Sunday, May 15, 2016

■■ နောက်ထပ်~~ (ဒါမှမဟုတ်)




ဖွင့်ထားမိဆဲ Computer က Browser တစ်ခုမှာ MNTV Livestream ရုပ်ရှင်တစ်ခုပြနေတယ်။ တစ်ခန်း နှစ်ခန်း လှမ်းကြည့်လိုက်ရင်း မီးရမုဒ်ကို စမ်းယူပြီး အမှိန်ဆုံး အနေအထား ပြောင်းတယ်။ စီးကရက် တစ်လိပ်ကို မီးညှိတယ်။ သောက်နေကျ Kent ဟာ ကိုယ့်နှုတ်ခမ်းဖြားကို ရောက်မလာခဲ့ဘူး။ ဖန်ပြာခွက် ဘေးသားပေါ်က အတွန့်လေးကြားထဲ ဖွဖွတင်လိုက်တယ်။ 

ဘာလို့မှန်း ကိုယ် တကယ်မသိဘူး။ သေချာတာတော့ အခန်းမီး ဖျော့ဖျော့အောက် တစ်လိပ်လုံး ကုန်သွားတဲ့အထိ တစ်ငွေ့ငွေ့နဲ့  ကွေ့ဝိုက်တက်သွားတဲ့ သူ့မီးခိုးငွေ့တွေကို ငေးကြည့်နေခဲ့မိတာပဲ။ မီးညှိပြီး မသောက်ပဲ တင်ထားတဲ့ စီးကရက်တစ်လိပ်ရဲ့ လောင်ကျွမ်းမှု သက်တမ်းက ဘယ်နှစ်မိနစ် ကြာခဲ့လဲ။ ဒါလည်း အတိအကျ ကိုယ်မသိဘူး။ 

ခပ်ဟဟ ဖွင့်ထားတဲ့ မှန်ပြတင်းအပြင်က သက်တောင့်သက်သာ ရှိစေတဲ့ လေအေးတချို့ ဝင်လာတာ သိနေတယ်။ ပန်းချီ ဆေးဗူးတွေဆီက အနံ့သဲ့သဲ့ လွင့်လာတယ်။ လမ်းမကျယ်က လီဗာ ပြင်းပြင်းနင်းပြီး မောင်းသွားတဲ့ ကားသံတချို့ကိုလည်း တစ်ချက်တစ်ချက် သယ်လာသေးတယ်။ ဟိုမှာဘက်ဆီမယ် "ပိတောက်တွေ ဖူးငုံချိန် ရောက်လုရောပေါ့.."။ 

အလင်းမှိန်ပြပြဆိုပေမယ့် မီးခြစ်ရှိရာနေရာကို မကြည့်ပဲ သိနေပြန်တယ်။ မီးခြစ်ဆီ လှမ်းမိတဲ့ လက်ကို ပြန်ရုတ်တယ်။ ဘာလုပ်မှာလဲကွယ်..!! တပ်ထားတဲ့ မျက်မှန်ကို အသာအယာချွတ်ရင်း မှိတ်ချလိုက်တဲ့ မျက်လုံးတွေဟာ မြင်ရတုန်းပဲ။ 

ဘဝပေါင်း များစွာက လှုပ်လီလှုပ်လဲ့ပဲ။ ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့တယ်။ ချုံးပွဲချ ငိုကျွေးနေခဲ့တယ်။ ဆာလောင်နေခဲ့တယ်။ ပြည့်လျှံနေခဲ့တယ်။ ပူလောင်နေခဲ့တယ်။ အမိန့်တွေ လွန်ဆန်နေခဲ့တယ်။ ခမ်းနား နေခဲ့တယ်။ တိုးလျှိုး ငြီးတွား နေခဲ့တယ်။ ရေပေါက်လေး တစ်ပေါက်ကိုပဲ လူးလှိမ့် တောင့်တ နေခဲ့တယ်။ မျှော်နေခဲ့တယ်။ လက်ပြ နှုတ်ဆက်ခဲ့တယ်။ တစ်ခါတစ်ခါ နှုတ်ဆက်ချိန် မရခဲ့ဘူး။ တားဆီးချိန် မရခဲ့ဘူး။

--- ဓားစက် အောက်မှာ
--- နှလုံးသွေးစက်တွေ ထက်မှာ
--- ယုံကြည်ခြင်းတွေ အောက်မှာ
--- မှား/မှန် မသိတဲ့ မေးခွန်းတွေ နံပါးမှာ
--- ရွက်ခြောက်တွေ ကြားထဲမှာ
---
---
---
---
---
---
--- ရှာတယ်
--- ရှာတုန်းပဲ
--- ရှာနေရဦးမှာ။

စီးကရက်ဟာ လောင်ကျွမ်းခံပြီး အဆုံးသတ်ရတယ်။ ပူစရာတော့ မရှိပါဘူး။ သူဟာ စီးကရက် နောက်တစ်လိပ် ပြန်မဖြစ်တော့ဘူး။ ဟုတ်တယ်မှလား..! အကယ်၍ ဆေးလိပ်တစ်လိပ်သာ လူတစ်ယောက် ဖြစ်ခဲ့တယ် ဆိုရင်..!


ထားပါတော့ကွယ်~~~~~~

ပန်းပွင့်တွေ ကြွေပြီး/ ခြွေချပြီးတဲ့ ပိတောက်တစ်ပင်ဟာ သူ ရှင်သန်နေသမျှ နောက်ထပ်- နောက်ထပ်- ပိတောက်ဖူးအသစ် အသစ်တွေ ဝေပြန်ဦးမှာ။

ဒါမှမဟုတ်.......... ............. .........။ ။



                                                ခင်လေးငယ် _03052016

✿ ချစ်သော ဂျပန်ကဗျာငယ်လေး တစ်ပုဒ် ✿







ပေးစရာတော့ သိပ်မရှိဘူးကွယ်..!
ရေခရားငယ်ထဲက
(ဟောသည့်....)
ကြာဖြူလေး တစ်ပွင့်တည်း...✿





Ryokan ::::

**သံယောဇဉ်**



တွယ်ရစ်နွှယ်ငင်မှုဟာ အင်မတန် ကြောက်စရာကောင်းမှန်း သူ- သိတယ်။ အေးအေး၊ ပူပူ၊ တမ်းတသူကော အတမ်းတခံ တစ်ပါးသူပါ သဲ့သဲ့ လှုပ်တော့တာပဲ။

မကြိုက်ဘူး။ ဒါပေမယ့် မရဘူး။ အကြိမ်ကြိမ် ခွာချတယ်။ ပြန်ပြန်ပြီး လာလာကပ်တယ်။ ညာလို့ မရဘူး။ ကပ်လာတာကို သိချိန်မှာ ပြန်ခွာလည်း ခဏတာပဲ။ ကာလံဒေသံမရွေး နာမ်ကော ခန္ဓာရုပ်နဲ့ပါ တစ်သားတည်း ချပ်ချပ်ရပ်ရပ် ဖြစ်နေတတ်တဲ့ ဝတ်စုံဟာ အဲ့ဒီကောင်ပဲ။ ဆယ်စုနှစ်ပေါင်းများစွာက မပေါ့မပါး (ဒါမှမဟုတ်) ပေါ့ပေါ့ပါးပါး ရွေ့လျော သွားခဲ့ဖူးပေမပေါ့။ ထူးမခြားနား ဖြစ်စဉ်ဟာ မပြောင်းမလဲ ဖြစ်တည်နေတုန်းရယ်။

အဲ့ဒီ့ပုစ္ဆာကို ကိုင်တွယ်ဖြေရှင်းဖို့.. တဲ့-- 

သူတစ်ဦးတည်း မာန်ပါပါကြွေးကြော် ဟစ်အော်ရင်းနဲ့ သူဘယ်တော့မှ ပြန်မဝတ်ချင်တဲ့ အဲ့ဒီအင်္ကျီဟာ ခုချိန်ထိ သူနဲ့ တော်တော်နေတုန်း~~~ 
ခေါက်ရိုးကျိုး တွန့်ကြေနေတဲ့ ကလေးငယ်ဘဝ အဖြူအမည်း ဓါတ်ပုံအဟောင်းလေးတွေက သူ့နံပါးမှာ ခဏတိုင်း၊ ခဏတိုင်း ပလူပျံလို့ ကောင်းနေတုန်း~~~


ဒီလိုနဲ့ပဲ.......
...................
..........................
...............................
......................................
အမည်နာမတွေအောက် တိုးဝင်သက်ဆင်းခြင်းကို တိတိပပ မုန်းတီးသူ တစ်ယောက်ဟာ သူ- မနှစ်သက်တဲ့ အဲ့ဒီ့ဝတ်စုံကို **သံယောဇဉ်** လို့ တိုးသက်သက်လေး ရွတ်ဆိုရင်း အမည်တပ်လိုက် ရတော့တယ်။


