တွယ်ရစ်နွှယ်ငင်မှုဟာ အင်မတန် ကြောက်စရာကောင်းမှန်း သူ- သိတယ်။ အေးအေး၊ ပူပူ၊ တမ်းတသူကော အတမ်းတခံ တစ်ပါးသူပါ သဲ့သဲ့ လှုပ်တော့တာပဲ။
မကြိုက်ဘူး။ ဒါပေမယ့် မရဘူး။ အကြိမ်ကြိမ် ခွာချတယ်။ ပြန်ပြန်ပြီး လာလာကပ်တယ်။ ညာလို့ မရဘူး။ ကပ်လာတာကို သိချိန်မှာ ပြန်ခွာလည်း ခဏတာပဲ။ ကာလံဒေသံမရွေး နာမ်ကော ခန္ဓာရုပ်နဲ့ပါ တစ်သားတည်း ချပ်ချပ်ရပ်ရပ် ဖြစ်နေတတ်တဲ့ ဝတ်စုံဟာ အဲ့ဒီကောင်ပဲ။ ဆယ်စုနှစ်ပေါင်းများစွာက မပေါ့မပါး (ဒါမှမဟုတ်) ပေါ့ပေါ့ပါးပါး ရွေ့လျော သွားခဲ့ဖူးပေမပေါ့။ ထူးမခြားနား ဖြစ်စဉ်ဟာ မပြောင်းမလဲ ဖြစ်တည်နေတုန်းရယ်။
အဲ့ဒီ့ပုစ္ဆာကို ကိုင်တွယ်ဖြေရှင်းဖို့.. တဲ့--

သူတစ်ဦးတည်း
မာန်ပါပါကြွေးကြော် ဟစ်အော်ရင်းနဲ့ သူဘယ်တော့မှ ပြန်မဝတ်ချင်တဲ့
အဲ့ဒီအင်္ကျီဟာ ခုချိန်ထိ သူနဲ့ တော်တော်နေတုန်း~~~
ခေါက်ရိုးကျိုး
တွန့်ကြေနေတဲ့ ကလေးငယ်ဘဝ အဖြူအမည်း ဓါတ်ပုံအဟောင်းလေးတွေက သူ့နံပါးမှာ
ခဏတိုင်း၊ ခဏတိုင်း ပလူပျံလို့ ကောင်းနေတုန်း~~~ ဒီလိုနဲ့ပဲ.......
...................
..........................
...............................
......................................
အမည်နာမတွေအောက် တိုးဝင်သက်ဆင်းခြင်းကို တိတိပပ မုန်းတီးသူ တစ်ယောက်ဟာ သူ- မနှစ်သက်တဲ့ အဲ့ဒီ့ဝတ်စုံကို **သံယောဇဉ်** လို့ တိုးသက်သက်လေး ရွတ်ဆိုရင်း အမည်တပ်လိုက် ရတော့တယ်။
■ ခင်လေးငယ် _19032016
No comments:
Post a Comment