Showing posts with label Story. Show all posts
Showing posts with label Story. Show all posts

Thursday, February 7, 2013

မောင် ပြောသိပ်သော ကျွန်မ၏ အိပ်ရာဝင် ပုံပြင်များ (၁)


ကဲ-- လာတော့ “မ”- လိမ္မာတယ်နော်..။ အိပ်ရာဝင်ချိန်ရောက်ပြီ..။ ခန္ဓာကို ပြေလျော့လျော့လေးနေမယ်- စောင်လေးသေချာခြုံ- မျက်လုံးလေးတွေ မှိတ်တော့- နားထောင်ရင်း တစ်ဝက်တစ်ပျက်မှာ အိပ်ချင်လာရင် နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်လိုက်ရမယ် ပြီးတဲ့အထိ နားထောင်စရာ မလိုဘူးနော်- အိုခေ..? ဒါက ကျွန်မကို မသိပ်ခင်- ညတိုင်း မောင် ပြောနေကျ စကား..။

ကျွန်မကလည်း “ဟုတ်” ဆိုပြီး စွေ့ကနဲ အိပ်ရာပေါ်တက်- နားထောင်ကာစတော့ မျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်နဲ့ နားထောင်ရင်း ည-တိုင်း အိပ်ပျော်သွားနေကျပါ..။ မောင်ပြောပြတတ်တဲ့ ပုံပြင်တွေကတော့ ထုံးစံအတိုင်း.. ဇင် ပုံပြင်တွေ- ဆူဖီ ပုံပြင်တွေ- ခရစ်တော် ပုံပြင်တွေ- ပါသလို- ဟိုး မြတ်စွာဘုရားလက်ထက်က ပုံပြင်တွေလည်း ပါတယ်- အစုံပဲပေါ့..။ မောင့် ပုံပြင်တွေဆုံးမှ ကျွန်မ အိပ်ပျော်သလို- တစ်ခါတလေမှာ တစ်ဝက်လောက်နဲ့ အိပ်ပျော်သွားတဲ့ ညမျိုးကလည်း အများသားရယ်..။ နောက်နေ့တွေမှာ မှတ်မိတဲ့ နေရာအထိ ကျွန်မက ပြန်ပြောပြရင်း အဲ့ဒီပုံပြင်ကိုပဲ မောင့်ကို ဆက်ပြောခိုင်းရတာလည်း ရှိသေးရဲ့ ပေါ့လေ..။

ထားပါလေ- စကားရှည်နေမှာ စိုးလို့ တုံးတိပဲ ဖြတ်ချ လိုက်ပါတော့မယ်- ကျွန်မ နားထောင်ထားတဲ့ မောင့်ပုံပြင်တစ်ပုဒ်ကို ပြန်ပြောပြချင်ပါတယ်..။ ပုံပြင်လေးက တကယ့်ကို တိုတိုလေးပါ..။ ခု ကျွန်မ ပြန်လည် ဖောက်သယ်ချမယ့် ပုံပြင်က ဇင်လား- ဆူဖီလား- ဆိုတာတော့ သေချာ မှတ်မိတော့ဘူးနော်..။ ကျွန်မ သိပ်သဘောကျရတဲ့ ပုံပြင်လေးပါပဲ..။

*** ** *** ** *** ** *** ** *** ** *** ** *** ** *** ** ***

- ပုံပြင် (၁) -

ဟိုး အရင်တုန်းက ဘုရင်ကြီး တစ်ပါးရှိပါတယ်..။ 


ဘုရင်ဆိုတော့လည်း တိုင်းရေးပြည်ရေး- အထွေထွေနဲ့ ဦးနှောက်စားစရာ အမှုတွေကလည်း အများသားရယ် မဟုတ်လား..။ ဟို တိုင်းပြည်က စစ်လာတိုက်- ဒီတိုင်းပြည်က နယ်လာချဲ့နဲ့ အဲ့ဒီ ဘုရင်ကြီးဟာ စစ်မှုရေးရာမှာလည်း ကိုယ်တိုင် ကွပ်ကဲလေသတဲ့..။ ဒီလိုနဲ့ တစ်ရက်တော့ ဘုရင်ကြီး နံဘေးအနီးကပ်မှာ ခစားနေတဲ့ မူးမတ်ကြီး တစ်ဦးက ဘုရင်ကြီးကို အကြံပေးတယ်..။