● ခါဂူယ မင်းသမီးလေး ●


ဟိုးရှေး ရှေးတုန်းကပေါ့ကွယ်- ရွာကြီး တစ်ရွာမှာ ဖိုးဖိုးကြီးနဲ့ ဖွားဖွားကြီး လင်မယားနှစ်ယောက် ရှိကြတယ်- တဲ့။ ဖိုးဖိုးဟာ နေ့တိုင်းနေ့တိုင်း တောထဲမှာ ဝါးတွေခုတ်ပြီး ဖိုးဖိုးခုတ်ယူလာတဲ့ ဝါးတွေကို ဖွားဖွားက တောင်းတွေယက်လုပ်လို့ အသက်မွေးဝမ်းကျောင်း ပြု ကြတာပေါ့ကွယ်။

တစ်နေ့တော့ ဖိုးဖိုးက ထုံးစံအတိုင်း ဝါးတွေခုတ်ယူဖို့ တောထဲသွားတာပေါ့။ ဖိုးဖိုး ခုတ်ယူနေကျ ဝါးပင်တွေက အရောင်တွေ တလက်လက်တောက်နေတာကို ထူးဆန်းစွာ မြင်လိုက်ရတယ်။ အရမ်းအံ့သြသွားတာပေါ့။ အနားလည်းရောက်ကော ရောင်ဝါတွေ တောက်ပနေတဲ့ ဝါးပင်တွေကြားမှာ သိပ်ကို ချစ်စရာကောင်းတဲ့ ကလေးပိစိလေး တစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရတော့တယ်။ ဒီလိုနဲ့ ဖိုးဖိုးဟာ ချစ်စရာ ကလေးလေးကို တယုတယလေး ပွေ့ချီခေါ်ပြီး အိမ်ပြန်လာခဲ့တာပေါ့။

အိမ်မှာ ရှိနေတဲ့ ဖွားဖွားကလည်း ကလေးလေးကို တွေ့တော့ အရမ်း အံ့သြသွားတာပေါ့။ သိပ်လည်းပျော်ရွှင်သွားတယ်။ ဖိုးဖိုးနဲ့ ဖွားဖွားက အသက်တွေသာ ကြီးလာတယ် သူတို့မှာ ကလေးမှ မရှိပဲကိုး။ ဒါ့ကြောင့် ဒီကလေးလေးကို နတ်သကြားတွေက သူတို့အတွက် လက်ဆောင်ပေးတာပဲ လို့ တွေးပြီး အင်မတန် ဝမ်းသာနေကြတာပေါ့။ ဖိုးဖိုးနဲ့ဖွားဖွားဟာ အဲ့ဒီ ကလေးလေးကို ခါဂူယ- လို့ နာမည်ပေးလိုက်ကြပြီး ဂရုတစိုက် ကျွေးမွေးပြုစု ကြတော့တာပေါ့။

ခါဂူယလေး ရောက်လာတဲ့ နောက်နေ့ကစပြီး ဖိုးဖိုးဝါးခုတ်သွားတိုင်း ခုတ်သမျှ ဝါးပင်တွေထဲကနေ ရွှေဒင်္ဂါးပြားတွေ အများကြီး ထွက်လာတော့တာပဲ။ ဒီလိုနဲ့ ဖိုးဖိုးနဲ့ ဖွားဖွားဟာ ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ ဖြစ်လာကြတယ်။ နှစ်အနည်းငယ် ကြာမြင့်လာတာနဲ့အမျှ ခါဂူယလေးကလည်း အရွယ်ရောက် လာတော့တာပေါ့။ အရွယ်ရောက်လာတဲ့ ခါဂူယလေးဟာ သိပ်ကို ချောမောလှပတဲ့ မင်းသမီးလေးတစ်ယောက် ဖြစ်လာခဲ့တယ်။

သူ့ကို မြင်တဲ့ ယောကျာ်းလေးတိုင်းကလည်း ခါဂူယမင်းသမီးလေးကို အင်မတန်မှ ချစ်ခင်နှစ်သက်မိကြတယ်။ သူတို့တွေဟာ တန်ဖိုးကြီး ရှားပါးလှတဲ့ ရတနာပစ္စည်းတွေ ယူလာပြီး ခါဂူယမင်းသမီးလေးကို လက်ထပ်ပေါင်းသင်းခွင့် ပန်ကြတာပေါ့။ သူတို့တွေ ဘယ်လိုပြောပြော ခါဂူယမင်းသမီးလေးက ဝမ်းသာစိတ် မဖြစ်ဘူး.. တဲ့။ ဒီလိုနဲ့ ဆောင်းတွင်းအချိန်ကို ရောက်လာတာပေါ့။ ဆောင်းညတစ်ည အရောက်မှာ ခါဂူယမင်းသမီးလေးက ရှိုက်ကြီးတငင် ငိုကြွေးရင်း ဖိုးဖိုးနဲ့ ဖွားဖွားကို ဒီလို ပြောတယ်။

"ဖိုးဖိုးနဲ့ ဖွားဖွားရှင့်- သမီးဟာ တကယ်တော့ လမင်းမှာ မွေးဖွားခဲ့တာရယ်ပါ- မကြာခင်မှာပဲ လမင်းကြီးဆီက အကြိုတော်တွေ ရောက်လာပြီး သမီးကို ခေါ်ကြတော့မှာ- သမီးမွေးရပ်မြေကို သမီးမပြန်လို့ မဖြစ်ပါဘူးရှင်.."  ဒီစကားကို ရုတ်တရက် ကြားလိုက်ရတဲ့ ဖိုးဖိုးနဲ့ ဖွားဖွားကလည်း "ဖိုးဖိုးတို့ကို ထားခဲ့ပြီး မသွားပါနဲ့ မင်းသမီးလေးရယ်.." လို့ ငိုကြွေးတောင်းပန်ရင်း တားကြတာပေါ့။ ဒီစကားကို ကြားပြီး နောက်ပိုင်းမှာ ဖိုးဖိုးနဲ့ ဖွားဖွားက ခါဂူယမင်းသမီးလေးကို လာခေါ်ချိန်မှာ ကာကွယ်ဖို့ အင်အားကောင်းတဲ့ စစ်သည်တစ်ထောင်တိတိကို စုထားတော့တယ်။

ဒီလိုနဲ့ (၈)လ (၁၅)ရက်နေ့ည- ဝိုင်းစက်နေတဲ့ လပြည့်ညမှာ လမင်းကြီးဆီကနေ နတ်သမီးတွေ အများကြီး ဆင်းလာကြတယ်။ ခါဂူယမင်းသမီးလေးကို လာခေါ်ကြတာပေါ့။ လမင်းကြီးကလည်း အရောင်အဝါတွေ လင်းလက်တောက်ပသထက် တောက်ပလာလိုက်တာ မင်းသမီးလေးကို ကာကွယ်ဖို့ စစ်သည်တွေအားလုံး လင်းလွန်းလို့ မျက်လုံးတောင် ဖွင့်မကြည့်နိုင်ကြရှာဘူး တဲ့။ စစ်သည်တွေမှာ ခုခံတိုက်ခိုက်ဖို့ အင်အားတွေလည်း မရှိကြတော့ဘူးပေါ့။

"သမီး ပြန်သွားရပါတော့မယ် ဖိုးဖိုးနဲ့ဖွားဖွားရယ်- ဒီအိမ်ကလေးမှာ နေထိုင်ခဲ့ရတဲ့ ရက်တွေအားလုံးမှာ သမီး သိပ်ကို စိတ်ချမ်းသာ ပျော်ရွှင်ခဲ့တာပါ- ဖိုးဖိုးနဲ့ဖွားဖွားရဲ့ ထူးမြတ်လှတဲ့ ကျေးဇူးကို သမီး ဘယ်တော့မှ မမေ့ပါဘူး- ဒီဆေးကို သမီးပေးခဲ့ပါမယ်- ဒီဆေးကို သောက်လိုက်ရင် ဖိုးဖိုးနဲ့ဖွားဖွားက ဘယ်တော့မှ မသေတော့ပဲ အသက်ရှင် နေထိုင်နိုင်မှာပါ- ဖိုးဖိုးနဲ့ဖွားဖွား အသက်ရှင်နေလို့ လမင်းကြီးကို မြင်တွေ့ရတဲ့ အခါတိုင်း သမီးကို သတိရနေပါနော်-" လို့ ပြောရင်း ဆေးထုတ်လေး လှမ်းပေးပြီး လာခေါ်တဲ့ လနတ်သမီးတွေနဲ့အတူ တဖြည်းဖြည်းချင်း လမင်းကြီးဆီ တိုးဝင်သွားသတဲ့။

