Showing posts with label Humor. Show all posts
Showing posts with label Humor. Show all posts

Monday, April 30, 2012

ကျွန်မ၏ နေ့လယ်တစ်ခင်း



ကိုယ့် အတွက် အင်မတိ အင်မတန် ထူးထူးခြားခြားနဲ့ အားအားယားယား ရှိနေတဲ့ နေ့ခင်းလေး ဖြစ်ပါ တယ်..။ တောင်ကြည့် မြောက်ကြည့် ဟိုဝင်၊ ဒီထွက်၊ ထိုင်လိုက်၊ ထလိုက်၊ ကွန်ပြူတာဖွင့်လိုက်၊ ရီစတတ် လိုက်၊ ရေသောက်လိုက်၊ ရေချိုးခန်း ဝင်လိုက်နဲ့ တောင်လုပ်မြောက် လုပ် ဘဝကနေ ပြောင်းလဲကုန်တဲ့ မိုး ခပ်အုံ့အုံ့ နေ့လယ် တစ်ခင်း ဆိုလည်း မမှားပါဘူး..။ ဒီလိုနဲ့ ထိုင်ခြင်း၊ ထခြင်း ဖွင့်ခြင်း၊ ပိတ်ခြင်း တွေ ပတ်လည် ရိုက်ပြီး သကာလ စာရေးမယ် စိတ်ကူးရင်း ကွန်ပြူတာ အဖုံးကိုဖွင့် ဟီတာက အပူချိန်ကို မြှင့်လို့ နေရာ မှာ အပီ မှီကာ အာရုံကိုယူ လိုက်တယ် ဆိုပါတော့...။  ကျွန်မတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လို့ ကိုယ့်ကို ကိုယ် ဘဝင်တွေခွေ့နေတုန်းပေါ့.... အဲ... ဘာစဖြစ်တယ်ထင်လဲ...!!

ကျွန်မ နေထိုင်ရာ အရပ်ဒေသမှာ အလွန့်အလွန် ရှားပါး လွန်းသော အကောင် တမျိုးက ကျွန်မအခန်းမှာ တဝီဝီ နဲ့ ဟာမိုနီကာတွေ လာကျင့် နေ ပါလေရဲ့..။ ဒီလောက် တံခါးတွေ အထပ်ထပ်ပိတ်ပြီး လုံခြုံမှု ရှိနေ တဲ့ ကိုယ့် အိပ်ခန်းလေး ကို နည်းနည်း တော့ ငြိုငြင် သွား မိတာ အမှန် ပါ..။ ကိုယ်တိုင် လှုပ်လှုပ်ရှားရှား ဖြစ်နေ ခဲ့တုန်း က သတိ မထားမိ ခဲ့တဲ့ ဒင်းက အသံကုန်မြှင့်လို့ အတက် အကျ အဆွဲ အငင် မှန်မှန် နဲ့ သူ့ဗိုကယ်လ် ထရိန်နင် သူ ဆက်ယူ နေ ဟန် တူ ပါတယ်..။

တင်း ကနဲ ဖြစ်သွား တဲ့ စိတ် နဲ့ ရေးမယ်ကြံထားတဲ့ အနု အရွ လေး တွေ က ကြက်ပျံ ငှက်ပျံ ထွက်ပြေး သွားကြရော ဆိုပါ တော့..။  ဒင်း မျက်လုံးတွေ ကို တည့် တည့်ကြီး ဂြိုလ် ကြည့် ရှိုး ဖို့ လိုက် ရှာတာ နဲ့တင် မသောက် ပါပဲ ခေါင်း တွေ စမူး လာတာပေါ့..။ အဲ့လိုနဲ့ ကျွန်မ ရဲ့ ရှားပါး နေ့လည်လေး ဟာ မျက်မှောင်ကြုတ်ရင်း အသွင် တွေ ပြောင်း လာတယ်..။

ငြိမ်ငြိမ်နေ ဖို့ ကံပါ မလာတဲ့ ခြင်ဆိုတဲ့ သတ္တဝါက ကမ္ဘာဦးအစမှာ ဘယ်လို ပေါ်ပေါက်လာလည်းဆိုတာ ခေါင်းထဲ ရောက် လာရော...။ အသံတွေ သာ ကြားနေရပြီး ထင်ထင်ရှားရှား ကိုယ်ထင်မပြပဲ သရဲ တကောင် နဲ့ တူနေ တဲ့ ဒင်းကြောင့် ဒေါသက ငယ်ထိပ် ရောက်နေ ပြီ...။ ဒီလိုယှဉ်ပြလို့ သရဲကို တွေ့ဖူး သလား မမေး ပါနဲ့ ဘုရားစူး မတွေ့ဖူး ပါဘူး.. ကြုံလည်း မကြုံဖူးတာပါ..။

သူများတွေ ပြောတဲ့ ကြားဖူး နားဝလေး နဲ့ နှိုင်းပြော တဲ့ သဘောလောက်ပါ..။ ထားပါ လေ... ကျွန်မ ကလည်း ကလေး ဘဝက လက်သွက် လွန်း လို့ ကိုယ့် မိသားစု မှာ ခြင်ဖမ်း ချန်ပီယံ ရထား ဖူးသူ မဟုတ်လား..!! လာစမ်း ပါစေ.. ဒီနိုင်ငံ က ခြင် ဆိုတာ ကျွန်မ တို့ မွေးရပ်မြေ က ခြင်တွေ လောက် ခြင် ပီသခွင့် ရပြီး ပါးရည် နားရည် နပ်လို့ ခြင်လည်ကျ တတ်လောက် မယ် မထင် ပါဘူး.။ အို... ဒင်းလောက်တော့ အေးဆေး ပေါ့.. အသေး အဖွဲ ပါ။