“အရှင်ဘုရား အတွက် အသက် အန္တရာယ်တွေကလည်းများ အန္တရယ်ကင်း အဆာင်လက်ဖွဲ့ တစ်ခုခုတော့ အရှင်နဲ့အတူ ဆောင်ထားနိုင်ဖို့ အစီအမံတစ်ခုခု လုပ်ထားလျင် သင့်တော်ကြောင်းပါ ဘုရား..” ပေါ့..။

ဒီလိုနဲ့ ဘုရင်ကြီးဟာ တိုင်းပြည် အရှေ့စွန်းစွန်းမှာ သတင်းသုံးနေထိုင်တဲ့ ဆရာတော် တစ်ပါးဆီ ရောက်သွားတယ်..။ ဆရာတော့်ကို အန္တရာယ် ကျရောက်ချိန်မှာ သုံးနိုင်ဖို့ တစ်စုံတစ်ခု စီစဉ်ပေးဖို့ ဘုရင်ကြီးက လျှောက်ပါတယ်..။ ဆရာတော်ကလည်း

“ကောင်းပြီ- ကျုပ် စီစဉ်ပေးပါ့မယ်..။ တစ်ခုတော့ရှိတယ်..။ ကျုပ်ပေးမယ့် အရာဟာ အရှင်မင်းကြီး ဘဝမှာ အကြီးမားဆုံးသော အခက်အခဲနဲ့ ကြုံချိန်မှာ တစ်ကြိမ်တစ်ခါသာ သုံးခွင့်ရှိမယ်..” လို့ မိန့်ပါတယ်..။ ဘုရင်ကြီးကလည်း ကောင်းပါပြီ ဆရာတော်ပေါ့..။
ချိန်းဆိုထားတဲ့ နေ့မှာ ဘုရင်ကြီးက ဆရာတော့်ဆီ ပြန်သွားပါတယ်..။ ဆရာတော်က ဘုရင့်ကို စာရွက် အလိပ်ကလေး တစ်ခု ပေးလိုက်ပြီး- ဒီစာရွက်ကို အရှင်အသုံးလိုချိန် အရေးအကြီးဆုံး အချိန်မှသာ  ကျုပ်မှာထားတဲ့ အတိုင်း တစ်ကြိမ်သာ ဖွင့်ကြည့်ပါလို့ အထပ်ထပ် အခါခါ သေချာမှာ လိုက်ပါတယ်..။ ဘုရင်ကြီးကလည်း လက်ထဲမှာ တရိုတသေနဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လို့ သယ်ဆာင်ပြန်လာပါတယ်..။

ဒီလိုနဲ့ ဆရာတော်ပေးလိုက်တဲ့ စာရွက်လိပ်လေးကို အမြဲမခွာဆောင်ထားရင်း ဘုရင်ကြီးဟာ သက်တော်ကြီးပြီး အိုမင်း လာခဲ့လပြီ..။ သို့သော်လည်းပဲ အခုချိန်ထိ သူဟာ အဲ့ဒီ စာရွက်လေးကို အသုံးမပြုရသေးပါဘူး..။ ဘုရင်ကြီး ငယ်နုစဉ် အချိန်နဲ့ လူလတ်ပိုင်း အရွယ်တို့မှာလည်း အသက်အန္တရယ် အခက်ခဲပေါင်းများစွာ သေဘေးပေါင်း များစွာနဲ့လည်း ကြုံတွေ့လွတ်မြောက်လာခဲ့ရ ပြီးပါပြီ..။

အဲ့ဒီလို အချိန်မျိုးတွေတိုင်းမှာ ဘုရင်ကြီး- သူ ဟာ ဆရာတော်ပေးလိုက်တဲ့ အရာကို ထုတ်သုံးဖို့ အကြိမ်ကြိမ် စဉ်းစားခဲ့သူ ဖြစ်ပါတယ်..။ တစ်ကြိမ်သာ သုံးခွင့်ရှိမှာ ဖြစ်တဲ့ အတွက်- အရေးကြီးဆုံးအချိန်ရာက်လာချိန်ကို စောင့်ရင်း မသုံးပဲ ပြန်သိမ်းခဲ့တာတွေသာ ရှိခဲ့ပါတယ်..။ ခုတော့ ဘုရင်ကြီးဟာ နာမကျန်းစွာနဲ့ အိပ်ရာထဲ လဲနေရပြီပေါ့..။ ဘုရင့်ဘေးမှာ ရှိနေတဲ့ မူးမတ်ကြီးတွေက ဘုရင်ကြီး အသုံးမပြူသေးတဲ့ ဆရာတော့်အဆောင်ကို အင်မတန်မှ သိလိုကြသလို နောက်ဆုံး သက်တော်မကုန်ခင် အချိန်မှာ အသုံးပြုသွားဖို့လည်း တိုက်တွန်းကြတယ် ဆိုပါတော့..။

