ဟိုးရှေး
ရှေးတုန်းကပေါ့ကွယ်- ရွာကြီး တစ်ရွာမှာ ဖိုးဖိုးကြီးနဲ့ ဖွားဖွားကြီး
လင်မယားနှစ်ယောက် ရှိကြတယ်- တဲ့။ ဖိုးဖိုးဟာ နေ့တိုင်းနေ့တိုင်း တောထဲမှာ
ဝါးတွေခုတ်ပြီး ဖိုးဖိုးခုတ်ယူလာတဲ့ ဝါးတွေကို ဖွားဖွားက
တောင်းတွေယက်လုပ်လို့ အသက်မွေးဝမ်းကျောင်း ပြု ကြတာပေါ့ကွယ်။
တစ်နေ့တော့ ဖိုးဖိုးက ထုံးစံအတိုင်း ဝါးတွေခုတ်ယူဖို့ တောထဲသွားတာပေါ့။
ဖိုးဖိုး ခုတ်ယူနေကျ ဝါးပင်တွေက အရောင်တွေ တလက်လက်တောက်နေတာကို ထူးဆန်းစွာ
မြင်လိုက်ရတယ်။ အရမ်းအံ့သြသွားတာပေါ့။ အနားလည်းရောက်ကော ရောင်ဝါတွေ
တောက်ပနေတဲ့ ဝါးပင်တွေကြားမှာ သိပ်ကို ချစ်စရာကောင်းတဲ့ ကလေးပိစိလေး
တစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတော့တယ်။ ဒီလိုနဲ့ ဖိုးဖိုးဟာ ချစ်စရာ
ကလေးလေးကို တယုတယလေး ပွေ့ချီခေါ်ပြီး အိမ်ပြန်လာခဲ့တာပေါ့။
အိမ်မှာ ရှိနေတဲ့ ဖွားဖွားကလည်း ကလေးလေးကို တွေ့တော့ အရမ်း
အံ့သြသွားတာပေါ့။ သိပ်လည်းပျော်ရွှင်သွားတယ်။ ဖိုးဖိုးနဲ့ ဖွားဖွားက
အသက်တွေသာ ကြီးလာတယ် သူတို့မှာ ကလေးမှ မရှိပဲကိုး။ ဒါ့ကြောင့် ဒီကလေးလေးကို
နတ်သကြားတွေက သူတို့အတွက် လက်ဆောင်ပေးတာပဲ လို့ တွေးပြီး အင်မတန်
ဝမ်းသာနေကြတာပေါ့။ ဖိုးဖိုးနဲ့ဖွားဖွားဟာ အဲ့ဒီ ကလေးလေးကို ခါဂူယ- လို့
နာမည်ပေးလိုက်ကြပြီး ဂရုတစိုက် ကျွေးမွေးပြုစု ကြတော့တာပေါ့။
ခါဂူယလေး ရောက်လာတဲ့ နောက်နေ့ကစပြီး ဖိုးဖိုးဝါးခုတ်သွားတိုင်း ခုတ်သမျှ
ဝါးပင်တွေထဲကနေ ရွှေဒင်္ဂါးပြားတွေ အများကြီး ထွက်လာတော့တာပဲ။ ဒီလိုနဲ့
ဖိုးဖိုးနဲ့ ဖွားဖွားဟာ ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ ဖြစ်လာကြတယ်။
နှစ်အနည်းငယ် ကြာမြင့်လာတာနဲ့အမျှ ခါဂူယလေးကလည်း အရွယ်ရောက် လာတော့တာပေါ့။
အရွယ်ရောက်လာတဲ့ ခါဂူယလေးဟာ သိပ်ကို ချောမောလှပတဲ့ မင်းသမီးလေးတစ်ယောက်
ဖြစ်လာခဲ့တယ်။
သူ့ကို မြင်တဲ့ ယောကျာ်းလေးတိုင်းကလည်း