ဖိုးဖိုးနဲ့ဖွားဖွားက ငိုယိုတားဆီးရင်း မင်းသမီးလေးရဲ့ ဖြောင့်စင်းလှပလွန်းတဲ့ ဆံပင်ရှည်တွေနဲ့ သူဝတ်ထားတဲ့ ကီမိုနိုအင်္ကျီအရှည်ကြီးရဲ့ လက်ဖြားလေးတွေဆီ လက်လှမ်းလို့တောင် မမှီရှာကြတော့ဘူး.. တဲ့။ သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ လပြည့်ညကြီး တစ်ညပဲပေါ့ကွယ်။ ဖိုးဖိုးနဲ့ဖွားဖွားရဲ့ အိမ်ထဲမှာ အမြဲလင်းလက် လှပနေတဲ့ မင်းသမီးလေးရဲ့ အလင်းရောင်လေးလည်း မရှိတော့ဘူးပေါ့။ နှစ်ယောက်သား တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ထားကြရင်း ဝိုင်းစက်နေတဲ့ လမင်းကြီးကို မော့ကြည့်လိုက်- ချစ်စရာကောင်းတဲ့ ကလေးပိစိလေးဘဝကနေ ချောမောလှပတဲ့ ခါဂူယမင်းသမီးလေး ဖြစ်လာချိန်ထိ အကြောင်းတွေကို ပြန်သတိရ လွမ်းဆွတ်လိုက်နဲ့ ဖြစ်နေကြရှာတာပေါ့။

"ငါတို့ရဲ့ ခါဂူယမင်းသမီးလေးမှ ငါတို့နဲ့ မရှိတော့ပဲကွယ်- ဒီဆေးတွေ ငါတို့မှာ ရှိထားလည်း ဘာအကြောင်းထူးမှာမို့လဲ.." လို့ ငြီးတွားရင်း ငိုယိုကြပြန်တယ်။ ဒီလိုနဲ့ ဖိုးဖိုးဟာ လနဲ့အနီးဆုံး တောင်အမြင့်ကြီးဖြစ်တဲ့ ဖူဂျီတောင်ထိပ်ကို ရောက်အောင်တက်ပြီး ဒီဆေးကို မီးရှို့ပစ်ပေးဖို့ လူတစ်ယောက်ကို အကူအညီတောင်းခံလိုက်တယ်။ အဲ့ဒီဆေးတွေကို မီးရှို့လိုက်တဲ့ နေ့ကစပြီး ထွက်လာတဲ့ မီးတောက်တွေနဲ့ မီးခိုးတွေဟာ ဖူဂျီတောင်ကြီးထိပ်ကနေ ခါဂူယမင်းသမီးလေး ရှိနေတဲ့ လမင်းကြီးဆီ နှစ်ပေါင်းများစွာ အချိန်တွေအကြာကြီး တလူလူနဲ့ တက်နေတော့တာ ယနေ့ထက်တိုင်ပဲတဲ့ကွယ်-

ကဲ-- ခလေးတို့ရေ- ခါဂူယမင်းသမီးလေး ပုံပြင်လေးကတော့ ဒါပါပဲကွယ်--


                                       ■ တီတီခင်လေးငယ်

**သြော်.. ဒီလိုလား**


တစ်ခါတုန်းက ရွာတစ်ရွာမှာ ဟာ့ကုအင်းဆိုတဲ့ ဇင်ဆရာတော်တစ်ပါးရှိတယ်။ သူ့ရဲ့ ရိုးရှင်းနေတဲ့ နေထိုင်မှုကြောင့် ရွာသူရွာသား အားလုံးဟာ ဇင်ဆရာတော် ဟာ့ကုအင်းကို တလေးတမြတ်ရှိ ကြတယ် ဆိုမယ်။

သူသတင်းသုံးရာ အနီးမှာ သိပ်ကို ချစ်စရာကောင်းတဲ့ ဂျပန်မလေးတစ်ယောက် ရှိတယ်။ သူ့ မိဘတွေက ကုန်စုံဆိုင်လေး ဖွင့်လှစ်ရောင်းချပြီး အသက်မွေး ဝမ်းကျောင်းကြတယ်။ တစ်ရက်တော့ မထင်မှတ်ပဲ ကောင်မလေးမှာ ကိုယ်ဝန်ရှိနေကြောင်း မိဘတွေသိသွားတဲ့အခါ အင်မတန် တုန်လှုပ်ခြောက်ခြားသွားကြတယ်။ ဒေါသ အလိပ်လိုက်ထွက်နေတဲ့ မိန်းမပျိုလေးရဲ့ မိဘတွေဟာ အနီးနားမှာ တစ်ဦးတည်း နေထိုင်နေတဲ့ ဇင်ဆရာတော်ကို ယိုးကြတော့တာပဲ။ ဆရာတော်ဆီသွားပြီး လက်ညှိုးငေါက်ငေါက်ထိုး စွတ်စွဲကြတော့တာပေါ့။ ဇင်ဆရာတော်ဟာ ငြိမ်ငြိမ်ဆိတ်ဆိတ် ရှိမြဲရှိနေရင်း စကားတစ်ခွန်း ဆိုတယ်။ ရိုးရိုးလေးပါပဲ။
*သြော်...* ~~~~

ဒီလိုနဲ့ မိန်းမပျိုလေးက ကလေးလေး မွေးလာတော့တယ်။ မွေးလာတဲ့ ကလေးလေးကို ကောင်မလေးရဲ့ မိဘတွေက ဇင်ဆရာတော့်ဆီ သွားပို့ပြီး တာဝန်ယူရမယ်လို့ ပြောပြန်တယ်။ ဒီအခါမှာလည်း ဆရာတော်ဟာ အေးညှင်းစွာနဲ့ စကားတစ်ခွန်းပဲ ဆိုပြီး လက်ခံထားလိုက်ပြန်တယ်။
*သြော်...* ~~~~

ဇင်ဆရာတော်ဟာ ကလေးကို ပြုစုစောင့်ရှောက်ရင်းပဲ ရှိမြဲရှိနေတယ်။ ဒီလိုနဲ့ တစ်နှစ်ကျော်ကြာလာတဲ့အခါမှာ ကလေးအမေ မိန်းကလေးဟာ ဖြစ်ကြောင်းကုန်စင်ကို သူ့မိဘတွေကို ပြောပြတော့တယ်။ တကယ်တော့ ကလေးလေးရဲ့ အဖေဟာ သူတို့ရွာက ငါးဈေးတန်းမှာ အလုပ်လုပ်နေတဲ့ လူငယ်လေးတစ်ယောက်သာ ဖြစ်ကြောင်း ဖွင့်ဟဝန်ခံခဲ့တယ်။ အဖြစ်မှန်ကို သိသွားတဲ့ မိဘတွေဟာ ဇင်ဆရာတော်ဆီကို သွားပြီး သူတို့အမှားကို ခွင့်လွှတ်ပေးဖို့ တဖွဖွတောင်းပန်ကြတော့တာပဲ။ ဟာ့ကုအင်းဆရာတော်ဟာ ပေါ့ပေါ့ပါးပါး ငြိမ်ဆိတ်နေတဲ့ အဖြစ်နဲ့ပဲ စကားတစ်ခွန်း ဆိုခဲ့တယ်။
*သြော်....* ~~~~ ။။

                           ••••••••••••••••••••••••••••••

သိပ်နှစ်သက်တဲ့ ဇင်ပုံပြင်လေးကို စကားလုံးအရ တိုက်ရိုက်မဟုတ်ပဲ အလျဉ်းသင့်သလို အသိအားနဲ့ ဘာသာပြန်ဆို ရေးပြပါတယ်။ မိတ်ဆွေအတော်များများ ဖတ်ဖူး၊ သိဖူးပြီးသား Is that So? ဆိုတဲ့ ဇင်ပုံပြင်လေးပါပဲ။ အင်မတန် နံမည်ကြီးလွန်းတဲ့ ဇင်ပုံပြင်လေးကတော့ ဒါပဲရယ်။

တိုတိုလေးနဲ့ ကျစ်လျစ်ရိုးရှင်းသလောက် သိပ်ကိုလေးနက်တဲ့ ဒီပုံပြင်လေးကို ဖတ်ယူပြီး ဇင်ဆရာတော် ဟာ့ကုအင်းလိုပဲ ကျော်ဖြတ်ခဲ့ဖူးတဲ့ နေ့ရက်ဟောင်းတချို့ ကျွန်မဘဝမှာ ရှိခဲ့ဖူးပါတယ်။ တစ်ခါတစ်ခါ အချို့အရေးကိစ္စတွေဟာ စကားများများနဲ့ ပြန်လည်ချေပ ဖြေရှင်းဖို့ လုံးဝ မလိုအပ်ဘူးရယ်လို့ တိတိပပ လက်ခံထားပါတယ်။ အချိန်တစ်ခုကိုတော့ ရဲရဲဝံ့ဝံ့ ဖြတ်ကျော်စောင့်ဆိုင်း ရမှာပဲပေါ့။

.

.

