပြ ဖြေကြားရန် မလိုအပ်လှ..။ အကယ်၍ စကားလုံးများအဖြစ် ကျွန်မ သူ့ကို ဖြေပြခဲ့သည် ရှိသော်ငြား သူမ သေချာစွာ နားလည်နိုင် လိမ့်မည် မဟုတ်ပါ..။ သူမ မြင်နိုင်သော မြင်ကွင်း၌ ရှိသော တံခါးများကိုသာ သူမ သိနေ၍ ဖြစ်ပါသည်။

ကျွန်မတွင် ကျွန်မ၏ သူငယ်ချင်း မသိသော တံခါးများစွာ ရှိနေပါသည်။ ကျွန်မ ထပ်ပြောလိုပါသည်။ ထိုတံခါး အားလုံးတို့သည် သူမ မြင်နိုင်သော မြင်ကွင်းထဲတွင် ရှိမနေပါ။ သူမနည်းတူ ကျွန်မ၏ တံခါးများကို မည်သူမှ မြင်နိုင်မည် မဟုတ်။ တကယ်တမ်းတော့ ကျွန်မ၏ တံခါးများကို ကျွန်မကိုယ်တိုင် တွန်းဖွင့် မထားသလို သော့ခတ်၍လည်း ပိတ်မထားပါ..။ ကျွန်မ၏ တံခါးတိုင်းသည် သူ့အလို သူ့ သဘာဝ အတိုင်းသာ လွတ်လပ်လှပ သေသပ်စွာ ရှိနေပါလိမ့်မည်။

မည်သူ့ကို မည်သည့် အကြောင်းပြချက်များနှင့် ဘယ်သောအခါမှ ကျွန်မ ဖြေကြား ဖြစ်တော့မည် မဟုတ်။

တွန်းဖွင့်ရန် မလိုအပ်သော ~
ဆွဲစေ့ရန် မလိုအပ်သော ~
သော့နှင့်ခတ် ပိတ်ချလိုက်ရန် မလိုအပ်သော ~

ကျွန်မ၏ တံခါးများကို ကျွန်မ ချစ်မြတ်နိုးသည်။ ပိတ်ထားသော်ငြား ကျွန်မ၏ ရှုရှိုက်ခြင်း အတွက် လုံလောက်စွာ လေဝင်လေထွက် ကောင်းနေ ပါလိမ့်မည်။ ထို့အတူ ဖွင့်ထားပါလျှင်လည်း စိတ်အနှောက်ယှက် ဖြစ်စရာ တစုံတရာမျှ ကျွန်မတွင် ရှိမည် မဟုတ်ပါ။

ပိတ်ခြင်း- ဖွင့်ခြင်းတို့၏ အလွန် ~ ဟိုမှာဘက်ဆီ၌ တသီးတစ်သန့် ရှိ နေပါသော... ကျွန်မ၏ ထို တံခါးများ အကြောင်းကို မည်သူ တစ်ဦးတစ်ယောက်မျှ နားလည်မည် မဟုတ်သော်လည်း ကျွန်မ ကျေနပ်ပါသည်။ 


(ခင်လေးငယ်) 2012, March, 29 - 7:25pm



Friday, August 3, 2012

“တေလေည” (သို့မဟုတ်) “ကျွန်မ ဘဝ အပိုင်းအစ ~ ၃”



သိန်းငှက်တစ်ကောင်ရဲ့ အမြန်နှုန်းမျိုးနဲ့ ည- ဟာ တဟုန်ထိုး ဝဲပျံနေရဲ့ ~

ဆာလောင်နေတဲ့ ညဟာ စူးရှရှ အလင်းတန်းတွေကို ခေါင်းခါ.. သူ့ပါးစပ်ကို အကျယ်ဆုံး ဟ- လို့ ကြယ်ပွင့်တွေကို ဟတ်- နေတယ်..။ တစ်ခါတုန်းက ချစ်စရာ တေလေည တွေဆီ ပျံသန်းကြည့်ဖို့ ည- ကို တောင်ပံ တပ်ပေး လိုက်မိသူဟာ ကျွန်မ ကိုယ်တိုင်ပဲလား..!!

ဇဝေဇဝါ နဲ့ သိပ်တော့ မရေရာလှ ~ ။

================

အစိမ်းနုရောင် ပါးပါးလေး လိမ်းသုတ်ထားပြီး မြေပြင်မှာ ပြားပြားဝပ် ကပ်နေတဲ့ “စိမ်းလဲ့လဲ့” လို့ နံမည် ချိတ်ထားတဲ့ တိုက်ပုလေး တစ်လုံး...။ အဲ့ဒီ အိမ်လေး ဧည့်ခန်း အထွက်မှာ ရှိနေတဲ့ သံဇကာကွက်နဲ့ ဝရံတာလေးမှာ ဖေဖေ ဂစ်တာတီးနေတယ်..။

“ရှူး.. တိုးတိုး”

မေမေကတော့ ညနေ ထမင်းဝိုင်းအတွက် ဟင်းပွဲတွေ ပြင်လို့.. အပျိုပေါက်အရွယ် ရှစ်တန်းကျောင်းသူ ကောင်မလေး တစ်ယောက် မှန်ကြည့်ပြီး သနပ်ခါးတွေ လိမ်း..! လေးတန်း ကျောင်းသူ ညီမငယ်လေးက သူ့ ကုတင်ပေါ်မှာ ထိုင်ပြီး စက္ကူလှေလေးတွေ ခေါက်နေရဲ့..။

“တစ်ခု.. နှစ်ခု.. သုံး- လေး ခု” ။
================

နီညိုရောင် တိမ်တိုက်တွေက ရှက်ရွံ့နေတဲ့ ညနေခင်းကို ငြင်ငြင်သာသာလေး ပွေ့ချီ ယူဆောင်လာခဲ့ ချိန်လေးပေါ့ ~ မကြာခင်မှာပဲ ညနေခင်းလေးဟာ အမှောင်ထုထဲ တိုးဝင် ကွယ်ပျောက်ရော့မယ်..။

အိပ်တန်းတက်ရ ခါနီးမှာ သန်းဝေနေတဲ့ ငှက်တချို့က လေးတိလေးပင်နဲ့ ဝတ်ကျေတန်းကျေ တောင်ပံ ခတ်ကြ...။

“အားစိုက်လိုက်ပါကွာ နားခိုရာဆီ ရောက်လုပြီ”

 ================

ငှက်လေးတွေရဲ့ သန်းဝေသံဟာ ဖေဖေ့ ဂစ်တာသံ တိုးညက်ညက်လေး အောက်မှာ ပျောက်သွားပြန်ကော..! ဖေဖေ့ ဆီက သီချင်းသံလေး လွင့်လာတယ်.. ညနေတိုင်း မေမေ့ကို ဆိုပြနေကျ The Everly Brothers   ရဲ့ သီချင်းလေး..