မူးမတ်တွေရဲ့ ပြောဆိုသံတွေ အဆုံးမှာ ဖျော့တော့စွာနဲ့ လဲလှောင်းနေတဲ့ ဘုရင်ကြီး ပြုံးပါတယ်..။ ဆရာတော်ပေးလိုက်တဲ့ စာရွက်လေးကိုလည်း သူ ဖြည်ကြည့်စရာ မလိုပဲ သိနေခဲ့ပါပြီ..။ ဆရာတော် မပြောလိုက်တဲ့ စကားတစ်ခွန်းကိုလည်း ဘုရင်ကြီးဟာ ခုချိန်မှာ သေချာကြားနိုင် နားလည်နိုင်နေပါပြီ..။

ဘုရင်ကြီးဟာ နောက်ဆုံးသော ခွန်အားလေးနဲ့ သလွန်တော်ထက်ကနေ မူးမတ်ကြီးတွေဆီကို ငဲ့စောင်းကြည့်ရင်း တီးတိုးမိန့်တော်မူပါတယ်..။

““အရေးကြီးဆုံးရယ်လို့ တွေးထင်ခဲ့တဲ့ အရာတိုင်းဟာ အချိန်တန်ရင် လွန်မြောက်သွားကြမှာ.. အရေးကြီးဆုံးကို စောင့်ကြည့်ရင်း~~~  တစ်ကယ်တော့ ဘဝမှာ အရေးကြီးဆုံး ဆိုတာ ဘာမှ မရှိဘူး-- ရှိမနေပါဘူး..””

လို့ ပြောရင်း နောက်ဆုံး အကြိမ်အဖြစ် ပြုံးကာ သက်တော်ကုန် နတ်ရွာစံ သွားပါတော့တယ်..။

ဘုရင်ကြီး နတ်ရွာစံပြီးနောက်မှာ မူးမတ်ကြီးတွေက ဆရာတော့် စာရွက်လေးကို ဖွင့်ကြည့်ခဲ့ကြပါတယ်..။ ဘာအင်းမှ ချမထား- ဘာစာမှ ရေးမထားတဲ့ သာမန် ဗလာစာရွက်ခေါက်လေး တစ်ရွက်ကိုသာ မူးမတ်ကြီးတွေ တအံ့တသြ မြင်တွေ့လိုက်ရပါတော့တယ်..။




“အရာတိုင်းဟာ  အချိန်တန်လျင်  ပြီးဆုံးသွားမြဲပါ..”
“This  Too  Shall  Pass”

*** ** *** ** *** ** *** ** *** ** *** ** *** ** *** ** ***

မောင် ပြောသိပ်တဲ့ ကျွန်မရဲ့ အိပ်ရာဝင် ပုံပြင်လေးတွထဲက ကျွန်မနှစ်သက်တဲ့ ပုံလေးတစ်ပုဒ်ကို ပြန်ပြောပြခြင်း ပြီးပါပြီ..။ ကျွန်မ မှတ်မိသလို ပြန်ပြောပြခြင်း သက်သက်ပဲ ဖြစ်ပါတယ်..။ 

~ ကျွန်မ၏ ခင်ပွန်း “မောင့်” ကို ကျေးဇူးတင် မတ်နိုးစွာဖြင့် Facebook Status ဖြစ်ခဲ့ဖူးသော ဒီပို့စ်လေးကို ဘလော့လေးထဲမှာ သိမ်းထားခြင်းပါ ~




(ခင်လေးငယ်)
2013/ 01/ 22 

Tuesday, May 1, 2012

ကွာခြားမှု


“ချလွမ်း.... ချလွမ်း....”
သတိတွေ အရမ်း ထား နေသည့် ကြား မှ ဖန် ပန်းအိုးလေး လွတ်ကျပြီး တစ် စစီ ကွဲခဲ့ပြီ...။

“ဟဲ့.. ဘာသံတွေ လည်း... မိအေး... ငါဒီလောက် အတန် တန် မှာထား တဲ့ကြား က ခုတော့ကွဲပြီမှတ်လား.. ဒီ ဖန် ပန်းအိုး က နင့်လခ ငါး လခစာလောက် တန် တယ်..”