ကိုယ့်မာန နဲ့ ကိုယ် စိတ်လေး ကို ဟန်ဆောင် လျှော့ချပြီး ဒီကောင် ကိုယ့်အနား ရောက်အလာ ကို မိန့်မိန့်ကြီး စောင့် နေ လိုက် တယ်..။ အမယ် ကြာကြာ မစောင့် လိုက်ရပါဘူး.. ဘသားချောက ကီးဘုတ်ပေါ်မှာ တင်ထားတဲ့ ညာလက် ဖမိုးနား ကို ပေစောင်းစောင်း နဲ့ ရောက်လာ တယ်။ သူကလည်း အလာသား.. ကိုယ့်လက်ပေါ်မှာ နားပြီး ကိုယ့်သွေး ကို စုပ်ယူ ဖို့ကို မသိမသာ အကဲခတ်ရင်း ဝေ့ကာ ဝိုက်ကာ နဲ့ ပျံပုံပျံနည်း အမျိုးမျိုးနဲ့ ပဲတွေများလို့ ကိုယ်ဟန်တွေ  ပြပြီး ကိုယ့်လက် အခြေအနေ ကို လေ့လာနေလိုက်တာ ဘယ်လောက် အသဲယားဖို့ ကောင်းလဲ..။

အူယား လာတဲ့ စိတ်တွေ ကို မျိုချပြီး အသက်ဝဝမရှူပဲ စောင့်နေလိုက်တယ်..။ ဒင်း အသံ တိတ် သွားပြီ...။ ကိုယ့် လက်ပေါ် သူ လာနားပြီ.. ကျွန်မအောင့်ပြီး ဆက်ငြိမ်နေလိုက်တယ်..။ ဒီကောင် ဘာ စိတ်ကူး ပေါက် သွား တယ် မသိ.. သူ့နှုတ်သီးကို ကိုယ့်အရည်ပြားပေါ် စိုက်မချလိုက်ပဲ ရုတ်ကနဲ ထပျံပြေး လို့ ကီးပေါင်းစုံနဲ့ နိမ့်မြင့် တက်ကျ ဗိုကယ်လ် တွေ ထပ်ကျင့်ရင်း  ကျွန်မကို ချက်ကင်း တွေ လိုက်နေပြန်ပြီ...။ ထပြီး လိုက်ဖမ်း မယ် မထင်နဲ့နော်.. ထစရာလား..!! ဟွန်း.. ပျင်းတောင် ပျင်းသေး တယ်..။ နင် ငါ့ဆီ ပြန် လာမှာ ငါ သိနေ တာပဲ လို့ စိတ်ထဲ က ပြောရင်း ရုပ်တည်ကြီးနဲ့ နေလိုက်တာပေါ့..။

အံကို ကြိတ်ပြီး တံတွေးကို အသံမမြည်အောင် မျိုချရင်း.. စိတ်တော့ နည်းနည်းထပ်ရှည်ပေး ရဦးမှာပေါ့..။ ဒီ တစ်ခေါက်တော့ ဒင်း က တိကနဲ အသံကိုဖြတ်လို့ ရုတ်ကနဲ ဘာမပြော ညာမပြော စွေ့ကနဲ လက်ဖမိုး ပေါ် တက်ရပ် လိုက်တယ်.. စက္ကန့်ပိုင်းလေးပါပဲ ဒင်းနှုတ်သီး စအစိုက်မှာပဲ “ဖြန်း” ကနဲ.. အဟက်..!!  ဘယ် ရမလဲ တစ်ချက် ဆိုမှ တချက်တည်းပါ.. သွားလေရော့.. သနားဖို့ စိတ်တောင် မကူးလိုက်မိခင်မှာပဲ ဒင်း ခမျာ အတုံးအရုံး ကျဆုံး ရှာပေါ့..။  ခံနိုင်ရိုးလား.. ဒါတောင် ဒီကောင့် ကို ကစ်လိုက်တာ ဘယ်လက် နဲ့နော်.. ။ ကျွန်မ ဘယ်ကျော် မဟုတ်ပါဘူး ညာကျော် သမားပါ..။

အသက်သာကြီးလာပေမယ့် လေ့ကျင့်မှု မရှိတော့ ပါပဲ ကျ မသွားတဲ့ ကိုယ့်လက်ရည်ကို ကိုယ် သဘောတွေတွေ့လို့..။ စိတ်ထဲကတော့ ခုမှ တိတ်တိတ်လေး ကြိတ်ပြီး တောင်းပန် မိသေးတယ်.. ဆောရီးပါ ခြင်လေးရယ် ကိုယ့်ကို ခွင့်လွှတ်ပါ ဘာညာ ဖောဖောပေါ့..။  ရန်တော့အေးသွားပြီ.. စိတ်မကောင်းစွာနဲ့ပဲ ကျွန်မ လက်ထဆေးလိုက်တယ်..။ လက်ဆေး အပြီး Hand Cream မွှေးမွှေးလေးတောင် လိမ်းလိုက်သေး..။ ကဲ... အတွေးနုနု လှလှလေးတွေ နဲ့ စာပြန်ရေးတော့မယ် လုပ်တုန်းပဲ...။

နားမခံသာ လောက်အောင် တဝေါဝေါနဲ့ အသံတွေပေးပြီး မောင်းလာတဲ့ မီးသတ်ကားသံတွေ...။ ဘုရား ဘုရား..!! ကိုယ်တို့ တိုက်ခန်းနား မှာ မီးတွေများ ထလောင်နေ ပလား မသိ...။ ကိုယ် နေတာက ငါးလွှာက တိုက်ခန်း.. ကိုယ့်အိပ်ခန်း က မှန်တံခါးကနေ ထွက်မှ ဝရံတာ..။ ကြောက်စိတ်နဲ့ လန့်ဖြန့်ပြီး စပ်စုဖို့ ဝရံတာ ထွက်ရပ် လိုက်တယ်..။ စိမ့်အေးနေ တဲ့ အော်ရီဂျင်နယ် ရာသီဥတု အေးစက်စက်ကြီး က ကိုယ့်အနွေးထည် ခပ်ပါးပါး ကို မခန့်လေးစားပေါ့..။

ဆူညံနေတဲ့ တဝေါဝေါသံတွေရယ်... ခဏလေးနဲ့ တခိုက်ခိုက်တုန် ချမ်းလာ တဲ့ ခန္ဓာရယ်... ကြောက်စိတ်တွေ ရယ်နဲ့ ဘာလုပ် လို့ လုပ်ရမှန်းမသိ..။ မီးသတ်ကားတွေ ငါးစင်းလောက် ရပ်ထား တာက ကျွန်မတိုက်ခန်းရဲ့ သုံးတိုက်ကျော်လောက်မှာ... ရဲကားတွေလည်း ထပ်ရောက် လာပြန်ပြီ...။ ခြေမကိုင်မိ လက်မကိုင်မိ..  အိပ်ခန်းထဲ ပြန်ဝင်ပြီး အနွေးထည် ထူထူဝတ် ပြန်ထွက် .. ကြာကြာ ရပ်ကြည့် နိုင်ဖို့ ကလည်း ထပ်မဝတ် လို့ မရ...။