“Darling you can count on me
Till the sun dries up the sea
Until then I'll always be
Devoted to you
I'll be yours 'till endless time
I'll adore your charms sublime
Guess by now you know that I'm
Devoted to you
I'll never hurt you, I'll never lie
I'll never be untrue,
I'll never give you reason to cry
I'd be unhappy if you were blue
Through the years our love will grow
Like a river it will flow
It can't die because I'm so
Devoted to you

မေမေ ဖေဖေ့ အနားရောက်လာတယ်..။ မေမေ ပြုံးနေတယ်..။ ပျော့အိအိ ဖြူလွင့်လွင့် ဘလောက်ဇ် အင်္ကျီလေး ဝတ်ထားတယ်..။ မေမေ့ ပါးလေးတွေမှာ ချွေးစလေး အချို့..။ အို ~~ သိပ်လှတာပဲ..။

“ဒယ်ဒီ နောက်မှ Devoted to you မယ် ထ- တော့ မေမေ ထမင်းပွဲ အဆင်သင့် ဖြစ်ပါပြီ”

လေပွေတစ်စက ခြံထိပ်ဝ သကြားပင်ကြီးပေါ်က ရွက်ခြောက်တွေကို တဖွဖွ ခြွေပြ...။

“ရှဲ ကနဲ”

ဖေဖေကလည်း ချွေးလေးတွေ စို့နေတဲ့ မေမေ့ နဖူးလေးထက်ကို အနမ်း တစ်စ ခြွေချ..။

================

ကျွန်မရဲ့ ညဟာ ဝိုင်းဝိုင်းစက်နေတဲ့ လမင်းကြီးကို ကွေ့ကာ ဝိုက်ရင်း အရှိန်ကောင်းကောင်းနဲ့ ဆက်ပျံနေတယ်..။

အိမ်ကလေးရှေ့မှာ မေမေပျိုးထားတဲ့ ပန်းခင်းပျိုလေး က ငြိမ်သက်လို့ ~ အဝါရောင် ဝတ်ဆံလေးတွေနဲ့ ပန်းအဖြူလေးတွေက ည- ကို မောမော့ကြည့်ပြီး မျက်စောင်းထိုးတော့ လေပြေက ဝါးလုံးကွဲ ရယ်မောတယ်..။

ရှစ်တန်းကျောင်းသူ ကောင်မလေး တစ်ယောက် သန်းခေါင်ကျော် လုလုမှာ သချာင်္ တွက်ချင်ယောင် ဆောင်နေခဲ့သလား..!! ဒါလည်း သိပ်ပြီး မသေချာလှ..။

လေးတန်းကျောင်းသူ  ညီမလေး.. ခပ်လှမ်းလှမ်းက သူပိုင်ဆိုင်ရာ ကုတင်ပေါ်မှာ အိပ်နေတာတော့ အသေအချာ..။ ပန်းရင့်ရောင် ပန်းပွင့် အကြီးကြီးတွေနဲ့ မေမေ ချုပ်ပေးထားတဲ့ ဖက်ခေါင်းအုံးလေးကို ခွထားတာလည်း အတိအကျ..။

ကျွန်မ ကုတင်ပေါ်ကို လှမ်းကြည့်စရာ မလိုပဲ သိတယ်..။ ခေါင်းအုံးအောက်မှာ မေမေ မသိအောင် ထိုးဝှက်ထားတဲ့ ဝတ္တု နှစ်အုပ် ရှိနေမယ်..။ ခြေရင်းက ခြုံစောင်လေး အောက်မှာလည်း ကဗျာစာအုပ်လေးတွေ ရှိသေးရဲ့..။

“တစ်အုပ်.. နှစ်အုပ်” ။

================

ကိုယ်တိုင် ဖန်တီးမိလိုက်လေသလား မသေချာ မရေရာတဲ့ ည- ကို ကျွန်မ တစ်ယောက်တည်း အပိုင်သိမ်း..။ ဘာချုပ်နှောင်မှုမျိုးနဲ့ မှ နှောင်ဖွဲ့မထားဖြစ်တော့..။ တောင်ပံတစ်စုံ ရ ထားတဲ့ ည- ဟာ အိန်ဂျယ်လ် တစ်ပါးပဲ..။ လွတ်လပ်ခြင်းကို အပြည့်အဝ စားသုံးနေတယ်..။

“ပျံလိုက်စမ်းပါ ကွယ်..”

ဝင်သက် ထွက်သက်မှာ ငြိတွယ်မှု မရှိနိုင်အောင် စိတ်လိုလက်ရ သူ ပျော်နေတယ်  ~

“ပျော်ပါးလိုက်စမ်းပါ ကွယ်”

ကျွန်မကို အုပ်မိုးပြီး ပြုံးကြည့်နေတဲ့ ည- ရဲ့ အပြုံးတွေက သိပ်ခမ်းနားတာပဲ..။ ကျွန်မ ခန္ဓာ တစ်ကိုယ်လုံးလည်း သူ့ လိုပဲ ပေါ့ပါးသထက် ပေါ့ပါး လာပေါ့..။ မျက်လုံးတွေကို ဖိပြီး မှိတ်ချလိုက်ချိန်မှာ ~ ~ ~

ကျွန်မ ကိုယ်တိုင်က လွတ်မြောက်ခြင်းတွေနဲ့ ဝဲပျံနေတဲ့ ည- ဖြစ်နေပေါ့..။

=================

“ဖေဖေရေ ~~~”
“မေမေရေ ~~~”

အသက်ကို အပြင်းဆုံး တစ်ချက် ရှိုက်သွင်းပြီး တေလေ ည- တစ်စင်း အဖြစ်...  ကျွန်မ ကိုယ်ယောင် ဖျောက်ချ လိုက်မိတော့တယ်..။

(ခင်လေးငယ်)


ကျွန်မ ရေးခဲ့ဖူးတဲ့ ဘဝ အပိုင်းစလေးတွေ ရဲ့ Link ပါ..။

Thursday, June 7, 2012

~ စီးဆင်းနေသည့် မြစ်တစ်စင်း နှင့် တူသော ~



ဖြစ်ရပ်တိုင်းဟာ ဘယ်တော့မှ ထပ်တူ ပြန်ကျ မနေပါ။ သစ်လွင်မှုတွေသာ အမြဲ ရှိနေ~ ရှင်သန် လန်းဆတ် နေပါတယ်။

အတိတ် ဆိုတာကို အသိအာရုံမှာ တစ်ချက် ပြန်တွယ်တာ လိုက်တာနဲ့ အခု ခဏလေးရဲ့ အလှဟာ အကျည်းတန် သွားပါလိမ့်မယ်။ အတိတ် ရဲ့ အညစ်အကြေး (ဒါမှမဟုတ်) ပုပ်အက်အက် အရောင်တွေ~ ဆိုးဝါးလှတဲ့ အနံ့တွေနဲ့ သုတ်လိမ်း ခံလိုက်ရမှာပါပဲ..။


အနာဂတ် ကို မှန်းမျှော်လိုက် ပြန်ရင်ကော ဘာဖြစ်နိုင် ပါသေးလဲ.?