“သွား.. သွား နင့်လခတော့ မဖြတ်တော့ဘူး.. နင့်ကို ကောင်းကောင်း ဒါဏ်ပေး ရမယ်.. အဝတ်လျှော်စက် နှစ်ခု လုံး ထဲက အဝတ်တွေ အကုန် ထုတ်ပြီး အားလုံး လက်နဲ့လျှော် .. ဒါဘဲ”

“ပြောင် ပစေနော်.. အားလုံး မပြီးမချင်း နင် ထမင်းစား ရမယ် မထင် နဲ့... နင့် အမေ မိလှ ကို ကူခိုင်း ဖို့လည်း လုံးဝ မစဉ်းစား နဲ့.. ကြား တယ်နော် မိအေး.. ငါနှစ်ခါ ထပ် မပြော ဘူး.. နောက် တစ်ခါ ဒါမျိုးဖြစ် ရင်တော့ အိမ်က ဆင်း ဖို့ နင့် အဝတ်ထုပ် သာ ပြင် ထားပေတော့.. ဟဲ့.. သွားလေ.. ငါ လုပ် မိတော့မယ်”

ဖွားဖွားကြီး လက် အရွယ်မှာ ကြောက်လန့်တကြားနဲ့ နောက်ကို ဆုတ် လိုက် တယ်။ ဖိနပ် မပါတဲ့ ခြေဖဝါးက ကွဲနေတဲ့ ဖန်စပေါ်ကို တက်နင်း မိပြီး သမီး ဖနောင့်က သွေးတွေထွက်လာပြီ..။

“ချလွမ်း... ခွမ်း”

“ဖွားဖွားရေ... ဖွားဖွား.. လုပ်ပါဦး.. သားရဲ့အခန်းထဲမှာ ဘောလုံး ကန်လိုက် တာ သားGame ကစားနေကြ TV မှန်ကြီး ကွဲသွားလို့”

“ဟဲ့.. ဘုရား.. ဘုရား.. ငါ့မြေးလေးကို မှန်ကွဲစတွေ ဘာတွေ စဉ် သွားသေး လား လုပ်ကြ ပါဦး.. အမလေး မြေးလေး ရယ်... ရင်တွေ တုန်လိုက် တာ လာပါဦး ဖွားဖွားဆီ..” 

Saturday, April 28, 2012

~ သမီးလေးအတွက် ပုံပြင် ~ (၂ )


ဒီည မေမေ့ သမီးလေးအတွက် အိပ်ရာဝင် ပုံပြင်လေးတစ်ပုဒ် ရွေးထားတယ်..!!    မေမေ့သမီးလေး ပေါ့ပေါ့ပါးပါးလေး နားထောင်ဖို့ အဆင်သင့်ပြင်တော့နော်..  

တစ်ခါတုန်းက စမ်းချောင်းလေး တစ်ချောင်းရှိတယ်..  စမ်းချောင်းလေးကို ဟိုး တောင် အမြင့်ကြီး တစ်တောင်ပေါ်မှာ မွေးဖွားခဲ့တာပေါ့..။ စမ်းချောင်းလေးရဲ့ မွေးရပ်မြေ.. သူ့ဇာတိဖြစ်တဲ့ တောင်အကြီးကြီးဟာ သိပ်လှတာပဲသမီး.. သစ်ပင်ကြီးတွေကလည်း စိမ်းစို၊ ငှက်ကလေးတွေ ရဲ့ အသံလေးတွေကလည်း ပိကျိ ပိကျိ နဲ့ ချိုလွင် သာယာလို့ပေါ့..။



စမ်းချောင်းလေးကိုယ်တိုင်ရဲ့ ရေလေးတွေကလည်း ကြည်စင်လွန်းနေလို့  ကျောက် စရစ်ခဲလေးတွေ ငါးလေးတွေကိုပါ  အတိုင်းသား မြင်နေရတယ်..။ သစ်ရွက်လေးတွေ ပန်းပွင့် လှလှလေးတွေကလည်း စမ်းချောင်းရေပြင်ပေါ်မှာ  ပျော်ရွှင်ကြည်နူးစွာ မျောလွင့်လို့...။