Saturday, February 28, 2015

˙·••● ရေးခဲ့ဖူးသော Untitled_# များ ●••·˙


          ■■■■■■■   Untitled_1  ::: ★彡

● နိဒါန်း
.
တကယ့်တကယ်တော့ ကိုယ့်စိတ်ခြေနဲ့ ကိုယ်လျှောက်မှ “မဂ္ဂ” ဆိုတဲ့ “လမ်း” ပေါက်တယ်လို့ သိနေပါလျက် သူ ဘာသိဘာသာ ပြုထားခဲ့မိတာ။ ရိုးသားမှုဟာ စကား ခွန်းရေ အနည်းအများထက် မျက်နှာအရေးအကြောင်းတွေပေါ်မှာ အထင်အရှား ကွယ်ဖုံးလို့ မရခဲ့ဘူး။ ယိုယွင်းနေတဲ့ အထိတ်တလန့်ပါးပါးတွေက မျက်အိမ်အတွင်းထောင့်မှာ အရိပ်ကလေးတစ်ခုအဖြစ် လှစ်ကနဲ ဖြတ်အပြေးနဲ့တင် ကြေးမုံပြင်မှာ အထင်အရှား ဟပ်တော့တာ မဟုတ်လား။
.
.
● စာကိုယ်
.
အိမ့်အပြင်မှာ တိုက်နေတဲ့ ဆောင်းလေမှာ ဧကရာဇ်ပန်းရနံ့တွေ ပါမနေဘူး။ မှန်တံခါးတွေ စေ့ပိတ်ထားပါလျက် လည်တိုင်ဆီ တစ်ဟုန်ထိုး ဦးတည်ပြီး လာဖျစ်ညှစ်တော့ မယောင်။ ယောင်ယမ်းပြီး ဆတ်ကနဲ မျက်လွှာတစ်ချက် ခတ်လိုက်ဖို့ထက် ခပ်မတ်မတ် ခန္ဓာနဲ့ တအံ့တသြ ရှိနေခဲ့တာ။ ရှတတ ယိုဖိတ်လာမှုက နှလုံးအတွင်း တစ်နေရာကို နင့်ကနဲ ထွေးဆုပ်လိုက် သလိုမျိုး။ မျက်ဝန်းမှာ မျက်ရည်ကြည် မလဲ့ပါဘဲ သူ့ အတွင်းမှာ ရှိုက်နေတယ်။
.
သူ့နှလုံးအိမ်အထွာနဲ့သူ အကောင်းဆုံး ပြည့်သိပ်အောင် ရှိခဲ့တာ.. တဲ့။ သူ့ဘာသာ အသံတိတ် ထပ်ကာထပ်ကာ ရွတ်နေတယ်။ အဲ့ဒီညက ရှေးနန်းတွင်းမြို့တော်ကြီး တစ်နေရာမှာ ချစ်သူ့လက်ကို တွဲဆုပ်ထားပါလျက် အမြန်ရထား လက်မှတ်တစ်စောင် ပျောက်လို့ လိုက်ရှာတယ်လို့ ခပ်ဆန်းဆန်း သူ အိပ်မက် မက်ခဲ့သေးပေါ့။ တစ်မျှော်တစ်ခေါ် ပွင့်နေတဲ့ ကြာရေအိုင်ကြီး နံဘေးအရောက်မှာ တစ်ခမ်းတစ်နား ပျောက်ဆုံးနေတဲ့ အဲ့ဒီ ရထားလက်မှတ်ကို သူ ပြန်တွေ့ခဲ့တာ။
.
ကလေးအရွယ်တည်းက နားရည်ဝနေတဲ့ အရပ်စကားတစ်ခွန်း အပြေးလေး သတိရမိပြန်တယ်။ ဆောင်းမှာမက်တဲ့ အိပ်မက် ကယောက်ကယက် နိုင်မှာပဲပေါ့.. လို့ သူ ဖော့တွေး တွေးလိုက်သေးရဲ့။ သူ့မျက်လွှာအစုံ ဖွင့်ဟလိုက်ချိန်ထိ ညရဲ့ အရိပ်တွေသာ ကြီးစိုးနေသေးတာ။ အိမ့်အပြင်က ဆောင်းလေဟာ ကြမ်းရှရှ နိုင်လွန်းပါလျက် ည-ကို သယ်ယူ ခေါ်ဆောင်သွားနိုင်နှုန်း သိပ်နှေးတာပဲ။
.
သူကိုယ်တိုင်ဟာ သူ့စိတ်ခြေနဲ့သူ လျှောက်နေပါရဲ့လား..! လို့ အမေးပြုစရာ ဖြစ်တည်လာခဲ့ပြီ။
.
.
● နိဂုံး
.
သေချာတာကတော့ သူ့ မဂ္ဂဟာ ဆောင်းညတစ်နေရာမှာ တစ်ဆစ်ဆစ် တုန်ရီပြီး ဝေ့နေတုန်း..။။
.
( 2014/ 12/ 09 )

          ■■■■■■■   Untitled_2  ::: ★彡

● နိဒါန်း
.
သူ့အဖို့ အဖြူနဲ့ အမည်းဟာ စက္ခုအာရုံတစ်ခု အတွက်သာ ကွဲပြားတာ-- လို့ ဖွဖွပြောတယ်။
.
.
● စာကိုယ်
.
မိမိကိုယ်ကိုယ် ပိတ်ခြင်း/ဖွင့်ခြင်း၊ မြှင့်ခြင်း/နှိမ့်ချခြင်း ထိုထို အမည်နာမ တစ်ခုခုရဲ့ ခေါင်းစဉ်တစ်ခုအောက် တိုးလျှိုး ငုံ့ဝင်ချလိုက်ဖို့ ဘယ်တုန်းကမှ သူဟာ စိတ်ဝင်စားသူမျိုး မဟုတ်ဘူး။ သူ နေတတ်သလို နေတယ်။ နေချင်သလို နေတယ်။ ပေါ့ပေါ့ပါးပါး ရှိနေတယ်။ သူ့ ခဏတိုင်းဟာ အဲ့ဒါ အကုန်ပဲ။
.
ဒီအဖြစ် ကိုယ်၌က ဆန်းပြားလွန်းနေတော့တာလား။ ဒါကိုပဲ ခေါင်းစဉ်တစ်ခုအောက် သတ်သတ်မှတ်မှတ် ဆွဲချထိုးထည့် ကြဦးမှာလား။ တစ်စုံတစ်ရာ လွဲချော်နေသလိုပဲ။ ရယ်စရာ နည်းနည်း ကောင်းပေမယ့် ပြုံးရုံကလွဲလို့ ဘာဖြစ်စရာ သူ့အတွက် လိုအပ်ဦးမှာလဲ-- တဲ့။ သူဟာ ပြုံးရင်းနဲ့ပဲ ဆိုတယ်။
.
နားလည်ပါ၊ နားလည်ပေးကြပါရယ်လို့ (လက်လေးချောင်း မပြည့်တဲ့ လူသား အချို့ကလွဲလို့) ဘယ်သူ့ကိုမှ သူ တောင်းဆိုလေ့မရှိဘူး။ ခဏတိုင်းမှာ အရှိအတိုင်း သူ နေနေတယ်။ ဟော.. အခုပဲ နှင်းပွင့်တွေ တိုးဖွဖွ သက်ဆင်းလာပြီး လက်ဖဝါးနဲ့ အထိ- အဲ့ဒီ အချိန်လေးမှာပဲ နှင်းဆိုတာ ရှိမနေတော့ဘူး။ အရည်ပျော်ခဲ့ပြီးသွားပြီ။ ရယ်မောရင်းပဲ သူ့လက်ဖဝါး ဖြန့်ပြခဲ့သေးရဲ့။
.
ရိုးရှင်းမှု သက်သက်ဟာ စိတ္တဇနာမ် အချို့အတွက် အေးမြခြင်းဖြစ်ပေမယ့် အဲ့ဒီ ရိုးရှင်းခြင်း အမှုဟာပဲ အခြား စိတ္တဇနာမ်တွေအတွက် ဆန်းပြားနေပြန်ကော။ ညည်းတွားမှု ပြုရင်း ခေါင်းခါရမ်းလိုက်ဖို့အထိ အားအင်သုံးရမှာ နှမြောစရာ မဟုတ်လား-- လို့ အငြိမ်သား သူပြောတယ်..။
.
ဘယ်လို အကြောင်းအရာကိုမှ ချီးမြှောက်စရာ မလိုဘူး။ နှိမ်ချ စရာလည်း ရှိမနေဘူး။ ကိုယ်လည်း မလုပ်ဘူး။ (မိမိသဘောအရ) ကိုယ့်ကိုလုပ်ရင်လည်း မကြိုက်ဘူး-- လို့ ခပ်ပြတ်ပြတ် သူ ပြောတယ်။
.
တကယ်တော့ အရာတိုင်း၊ ဖြစ်အင်တိုင်းမှာ “အင်း..” လို့ ဆိုလိုက်တာနဲ့ “ဟင့်အင်း..” ဆိုတာ တစ်ထပ်တည်း လိုက်ပါပြီးသား။ “ဟုတ်တယ်..” လို့ ထောက်ခံရုံလေးနဲ့တင် ”မဟုတ်ဘူး..” ဆိုတဲ့ ကန့်ကွက်မှုက တချိန်တည်းမှာ ထပ်တူပြု ပြီးသားရယ် ရှင့်-- တဲ့။
.
ဘာဆိုဘာမှ သူ့မှာ ရှိမနေဘူး..။ အဲ့အတိုင်းပဲ သူ နေနေတာ။ သူ့ဆီမှာ ရှိယောင်ဖန်ဆင်းတာဟာ ရှင့်အတွေး၊ ရှင့်အမြင်၊ ရှင့်အထင် သက်သက်ပဲ မဟုတ်လား။ ရှင့်မှာရှိနေတဲ့ အဲ့ဒီအရာတွေကို ရှင်ကိုယ်တိုင်ရဲ့ အသိ၊ သတိကလွဲရင် ဘယ်နတ်ဘုရား၊ ဘယ်လို ပုဂ္ဂိုလ်ထူးမျိုးကမှ တားဆီးပိတ်ပင်လို့ မရဘူး-- ဆိုတာပဲ။
.
.
● နိဂုံး
.
နှင်းတွေ တစ်ဖွဲဖွဲ ဆက်ကျနေတယ်။ နှင်းမှုန်တွေအောက် ဟိုး အဝေးကို ပုံမှန်ခြေလှမ်းတွေနဲ့ပဲ သူ ဆက်လျှောက်လာခဲ့ လိုက်တယ်။ စကားသံ အချို့တော့ နှင်းပွင့် အဟောင်းတွေထဲ တဖြည်းဖြည်း မှုန်ဝါးပျယ်လွင့် ကျန်ခဲ့ပေမပေါ့..။။
.
( 2014/ 12/ 16 )