အနာဂတ် ဆိုတာကို တမ်းတ မှန်းမျှော်မိလိုက်တဲ့ စိတ်လေးဟာ ကျွန်မတို့ ပိုင်ဆိုင်တဲ့ အခု ခဏဆိုတဲ့ “အလှ” လေးကို မေ့လျော့ သွားစေ တော့ တာ ပဲပေါ့ ~

ဒါဟာ ~ ကြေကွဲစရာ ~ စိတ်မကောင်းစရာ ~ အခြေအနေလေး တစ်ခု ဖြစ်လို့ နေပါတယ်..။

ဒါ့ကြောင့် လည်း ပစ္စုပ္ပန် ခဏလေးတိုင်းဟာ သီးခြား ဖြစ်တည်နေတယ် ဆိုတာကို လက်ခံနိုင်ဖို့ ကျွန်မတို့ လိုအပ်ပါလိမ့်မယ်..။ အခြား အခြားသော အချိန်အခါတွေနဲ့ အတူ မရှိသလို~ အတုလည်း မရှိပါဘူး~ အနှိုင်းမဲ့လေးသာ ဖြစ်လို့ နေပါတယ်။

ကျွန်မတို့ တတွေဟာလည်း အချိန်တိုင်း၊ ခဏတိုင်း၊ တစ်တိုင်းတည်း ထပ်တူကျ တူညီနေ ပါသလား..?

ဟင့်အင်း..!! တူမနေ ပါဘူး..။ အစဉ် ပြောင်းလဲမြဲ ပြောင်းလဲလို့ နေနေပါတယ်။ ဒါဟာ သဘာဝလည်း ကျပါတယ် ~

အခု ခဏ အခု စက္ကန့်လေးကို အရင်အတိတ် မှာ ရရှိခဲ့ဖူး လို့လား..!! မရခဲ့ဖူး ပါဘူး။ အခုဆိုတဲ့ ဒီခဏလေးကို နောင်လည်း ဘယ်တော့မှ ပြန်ရတော့မှာ မဟုတ်ပါဘူး..။

**ကျွန်မတို့တွေ ~ အခု စက္ကန့်လေးကို အရိုးရှင်းဆုံး နေထိုင်ကြည့် ကြရအောင်ပါ**

**ကျွန်မတို့တွေ ~ ဒီ ခဏလေးကို တည့်တည့်မတ်မတ် ကြည့်မြင် ကြရအောင်ပါ**

**ကျွန်မတို့တွေ ~ “နေထိုင်” “ကြည့်မြင်” လိုက်တဲ့ ချမ်းမြေ့မှုလေးကို အခုပဲ “သိ” ကြရအောင်ပါ**

(ခင်လေးငယ်)
2012/ 06 /06

Monday, May 14, 2012

ဈာပန



သိခြင်းရှိခြင်း ဖြစ်ပျက်ခြင်း၌
ကျိုးကြောင်းဆီလျော် ကြည့်မြင်ခက်၍
ဝိဉာဉ်သဲ့သဲ့ လှုပ်ဖူးသည် ~ 


ဝေ့ဝဲလှမ်းလာ ရော်ရွက်ဝါ၌
သူ့အနိစ္စ သင်္ခါရတို့
ဖြူစင်ဝင်းပ ရွှန်းမြ၏ ~ 


ရင်ဝယ်စွဲငြိ ထိုအသိ၌
ဆင်ခြင်သုံးသပ် ထပ်ချပ်ကပ်သော် 
မိမိကိုယ်တိုင် သိမြင်နိုင်၏
လှုပ်ဖူးဝိဉာဉ် အရူးတည်း ~




(ခင်လေးငယ်)

ချစ်ပါ.. ချစ်တတ်ပါစေ.. ချစ်ပါသည်။

တစ်ခါတရံတွင် အရာအားလုံးသည် ဖြစ်ခဲသလို ပျက်ရန် ဖျက်ရန် ခက်ခဲလှသည်။ သို့သော်လည်း တစ်ခါတရံတွင်မူ မထင်မှတ်သည့် စက္ကန့်ပိုင်းလေးတစ်ခု အတွင်းမှာပင် အကြောင်းအရာ အလုံးစုံတို့သည် ပျက်ဆီးခြင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဦးတည်သွားတတ် ကြပါသေးသည်။ ကြည့်မြင်တတ်ရန် လိုအပ် ပါသည်။ နှလုံးသွင်းတတ်ရန် လိုအပ်ပါသည်။ 

ထို့နောက် လက်ခံ ယူတတ် ရန် အလွန် အရေးကြီးကြောင်း ကျွန်မတွေး မိ လာပါသည်။


ထိုဖြစ်ခြင်း၊ ပျက်ခြင်း သဘောသဘာဝတို့ကို ကျွန်မ၏ သေးငယ်သော ဦးနှောက်လေးတစ်ခုဖြင့် အလုံးစုံကို ကြည်ဖြူ စွာ အလိုက် သင့် လက်ခံယူတတ်ရန် ဝေးနေပါသေးသည်။ တစ်ဆင့်ပြိးတစ်ဆင့်၊ တစ်ထစ်ပြိး တစ်ထစ် သင်ကြား ယူနေဆဲ ဖြစ်ပါသည်။ တရား ဓမ္မ ၌ ငြင်သာ သိမ်မွေ့စွာ မွေ့လျော်ခြင်းဖြင့် လည်းကောင်း၊ လေ့လာ ထိုက်သာ စာပေများ ဖတ်ယူခြင်းအားဖြင့် လည်းကောင်း၊ အတွေးအခေါ် ရင့်ကျက်ခိုင်မာသော ကျွန်မ ဝန်းကျင်ရှိ လေးစား ထိုက်သူများ၏ ဆုံးမစကားများကို လည်းကောင်း၊ ဖတ်မှတ် ကြားနာ လက်ခံ နာယူရင်း ထွေပြား ရှုပ်ထွေးသော စိတ်၏သဘောကို သဘာဝအလျောက် နေထိုင်တတ်ရန် ကြိုးစား ကျင့်ဆောင်နေ ဆဲ ကာလလေး တစ်ခုမျှသာ ဖြစ်ပါသေးသည်။