စမ်းချောင်းလေးဟာ တစ်နေရာကနေ တစ်နေရာကို စီးဆင်းဖို့ ခရီးတွေ အထပ်ထပ် ထွက်ခဲ့တာပေါ့..။ ဆက်ပြီးတော့ စီးဆင်းရမှာ စမ်းချောင်းလေးရဲ့ တာဝန်ကိုး သမီးလေးရဲ့.. ဒီလိုနဲ့ စီးဆင်းရင်းနဲ့ပဲ စမ်းချောင်းလေးဟာ တဖြည်းဖြည်း လူလားမြောက်ကြီးပြင်း လာတာပေါ့ကွယ်...။ စမ်းချောင်းလေးဟာ ဟိုးအရင်လို သူ့ရေလေးတွေကလည်း မကြည်စင်တော့ဘူး.. တောတောင်အသစ်တွေကို အလီလီ ဖြတ်ကျော်နေရှာတယ်။

စမ်းချောင်းလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှိုက်တွေ ဒိုက်တွေလည်း ရှိလာတယ်.. နှုံးမြေပြင်တွေ ကို ဖြတ်ကျော်လာတဲ့ အခါမှာ သူ့ရေလေးတွေဟာ ဝါကျဉ်ကျဉ် နီဆွေးဆွေး ညစ်နွမ်းလို့ပေါ့..။ ဘယ်လိုတွေ ညစ်နွမ်းသွားသွား ချောင်းလေးကတော့ သူ့ဦးတည်ရာကို ဆက်ပြီး စီးဆင်းနေ ဆဲပဲ သမီးလေး..။ သူ့ရဲ့ ဦးတည်ရာဟာ ပင်လယ်ပြာပြာကြီး ဆီကိုပဲပေါ့..။ စမ်းချောင်းလေး ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပင်လယ်ကြီးထဲအထိ ရောက်အောင် စီးဆင်းဖို့ကိုသာ သူ သိခဲ့တာပေါ့..။

နှစ်တွေ အလီလီကြာမြင့်လာခဲ့သလို.. စမ်းချောင်းလေးမှာလည်း အတွေ့အကြုံတွေ အများကြီး ရှိလာပြီ.. ခံနိုင်ရည် ခွန်အားတွေလည်း ပိုပိုရှိလာတယ်..။ သူ့ရေလေးတွေ ဘယ်လို အရောင် ဖြစ်နေပါစေ သူဟာ ဆက်ပြီးစီးဆင်းနေဆဲ..။ စမ်းချောင်းလေးကနေ မြစ်ကြီးဖြစ် လာတယ်.. ဒါပေမဲ့ သူကိုယ်တိုင်ရဲ့ စိတ်အစဉ်မှာတော့ သူဟာ စမ်းချောင်းလေး အဖြစ်နဲ့ ရှင်သန်နေ တာပေါ့ကွယ်..။

ဒီလိုနဲ့ တစ်ရက် မှာ စမ်းချောင်းလေး ထင်မှတ်မထားတဲ့ အရာတစ်ခုကို သူတွေ့မြင်လိုက် ရတယ် တဲ့ သမီး.. စမ်းချောင်းလေးဟာ သိပ်ကို တုန်လှုပ်သွားခဲ့တာပေါ့.. ဘာလို့လည်း ဆိုရင် သူဟာ မဆုံးနိုင်အောင် ကျယ်ဝန်းလှတဲ့ သဲကန္တာရ အကြီးကြီး တစ်ခုကို ဘွားကနဲ တွေ့လိုက် ရလို့ပဲ.. သူ သိပ်ကြောက်လန့်သွားခဲ့တယ်.. စမ်းချောင်းလေး မျက်လုံးတွေ မှာလည်း မျက်ရည်တွေနဲ့.. စမ်းချောင်းလေးရဲ့ တိုးတိုးလေး ငိုနေသံကို လေပြေလေးက ကြားတော့ စမ်းချောင်းလေးအနားကို တိုးသွားခဲ့တယ်..။

အဲ့ဒီမှာပဲ လေပြေလေးနဲ့ စမ်းချောင်းကလေး အပြန်အလှန် စကားတွေ ပြောကြတာပေါ့။

“မင်း.. ဘာလို့ ငိုနေတာလဲ..!! ငါဟာ မင်းအခု ငေးမျှော်ကြည့်နေတဲ့ သဲကန္တာရကြီးကို ဖြတ်တိုက်လာတဲ့ လေပြေပဲ”


“ကျွန်မ သွားချင်တာ ပင်လယ်ကြီးဆီကိုပါ.. အခုတော့ ဒီသဲကန္တရကြီးထံမှာ ကျွန်မ အဆုံးသတ်ရတော့မယ်.. ကျွန်မ ဆက်စီးခွင့်မရှိတော့ဘူး.. သေဆုံးရတော့မှာ  

လို့  ငိုရှိုက်သံလေးနဲ့  တိုးတိုးလေးပြန်ပြောတယ်..