          ■■■■■■■    Untitled_3  ::: ★彡

● နိဒါန်း

လောကမှာ ဖြစ်နဲ့ပျက်ကြား ပေါ့ပါးစိတ်နဲ့ ခြေတစ်လှမ်းစာ ငြင်ငြင်သာသာ ခုန်ကူးတတ်ဖို့ သူ့ ဘဝအချိန်တွေ အများကြီးယူပြီး သင်ယူခဲ့ရတာ-- တဲ့။ သူ့နံမည်ပါတဲ့ ဖဲတစ်ချပ်ဟာ ကုလားဖန်ထိုး ကျွမ်းကျင်တဲ့ လက်ချောင်းတွေကြား ရင်တစ်လှပ်လှပ်နဲ့ တိမ်းကပါး ယိမ်းကပါး ရှိခဲ့ဖူးသေးတာပေါ့။
.
.
● စာကိုယ်
.
တိုက်နေတဲ့ ဆောင်းလေဟာ သွဲ့သွဲ့ညှင်းညှင်းရှိရင်း နေရောင်နဲ့ သဟဇာတ တင့်နေတာ သူမြင်တယ်။ နေခြည်တိုက်ရိုက် ကျနေတဲ့ ဝရံတာမှာ ထွက်ရပ်နေ နိုင်လောက်အောင် အသာတကြည်ရှိတဲ့ နေ့လေးပဲ။ ကျေးဇူးတင်စိတ်က သူ့ရင်တစ်ခွင်ကို တိတိပပ ပက်ဖျန်းထားတယ်။
.
ဟိုးအဝေးက မိုးထိတိုက်ကြီးတွေကို ငေးကြည့်ရင်း သူနဲ့ သက်ဆိုင်ဖူးတဲ့ ရုပ်ဝတ္တုပစ္စည်းတွေအကြောင်း အတွေးရောက်တယ်။ “ငါ” ဆိုတဲ့ နာမ်စားဟာ ပူးတုံခွာတုံ သူ့ထံမှာ ခုထိရှိနေဆဲလို့ ဆင်ခြင်မိပါမှ အကြောက်တရားတစ်စဟာ ခန္ဓာကို ခပ်ကြမ်းကြမ်း တိုးဝင်ဆောင့်လိုက်သလိုမျိုး။ အရာအားလုံးကို အသာတကြည် တိတ်တဆိတ် ပြန်ကြည့်တတ်ဖို့ သူ့မှာ တာဝန်ရှိလာခဲ့ပြီ။
.
နေထိုင်ရှင်သန်ခြင်း အနှစ်ရသာ စစ်စစ်ဟာ ရုပ်ဝတ္တုတွေအပေါ် မှီတွယ်မနေဘူးလို့ သိမြင်နိုင်တာ နှစ်အချို့တော့ ရှိလာခဲ့ပြီပေါ့။ အလုံးစုံ ကင်းပသွားတဲ့အထိ စွန့်ပစ်တတ်ဖို့ လိုအပ်နေသေးပေမယ့် အထိုက်အလျောက် သူ စွန့်ခဲ့ပြီးပြီ။ ကျေနပ်စရာ ကောင်းတဲ့ အရသာကို ကြည်ကြည်လင်လင်လေး မြည်းစမ်းဖူးပြီး နှစ်သက် တွယ်ငြိသွားသူဟာ သူ ဖြစ်ခဲ့တယ်။
.
လက်ဖဝါးနှစ်ဘက်ကို ဖြန့်ချရင်း ငုံ့ကြည့်မိတယ်။ ထင်ရှား သိသာနေတဲ့ အရေးအကြောင်း ငယ်လေးတွေဟာ သူ့နေ့ရက်တွေမှာ အရေးပါခဲ့လေသလား။ အေးအေးဆိတ်ဆိတ်နဲ့ ဖွဖွလေး ဖျက်ကြည့်လိုက်တယ်။ တစ်ခဏတာတော့ ပျောက်သွားခဲ့ပြီ။ ဗလာပြင်ဖြစ်နေတဲ့ လက်ဖဝါးပေါ်မှာ စိတ်ကူးလေးနဲ့ပဲ လေး၊ ငါးကြောင်း သူ ကောက်ခြစ်လိုက်တယ်။
.
စိမ့်ကနဲအေးတဲ့ လေတစ်စ သူ့ဆီအပြေးလာကပ်တယ်။ ဆံနွယ်ရှည်တွေ ဖွာကနဲ လွင့်သွားတယ်။ ပြုံးစစ လက်ဝါးပြင်နှစ်ဘက်က သူ့မျက်ဝန်းတွေထဲ မော့ကာစိုက်ကြည့်လို့။ သူပျော်သွားတယ်။ မျက်နှာပြင်ပေါ်က မမြင်နိုင်တဲ့ အကြောလွှာတွေ ပြေလျော့သွားတဲ့ ချမ်းမြေ့ခြင်းမျိုးကို သူ သိပ်ချစ်တာ မဟုတ်လား။ သူ့ မြတ်နိုးခြင်းကို သူပြန်သိရင်း ကြည်နူးမှုအရှိန်ကြောင့် အေးနေပါလျက် သူနွေးလာခဲ့တယ်။
.
ဘာဆိုဘာမှ ရှိမနေချိန်တွေတိုင်းဟာ ချိုမြမြဲဖြစ်တယ်။ ချိုမြခြင်းအဟုန်ဟာ ချမ်းမြေ့မှုအဖြစ် ကူးပြောင်းတယ်။ မြေ့နေတဲ့ အေးမြမှုဟာလည်း ခန္ဓာတစ်ကိုယ်လုံးကို အနွေးထွေးဆုံး လွှမ်းခြုံထားနိုင်တယ်။ သူ့ကို ပွေ့ထွေးထားတဲ့ အဲ့ဒီ အဲ့ဒီအရာတွေဟာ တစ်ခဏလေးအတွင်း တစ်ဖျတ်ဖျတ် လင်းလက်နေကြတယ်။
.
.
● နိဂုံး
.
အကြောက်တရားကင်းကင်းနဲ့ ထုထည်ခိုင်မာတဲ့ နေရာတစ်ခုကို သိမ်းပိုက်ဖို့-- တဲ့။ အဲ့သလို တီးတိုးဆိုရင်း လွတ်လပ်နေတဲ့ သူ့စိတ်ကို အသာတကြည် အတောင်ပံ တပ်ပေးလိုက်တယ်။
.
အသိပါသော ထိုထို ခဏပေါင်းများစွာတို့ သိန်းသန်းချီကာ ဝဲပျံ လွတ်မြောက်ပါစေသား...။ ။
.
( 2014/ 12/ 26 )