လူ့ အသိုက် အဝန်း ၌ အလိုက်သင့် ချောမွေ့စွာ၊ ပေါပါးစွာ၊ နေထိုင်တတ်.. နေထိုင်နိုင်ရန်၊ ထိုက်သင့်သော လက်ခံမှုနှင့် လက်ခံ ယူတတ် ရန် မှာ ကျွန်မအတွက် မလွယ်ကူလှ သေးသော်ငြား လမ်းခုလပ်တော့ ရောက် လုနေပြီ။ စိတ်အလို ဆန္ဒကြောင့် ဖြစ်တည် လာသော အချစ်၊ အမုန်း၊ လောဘ၊ ဒေါသ၊ အာသီသ၊ တဏှာ တို့ဖြင့် ကျွန်မနပမ်းလုံး နေရပါသေးသည်။ သို့သော်လည်း လွန် ခဲ့လေသော နှစ်အချို့က ကျွန်မနှင့် ယ္ခု ကျွန်မ မတူပါ။

(၂၀၁၀) ခုနှစ်က ကျွန်မနှင့် (၂၀၁၁) ကျွန်မသည်လည်း မတူပါ။ အနီးစပ်ဆုံး မိမိကိုယ်ကို နှိုင်းယှဉ်ကြည့် မိသောအခါ မနေ့က ကျွန်မနှင့် ယနေ့ကျွန်မ သည်ပင် လုံးဝမတူညီပါ။ မိနစ် အပိုင်းခြားနှင့်အမျှ ပြောင်းလဲ၍ နေတတ်သော စိတ်၊ ခန္ဓာနှင့်ပင် ရင့်ကျက်တည်ငြိမ်မှု လမ်းမ တစ်ခုပေါ်သို့ ဦးတည်၍ ကျွန်မ လမ်းလျှာက်တတ် လိုပါသည်။ (ကျွန်မ စိတ်အစဉ်၏) ပြောင်းလဲလာမှု ဖြစ်စဉ် ကို ကျွန်မ ကိုယ်တိုင် နှလုံးသွင်း လက်ခံ ယူတတ်ရန် လိုအပ် ချက် များစွာ ရှိနေပါသေးသည်။

ကွေ့ကောက် သိမ်လှီသော လမ်းကျဉ်း များစွာ၊ မာယာများသာ လှေကားထစ်ပေါင်းများစွာ၊ နက်ရှိုင်း လွန်းသော ခြောက်ကမ်းပါးပေါင်း များစွာရှိသော ထိုလမ်းမများပေါ်တွင် ရဲရင့်စွာ နင်းလျှောက်ကျော်ဖြတ် ၍ လောက လမ်းမ ကျယ် တစ်ခု အပေါ်သို့ ခြေအစုံကို ခိုင်မာစွာ ချတတ်နိုင်ရန် ကျွန်မကြိုးစား နေပါ သည်။ လောက လမ်းမများပေါ်တွင် သိမ့်မွေ့စွာ၊ တည်ငြိမ်စွာ၊ မှန်ကန်စွာ၊ ကျွန်မ လမ်းလျှောက် တတ်လိုပါသည်။ အေးဆေး လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းတတ်ရန် ခိုင်မြဲသော ခြေအစုံကို ကျွန်မ လိုအပ်ပါသည်။ ငြိမ်းချမ်း စွာ ကျွန်မ မျက်လွှာ ချလို ပါသည်။

လောကဓံတရား၏ မီးတောက်မီးလျှံတို့ကို ရဲဝံ့စွာ ကြည့်မြင်နိုင် မည့် မျက်လုံးလေးတစ်စုံ ကျွန်မ လိုအပ်ပါသည်။ ချစ်သူ၊ မုန်းသူ၊ လိုသူ၊ မလိုသူတို့ကို လှိုက်လှိုက် လှဲလှဲနှင့် အတည်ငြိမ်ဆုံး ပြုံးပြတတ်ရန် (လှပဘို့ မလိုသော) နှုတ်ခမ်းနှစ်လွှာ ကျွန်မ လိုပါ သည်။ မိတ်ဆွေ၊ မိတ်ဆွေ မဟုတ်သူ၊ ကျွန်မကိုသိသူ၊ ကျွန်မကမသိသူ၊ အသားအရောင်တူသူ၊ ကွဲပြား သူ၊ ပညာ တတ်သူ၊ ပညာ မဲ့သူ၊ ကြွယ်ဝ ချမ်းသာသူ၊ ချို့တဲ့သူ၊ ကျွန်မကို လိုလားသူ၊ ကျွန်မကို မုန်းတီးသူ၊ လူအားလုံး ကို ချစ်ခင် တတ်ရန် ကျွန်မ တွင် ရှိနေသာ နှလုံးသားကို ပိုမိုဖြူစင် သန့်ရှင်း လိုပါသည်။

(အလုံးစုံ မပြည့်ဝသေးသော်လည်း) ကြိုးစားဆဲ ကာလ လမ်းခုလပ်လေးမှာပင် သဘာဝလောကနှင့် အနီးစပ် ဆုံး သော သိရှိနေထိုင် မှု အသိတရား တစ်ခုဖြင့် မြင်မြင် သမျှ အမြင်အာရုံ၊ ကြားကြားသမျှ အကြား အာရုံ၊ ဖြစ်ခြင်း ပျက်ခြင်း သဘော သဘာဝ တို့ ၏ အကြောင်း အကျိုး အရာရာ ကို ချစ်ခင်စွာ၊ တန်ဖိုး ထား စွာ၊ လှိုက်လှဲ စွာ၊ လေးစား စွာ၊ လက်ခံ သင်ယူရင်း...

ယနေ့... ယခု... ကျွန်မနေထိုင်နေ ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှတ်ချက်။။ ကျွန်မ တွေးယူ ကျင့်ကြံနေသော အကြောင်းအရာလေး တစ်ခု အား ချရေးခြင်း သက်သက် မျှသာ။ “လူတွေကို ချစ်ပါ.. လူတိုင်း ကို ချစ်ပါ.. များများချစ်တတ်ပါစေ..” ဟု ခဏခဏ မှာတတ်သည့် ချစ်သော မွေးသမိခင် “မေမေ” နှင့် ကျွန်မ၏ စိတ်နှလုံး ကို ပိုမိုသန့်စင်လှပစေရန် လမ်းပြသွန်သင် ပေးတတ်လေ့ ရှိသော “ကိုကြီး” တို့အား ကျွန်မ ကျေးဇူးတင်ပါသည်။

(ခင်လေးငယ်)

 

~ တစ်ပွင့်တည်း ~






အို.....
စံပယ် ~ တဲ့လား..!!