တစ်ယောက်ထည်း ကြောက်လည်းကြောက် ချမ်းကလည်း ချမ်းနဲ့ အလုပ်တွေရှုပ် စိတ်တွေရှုပ် နားတွေက အူပေါ့..။ ခဏနေတော့ ရဲကား လော်စပီကက စကားပြောသံတွေ ထွက်လာတယ်..။ ဝေဝေဝါးဝါးမို့ သေချာနားကို စွင့်ပြီး နားထောင်မှ တောင်းပန်သံ တွေပါ..။ လူတစ်ယောက်ကို နားချနေတဲ့ အသံတွေပါပဲ..။ ကျွန်မ တိုက်ခန်း ရဲ့ သုံးတိုက်ကျော်တိုက် က ရှစ်ထပ်လောက် ပဲ မြင့်တဲ့ တိုက်ပါ..။ အော်ပြောနေတဲ့ ရဲတွေ မော့ကြည့် နေတာ ကလည်း အဲ့ဒီတိုက်ရဲ့ ခေါင်မိုးပေါ်ကို..။ သေချာပါပြီ နေရင်းထိုင်ရင်း တယောက်ယောက် က ခုန်ချဖို့ ကြိုးစားနေပြီ ဆိုတာ..။

ဒါဆို မီးသတ်ကားတွေ ကကော.. ဘာလို့...!! စဉ်းစား နေရင်း သတိရ သွားတာ က ဖုန်းဆက်ဖို့ ကိုပါ..။ အခင်းဖြစ်နေတဲ့တိုက်ရဲ့ ရှေ့တိုက်မှာ ကျွန်မ သူငယ်ချင်း လင်မယား နေတာ မေ့နေလိုက်တာ..။ ကျွန်မ သူငယ်ချင်းရဲ့ လက်ကိုင်ဖုန်းကို ခေါ်လိုက်တယ် ဆိုရင်ပဲ ဆူညံသံတွေနဲ့ အော်ပြောနေတဲ့ သူ့အသံက ရဲကားတွေနားက လမ်းပေါ် ကပဲ ဆိုတာ မှန်းလိုက် မိပြီးသား..။

သူက ကိုယ်ဝန်ကြီး နဲ့ရယ်.. ဒါတောင် မြန်လိုက်တာ လမ်းမပေါ် တောင်ရောက်နေပြီ..။ ဖုန်းထဲက ကိုယ့် အသံတွေ ကြားနိုင် ဖို့တောင် သူ့မှာအနိုင်နိုင်ဖြစ်မယ်..။ ခပ်လှမ်းလှမ်းကို လျှောက်လိုက်ဖို့  ကျွန်မ အော်ပြော မှ “အေး... ခဏစောင့်” တဲ့... သူ့အသံ ကတော့ သိပ်ကြောက်လန့် နေဟန်မရှိဘူး.. ခပ်အေးအေး ပါပဲ..။ ဘာဖြစ်တာလဲ ဆိုတာ သူငယ်ချင်းဆီမှာ စနည်းနာ လိုက်တော့မှ... သက်ပြင်းကော သက်မ ပါချပြီး အဲဒီ လူကို စိတ်ထဲကနေ ကျိန်ဆဲချင်ချင် ဖြစ်သွားတာ ကျွန်မ မညာပါဘူး..။ နောက်ဆုံး ကောက်ချက်ချ မိတဲ့ အကျဉ်းချုံးကတော့ အမူးသမားတစ်ယောက် အရက်မူးပြီး တိုက်ခေါင်မိုးပေါ် တက် ပါသည်..။ အရက် ပုလင်းကိုင်ကာ သောက်ရင်း သူ့အိမ်မှာရှိတဲ့ ခြုံစောင်တွေ ယူသွားပြီး  တိုက်ခေါင်မိုး ပေါ်ထိုင် ကာ စိမ်ပြေနပြေ မီးရှို့ ပါသည်...။

လက်ကိုင်ဖုန်း ကို ကိုယ်တိုင် ယူသွားကာ မီးလောင်နေပြီဟု မီးသတ် ဌာန ကို ဖုန်းဆက်ခေါ်ပါသည်..။ မီးသတ်ကား များ ရောက်လာသော် မူးမူးနှင့် ခုန်ချမည် ဟု ကြိမ်းပါသည်..။ ရဲများ ပြာယာ ခတ်နေသည် ကို အပေါ်မှ ငုံ့ကြည့်ရင်း အော် ရယ်သေး သည်..။ တကယ်တမ်းတော့ ထိုလူ ဟန်ရေးပြ ရုံသာ ခုန်မချခဲ့ပါ.။  ဂလို ဂလိုပင် ဖြစ်လေ၏..။ တိုက်ခေါင်မိုး ပေါ် အထိ လိုက်တက်သွားကြတဲ့ မီးသတ်များ နဲ့ ရဲအချို့ စိတ်ထဲမှာတော့ ဘယ်လိုရှိနေမယ် မသိ..။ ဖြစ်ကြောင်း ကုန်စင် ကြား ရတဲ့ ကျွန်မ ကျိမ် ဆဲချင်စိတ် ပေါက်တာတောင် အတော်လေး နုနေ ဦးမှာ..။ ခက်လိုက်တဲ့ လူတွေပါလားနော်..။

ဘယ်လို အတွေးတွေ ပါလိမ့်..!! မူးသာ မူးတာ အဖမ်းခံရပြီး နံမည် က ကျော်ချင်သေး ပါတကား..။ သူငယ်ချင်း လည်း သူ့ တိုက်ပေါ် ပြန်တက်သွားပြီ...။ အေးစက်နေ တဲ့ ကိုယ့် လက်ဖျားလေးတွေ ကိုတောင် ခုမှ သနား ရကောင်းမှန်း သတိရကာ ကျွန်မ လည်း စိတ်တိုတိုနဲ့ အခန်း ထဲ ပြန်ဝင်ခဲ့ပါတယ်..။ မိုးကအေးအေး.. ရာသီကချမ်းချမ်း တုန်.. ခြင်ကတမျိုး.. အမူးသမားက တဖုံ..  သူတို့ကြောင့် ကျွန်မ ရဲ့ ရှားပါး နေ့လယ်ခင်းလေး လည်း ပျက်သုန်းလို့..။