ခါဂူယမင်းသမီးလေးကို အင်မတန်မှ ချစ်ခင်နှစ်သက်မိကြတယ်။ သူတို့တွေဟာ
တန်ဖိုးကြီး ရှားပါးလှတဲ့ ရတနာပစ္စည်းတွေ ယူလာပြီး ခါဂူယမင်းသမီးလေးကို
လက်ထပ်ပေါင်းသင်းခွင့် ပန်ကြတာပေါ့။ သူတို့တွေ ဘယ်လိုပြောပြော
ခါဂူယမင်းသမီးလေးက ဝမ်းသာစိတ် မဖြစ်ဘူး.. တဲ့။ ဒီလိုနဲ့
ဆောင်းတွင်းအချိန်ကို ရောက်လာတာပေါ့။ ဆောင်းညတစ်ည အရောက်မှာ
ခါဂူယမင်းသမီးလေးက ရှိုက်ကြီးတငင် ငိုကြွေးရင်း ဖိုးဖိုးနဲ့ ဖွားဖွားကို
ဒီလို ပြောတယ်။
"ဖိုးဖိုးနဲ့ ဖွားဖွားရှင့်- သမီးဟာ တကယ်တော့
လမင်းမှာ မွေးဖွားခဲ့တာရယ်ပါ- မကြာခင်မှာပဲ လမင်းကြီးဆီက အကြိုတော်တွေ
ရောက်လာပြီး သမီးကို ခေါ်ကြတော့မှာ- သမီးမွေးရပ်မြေကို သမီးမပြန်လို့
မဖြစ်ပါဘူးရှင်.." ဒီစကားကို ရုတ်တရက် ကြားလိုက်ရတဲ့ ဖိုးဖိုးနဲ့
ဖွားဖွားကလည်း "ဖိုးဖိုးတို့ကို ထားခဲ့ပြီး မသွားပါနဲ့ မင်းသမီးလေးရယ်.."
လို့ ငိုကြွေးတောင်းပန်ရင်း တားကြတာပေါ့။ ဒီစကားကို ကြားပြီး
နောက်ပိုင်းမှာ ဖိုးဖိုးနဲ့ ဖွားဖွားက ခါဂူယမင်းသမီးလေးကို လာခေါ်ချိန်မှာ
ကာကွယ်ဖို့ အင်အားကောင်းတဲ့ စစ်သည်တစ်ထောင်တိတိကို စုထားတော့တယ်။
ဒီလိုနဲ့ (၈)လ (၁၅)ရက်နေ့ည- ဝိုင်းစက်နေတဲ့ လပြည့်ညမှာ လမင်းကြီးဆီကနေ
နတ်သမီးတွေ အများကြီး ဆင်းလာကြတယ်။ ခါဂူယမင်းသမီးလေးကို လာခေါ်ကြတာပေါ့။
လမင်းကြီးကလည်း အရောင်အဝါတွေ လင်းလက်တောက်ပသထက် တောက်ပလာလိုက်တာ
မင်းသမီးလေးကို ကာကွယ်ဖို့ စစ်သည်တွေအားလုံး လင်းလွန်းလို့ မျက်လုံးတောင်
ဖွင့်မကြည့်နိုင်ကြရှာဘူး တဲ့။ စစ်သည်တွေမှာ ခုခံတိုက်ခိုက်ဖို့
အင်အားတွေလည်း မရှိကြတော့ဘူးပေါ့။
"သမီး ပြန်သွားရပါတော့မယ်
ဖိုးဖိုးနဲ့ဖွားဖွားရယ်- ဒီအိမ်ကလေးမှာ နေထိုင်ခဲ့ရတဲ့ ရက်တွေအားလုံးမှာ
သမီး သိပ်ကို စိတ်ချမ်းသာ ပျော်ရွှင်ခဲ့တာပါ- ဖိုးဖိုးနဲ့ဖွားဖွားရဲ့
ထူးမြတ်လှတဲ့ ကျေးဇူးကို သမီး ဘယ်တော့မှ မမေ့ပါဘူး- ဒီဆေးကို
သမီးပေးခဲ့ပါမယ်- ဒီဆေးကို သောက်လိုက်ရင် ဖိုးဖိုးနဲ့ဖွားဖွားက ဘယ်တော့မှ