တစ်ခွန်းတည်း ကြားယုံနဲ့
တစ်ခင်းလုံး ထဲ ပြုတ်- ပြုတ်- ကျနေတော့တာ


သူ့ ရနံ့တွေ နဲ့ ထုံသင်း~
ဒါ... ကျွန်မ စံပယ်ခင်း~




(ခင်လေးငယ်)

စေရာ ~

“လ” လေးက ခပ်ကွေးကွေး... တိမ်တွေက တစ်ချို့တစ်ဝက် ပြေးဆော့လို့... ဒီည ကောင်းကင်က ပြာမနေပါဘူး။ ခပ်မှိုင်းမှိုင်းနဲ့... ကြယ်လေးတွေ တစ်လုံး.. နှစ်လုံး.. သုံးလုံး.... မြင်နေရတဲ့ မြင်ကွင်းထဲမှာ ရှိနေ တာ သေချာ ရေကြည့်မယ်ဆိုရင် အားလုံး တစ်ဆယ့် သုံးလုံး တိတိ..။ လင်းတစ်ခါ မှိန်တစ်လှည့်နဲ့ မှိတ် တုတ်တုတ်..။ 

ဆောင်း ရဲ့လေက အေးစက်စက်.. လေအသော့မှာ ညိုထွေးထွေး ဆံနွယ်တွေကဝေ့ဝဲ... ပါးပြင်တွေက တင်း ခနဲ... စိတ်တွေက လေးလံ လွန်းနေဆဲ...။ 

တစ်စုံတရာပေါ်မှာ စီးမျောနေတဲ့ တစ်စုံတရာဟာ နဂါးငွေ့တန်းတွေလို ရစ်သိုင်းလို့... မှုတ်ထုတ်မိတဲ့ သက်ပြင်း ဟာ ဘာ အရောင် ရှိနေလဲ ကျွန်မ မသိ...။ နားလည်ရခက်တဲ့ အရောင်တွေကို နံမည် တတ်ရ လောက်အောင် အထိ ကျွန်မဟာ စိတ်ရှည်သူ မဟုတ်..။ လ နဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ ကြယ် တစ်ပွင့် ကို ငေးမောနေဖို့တော့ ကမ္ဘာမှာ စိတ်အရှည်ဆုံး မိန်းမ ဖြစ်ကောင်း ဖြစ် ပါလိမ့် မယ်...။ 


ကျွန်မဘေး မှာ သီချင်းတစ်ပိုဒ် ရှိချင်ရှိမယ်... တစ်ပိုင်းတစ်စ ကဗျာ နှစ်ကြောင်းလောက်လည်း ရှိနေနိုင် တယ်.... ဒါမှမဟုတ်.... ရနံ့လေး တစ်ခု...!! ချိုအီအီအနံ့ မဟုတ်တာ သေချာတယ်... ခါးသက်သက် အနံ့ ဟုတ် မဟုတ်တော့ မဝေခွဲနိုင်ဘူး... ဒါပေမဲ့ ကျွန်မ အတွေးတွေ ခါးသက်သက် ဖြစ်လို့နေတာတော့ အမှန်..။

အာခေါင်တွေက ခြောက်ကပ်ကပ်.. မျက်ဝန်းတစ်ဝိုက်မှာတော့ စိုစွတ်စွတ်...။ လေ နဲ့ အတူ ယိမ်းနေတဲ့ ဆံပင်တွေက အရိုင်းဆန်လာသလို... ငေးကြည့်နေမိတဲ့ ကြယ်တစ်ပွင့်ရဲ့ အလင်း က စူးစူးလို့ လာနေပေါ့...။ စိတ်တွေ ကို စိတ်နဲ့ကုစားဖို့ စိတ်တွေဟာ အဆိပ်သင့်နေခဲ့ပြီးသား..!! အမှတ်တရ ဆိုတာတွေကို အမှတ် ရနေဖို့ လုံလောက်တဲ့ ဦးနှောက် တစ်ခုနဲ့ သိပ်ကိုအမှတ်တရ ရှိနေပြန်ရော..။ 

တမ်းတ လွမ်းဆွတ်ခြင်းကို ခူးဆွတ် ဖို့ ရူးနေတဲ့ အရာဟာ အထစ်ထစ် အငေါ့ငေါ့ ပဲ မဟုတ်လား..!! သေချာတယ်... တိတ်ဆိတ် တဲ့ ညနဲ့ လကွေးကွေး ဟာ ကျွန်မကိုကယ်ဖို့ သူရဲကောင်းမဟုတ်... ကြယ် ကို တလို့ ရသ တစ်ပိုဒ် ဖြစ်နိုင်ချေ မရှိတာ လည်း အမှန် တရားပေါ့။ ဒါဟာ... အသက် မဲ့တဲ့ တမ်းချင်းသေတစ်ပိုဒ်...။ 

အဓိပ္ပါယ် ရှိဖို့ အဓိပ္ပါယ်မဲ့တဲ့ ဥာဏ်နဲ့စဉ်းစားမှတော့ အချီးအနှီးတွေသာ လက်ထဲပြုတ်ကျလို့ ကခုန်နေကြ ...။ အဲ့ဒီ ကြယ်ပေါ့.... ကျွန်မ ကို ငေးစေ ခဲ့တာ... မှင်တက်အောင်ပြုစားလို့... ဟော... ကြည့်..!! ခုတော့ စူး ရှရှ အလင်းတွေ နဲ့ ရသ တစ်မျိုးဖြစ်အောင် သိမ်းသွင်း ဖန်တီး လို့ နေပြန်တာ...။ ဘယ်လိုပဲဖြစ်ဖြစ်... ကျွန်မ ဆက်ငေးနေ မိဆဲ... တွေးနေ မိဆဲ... မျောလွင့်နေမြဲ...။ 

အမုန်း တရားတွေ နဲ့ နာကျင်စွာ ပိုင်နိုင်စွာ မျက်လုံး တွေ ပိတ်ပစ်ဖို့ ကြိုးစားရင်း ဒါဟာ.. အလကား....!! 

သွေးတောင့် လာတဲ့ နာရီတွေတောင် လေးပင်လို့ ပျင်းရိငြီးတွားရင်း ရပ်တန့်ကုန်ကြပေါ့....!!