အကြင်နာတွေနဲ့ အသာ အယာ ရေးမဲ့ စာသား အနုအရွလေး တွေလည်း အသံပေါင်းစုံနဲ့ အတူ ကိုယ့်ကို ဘိုင့် ဘိုင်းး သွားကြ ပြီ..။ နေ့အချိန်တွေ ကုန်လွန်လို့ ညနေခင်းလည်းရောက်ခဲ့ပေါ့...။ ဖြစ်ကြောင်းရယ် ကုန်စင်ပြီးသကာလ တင်းနေ တဲ့ ကိုယ့်မျက်နှာကြော ကိုယ်ပြန်လျှော့... ရေတစ်ခွက် ကို မော့သောက်.. ဆာနေတဲ့ ဗိုက်ကိုဖြည့်ဖို့ လျစ်လျူ ရှု.. ကွန်ပြူတာ ကို ရှပ်ဒေါင်း... ကုတင်ပေါ် တက်.. စောင်ကိုခေါင်းမြီးခြုံ... နားနှစ်ဖက်ကိုပိတ်... အိပ်စက်ခြင်း သည်သာ အကောင်းဆုံးဖြစ်တော့မည်..။ ဒါတောင် ကိုယ်တိုင် အပြစ် တင်ချင်နေမိ သလိုလို သနားနေမိ သလိုလိုတွေက ဖြစ်မိနေသေး...။ 

အေးအေးလူလူ နဲ့ စာရေးဖို့ ဘာညာ မတွေးတောပဲ အစ ကတည်းက ဘာမီတွန်လေး သောက် စောင်ထူထူလေး ခြုံပြီး ဇိမ်လေး နဲ့ အိပ်ခဲ့ မိရင် အကောင်းသား...။ အို... တော်ပါလေ ခုမှ နောင်တ ရနေလည်း အပို ပဲပေါ့..။ ဒီတော့ ဖြစ်သမျှအကြောင်း အကောင်းရယ်လို့ မှတ်ယူ ရင်း မျက်လုံး ကို စုံမှိတ် အိပ်ကာ နားအေး ပါးအေး အိပ်မက် ချိုအေးမွှေးလေး မက်လို့ လှပစေဖို့ ဆုတောင်းရုံ သာ ရှိလေတော့၏..........။


                                                               (ခင်လေးငယ်)

ဒီစာလေး ကို အားနေခဲ့တဲ့  Monday, April 19, 2010  နေ့တုန်းက ရေး ခဲ့တာ ပါ။ ခုလည်း အဲ့ဒီနေ့လေးလိုဘဲ အားနေလို့ ပြန် share လိုက်ပါတယ် ..။ ပျင်းနေလို့ အပျော်လေး ပါ...။း) 

Saturday, April 28, 2012

~ အချစ်နှင့် သူငယ်တန်းဖတ်စာ ~



A - apple, arrow  ကမ္ဘာဦးအစမှာ အချစ်ဟာ ပန်းသီးလေး တစ်လုံးက စခဲ့တယ်တဲ့လား.. ဘယ်လောက်ပဲ အဖိုးတန်တယ်ဆိုပါဦး ငွေရောင်လဲ့နေတဲ့ ဓားပါးပါးလေးနဲ့ မင်းကိုယ်တိုင် စိပ်ပေးဖူးတဲ့ ပန်းသီးလောက် လောကမှာ အချိုဆုံး အမွှေးဆုံး ပန်းသီးစိပ်လေး ဘယ်မှာများ ဝယ်ယူလို့ ရနိုင်မှာတဲ့လဲ.. ကိုယ်ဟာ ဘယ်လောက်များ ကံကောင်းသူလဲကွယ်..!! ကိုယ် မင်းကို သိပ်ကျေးဇူးတင်တာပဲ ချစ်သူ... တသက်လုံး စာပေါ့။ မြားလေး တစ်စင်းကို မရည်ရွယ်ပဲ ကိုယ့်ဆီ တည့်တည့်လေး မင်း ပစ်ခဲ့လေသလား.! အို.. ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အဲ့ဒီမြားလေးက ကိုယ့်ရင်မှာ အခိုင်မာဆုံး စူးနစ်လို့.. ရင်ခုန်သံတွေနဲ့ ကိုယ့် မှာတော့ အခုချိန်ထိ တ ~ လှပ် ~ လှပ် ~


B  - bird, bell  ငှက်လေးတစ်ကောင်လို ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး ပျံသန်းလာပြီး ဖွဖွလေး ကိုယ့်ဘေးကို မင်းဆင်းသက် ရောက်ရှိလာခဲ့တဲ့ ရက်လေးကို ဟောဒီတသက် မေ့ရမယ်မှ မထင်တော့တာ.. အေပရယ်လ ထဲက ရက်လေးတစ်ရက်. ကိုယ်ပြန်ပြောရင် မင်းနှုတ်ခမ်းလေးတွေ တင်းနေအောင်စေ့ပြီး ပြုံးပြ ဦးမှာပဲနော်... ဟက်ကနဲ ကျေနပ်ကြည်နူးစိတ်တွေနဲ့ မင်းရယ်မောလိုက်မယ် ဆိုရင်ကော နားဝင်ချိုလွန်းတဲ့ ခေါင်းလောင်းသံလေးတွေလို ကိုယ့်နားထဲကို ပြေးဆော့တိုးဝင် လာဦးမှာပေါ့ ချစ်သူလေးရယ်...