မသေတော့ပဲ အသက်ရှင် နေထိုင်နိုင်မှာပါ- ဖိုးဖိုးနဲ့ဖွားဖွား အသက်ရှင်နေလို့
လမင်းကြီးကို မြင်တွေ့ရတဲ့ အခါတိုင်း သမီးကို သတိရနေပါနော်-" လို့
ပြောရင်း ဆေးထုတ်လေး လှမ်းပေးပြီး လာခေါ်တဲ့ လနတ်သမီးတွေနဲ့အတူ
တဖြည်းဖြည်းချင်း လမင်းကြီးဆီ တိုးဝင်သွားသတဲ့။
ဖိုးဖိုးနဲ့ဖွားဖွားက ငိုယိုတားဆီးရင်း မင်းသမီးလေးရဲ့
ဖြောင့်စင်းလှပလွန်းတဲ့ ဆံပင်ရှည်တွေနဲ့ သူဝတ်ထားတဲ့
ကီမိုနိုအင်္ကျီအရှည်ကြီးရဲ့ လက်ဖြားလေးတွေဆီ လက်လှမ်းလို့တောင်
မမှီရှာကြတော့ဘူး.. တဲ့။ သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ လပြည့်ညကြီး
တစ်ညပဲပေါ့ကွယ်။ ဖိုးဖိုးနဲ့ဖွားဖွားရဲ့ အိမ်ထဲမှာ အမြဲလင်းလက် လှပနေတဲ့
မင်းသမီးလေးရဲ့ အလင်းရောင်လေးလည်း မရှိတော့ဘူးပေါ့။ နှစ်ယောက်သား
တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားကြရင်း ဝိုင်းစက်နေတဲ့ လမင်းကြီးကို
မော့ကြည့်လိုက်- ချစ်စရာကောင်းတဲ့ ကလေးပိစိလေးဘဝကနေ ချောမောလှပတဲ့
ခါဂူယမင်းသမီးလေး ဖြစ်လာချိန်ထိ အကြောင်းတွေကို ပြန်သတိရ လွမ်းဆွတ်လိုက်နဲ့
ဖြစ်နေကြရှာတာပေါ့။
"ငါတို့ရဲ့ ခါဂူယမင်းသမီးလေးမှ ငါတို့နဲ့
မရှိတော့ပဲကွယ်- ဒီဆေးတွေ ငါတို့မှာ ရှိထားလည်း ဘာအကြောင်းထူးမှာမို့လဲ.."
လို့ ငြီးတွားရင်း ငိုယိုကြပြန်တယ်။ ဒီလိုနဲ့ ဖိုးဖိုးဟာ လနဲ့အနီးဆုံး
တောင်အမြင့်ကြီးဖြစ်တဲ့ ဖူဂျီတောင်ထိပ်ကို ရောက်အောင်တက်ပြီး ဒီဆေးကို
မီးရှို့ပစ်ပေးဖို့ လူတစ်ယောက်ကို အကူအညီတောင်းခံလိုက်တယ်။ အဲ့ဒီဆေးတွေကို
မီးရှို့လိုက်တဲ့ နေ့ကစပြီး ထွက်လာတဲ့ မီးတောက်တွေနဲ့ မီးခိုးတွေဟာ
ဖူဂျီတောင်ကြီးထိပ်ကနေ ခါဂူယမင်းသမီးလေး ရှိနေတဲ့ လမင်းကြီးဆီ
နှစ်ပေါင်းများစွာ အချိန်တွေအကြာကြီး တလူလူနဲ့ တက်နေတော့တာ
ယနေ့ထက်တိုင်ပဲတဲ့ကွယ်-
ကဲ-- ခလေးတို့ရေ- ခါဂူယမင်းသမီးလေး ပုံပြင်လေးကတော့ ဒါပါပဲကွယ်--
■ တီတီခင်လေးငယ် ■
No comments:
Post a Comment