ကောင်းကင် ရယ်.. လကွေးကွေးရယ်.. ကြယ်တစ်ပွင့်ရယ်.. မိန်းမတစ်ယောက်ရယ်..။ ငေးနေတုန်း “ဝုန်း” ကနဲ ကြယ်ကကြွေ ကျ... မိန်းမ တစ်ယောက်လည်း နွမ်းလျစွာ ဒူးထောက်မြေခ...။ ခပ်ကြမ်းကြမ်း ခါမိတဲ့ ခေါင်း နဲ့ ယောင်ယမ်းလို့ မျက်ဝန်းအမှိတ်မှာ စီးကြောင်း တစ်ခုက ပါးပြင်ပေါ်မှာ နွေးခနဲ...!! 

လက်သွား တဲ့ ပုလဲပွင့်တွေက လအရောင်မှာ ဝင်းကနဲ..........................။

(ခင်လေးငယ်)
 

Friday, May 11, 2012

~ ငှက်တစ်ကောင် ~

မချုပ်ကြပါနဲ့
အနှောင်အတွယ်တွေကို မုန်းလွန်းလို့ပါ ။

မတားကြပါနဲ့
အတွေးတွေကို လိုရာ လွှင့်နေချင်လို့ပါ ။

မပိတ်ပင်ကြပါနဲ့
စိတ်တွေနောက်ကို စိတ်တွေလိုက်နေချင်လို့ပါ ။

မလိုက်ခဲ့ကြပါနဲ့
တစ်ယောက်ထဲ နေသားကျနေပြီးသားမို့ပါ

နားလည်မှု ~
အချစ် ~
ဝန်တိုစိတ် ~
ပိုင်ဆိုင်လိုခြင်း ~
ဂတိ ~
စာချုပ် ~
လက်မှတ် ~
ငြိမ်းချမ်းရေး ~
အတိတ် ~
ပစ္စုပ္ပန် ~
နောင်ရေး ~
ဘာတွေလဲ.. ဘာတွေလဲ ကွယ်...!!

မလိုချင်ဘူး
ကိုယ့်အတ္တတွေနဲ့ ကိုယ်တိုင်မွေ့ပျော်နေလို့ပါ ။

မလိုအပ်ပါနဲ့
ကိုယ်တိုင်က အတ္တတွေနဲ့ ထုံချယ်ထားတဲ့ မိန်းမမို့ပါ ။

ဝမ်းနည်းပါတယ်
ကျွန်မ တစ်ကိုယ်တည်း ကြေကွဲစွာနဲ့ အတောင်ပံခတ် နေချင်လို့ပါ ။

(ခင်လေးငယ်)

Wednesday, May 9, 2012

~ မိတ်ဆွေတစ်ဦးနှင့် စကားစမြည်~

(A:)
ကဲ.. ကျွန်မ ရှင့်ကို မေးလိုတဲ့ မေးခွန်း စပါပြီ..။ ရှင် ပြောပြောနေတဲ့ “သူ..” က ဘယ်လိုလူများပါလဲ..??

(B:)
ရှင်းရှင်းလေးပါဗျ..။ သူက ကျနော် သိပ်ချစ်တဲ့ အမျိုးသမီးလေး ပေါ့ ~ တကယ့် ကလေးလေး ဆိုလည်း ဟုတ်တယ်။ တစ်ခါတစ်လေ ချွဲ တတ်သေးတယ်။ တစ်ခါတစ်လေလည်း ဂျစ်ပေပေ နဲ့ ဆိုးတယ်။ ဒါပေမယ့် ဘယ်အချိန် မဆို သူ့ကို မေးရင် ~ “ချစ်တယ်" လို့ အမြဲ ပြောလေ့ရှိတယ်။ သူ့မှာ ချစ်စရာ ဘယ်အချက်တွေ ရှိသလဲလို့ မေးကြမှာလား..!! တကယ် က သူ လွတ်လပ်စွာ ဖြစ်တည်နေ တာလေးကိုက ချစ်စရာလေး ဖြစ်နေတာ ပါဗျ... ချစ်ခြင်း သက်သက်က သူ၊ ချစ်တယ် ဆိုတာ ကိုယ်၌က သူ ~ ပဲ။ သူ့မှာ ချစ်စရာဆိုတဲ့ အခြား အချက် သပ်သပ်ခွဲထွက် မနေဘူး။ ဒါ့ကြောင့်... ကျနော် သူ့ကို ချစ်တာ က "သူ" ဆိုတဲ့ အားလုံးကို ချစ်တာ။  ချစ်ခြင်းကလည်း သူ၊ ချစ်တာကလည်း သူ၊ အချစ်ကိုယ်၌က သူ ဖြစ်ပါတယ်။

ကုန်ရော ဆိုပါတော့ ~

(A:)
ရှင့် ချစ်သူက ဒါ့ကြောင့်လည်း ရှင့်ကို ပိုချစ်တာ ဖြစ်နိုင်တယ် ထင်ပါရဲ့..!! ကျွန်မ တွေးကြည့်တာပါ..။

(B:)
ဝါးးး “ဒါ့ကြောင့် လည်း ပိုချစ်တာ” တဲ့လား ~~ အင်မတန် ချစ်ဖို့ ကောင်းတဲ့ စကားပဲ။ ဟုတ်တယ် ~ ခင်ဗျား သူ့ဆီက ဘယ် အချက်တွေ ကို ထောက်ပြမလဲ..!! သူ့ကို ဘာတွေ လက်ညှိုးထိုးပြဦးမလဲ..!! အဲ့ဒီ ထောက်ပြတဲ့ အချက် ကို မြင် ရင် ကျနော် ပိုချစ် မှာပဲ။ နောက် တစ်ချက် ထောက်ပြဦးမလား..! ကျနော် ပို~ ပို ~ ချစ်မှာပဲ.. ဘာလို့ဆို ~ ကျနော် သူ့ကို ချစ်တာက - "ပို~ ပို ပြီး" ဆိုတဲ့ ပုဒ် တစ်ခုသာ သုံးရပါလိမ့်မယ်။ ဒါလည်း အနီးစပ်ဆုံးပဲ။ ပိုပိုပြီး ချစ်လာဖို့ ~ ကျနော်နဲ့ သူ့ကြားမှာ ~ ပို ~ ပို ~ တိုးလာဖို့~ ပိုချစ် တယ်ဆိုတာပဲ ရှိတယ်။ ဥပမာ ပေးရရင် အချိန် လိုပေါ့ဗျာ..တစ်ထစ် တက်သွားတဲ့ နာရီလက်တံလေးဟာ ဘယ်တော့မှ နောက်ပြန် မဆုတ်ဘူး.။ ဆုတ်လို့လည်း မရဘူး ။ ရှေ့ဆက်ပြီး တစ်တက်တက် - ပိုတိုးသွားနေဖို့ပဲ မဟုတ်လား..!! ရှေ့ကို တစ်ထစ်ချင်း တက်သွား တယ်။ ပိုပိုပြီး တိုးသွားတယ်။ ပိုပြီးတိုးပွား သွားတာလေးကိုပဲ "ချစ်တယ်" လို့ ဝိဂြိုလ် ပြုရပါမယ်။  ~ဟုတ်တယ် ~ ခင်ဗျား ဘယ်အချက် ထောက်ပြ ပြ ~ ကျနော် သူ့ကို ပို ပိုပြီး ချစ် တယ်.. ဒါ အရိုးရှင်းဆုံးပဲ။