          ■■■■■■■   Untitled_4  ::: ★彡

● နိဒါန်း
.
သူ ရှိနေတယ်- မမြဲခြင်းတရား ဆိုတာကြီးအောက်မှာ ခုတိုင်ထိတော့ ရှိမြဲရှိနေသေးတာ.. တဲ့။
.
.
● စာကိုယ်
.
ဂဏန်း အမှတ်စဉ်တွေ ပြောင်းသွားတယ်။ လူသား မျိုးဆက်တွေ ပြောင်း သွားတယ်။ ခေတ်အခါကြီးရဲ့ ရေစီးကြောင်းတွေ တစ်လိမ့်လိမ့် ပြောင်းသွားတယ်။ ရုပ်ဝတ္တုပစ္စည်းတွေ ခန့်ငြား ထည်ဝါလာသယောင် ပြောင်းသွားတယ်။ ခန္ဓာသဏ္ဌာန် မတူတဲ့ သတ္တဝါတွေ သေဆုံးခြင်း အမျိုးမျိုးနဲ့ သေသွားကြတယ်။ အချို့တွေ နာမ်တူ၊ ရုပ်ကွဲ ဖြစ်စဉ်တွေနဲ့ ပြန်ဖြစ် လာတတ်ကြသေးတယ်။ ခင်ဗျားတို့ အပြောအရ ပြောရရင် “ဂျာအေး သူ့အမေရိုက်၊ မုန့်လုံးစက္ကူကပ်ကြီး ပေါ့ဗျာ--” တဲ့။
.
ကျွန်တော်ကတော့ ကျွန်တော့် အတိုင်းပဲ။ ပူပြင်းလာချိန် ကျွန်တော့် “နွေ” တဲ့။ ရွှဲရွှဲစို စိုစွတ်လာချိန်ကျ ကျွန်တော့် “မိုး” တဲ့။ အဲ-- ဖွေးဖွေးဖြူ နှင်းတွေကျပြန်တော့ ကျွန်တော့် “ဆောင်း” ဆိုပဲ။ ရာသီတွေ ခွဲချ၊ စကားလုံးတွေ ပြောင်းပြီး ကျွန်တော့်ကို ကင်ပွန်းတပ်ကြတာ ခင်ဗျားတို့ မဟုတ်လား..! တကယ်က ကျွန်တော့်ဘာသာ ကျွန်တော် ရှိနေတာမဟုတ်လားဗျာ--- တဲ့။ ပြောပြောဆိုဆို အသံဝါကြီးနဲ့ တဟဲဟဲ သူ ရယ်ချတယ်။
.
အဝေးကြီး မကြည့်စမ်းပါနဲ့ဗျာ.. ဟိုရက်လေးတွေကတင် ကျွန်တော့်ကို နှစ်၊သုည၊တစ်၊လေး ဆိုတဲ့ သတ်မှတ်ချက်ကြီးအောက် ထိုးထည့်ခဲ့ပြီး.. ဟော ခုကျ နှစ်၊သုည၊တစ်၊ငါး အသစ်-- အသစ်စက်စက်ကြီး-- ဆိုပြီး ခင်ဗျားတို့ ဆိုကြပြန်ရော။ ရယ်ပြီးရင်း ရယ်ရရင်း ကျွန်တော့်ပါးစပ်ကြီး ပြန်မစေ့နိုင်တော့တာသာ ကြည့်--- တဲ့။
.
သူ့ပုံစံ ကြည့်ရတာ ခပ်ဘွင်းဘွင်းနဲ့ အရှိအတိုင်း ပြောချတတ်တဲ့ တောသားကြီးတစ်ယောက်လို ချစ်စရာကြီးရယ်။ ကျွန်မ သူ့ကို အတော်သဘောကျသွားတယ်။ စကားတွေ စပြောကာစက သူ့မျက်နှာကို နားလည်အောင် ကြိုးစားပမ်းစား လိုက်ဖတ်ခဲ့ရသူကျွန်မ.. အခု သူ စကားရပ်သွားမှာ စိုးထိတ်နေမိပြန်သေးတယ်။ သူ့ စကားသံတွေ မမောတမ်း ထပ်နားထောင်ချင်သေးတာ။
.
နေပါဦးရှင်-- လို့ ကျွန်မ နှုတ်က ထွက်မတားလိုက်ခင်မှာပဲ ကျွန်မအရှေ့မှာ သူရှိမနေတော့ဘူး။ သူ့ ရယ်မောသံတွေတော့ ခုထိ ကြားနေရဆဲပဲ။
.
“လိုက်ရှာမနေနဲ့ ခလေးမ.. မင်းဟာ ငါ့ရင်ခွင်ထဲ ရောက်နေပြီးသားရယ်ကွ..” --- တဲ့။
.
.
● နိဂုံး
.
တဟားဟား သူ့ရယ်သံတွေအောက်မှာ ရင်ခုန်သံတွေ တစ်လှပ်လှပ်နဲ့ ကျွန်မမြူးပျော်သွားမိတယ်..။။
.
( 2015/ 01/ 02 )

          ■■■■■■■   Untitled_5  ::: ★彡

● နိဒါန်း
.
ဘာမှ မလိုချင်တာ ကိုယ်၌က အလျှံပယ် ရနေခြင်းသာဖြစ်တယ်.. လို့ ခပ်ဆဆ သူပြောလိမ့်ဥိးမယ်။
.
.
● စာကိုယ်
.
ဒီခုံတန်းလျားရှည်ပေါ် ထိုင်နေမိတာ နာရီအချို့လွင့်မျောသွားခဲ့ကြောင်း သူ သတိမမူမိခဲ့ဘူး။ တောက်ပနေတဲ့ နေရောင်တွေ ခန့်ခန့်ငြားငြား ညို့မှိုင်းလာပါမှ ဖြတ်ကနဲ သူ့အတွေးထဲ ရောက်လာတော့တာ။ မှိတ်ထားတဲ့ မျက်လုံးတွေ ဖွင့်လိုက်တာလည်း အဲ့ဒီအချိန်မှပဲပေါ့။
.
ခပ်လှမ်းလှမ်း ဆိုက်ပရပ့်စ်ပင်ကြီးထက်က ငှက်ငယ်တစ်သိုက် ရုတ်ချည်း ထ- ပျံသွားကြတယ်။ ဘယ်ကိုလဲ..! လို့ တစ်ကိုယ်တည်း ရေရွတ်ကြည့်ရင်း သူ့ဘာသာ တီးတိုး ဖြေမိပြန်ရဲ့။ အဖြေဟာ အခြားသူတွေအတွက် အူကြောင်ကြောင်နိုင်နေမှာ သူ သိတယ်.. ဆိုပဲ။
.
ပျံသွားခြင်းဟာ ပြန်သွားခြင်း မဟုတ်သလို အတူတူလည်း ဖြစ်ပြန်တယ်.. တဲ့။ ရာသီ၊ ကာလ၊ အချိန်၊ နာရီ၊ တောက်ပခြင်း၊ မှိုင်းညို့လာခြင်းတွေနဲ့ ချိန်ထိုးကြခြင်းတွေသာ။ ပြန်တယ်၊ သွားတယ်၊ လာတယ်ရယ်လို့ သတ်မှတ်ကြတာ ယဉ်ပါးမှုနဲ့ အစပြုလာတဲ့ခေတ် အဟောင်းအဆွေးကြီးတည်းက မဟုတ်လား။ တစ်စုံတစ်ယောက်သာ သူ့ကို ငေးမောကြည့်နေခဲ့ပါရင် မချိုမချဉ် ရယ်ကျဲကျဲ မျက်နှာနဲ့ လူတစ်ယောက်ကိုပဲ တွေ့ရလိမ့်မပေါ့။
.
သူကော..! ထ ပျံရမှာလား။ ထ ပြန်ရဦးမှာလား။ ပျံချင်လည်း ဖြစ်တယ်။ ပြန်ချင်လည်း ဖြစ်တယ်ဆိုတဲ့ အမှားကြီးကို ပေကပ်ကပ်သူ ဆက်တွေးကြည့်ချင်နေသေးပေါ့။ နိုး.. မဟုတ်သေးဘူး။ တကယ်က ပြန်တာမှ ဟုတ်မနေဘဲ။ သွားနေတုန်း- ဆက် သွားနေတုန်းရယ်လို့ တွေးရင်း သူ့မျက်လုံးတွေ မှေးစင်းသွားခဲ့တယ်။
.
အေးစိမ့်နေတဲ့ လေထုက သူ့ပါးပြင်နှစ်ဘက်ကို အားမနာလျှာမကျိုး ကြည်စယ်တယ်။ စိုစွတ်စွတ် ရွက်ဟောင်းတချို့လည်း သူ့ဘေးနား နေရာလွတ်က ခုံတန်းပေါ် ပြုတ်ကျသွားပေါ့။ လေးငါးရွက်သာ အိုမင်းနေပေမယ့် ကျန်အရွက်တွေက စိမ်းလန်း လတ်ဆတ်နေတုန်း။ အနီးဆုံး သစ်တစ်ရွက်ကို ထိကိုင်ဖို့ လက်အလှမ်းမှာပဲ သူ ငြိမ်ဝပ်ကျသွားခဲ့တယ်။
.
.
● နိဂုံး
.
ပျံတယ်ဆိုမှတော့ ရောက်မှဖြစ်တော့မယ်။ ပြန်တယ်ဆိုတာလည်း ရောက်ဖို့ပဲ။ ဒါဆို ဆိုက်ရောက်ဖို့ဆိုတဲ့ တမ်းမျှော်မှုတွေ ကပ်ပါနေဦးတော့ မပေါ့။ တကယ်က ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင်နေရင်း ပျံခြင်းနဲ့ ပြန်ခြင်းကို တပြိုင်တည်း ရှူ ရှိုက်ပြီး သွားနေတာလို့ ဘယ်သူ့ကိုမှ သူ မပြောဘဲ ချန်ထားတာဖြစ်တယ်။
.
ဘာမှ မလိုချင်တာ ကိုယ်၌က အလျှံပယ် ရနေခြင်းဖြစ်တယ်.. လို့ တစ်ကိုယ်စာ ကြားရုံ ခပ်ဆဆ သူရွတ်ဆိုပါလိမ့်ဥိးမယ်..။
.
.
( 2015/ 02/ 05 )