C - cup, cat  ကိုယ် ကိုယ်တိုင်ရွေးချယ် ဝယ်ယူထားတဲ့ မင်းတယောက်အတွက် သီးသန့်ထားရှိခဲ့တဲ့ အဖြူရောင်မှာ အနီကွက် အကွပ်လေးတွေနဲ့ ကော်ဖီခွက်လေးဟာ ကိုယ်ဖြစ်ဖြစ် သွားမိပြန်သေးတာ မင်းသိရဲ့လား.. ကိုယ်ဖျော်ပေးတဲ့ ကော်ဖီလေးထဲမှာ သကြားမှုန်လေးအစား ကိုယ့်အချစ်တွေနဲ့ ဖျော်ထား တာလေ.. ကိုယ့်ကို စိတ်တိုအူယားအောင် မင်းစနောက်တတ်ချိန်တိုင်း တကယ်ပါ... ကိုယ်ဟာ ကြောင်လေး တစ်ကောင်လို ရှိသမျှ လက်သည်းတွေထုတ်ပြီး ကုတ်ဖဲ့ချင်စိတ်တွေနဲ့ နေရထိုင်ရခက် လွန်းလိုက် တာလေ.. ဒီလိုပြောလို့ မင်းလေး ကိုယ့်ကို လန့်သွားမယ်တော့ ကိုယ်မထင်ပါဖူး.. ပိုလို့တောင် တိုးပြီး စဦး မှာ သိနေပြန်သူဟာ ကိုယ် ~ ပဲ ~ ပေါ့ ~..!!
D - dog  ခွေးလေးတွေဟာ သခင်တွေအပေါ်မှာ သိပ်ကို သစ္စာရှိကြသတဲ့...။ ကိုယ်ဟာ အမွှေး စုတ်ဖွားလေး နဲ့ ခွေးပေါက်မလေး တစ်ကောင် ဖြစ်ပြီး မင်းဟာ ကိုယ့်သခင် ဆိုခဲ့ရင်...... ဟင့်အင်း ဘာမှ ဆက်ပြောပြ ဖို့ မလိုတော့ဖူးပဲနော်... ကိုယ့်ရင်ထဲကို မင်းထိုးဖောက်မြင် တတ်နေမှပဲ.. ဘာလိုသေးလို့လဲ ကွာ~~!!

E - eye, ear  ကိုယ့်ဘေးမှာ မင်းရှိနေမပေးနိုင်တဲ့ အချိန်တွေတိုင်း ကိုယ့်မျက်လုံးတွေထဲမှာ မင်း အရိပ်လေးတွေ ပဲ ပြေးဆော့ကစားလို့... ကိုယ့်အကြား အာရုံ တွေထဲမှာ စက္ကန့်မလပ် စိုးမိုးထားတာလည်း မင်း အသံ ပြာရှရှလေးတွေပဲ ဆိုတာ မင်းသိအောင် မင်းနားလေးနားကပ်ပြီး တိုးတိုးဖွဖွလေး ကိုယ်ပြောပြ ချင်နေ မိတယ်... ကိုယ်မင်းကို သိပ်  ~ ချစ် ~ တာ ~ ပဲ ~..!!

F – fish, fan  မင်းအခန်းလေးထဲမှာ အမြတ်တနိုးနဲ့ မွေးမြူထားတဲ့ ငါးကန်ထဲက ရွှေငါး လှလှလေး က လည်း ရာသီမရွေး ရေအပူချိန်ညှိထားတဲ့ ကန်လေးထဲမှာ ပျော်ပျော်ရွှင်ရွှင် ကူးခတ်လို့နေတိုင်း ကိုယ် ဟာ ငါးလေးဖြစ်ချင် ရပြန်သေး... နွေရာသီကို မုန်းပြီး အပူကြောက်တဲ့ မင်းအတွက် နှီးယပ်တောင် သန့်သန့်လေး အဖြစ် မင်း အနား ရောက်နေချင်သူဟာလည်း ကိုယ်ပါပဲ... ခိုးခိုးပြီး တိတ် ~ တိတ် ~ လေး ~ ပေါ့..!!

G - girl, goose  ကိုယ့်ချစ်သူရေ... တခါတလေတော့ မင်းဟာလည်း ယောက်ျားတွေထဲက တစ်ယောက် ပဲ ဆိုတော့ကွယ်.. ခပ်ကဲကဲ အလန်းမလေးတွေကို မြင်တိုင်း ပြုံးစိစိကြီးနဲ့ လိုက်ရှိုး တတ်သေး ပါရောလား.. ကိုယ့်မှာသာ ဘေးနားက ပွစိပွစိနဲ့ ဒေါသတွေ အလိပ်လိုက်ထွက်လို့ မျက်နှာကြီး ဆူပုတ်ပြီး မျက်စောင်းတွေ လိုက်ထိုးရင်း မနာလိုစိတ်တွေနဲ့ ကိုယ်ဟာ မိုက် ~ မဲ ~ သူ ~..!!

H - hat, hut ကိုယ်ဟာ ဦးထုပ်တွေကို သိပ်ကြိုက်သူပါ... ကိုယ့်မှာ အများကြီးရှိတဲ့ ဦးထုပ်တွေထဲက ခရီး တစ်ခု ရဲ့ အပြန်မှာ မင်းကလက်ဆောင်အဖြစ် ဝယ်လာပေးတဲ့ နှစ်ဖက်လှ ဦးထုပ်အဝိုင်းလးကို အမြတ်နိုးဆုံးပေါ့။ မင်းနဲ့ကိုယ်ဟာ ပကာသနတွေကို မက်မောမှုမရှိတာ တထပ်တည်းနော်... ကိုယ်တို့တွေ သီချင်းလေးတွေ ဆိုညည်းရင်း နှစ်ယောက်အတူတူ ရှိနေချိန်တိုင်း ချစ်စရာ တဲအိမ်ကလေး တစ်လုံး ကလည်း ကိုယ်တို့အတွက် ရွှေအိုရောင် မဟာ နန်း ~ တော် ~ ကြီး ~..!!