(A:)
အများကြီးပါရှင်.. ကျွန်မ သူ့ကို သိနေသလောက်.. မြင်နေသလောက်.. ထောက်ပြချင်စရာတွေက အများကြီးပဲကော...

(B:)
ဝါးးးးး 
ပျော်စရာ ကောင်းလိုက်တာ ~ လို့ပဲ ပြောရတော့မယ်။  ခင်ဗျားမှာ သူ့ကို ထောက်ပြချင်စရာ များလေ~ ကျနော် ချစ်ရတာ များလာလေပေါ့

(A:)
ရှင် အဲ့တာတော့ ပိုပြီ ထင်တယ်.......

(B:) 
ဟင့်အင်း ~ ခင်ဗျား အခုပြောတဲ့ “ပို” ဆိုတဲ့ စကား က ~ စောနက "ပို" ဆိုတဲ့ စကားနဲ့ မတူဘူး။ အခု ခင်ဗျား ပြောတဲ့ "ပို" ဆိုတာ - ကျနော် မဟုတ်တာကို အဟုတ်လုပ် ပြောတယ်လို့ ဆိုလိုချင်တာ။ ဟုတ်တယ်မှလား?? တကယ်က ကျနော် မဟုတ်တာကို ပြောနေတာ မဟုတ်ဘူး။ မယုံရင် ခင်ဗျား ခဏလောက်လေး ကျနော့ရင်ကို ကြည့်ကြည့်..!! ဒါမှမဟုတ် ~ ကျနော့ချစ်သူ သူ့ ရင်ထဲကို ကြည့်ကြည့်..!! ခင်ဗျားတို့ မမြင်ဖူးတဲ့ အရာလေး ကို မုချ မြင်ရမှာပဲဆိုတာ ကျနော် လောင်းရဲပါရဲ့..။ အဲ့ဒါလေးကို မြင်ရင် ခင်ဗျား တို့ သိမှာပဲ..။ တအံ့တဩ မိန်းမော သွားကြမှာပဲ..။ ကျနော်တို့မှာ ဘယ်လိုအရာကိုမှ ပူပန်စိုးရိမ်စိတ်တွေနဲ့ ရှိမနေကြဘူး.. မြင်ရဲ့လား။ တစ်ယောက်နဲ့ တစ်ယောက် ထားရှိတဲ့ ချမ်းမြေ့စိတ်ကလေး တစ်ရံစာမှ မပြတ်လပ် သွားဘူး ~ အဲ့ဒါကော တွေ့ရဲ့လား။  တကယ် လို့ ခင်ဗျားမှာ နှလုံးရောဂါတွေဘာတွေ ရှိမယ် ဆိုရင်တော့ ကျေးဇူးပြုပြီး မကြည့်ပါနဲ့ ~ ကျနော် အဲ့လိုပဲ တားရလိမ့်မယ်။ ဘာလို့ဆို သူနဲ့ ကျနော် နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ အဲ့ဒီ အံ့ဩစရာ၊ မိန်းမောသွားစရာ အရာလေးက တကယ် ကြည်ကြည် လင်လင်လေး ကျိန်းသေ ရှိနေတယ်။ ခင်ဗျား ရင်ထဲ တစ်စုံတစ်ခု ဖြစ်သွားနိုင်တယ်။ 

(A:)
အိုးး ဆိုင်လို့လား.....??

(B:)
ဆိုင်တာပေါ့ မိတ်ဆွေရဲ့.. ခင်ဗျား ရုတ်တရက် အသက်ရှုရပ်သွားနိုင်တယ် ~ အဲ့ဒါ အတိအကျပဲ။

(A:)
ကဲ.. ထားပါတော့.. ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ ရှင် ပြောသလိုဆိုရင် သာမာန် ကျွန်မ အနေနဲ့တော့ နည်းနည်း အံ့သြစိတ်လေး ဖြစ်မိပါရဲ့။ ရှင့်ချစ်ခြင်းမေတ္တာ.. ရှင်ချစ်နိုင်တဲ့ အချစ်ဟာ သေးသေးလောက်တော့ ပိုနေနိုင်မလား လို့ပါ။

(B:)
ဟင့်အင်း ~ ကျနော့ အထင် ~ လိုတောင် လိုနေသေးတယ် လို့ ပြောရမယ်။ ဘာလို့ဆို ~ သူ့ကို ကျနော် ချစ်တာ ~ ပြောပြလို့ မှ မရဘဲကိုး..။ လွတ်လပ်ပေါ့ပါးနေတယ်.. ကြည့်ကြည့်ပါ... ကျနော်တို့ ကြည်လင်နေတယ်.. ဘာအတားဆီး ဘယ်လိုခေါင်းစဉ်မျိုး အောက်မှာမှ မဝင်ပါဘဲ- အရှင်းဆုံး ရှိနေတယ်။ အခုလောက် ပြောပြနေတာတောင် ကျနော် တို့ တကယ်ချစ်တဲ့ အဖြစ် ကို ခြေဖျား မထိသေး ဘူးဗျ..။ တစ်နည်းဆိုရရင်~ ကျနော် အခုပြောနေတာက~ တကယ့်အဖြစ်ကို အတိအကျ ပြောပြနေနိုင်တာမျိုး မဟုတ်ဘူး။ ဖြစ်ချင်း ဖြစ်ရင် ~  လျော့လျော့ပေါ့ပေါ့ ပြောနေတာမျိုးပဲ ဖြစ်နေဦးမှာ။

(A:)
ကောင်းပြီ ရှင်တို့ အကြောင်းကို ကျွန်မ စာရေးရမယ်။ မေးစရာ အချက်တွေ ရှိလာခဲ့ရင် ရှင်ဖြေပေးနိုင်မလား..??