ခင်လေးငယ်

Monday, November 3, 2014

˙·••● Clouds and Waves ●••·˙ ‪Rabindranath‬ ‪Tagore‬


˙·••● တိမ်တိုက်များ နှင့် လှိုင်းကလေးများ ●••·˙


မေမေရေ ~~~ ☆彡

တိမ်တိုက်တွေရဲ့ ဟိုမှာဘက်ဆီက နတ်သားလေးတွေက သားကို လှမ်းခေါ်နေကြတယ်..။

ငါတို့တွေက မိုးလင်းမိုးချုပ် ကစားတယ်.. ရွှေရောင်နေဝန်းကြီး နဲ့လည်း ကစားတယ်- ငွေရောင်လဝန်းကြီး နဲ့လည်း ကစားကြတာကွ..” တဲ့..။

“ဒါဆို ခင်ဗျားတို့ဆီ ကျွန်တော် ဘယ်လို လာရမှာလဲ..” လို့ သားမေးတော့ ---- သူတို့က.....

“ကမ္ဘာကြီးရဲ့ မိုးကုတ်စက်ဝိုင်း အစွန်းကိုလာ-
ကောင်းကင်ဆီမော့လို့ လက်နှစ်ဘက်ကို ဆန့်တန်း-
ဒါဆို တိမ်တွေဆီ မင်းကို သယ်သွားပေးမှာပေါ့......”
...............တဲ့...။

သား ပြန်ပြောလိုက်တယ် ------

“မေမေက ကျွန်တော့်ကို အိမ်မှာစောင့်နေရှာမှာ- မေမေ့ကို ထားခဲ့ပြီး ကျွန်တော် ဘယ်လိုလာနိုင်မှာလဲ...” လို့ပေါ့...။

အဲ့တော့ သူတို့က သားကိုပြုံးပြပြီး ဟိုးအဝေးကြီးဆီ လွင့်မျောသွားကြပါရော...!!

ဒီ့ထက် ကောင်းတဲ့ ကစားနည်း သား သိတယ် မေမေ ----

●●““ သားဟာ တိမ်တိုက်ကလေးသာဆို မေမေဟာ လမင်းကြီးပေါ့....!! သားလက်အစုံနဲ့ မေမေ့ကို နွေးနေအောင် ပွေ့ထွေးထားမယ် - သားတို့ အိမ်လေးရဲ့ အမိုးဟာ ကောင်းကင်ပြာကြီးပဲ ဖြစ်လိမ့်မယ် - ဟုတ်တယ် မဟုတ်လား.. မေမေ....”” ●●
 
☩.☩.☩ ☩.☩.☩.☩.☩.☩.☩.☩.☩.☩.☩ ☩.☩.☩.☩.☩.☩

မေမေရေ ~~~ ☆彡

လှိုင်းတွေရဲ့ ဟိုမှာဘက်ဆီက နတ်သားလေးတွေက သားကို လှမ်းခေါ်နေကြတယ်..။

“ငါတို့တွေက မိုးလင်းကနေ မိုးချုပ် တေးဆိုညည်းရင်း ဘယ်ဆီဘယ်ဝယ်မသိ ခရီးတွေ ဆင့်ကာဆင့်ကာသွား- ကစားကြတာကွ..” တဲ့..။

ကျွန်တော် ဘယ်လို ဝင်ကစားရမှာလဲ..” လို့ သားမေးတော့ ---- သူတို့က......

“ကမ်းခြေရဲ့ ဟိုး အစွန်းကိုလာ-
မျက်ဝန်းအစုံကို တင်းတင်းကြပ်ကြပ်မှိတ်-
ဒါဆို လှိုင်းတွေက မင်းကို သယ်သွားပေးမှာပေါ့......”
...............တဲ့..။

သား ပြန်ပြောလိုက်တယ် -----

“မေမေက ကျွန်တော့်ကို အိမ်မှာပဲ ရှိနေစေချင်တာဗျ- မေမေ့ကို ထားခဲ့ပြီး ကျွန်တော် ဘယ်လိုလာနိုင်မှာလဲ...” လို့ပေါ့..။ 

အဲ့တော့ သူတို့ ပြုံးပြီး ကခုန်ရင်း ဟိုးအဝေးဆီ ထွက်သွားကြပါရော...!!
ဒီ့ထက် ကောင်းတဲ့ ကစားနည်း သား သိတယ် မေမေ ----
  
●●““သားဟာ လှိုင်းကလေးသာဆို မေမေဟာ ဆန်းကြယ်လှပတဲ့ ကမ်းခြေပြင်ကြီးပေါ့...!! သားက မေမေ့ရင်ခွင်ဆီ တစ်လိမ့်လိမ့် တိုးဝင်ရင်း မေမေ့နှုတ်ခမ်းဖြားမှာ ရယ်သံလွင်လွင်တွေလေးတွေ ဖန်ဆင်းပေးဦးမှာ - သားတို့ ဘယ်မှာရှိနေကြတယ် ဆိုတာ တစ်လောကလုံး ဘယ်သူသိနိုင်မှာလဲ - ဟုတ်တယ် မဟုတ်လား မေမေ....”” ●●

..........................................................................
တဂိုး၏ ချစ်စရာ စာစုလေးအား မြတ်နိုးသောရင်ဖြင့် ပြန်ဆိုပါသည်..။ (✿◠‿◠)
..........................................................................

ခင်လေးငယ် ■ 2014/ 11/ 03 

Sunday, August 3, 2014

အရာရာ ☆彡



ဖေဖေဟာ ကျွန်မရဲ့ ကောင်းကင်~
ဖေဖေဟာ ကျွန်မရဲ့ တိမ်တိုက်~
ဖေဖေဟာ ကျွန်မရဲ့ ကြယ်ကလေး~
ဖေဖေဟာ ကျွန်မရဲ့ အကြီးမားဆုံး သစ်ပင်~
ဖေဖေဟာ ကျွန်မရဲ့ နေခြည်~
ဖေဖေဟာ ကျွန်မရဲ့ ခြုံစောင်~
ဖေဖေဟာ ကျွန်မရဲ့ ပြတင်းပေါက်~
ဖေဖေဟာ ကျွန်မရဲ့ အဘိဓာန်~
ဖေဖေဟာ ကျွန်မရဲ့ မြတ်နိုးရာ~
ဖေဖေဟာ ကျွန်မရဲ့ လေပြေ~
ဖေဖေဟာ ကျွန်မရဲ့ မိုးစက်~
ဖေဖေဟာ ကျွန်မရဲ့ လရောင်~
ဖေဖေဟာ ကျွန်မရဲ့ ပင်မ သွေးကြော~
ဖေဖေဟာ ကျွန်မရဲ့ နေ့~
ဖေဖေဟာ ကျွန်မရဲ့ ည~
ဖေဖေဟာ ကျွန်မရဲ့ အလင်းရောင်~
ဖေဖေဟာ ကျွန်မရဲ့ အတောင်ပံတစ်စုံ~
ဖေဖေဟာ ကျွန်မရဲ့ အသိ ဥာဏ်~
ဖေဖေဟာ ကျွန်မရဲ့ မျက်လုံးတစ်စုံ~
ဖေဖေဟာ ကျွန်မရဲ့ ဂစ်တာကြိုး ခြောက်ချောင်း~
ဖေဖေဟာ ကျွန်မရဲ့ အပြုံးလေး~
ဖေဖေဟာ ကျွန်မရဲ့ ဆံနွယ်~
ဖေဖေဟာ ကျွန်မရဲ့ ၃၆၅~
ဖေဖေဟာ ကျွန်မရဲ့ ကဗျာ~
 
ဖေဖေဟာ ကျွန်မရဲ့ ကမ္ဘာ~
ဖေဖေဟာ ကျွန်မ နှလုံးသားထဲက အနမ်းတစ်ပွင့် ။ ။

ခင်လေးငယ် 2013/ 07/ 16 

ဖေဖေ မရှိတော့သော တစ်ဆယ့်ခွန်နှစ်နှစ်မြောက်နေ့ သို့ ရေးဖွဲ့ပါသည်..။

Saturday, August 2, 2014

˙·••● လူသား မိုးစက် ●••·˙


တကယ်ဆို ကိုယ်ဟာ မိုးစက်လေးတွေရဲ့ တီးတိုးစကားဝိုင်းလေးကိုတောင် မပျက်စေချင်ခဲ့ သူရယ်..။ အဲ့ဒီလို သူတို့နေလာရင်း မိုးရေကွက်ကလေးအဖြစ် အဆုံးသတ်ခြင်းဟာ သူတို့တွေရဲ့ နိဗ္ဗာန်ဘုံလေးလို့ တွေးကောင်း တွေးနေနိုင်ကြတယ် မဟုတ်လား..!