“ဒါဟာ ကြေကွဲစရာမှ မဟုတ်တာ.. ဒါဟာ ရှောင်လွဲမရတဲ့ အရာတစ်ခုသာပါ..”

“အို..... ကျွန်မဟာ စမ်းချောင်းတစ်ခု အဖြစ် ဘယ်တော့မှ မနေရတော့ဘူးဘဲနော် ဒီနေ့ဟာ ကျွန်မရဲ့ နောက်ဆုံးနေ့”

“မင်းဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာထက် ငြင်းပယ်မရတဲ့ အမှန်တရားကိုသာ မင်း သိနေ ရမယ်.. မင်းဘဝမှာ သင်ကြားလာခဲ့တဲ့ အတွေ့ကြုံတွေလည်း များခဲ့ပြီပဲ.. အခု ဒီအချိန် မှာ သိနေရမဲ့ အသိ.. အဲ့ဒီအသိလေးနဲ့ သဘာဝတရားအတိုင်း သဲပြင်ကြီးထဲမှာ အကြည်လင် ဆုံး စိတ်ကလေးနဲ့  မြှုပ်နှံနိုင်လိုက်ပါတော့..”

လေပြေလေးရဲ့ စကားတွေကို နားထောင်ပြီး စမ်းချောင်းလေးဟာ မျက်ရည်တွေကို သုတ်လိုက် တယ်..။

“ဟုတ်တယ်.. တစ်ကြိမ်တစ်ခါ စမ်းချောင်း ဆိုတဲ့ ဘဝလေးကို ကျွန်မ ရရှိပြီးပြီ.. ပျော့ပြောင်း စွာ~ နူးညံ့စွာ~ ရဲဝံ့စွာ~ သတ္တိရှိစွာ~ လည်း စီးဆင်းခဲ့ဖူးပြီ.. ကျွန်မရဲ့ တာဝန် ဝတ္တရားတွေ ကိုလည်း ကျေပြွန်စွာ ထမ်းဆောင်ခဲ့ပြီးပြီ.. ကျွန်မ ကျေနပ်ပါပြီ.. ရှောင်လွှဲမရတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်း ကိုလည်း ကျွန်မ ကောင်းကောင်းနားလည်ပြီ.. ဒီအသိလေးကြာင့်လည်း ကျွန်မ စိတ်ဝိညာဉ်တွေ ဟာ အခု ဒီခဏလေးမှာပဲ ပေါ့ပါးလွတ်လပ်သွားပြီ.. ဒါဟာ ပူလောင်သောကတွေ နဲ့ ငိုကျွေးစရာမှ မဟုတ်ပဲနော်.. လေပြေလေးရေ.. ကျွန်မ နှုတ်ဆက် ခဲ့ပါတယ်..”

လို့ စမ်းချောင်းလေးက လေပြေလေးကို နှုတ်ဆက်ပြီး ညင်ညင်သာသာလေးပဲ သဲကန္တာရကြီးဆီကို စီးဆင်းသွားတော့တယ်.. တဲ့ သမီးလေးရဲ့..။ 

မေမေ ဒီည ပြောပြတဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်..


ကဲ... မေမေ့ သမီးလေးရေ..~~~

သမီး နဖူးလေး ကို အိပ်ရာဝင် အနမ်းလေး ပေးချိန်ရောက်လာပြီ.. သမီးလေး မျက်လုံးလေးတွေ မှိတ်လိုက် ပါတော့...  မေမေတို့တွေ အကြည်စင်ဆုံး အိပ်ရာဝင်ကြရအောင်..။ သမီးလေးကို မေမေ သိပ်ချစ်ပါတယ်။


                                                             (ခင်လေးငယ်)



~ သမီးလေးအတွက် ပုံပြင် ~ (၁)