I - iron, ink  သံတွေ သံမဏိတွေထက် ခိုင်မာလွန်းတဲ့ သံယောဇဉ် နှောင်ကြိုးတွေနဲ့ ရစ်ပတ်ပြီးမှတော့ ကိုယ်တို့ ဘဝလေး ထဲမှာ မုန်တိုင်းကြမ်းစေဦး နွေးထွေးတဲ့ အပြန်အလှန် အားပေးမှုတွေနဲ့ ကျော်ဖြတ်နိုင် ကြမှာပဲ။ မင်း အချစ်တွေ နဲ့ ဒါမှမဟုတ် မင်းအချစ်တွေကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုမှင်စက်လေးမျိုးမှ စွန်းထင် မခံနိုင် ဖူးလို့ ခဏခဏပြောတတ် တဲ့ စကားလေးကြောင့် ကြိမ်ဖန်များစွာ ကျေနပ်မိရသူဟာ... ကိုယ်ပဲပေါ့ ချစ် ~ သူ ~ ရယ် ~..!!

J - jam, jacket  ချစ်သူရေ... မင်းရဲ့ နူးညံ့ကြင်နာတတ်တဲ့ ယုယမှုတွေဟာ ကိုယ့်အတွက် အနွေးဓါတ် ရစေတဲ့ ဂျာကင် ပန်းနုရောင်လေး ဖြစ်သလို ချိုမြိန်လွန်းလို့ ကိုယ်သိပ်ကြိုက်တဲ့ စတော်ဘယ်ရီဂျဲ(မ်) လေး လည်း ဖြစ်တယ်..။

K - key, kite  ကိုယ်တို့ တိုးဝင် လျှောက်လှမ်းမဲ့ ဘဝရဲ့ ပိတ်ထားတဲ့ တံခါးအဆင့်ဆင့်တွေကို ဖွင့်နိုင်ဖို့ နှောင်ဖွဲ့ယူ ထား တဲ့ မေတ္တာခွန်အားသော့တွေ ရှိနေတာပဲ ဘာများလိုသေးလို့လဲလေ... ဟုတ်တယ်နော် ချစ်သူ..!! မင်းနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းတွေနဲ့ ကမ္ဘာကြီးကိုပတ်လို့ လေတံခွန်လေးအဖြစ်နဲ့ လွင့်ချင်တယ်လို့ ကဗျာ ဆန်ဆန် ပြောတတ်သူ မင်းကို ကြည်နူးစိတ်တွေနဲ့ စနောက်ချင်မိတတ်တဲ့ ကိုယ်ဟာ အဲ့ဒီအချိန် မှာတော့ အစနောက်သန် တဲ့ လူ ~ ဆိုး ~ မ ~ လေး ~..!!

L - leaf  သစ်ရွက်လေးတွေ ကြွေနေ တာကို ထိုင်ကြည့်ကြရင်း ကိုယ့်လက်ဖဝါးလေးကို တင်းနေအောင် ဆုပ်ကိုင် လို့ သီချင်းလေးတစ်ပုဒ် ကောက်ဆိုပြတတ်တဲ့ မင်းဆံနွှယ် တွေကို ဖွဆော့ရတိုင်း ရင်တွေ ခုန်ရတာ ကိုယ့် ~ မှာ ~ အ ~ မော ~..!!

M - mouse, monkey  ကိုယ့်ချစ်သူအကြောင်း ကိုယ်သာအသိဆုံးလို့ ပြောရင် ကိုယ့်ကိုလူတွေ ပြုံးစိစိ ကြည့်ကြ ဦးမှာနော်... တကယ်ပဲ စကားလေးလုံးမကွဲအောင် ပြောဆို နေတတ်ထိုင်တတ်တဲ့ မင်းဟာ စိတ်ကူးပေါက် ရင် မျောက်လေးတစ်ကောင်လို ဆော့လွန်းတာ တခြားလူတွေ သိမယ်မထင်ဖူး.. ကြွက်ပေါက်စလေးတွေ လို တကျွိကျွိနဲ့ ဂျီကျတတ်သူဟာလည်း မင်းပဲလို့ ကိုယ်ပြောတိုင်း မင်း ရယ်တတ်တာ ဟက် ~ ဟက် ~ ပက် ~ ပက် ~..!!

N – nail, nest  ကိုယ်ညှပ်ပေးတာခံချင်လို့ ကိုယ်သတိထားမိအောင်အထိ လက်သည်းတွေကို မေ့ချင်ယောင်ဆောင်ပြီး အရှည်ထားတာလို့လည်း မပွင့်တပွင့်နဲ့ ချွဲတတ် တဲ့ ကိုယ့်ချစ်သူဟာ ကိုကိုချွဲလေးပေါ့..။ ချစ်လို့ ချွဲတာပဲဆိုတဲ့ အတွေးလေးနဲ့ ကိုယ့်ကျေနပ်စိတ်တွေက စုပုံထပ်လာလိုက်တာ အသိုက်အအုံလေး တစ်ခုလိုတောင် ဖြစ် ~ နေ ~ ခဲ့ ~ ပေါ့ ~..!!

O - orange, onion   မင်းနွှာပေးတတ်တဲ့ လိမ္မော်သီးလေးတွေကို အမျှင်လေးတွေ မခွာဖို့ ကိုယ်ပြောတာလည်း အကြိမ်ကြိမ်... ကိုယ်က လိမ္မော်သီး အမျှင်လေးတွေရဲ့ ခါးသက်သက်လေးကို ကြိုက်တာ ဆိုတော့ “ဟာ... ကွာ” တဲ့...။ ဒီလိုပါပဲ ကြက်သွန်နီစိမ်းကိုစိပ်ပြီး ရေမဆေးပါပဲ ငါးပိရည်နဲ့ တို့စားတတ် တဲ့ မင်းကို ကိုယ်ကနှာခေါင်း ရှုံ့ပြန်တော့ “အမယ်... အဲ့ဒီမွှန်တက် သွားတာလေးကိုက မိုက်တာဗျ” ဆိုပဲ..။

P - pin,pencil  ကိုယ့်အနားမှာ တွယ်ချိပ်လေးတစ်ခုလို ကပ်ကာလိုက်ပါဖို့ ရမယ်ရှာရှာနေတတ်သူဟာ ကိုယ် ချစ်တဲ့ မင်းပါပဲ... ကိုယ်စာရေးချိန်မှာ သုံးတတ်တဲ့ ခဲတံလေးလည်း ဖြစ်ချင်ပြန်သေးသတဲ့လေ... ကို ~ ပို ~  လေး ~..!!