(B:)
အိုး ~ သူ့အကြောင်း၊ သူ့ကို ချစ်တဲ့အကြောင်း လား။ ~ ကျနော့ခေါင်းကို ကောင်းကောင်းရိုက်ခွဲထားခဲ့ရင်တောင် ~ ကျနော် ဖြေနိုင် ပါလိမ့်ဦးမယ်။ ကျနော့ရင်ကို သွေးစိမ်းရှင်ရှင် ခွဲထားဆဲ ရှိနေတယ် ဆိုပါစို့ ~ အဲ့အချိန် ဆိုရင်လည်း (ကျနော် သိနေပါတယ်) ကျနော် ချက်ချင်း ဖြေနိုင်တယ်။

(A:)
ရှင် အခု ပြောသွားတာလေး သေချာမှတ်ထားနော် ကျွန်မ မေးစရာ ရှိလာရင်မေးမယ်.. ကျွန်မ သူ့ကိုလည်း ပိုမို လေ့လာကြည့် ပါရစေဦး။ ရှင်ပြောတာ ဟုတ်မဟုတ်ပေါ့..!!

(B:)
ကောင်းပြီ ~ ခင်ဗျားလည်း တစ်ခု ပြန်မှတ်ထားပေးပါ ~ ကျနော် ပြောပြဖြစ်ကောင်း ပြောပြမယ့် အကြောင်းအရာတွေဟာ စကားလုံးတွေ၊ ဝေါဟာရတွေပါ။ တကယ့် အဖြစ်၊ တကယ့်အချစ်က- ခင်ဗျား ကိုယ်တိုင် မတွေ့ကြုံမိ မချင်း မသိမမြင်ပဲ ဖြစ်နေသေးဦးမှာ~ ခင်ဗျား ကိုယ်တိုင် ကြုံတွေ့မှသာ ကောင်းကောင်း သိနိုင်မှာပါ။ အဲ့ဒါကို မှတ်ထားပေးပါ။ ကျနော် သူ့ကို ချစ်တာ က စကားလုံး မဟုတ်ဘူး။ ဝေါဟာရ၊ အကြောင်းအချက် မဟုတ်ဘူးဗျ။ ကျနော် ~.~.~.~.~ “သူ့ ” ~.~.~.~.~ ကို “ချစ်တာ”။ အိုခေ !? ခင်ဗျား ဆန္ဒရှိတဲ့ အချိန် မေးနိုင်ပါတယ်။

(A:)
စကားလုံးတွေ.. ဝေါဟာရတွေ... ကဲပါ ~ ဟုတ်ပါပြီ.. ရှင်ပြောတာ ကျွန်မ သိတယ်.. သို့သော် ကျွန်မကတော့ စကားလုံးတွေ အဖြစ် အသွင် ပြောင်းရလိမ့်မယ်..။ ဒါဟာ ကျွန်မ စိတ်ဝင်စားတဲ့ အလုပ်မို့ပဲ..။

(B:)
ခင်ဗျားရဲ့ ကြိုးစားမှုအတွက် ကျနော် ဝမ်းသာပါတယ်.. တကယ့် အဖြစ်ကို မီမှာ မဟုတ်ဘူးလို့ သိနေတာလေး အတွက် ခွင့်လွှတ်ပါ။ အဲ့ဒါလေး အတွက်တော့ ကျနော် စိတ်မကောင်းဘူး။

(A:)
ကျွန်မအလုပ် ကျွန်မလုပ်တာပါ..။ ရှင် ချီးမွမ်းဖို့ စိတ်မကောင်းဖြစ်ဖို့ အဲ့တာတွေ မလိုအပ် လှပါဘူး..။ ကျွန်မ ရှင်တို့ကို စိတ်ဝင်စားတယ်.. အေးမြတဲ့ ချစ်ခြင်းမေတ္တာတွေ အကြောင်း သိလိုတယ်.. လေ့လာနေဆဲ ~ ခုချိန်မှာတော့ ရှင်တို့ကို လေ့လာနေတယ် ဆိုတဲ့ ဒီ အလုပ်ကို ကျွန်မ ဆက်လုပ်နေပါတယ်.. ဒါလေးပါဘဲ..။

(B:)
အဟားး ပြီးဆုံးတဲ့ လေ့လာမှုတော့ ဖြစ်လာမှာ မဟုတ်ဘူးဗျနော..

(A:)
အတိုင်းတာ တစ်ခု အထိတော့ ကျွန်မ စွမ်းဆောင်နိုင်မှာပါ....

(B:)
ကောင်းပါပြီ ~ ခင်ဗျားကို ထောက်ကူသောအားဖြင့် ~ ကျနော် လမ်းစတစ်ခုလောက် hint ပေးထားချင်ပါတယ်။

(A:)
ဟုတ်ပြီ.......!!

(B:)
“ကျနော်တို့” ဆိုတဲ့ အနေနဲ့ ခင်ဗျား ဘယ်တော့မှ မလေ့လာပါနဲ့။

(A:)
ကျွန်မ စိတ်ဝင်စားလျက်......

(B:)
သူ နဲ့ ကျနော် ဆိုတာဟာ နှစ်ယောက် မဟုတ်ဘူး။ တစ်ယောက်တည်း ~ တစ်ဦးတည်း ပဲ။ ကျနော်နဲ့ သူ ချစ်ကြတာဟာ - ကျနော် ဟာ ကျနော် ဖြစ်လို့၊ သူဟာ သူဖြစ်လို့ - ချစ်ကြတာ မဟုတ်ဘူး။ ကျနော် ဟာ သူဖြစ်ပြီး၊ သူဟာ ကျနော် ဖြစ်နေလို့ ချစ်တယ် ဆိုတဲ့ ဝေါဟာရနဲ့ ကင်ပွန်း တပ်ထားတာ ဖြစ်တယ်။ အဲ့ဒါလေး ထပ်မှတ် ထားပါ။ ဒါလေးပါပဲ ~ အောင်မြင်ပါစေ.။

(A:)
Thank you ပါ ~ ကျန်တာ ကျွန်မ ကိစ္စ ဖြစ်သွားပြီ..။
ထပ်ပြောပါရစေ ~ ခုလို ပြောပြတဲ့ ခဏလေးအတွက် ရှင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်..။

(B:)
ခင်ဗျားတို့ သိလိုတဲ့ လွတ်လပ်အေးမြတဲ့ ချစ်ခြင်းမေတ္တာစစ်စစ်ကို တကယ် သိနိုင်ကြပါစေဗျာ ~

(ခင်လေးငယ်)