မေမေ့ သမီးလေးရေ.... ဒီည သမီး ကို မေမေ ပုံပြင်လေး တစ်ပုဒ် ပြောပြ မယ်နော်..။  
တစ်ခါတုန်းကပေါ့ ရွာအကြီးကြီးတစ်ရွာ ရှိတယ်တဲ့ သမီးလေးရဲ့။
ရွာကြီး ရဲ့ ဘေးမှာ အင်မတန် မြင့်မားလွန်းတဲ့ တောင်အကြီးကြီး တစ်တောင်လည်း ရှိနေ တာပေါ့ကွယ်..။ အဲ့ဒီရွာကြီးမှာ နေထိုင်ကြတဲ့ ရွာသားတွေဟာ အင်မတန် မြင့်မားလွန်းတဲ့ တောင်ကြီး အကြောင်း ကို အထူး တဆန်း ပြောကြလေ့ ရှိတယ်တယ်..။
အဲ့ဒီတောင်ကြီးပေါ် ကို တက်ဖို့ ခရီးထွက်သွားကြတဲ့ လူတိုင်းဟာ ဘယ်သော အခါမှ ပြန် လာလေ့ မရှိကြ ဘူး..။ အဲ့သလို တောင်ကြီးဆီကို ထွက်ခွာသွားကြတဲ့ လူတွေကိုလည်း ကျန်နေ ခဲ့ တဲ့ ရွာသားတွေဟာ စုတ်တစ်သပ်သပ်နဲ့ ခေါင်းခါရင်း ကဲ့ရဲ့ကြ သနားကြတယ်။ ရွာသား အနည်းငယ်လေး ကသာ ချီးမွမ်းထောပနာပြုကြလေ့ ရှိသတဲ့ကွယ်.။
တောင်ကြီး ဆီ ကို ခရီးထွက်ခွာသွားသူတွေကို ရွာသား တချို့က ပြောတယ်..
“အရူးတွေ ပဲ.. ဘယ်တော့မှ ပြန်မလာနိုင်တဲ့ နေရာကိုမှ သွားချင်တာ ဒါဟာ ရူးသွပ်ခြင်း မျှသာ” လို့ ပြောရင်း ရယ်မော ကဲ့ရဲ့ ကြတယ်။
ရွာသား အနည်းစုလေးကတော့... 
“သူတော်ကောင်းတွေသာ သွားကြတာ.. ခရီးလမ်းချောမွေ့ပါစေ အောင်မြင်စွာ ပြန်လာနိုင် ပါစေ” လို့ ခရီးထွက်ခွာ သူတွေကို နှုတ်ဆက်သူတွေလည်း ရှိတာပေါ့လေ..။
အဲ့ဒီလို ဝေဖန်သံတွေ အမျိုးမျိုး အကြားမှာ နေထိုင်ကြီးပြင်းလာရင်း အသက်ကြီးလာပြီး ဆံဖြူ သွားကျိုး ချိနဲ့ လာနေတဲ့ ဖိုးဖိုးတစ်ယောက် ရှိနေလေသတဲ့..။ 
တစ်နေ့တော့ ဖိုးဖိုး ဟာ ရွာသားတွေကို ကြေငြာလိုက်တယ်..
“ငါ ဒီတောင်ကို တက်တော့မယ်”
အံအားသင့်သွားတဲ့ ရွာသားတွေဟာ ထုံးစံအတိုင်း ဖိုးဖိုးကို ပျက်ရယ် ပြုကြပြန်သတဲ့..။
“ဒီ အဖိုးကြီး ကမှ အရူးစစ်စစ်.. သူ့ကိုယ်သူတောင် အနိုင်နိုင်နဲ့ ဒီတောင်ပေါ်ကို သွားဦးမတဲ့”
ဒီလိုနဲ့ မကြာခင် အချိန်လေးမှာပဲ ဖိုးဖိုးဟာ တောင်ကြီးပေါ်ကိုတက်ဖို့ ခရီးစထွက်သွားခဲ့တယ် သမီး..။
တောင်ပေါ် ကို ခြေစလှမ်းခဲ့တဲ့ ဖိုးဖိုးဟာ ရွာသားတွေကို မြင်နေရဆဲ.. ဒါပေမဲ့ ရွာသားတွေ ကတော့ ဖိုးဖိုးကို မမြင်နိုင်တော့ဘူးတဲ့..။ ဖိုးဖိုးတက်နေတဲ့ တောင်ကြီးဟာ တက်လေ မြင့်လေ .. ထပ်တက်လေ ထပ်မြင့်လေနဲ့ လမ်းမဆုံးနိုင်အောင်ပဲ ပေါ့ကွယ်..။ ရွာသားတွေရဲ့ ကဲ့ရဲ့ လှောင်ပြောင်သံတွေ ကို ဖိုးဖိုးက ကြားနေရဆဲ..။ ကြားနေယုံတင် မကပါဘူး  ဖိုးဖိုးကိုယ်တိုင် ရွာသားတွေ ထဲမှာ အဲ့ဒီရွာကြီးထဲမှာ ရှိနေတာ သမီးလေး.. ရဲ့။