Q - queen  “မင်းသာဘုရင်ကြီး တစ်ပါးဆိုခဲ့ရင် ကိုယ်ဟာ မင်းကို အလိုက်သိနားလည် ဖေးမစာနာ ကူညီပေးနိုင်မဲ့ ဘုရင်မလောက်တော့ ဖြစ်ချင်တာပေါ့ကွာ..” လို့ ကိုယ်က ခပ်တည်တည်နဲ့ ပြောတော့ တဟားဟား သြော်ရယ်ရင်း.. “အမယ် မ.. သာ ဘုရင်မကြီးလုပ်ပြီး မောင့် ကို သနားစိတ်လေးနဲ့ မ.. ဘေးမှာ တသက်လုံးနေ လို့ ရနိုင်မယ့် နေရာလေးတစ်ခုသာ အပ်နှံစမ်းပါနော်..” တဲ့။ ကဲ... ဘယ်လောက်များ လူလည်ကျတတ်တဲ့ ကိုယ့်ချစ်သူလည်းနော်..!!

R - rabbit  ယုန်ဖြူဖြူလေး တစ်ကောင်လောက် ကိုယ်ချစ်လို့ အလှမွေးဖို့ ဝယ်ပေးပါ ပူဆာထားတာကို သက်သက်မဲ့ မေ့ချင်ယောင်ဆောင် နေသူဟာ မင်းပဲ မဟုတ်လား..!! မသိရင်ခက်မယ် သူ့ကို ဂရုစိုက်လျော့မှာ စိုးတဲ့ လော ဘ ကြီး သူ လေး..။

S – shirt   အဖြူရောင် ရှပ်အင်္ကျီ ပါးလျလျလေးတွေကို နှစ်သက်ခုံမင်စွာ ဝတ်တတ်တဲ့ မင်းလို ကောင်လေးတွေ မြင်တိုင်း မင်းများလားလို့ ကိုယ်ကြည့်မိတယ်ပြောတော့ ကိုယ့်ကို စူပုတ်ပုတ်ကြည့်ပြီး “ဟွန်းးး ရှပ်အင်္ကျီ ကယ်ပေလို့ပေါ့ကွာ...” တဲ့

T - table, tree ကိုယ်နဲ့မင်း ထမင်းလက်ဆုံစားရင်း ထမင်းစားပွဲမှာ ငြင်းခုန်ကြတာ မှတ်မိသေးရဲ့.. ကိုယ်တို့ အသက်တွေကြီးလာရင် ခုလုပ်နေတဲ့ အလုပ်မျိုးတွေ မလုပ်ပဲ အပင်စိုက်စားမယ်ပြောရင်း ကိုယ်က နှင်းဆီခြံစိုက်ချင်သူ... မင်းကတော့ သစ်ခွမျိုးစုံ ပျိုးချင်သူပေါ့.. အဲ့လိုနဲ့ အရည်မရ အဖတ်မရ ငြင်းခုန် ရင်း ကိုယ်စိတ်ကောက်လိုက်တာ နှစ် ရက် ခွဲ တိ တိ...။

U - umbrella  မိန်းကလေး ဖြစ်ပြီး နေပူပူ မိုးရွာရွာ ထီးသယ်ဖို့ ပျင်းလွန်းတဲ့ ကိုယ့် ပေတေမှုကို ပြင်ဖို့ ချော့မော့ပြောရတာ “မောင်... စိတ်ညစ်တယ်ကွာ.” လို့ မင်းပြောတုန်းက ကိုယ်နည်းနည်းတော့ လန့်သွား မိတာ အမှန်ပဲ.. အဲ့ဒီ စိတ်လေးကလည်း ခဏပါ.. နောက်တော့ ကိုယ့်ရဲ့ မဟာထုံးစံအတိုင်း ဒုံရင်းက ဒုံရင်း င ~ ပေ ~ မ ~ ပေါ့...!!

V - violin  ဂွတီးဂွကျ ဘုဆတ်ဆတ်ပြောတတ်တဲ့ ကိုယ့်ကို အသနားခံတဲ့ အကြည့်လေးနဲ့ “ဟိုး အရင်က လို တယောသံလေးနဲ့ ချွဲချွဲနွဲ့နွဲ့ တီတီတာတာလေးတွေ ပြောစမ်းပါကွာ...” လို့ မင်းပြောလာတိုင်း ကိုယ်တွေးမိပါတယ်.. တခါတလေတော့ ချွဲ ~ နွဲ့ ~ ဦး ~ မှ ~ ပါ ~ လို့လေ..။ :P

W – water  အာသီး ခဏခဏယောင်တတ်တဲ့ ကိုယ်ဟာ ရေခဲတွေနဲ့ အေးစက်စက်ရေက လုံးဝကို မတည့် တာပါ.. မတည့်မှန်းသိလည်း လက်အစုံက လှမ်းမိတာ အေးစက်နေတဲ့ ရေခဲရေခွက်ဆီကိုပေါ့.. သူ့မှာ လည်း ကိုယ်ရေဆာတယ် ပြောတိုင်း ရိုးရိုးရေ.. ရိုးရိုးရေ.. ရိုးရိုးရေနော်လို့ သတိပေးပေး နေတတ်တော့ ကိုယ့်နံမည်ကိုတောင် ရိုးရိုးရေ လို့ ပြောင်းမလား စိတ်ကူးမိသေး.. :)

