တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့
စိတ်တွေဖြန့်ကျက် နေလိုက်တာ..။
အမောတကြီး ပြေးကပ်လာတဲ့ လေ-တစ်စ
ကိုယ့်ဆံနွယ်တွေကို အဖွမှာ
ယောင်ပြီး တ မိတယ် “ကဝေ”..။
လက်သွားတဲ့ အပြုံးက
ရင်ဘတ်ကနေ အန်ထွက်ကျလာလို့
ပြန်သိမ်းချိန်တောင် မရခဲ့..။
ကိုယ်မမြင်နိုင်တဲ့ ကိုယ့်အနားမှာ
ရှိနေခဲ့တာလား..!
ရှိနေပေးတာလား..!
ရှိနေပေးဦးမှာလား..!!
ဆန္ဒကို ကိုယ်ချမပြပါဘူး
သိမ်းထားတဲ့ လေးနက်မှုတွေနဲ့
တွေဝေရတာလောက် လှတဲ့အရာ
ဒီကမ္ဘာမှာ မရှိမှတော့
အလှကို ငြင်းပယ်ဖို့အထိ
မရူးသွပ်ချင်တာ အမှန်..။
ဒီအတိုင်းလေးပဲ ကောင်းပါတယ်
ရနံ့မပျယ်မယ့် ပန်းတစ်ပွင့်
ရင်မှာဝင့်နေတာ ကျက်သရေရှိလို့ပါ
နွမ်းမှာစိုးတယ် “ကဝေ”..။
အမှတ်တရ သံစဉ်တစ်ပုဒ်ကို
သိမ်းထားမှာပေါ့
သတိရတဲ့အခါ ထုတ်ကြည့်ဖို့ ~
ဒီလိုနဲ့... ထပ်ပြီး
တောနက်မျက်မည်းမှာ
အာရုံတလွဲနဲ့
စိတ်တွေဖြန့်ကျက် မိဦးမယ်..။
(ခင်လေးငယ်)
No comments:
Post a Comment