ရွာသားတွေ ကို ဖိုးဖိုးက တွေ့နေရတယ်.. ရွာသားတွေကသာ ဖိုးဖိုးရှိနေမှန်း သိနိုင်ဖို့ သူတို့တွေ မတတ်နိုင်ကြတာ..။ ဒီလိုနဲ့ နေ့ရက်တွေ ကြာလာလေလေ.. ဖိုးဖိုးဟာ ရွာသားတွေ အကြောင်း ကို အရင်ကထက် ပိုပြီး အတွင်းကျကျ နီးနီးကပ်ကပ် သိလာလေပဲ တဲ့..။
ဖိုးဖိုးက ပြောတယ်..
“ငါ ရှိနေတယ်.. ငါပြန်လာနိုင်နေတယ်.. တကယ်တော့ တောင်ကြီးဆီကို သွားသူတွေ ပြန်လမ်း မရှိဘူး ဆိုတာ မဟုတ်ဘူး  မှားတယ်ကွဲ့ အခု ငါဟာ မင်းတို့နဲ့ အတူတူ ရှိနေတယ်လေ”
ဖိုးဖိုးက ဘယ်လို ပြောပြော ဖိုးဖိုးအသံကို ရွာသားတွေဟာ မကြားနိုင်ကြသလို သူတို့ရဲ့ နံဘေး မှာ ဖိုးဖိုးရှိနေမှန်းလည်း မသိကြပါဘူး..။ နေ့ရက်တွေ ထပ်မံ ကြာမြင့်လာလေ.. ဖိုးဖိုး ဟာ ရွာသားတွေနဲ့ ပိုပြီး နီးကပ်လာလေပဲ သမီး...။
မေမေ့ သမီးလေးရေ ~
တကယ်တမ်းတော့ ဖိုးဖိုးဟာ အချိန်တွေ ကြာမြင့်လာတာနဲ့ အမျှ ရွာသားတွေရဲ့ နှလုံးသားကို ပိုပို မြင်လာ ရတာပဲဖြစ်တယ်.. ရွာသားတိုင်းရဲ့စိတ်နှလုံးသား အထဲမှာ အနီးကပ်ဆုံးအထိ ဖိုးဖိုး ရောက်နေတာ.. ရောက်သွားတာ.. ဖိုးဖိုးတက်နေတဲ့ တောင်ကြီးဟာ မဆုံးနိုင်အောင် ပိုမြင့် လာလေလေ ဖိုးဖိုးဟာ ရွာသားတွေရဲ့ နှလုံးသား အတွင်းထဲထိ ပိုရောက်သွားလေ.. သူတို့ စိတ်နှလုံး ထဲမှာ ရှိနေတဲ့ သူတို့ သန္တာန် စစ်စစ်ကို ဖိုးဖိုးဟာ ပို သိမြင်လာလေပဲ သမီး..။
 ပုံပြင်လေး ကတော့ ဒါပါပဲကွယ်..။။

ခုချိန်မှာ မေမေ့သမီးလေး ဒီပုံပြင်ကို သေချာနားလည် ချင်မှ နားလည်မှာပေါ့..။ သမီးလေး ဆက်တွေးနေဖို့ မလိုအပ် လှသေး ဘူးနော်.. ဒါပေမဲ့ သမီး.. ဒီပုံပြင်လေးကို သေချာမှတ်ထားလိုက်ပါကွယ်.. သမီးလေး တစ်ချိန်ချိန် မှာ နားလည် လာမယ် ဆိုတာ မေမေ ယုံကြည် တာ မဟုတ်ဘူး အတိအကျ အပြည့်အဝ မေမေ သိထား တာပါပဲ သမီး...။

ကဲ ~~~
မေမေ့ သမီးနဖူးလေးကို အိပ်ရာဝင် အနမ်းလေး ပေးချိန်ရောက်လာပြီ.. သမီးလေး မျက်လုံးလေးတွေ မှိတ်လိုက် ပါတော့...  မေမေတို့တွေ အကြည်စင်ဆုံး အိပ်ရာဝင်ကြရအောင်..။ သမီးလေး ကို မေမေ သိပ်ချစ် ပါတယ်။

                               (ခင်လေးငယ်)