ဟိုး ကောင်းကင်ဘုံမှာ ကြယ်တွေ ရှိမယ်-
တစ်ချို့က ရယ်မော-
တစ်ချို့က ငိုကြွေး-
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
မြင်လား..!! ... ... ...??
သေချာတာ ပြောကြည့် ချင်သေးတယ်..။
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
ဝင်းဝင်းပ “လ” က တစ်စင်းတည်း..။
လည်ကို ဆန့်တန်း- ဦးခေါင်းတစ်ခုလုံး မော့ကြည့်ရင်း
ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းမယ်-
ကဲ..!! မာတိကာ စဖွင့် ကြစို့--
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
တွေ့လား..!! ဖတ်လို့ရလား-
ကတိုက်ကရိုက် သက်ပြင်း ချလိုက်မိသလား-
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
မည်းနေပြီးသား ဘယ်ညမှ ပိုမှောင် မသွားဘူး..
သိလား..!! ... ... ...??
ထားလိုက်ပါ- သမရိုးကျ ဖြစ်စဉ်တွေပဲ..။
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ-
အသက်တွေ ပိုကြီးလာတယ်- ဆံဖြူလာတယ်-
ကြည့်- ကြည့်ပါ
မျက်ကန်းတစ်ယောက် ဖြစ်နေသူ ဆိုလည်း မြင်ရတယ် ရယ်-
ဒီတော့.....
ဘုံသုံးဆယ်တစ် ဖြစ်ဖြစ်သမျှ မှာ-
စိတ်သဏ္ဍာန်ကို ပါးအောင် ထပ်လွှာမယ်..
မသိသေးတဲ့ မနက်ဖြန်အတွက်- ဘာတံဆိပ်မှ မကပ်ပါနဲ့..။
အတ္တနဲ့ မောဟကို ဖယ်မယ်.. ဗျာပါဒလည်း မချန်နဲ့တော့..။
ရော့---
ဒီမှာ အခု ခဏ၊
အတိအကျ ရှိနေတယ်..။
(ခင်လေးငယ်)
2012/ 11/ 29
No comments:
Post a Comment