X - xylophone  သူငယ်တန်းဖတ်စာအုပ်ကို ခိုးပြီးကိုးကားရေးလာခဲ့တာ ချစ်သူနဲ့ ကိုယ့်အကြောင်းပေါ့..။ A to W အထိပြီးနေပြီ.. အဲ... X... X... ရောက်လာခဲ့ပြီ.. ပတ္တလားတဲ့.. ခေါင်းတွေပူသွားတယ် ပတ္တလားနဲ့ အချစ် ကို ဘယ်လိုများ ဆက်စပ်ယူရမှာပါလိမ့်..!! ဟိုဟိုဒီဒီ ယောင်ပေပေ ဝေ့ဝဲကြည့်လိုက်တယ်ဆိုမှ တန်းတိုး တာ ချစ်သူ့မျက်လုံးတွေ..။ ကိုယ့်အာရုံနဲ့ ကိုယ် W အထိတောက်လျှောက် ရေးလာခဲ့တော့ ကိုယ့်နောက် ကို မင်းက ဘယ်အချိန်ကတည်းက ရောက်ပြီး ကိုယ်ရေးသမျှကို ဖတ်လာခဲ့တယ်မသိ.. ခပ်ရှက်ရှက်ဖြစ် သွားတဲ့ စိတ်လေးနဲ့ သူ့မျက်နှာကို သေချာကြည့်မိမှ ပြုံးရင်း ကိုယ့်ကို မေးတစ်ချက် ဆပ်ပြတယ်.. ကဲ... လုပ်ပါဦး ဘယ်လိုရေးမလဲ ပတ္တလားနဲ့ အချစ်ဆိုတဲ့ ဒီဇိုင်းနဲ့ပေါ့.. ကိုယ်ခေါင်းကုတ်ရင်း အဆီ မဆိုင် ဟီးးး လို့ ရယ်ပြလိုက်မိတယ် သြော်... သူငယ်တန်း အင်္ဂလိပ်စာရယ်.. ပတ္တလားရယ်.. ကိုယ်ရယ်.. မင်းရယ်.. အချစ်အကြောင်းရယ်..... :P

Y - yoke  ကိုယ်တို့ရဲ့ အချစ်တွေကို ဟိုး ဘဝ အဆုံးထိ ခိုင်မာသထက် ခိုင်မာအောင် ယူဆောင်သွားဖို့ အပေးအယူတွေ နားလည်မှုတွေနဲ့ ဖလှယ်စရာတွေ အများကြီးပဲ မဟုတ်လားကွယ်... ကိုယ်တို့ ဘဝဟာ ထမ်းပိုးလေး တစ်ခု ဆိုခဲ့ရင်... ထမ်းပိုးလေး တစ်ဖက်တစ်ခြမ်းမှာ ကိုယ်တို့ရဲ့ ချစ်ခြင်းတွေကို ထုပ်ပိုး ထားတဲ့ အထုပ်ကလေးနှစ်ထုပ် ရှိနေမှာပေါ့..။ မင်းဖက်က ထမ်းပိုးအစွန်းမှာ ချည်ထားတဲ့ အထုပ်လေး ထဲကို နားလည်မှုတွေ ထည့်ပေးသလို ကိုယ်ကလည်း စာနာညှာတာမှုတွေကို ကိုယ့်အထုပ်လေးထဲကို ဖြည့်ပေး ရမှာပေါ့.. မင်းရဲ့ အကြင်နာတွေ နူးညံ့မှုတွေကို ကိုယ်ရရှိချိန်မှာ ခေါင်းမာစွာ ဆိုးတတ်တဲ့ ကိုယ့် အကျင့်တွေ ကို ဖျောက်ပေးရမှာပေါ့..။ ကိုယ်တို့ အချစ်တွေ ဘက်ညီမှ ဖြစ်မှာလေ..။ ဒါမှသာ ကိုယ်တို့ရဲ့ ဘဝ ထမ်းပိုးလေး ညီညာစွာ ပခုံးထက်မှာ ရှိနေမှာပေါ့နော်...

Z - Zoo  မနှစ်က နွေရာသီဦး ချယ်ရီပန်းကြည့်ပွဲလေးကို ကိုယ်မှတ်မိနေတယ်.. ကိုယ်တို့သွားခဲ့တဲ့ ပန်းခြံနဲ့ တွဲရက် က နံမည်ကြီး တိရစ္ဆာန်ရုံကြီးပေါ့..။ ကိုယ့်ညာဖက် လက်လေးကို တင်းနေအောင် ဆုပ်ထား တဲ့ မင်း ဘယ်လက်မောင်း မှာ ပါးလေးကပ်ရင်း အကောင်တွေကို ငေးမောခဲ့ကြတာလေနော်.. တကယ်တမ်း သွားတာ က ချယ်ရီကြည့်ပွဲ... အချိန်တွေကုန်ခဲ့တာက တိရစ္ဆာန်ပေါင်းစုံ ကြည့်ရင်းပေါ့.. ငှက်လေးတွေတောင် ကိုယ်တို့ကို ကွက်ကြည့် ကွက်ကြည့်နဲ့ အတင်းတုပ်နေပုံရတယ်.. တကျိကျိနဲ့ ဆူလို့ ညံလို့... လှောင်အိမ်ထဲမှာလို့ ပြောလို့မရအောင်တောင် သူတို့ လှောင်အိမ်ကြီးက တမျှော်တခေါ် ကြီးမား ကျယ်ပြန့် လိုက်တာ... တောအုပ်ကြီးတစ်ခုလိုပဲ..။ “တိရစ္ဆာန်ဘဝနဲ့ ငှက်လေးတွေ ဖြစ်ခဲ့ရင်တောင် မခွဲချင်ဖူး မောင် ရယ်.. အတူတူနော်..” လို့ ကိုယ်က ခပ်ချွဲချွဲလေး ပြောလိုက်တော့ ကမ္ဘာမှာ အကြင်နာဆုံး လူသား တစ်ယောက်ရဲ့ အပြုံးမျိုးနဲ့ ကိုယ့်နဖူးလေးကို ဖွဖွလေး ငုံ့ပြီးအနမ်းမှာ မင်းနှုတ်ခမ်းလေးရဲ့ မပြောင်းလဲ တဲ့ နွေးထွေးမှုတွေက ကိုယ့်ကို ကလေးလေး တစ်ယောက်လို ရှက် ~ ကိုး ~ ရှက် ~ ကန်း ~

ဤတွင် သူငယ်တန်းဖတ်စာ A to... Z သင်၍ ပြီး၏..။။ အ ဟက်... :)



(ခင်လေးငယ်)


 မြန်မာသူငယ်တန်း အင်္ဂလိပ်စာ ပြဌာန်းစာအုပ် ထဲမှာပါတဲ့ စကားလုံးလေး တွေကိုယူပြီး လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ပေါ့ပေါ့ပါးပါးလေး  ရေးခဲ့ဖူးတဲ့ မ ~ (မနော်ဟရီ) ရဲ့ English Alphabet Tag Post လေး ပြန်ယူ လာတာပါ..။ အားလုံး ပျော်ပျော်ပါးပါးနဲ့ စာပြန်နွှေး ကြတာပေါ့..။ နော့.... :P