ရုတ်ကနဲ လေဟာ ပရမ်းပတာ တစ်ဟုန်တိုး ကြမ်းရှလာခဲ့..။

လားရာ မတူမယ့် နေရာနှစ်ခုဆီ လွင့်သွားနိုင်တဲ့ မိုးစက်လေး နှစ်စက်ဟာ အချင်းချင်း နှုတ်ဆက်ခွင့်မှ ရလိုက်ကြပါ့မလား..! “ဟင့်အင်း.. မလုပ်ပါနဲ့ သူတို့ စကားဝိုင်းလေး မပြီးပြတ်သေးဘူးလေ..”

ညည်းတွားစကားတောင် မဆိုလိုက်နိုင်ခင် လွင့်စင်ထွက်သွားကြပေါ့..။
 

ဆိုးလိုက်တာ..! လို့ ကောင်းကောင်းစွတ်စွဲနိုင်ခွင့် ရှိပေမယ့် ရပ်တန့်ဖို့အထိ ကိုယ်ဟာ တားမြစ်နိုင်စွမ်းမှ မရှိခဲ့ပဲကွယ်..။ အရာတိုင်းဟာ သူ့သဘောသူ ပုံစံအမျိုးမျိုးကို ခပ်မွေ့မွေ့ဆောင်လို့..။

● ရပ်ပေးကြပါ အော်လို့ မရဘူး..။
● မလုပ်ပါနဲ့လို့ ဆွဲထားခွင့် မရှိဘူး..။
● ကိုယ် ဘယ်သူ့ကိုမှ နားချခွင့် မသာဘူး..။

လာခဲ့ကြခြင်းဟာ ပြန်ထွက်သွားဖို့ သက်သက်ပဲ...။ ထွက်ခွာသွားခြင်း ဟာလည်း ပြီးမြောက်သွားခြင်း မဟုတ်ဘူး..။ ပြန်လာရခြင်းဟာ အဆုံးမသတ်နိုင် ရှိနေဦးမှာ..။

ကိုယ့်လိုပဲပေါ့..!! သူတို့လည်း ငွေ့ရည်ဖွဲ့တည်ရခြင်းမှာ နှောင်တွယ်ချင်ကြဦးမှာပဲ..။ မိုးစက်တွေ အဖြစ်လည်း ပျော်ပျော် ရွာချင်ဦးမှာပဲ..။ ဆိုက်ပရာ့စ် ပင်ဖြားထက်က မိုးပေါက်လေး အဖြစ်လည်း တွယ်ဖက် ခိုကပ်နေချင်သေးရဲ့ မဟုတ်လား..။

မမြဲခြင်းမှာ ကိုယ်တိုင် ငြိတွယ်နေနေသေးသမျှ မမြဲခြင်းသာ အမြဲတည်ဆုံးတရား ရယ်လို့ ကိုယ်ဘယ်သူ့ကို ဘယ်လို ပြောပြနိုင်မှာလဲ..! ဒီသံသရာထဲ တစ်ဝဲလည်လည်နဲ့ ဂျပ်အေး သူ့အမေရိုက်..။ ရိုက်လည်း ရိုက်ရိုက်ပဲပေါ့..။

ကိုယ်တို့တွေဟာ အပြန်အလှန် ချီးမွမ်းထောပနာ ပြုကြ လို့-- ဖြေသိမ့်ကြ၊ နှစ်သိမ့်ကြ လို့ရယ်--

“သိပ်တော်တာပဲ..”
“အရမ်း လိုက်ဖက်လှပတာ..”
“ဝမ်းနည်း မနေပါနဲ့တော့ကွယ်..”
“အားငယ်စရာ ဟုတ်မနေဘူးလေ..”
“ဒါတွေ ထပ်တူထပ်မျှ ခံစားလို့ရတာပေါ့...
 
ကြေကွဲစရာတော့ အတော့်ကို ကောင်းတယ်ရယ်..။ ဖြေသိမ့်ခြင်းဟာ နွေးထွေးမှု ဆိုပေမယ့်.. ဖြေသိမ့်ခြင်းဟာ အဖြေမှန် မဟုတ်သေးဘူးပဲ...။

ဒီလိုနဲ့ ကိုယ်ဟာ သိယောင်ဆောင်ရင်း ဝေး..။ မိုးစက်လေးတွေလည်း သိဟန်ဆောင်ရင်း ဝေး..။ “တဟေးဟေး” နဲ့ ဝေးသထက် ဝေးနေကြတော့တာ..။

ဒီမျက်လုံးတွေနဲ့ သာမန်လေး မြင်နိုင်နေခြင်း တောထူထူတွေထဲ......
နွံထနေလည်း ပျော်ပျော်ကြီး“မှား”- ဗွက်ပေါက်နေလည်း ပျော်ပျော်ကြီး“လား”- လို့ပဲ မဟုတ်လား..!

ကိုယ်ဟာ ဖြေတွေးလေးနဲ့ ခုထက်ထိ တောင်းဆုပြု ကြည့် နေပြန်သေးတာရယ်..။ မဟာ့ မဟာအမှားကြီးကို အထွေးလိုက် အပြုံလိုက် တင်းတင်းကြပ်ကြပ် ခပ်တည်တည် ဆုပ်ကိုင်ရင်းပေါ့...

သိမ်မွေ့စွာပဲ ဖြစ်တည် နေနေပါရစေဦး ~
သိမ်မွေ့စွာပဲ တစ်ဖန် ဖြစ်တည် လာပါရစေဦး ~ ရယ်လို့

နောက်ထပ်--- နောက်ထပ်---- နောက်ထပ်ပေါင်း များစွာဆီ------

သနားစရာ သိပ်ကောင်းနေပြီ မဟုတ်လား..။ မလိုချင်တော့ဘူး ဆိုတာ ကိုယ်တိုင် တပ်အပ်မသိ- မမြင်နိုင်သ၍- ဒီဆုတောင်းပဲ မြိုင်မြိုင်ဆိုင်ဆိုင် ပဲ့တင်ထပ် ရတော့တာ..။

ဒီ နွံတောထဲမှာ...
ဒီ နိစ္စဓူဝတွေထဲမှာ...
ဒီ ဒွန္ဒယာကြီးထဲမှာ.....

အို... ရှက်စရာ... ရှက်ဖို့ကောင်းလိုက်တာကွယ်..!

သူရူးတစ်ယောက်လို ခါးခါးသီးသီး ဟားတိုက် ရယ်မောချ ပစ်လိုက်ချိန်အထိ.. သိမ်မွေ့စွာ“ ကို ကိုယ်ဟာ ဖက်တွယ်ထားဖို့ ပျော်နေလိုက်သေး သတဲ့..။

တကယ်တော့ ကိုယ်ဟာ ရှက်တယ်” ရှက်တယ်” ညည်းတွားရင်း-
အရပ်လေးမျက်နှာမှာ ရှက်တယ်” ရှက်တယ်” အသံကောင်း ဟစ်အော်ရင်း-

သံသရာကို ဆွဲဆန့်နေသူ---------- ရှက်တယ်” လို့ လိမ်ညာသူ
-------------

စစ်စစ်မှန်မှန် မရှက်တတ်သေးသူ မိုးတစ်ပေါက်သာ..။ ။

ခင်လေးငယ်
 

Monday, June 9, 2014

ဆည်းဆာရောင် သစ်တစ်ခက်အကြောင်း ★ (အပိုင်း- တစ်)


~ ( ၁ ) ~ 

 နေဝင်ချိန်နဲ့ တစ်နာရီကျော် အကွာအဝေးမှာ ရှိနေပါသေးလျက် ကောင်းကင်ဟာ မှိုင်းပြလိုက်တာ..။ ကြမ်းရှရှ နွေလေရူးတို့ သံစဉ်ကလည်း နရီစည်းချက် သိပ်မကျ..။ သစ်ပင်ကြီးတွေက တစ်ချက်တစ်ချက်မှာ ဆတ်ကနဲ သူတို့ခန္ဓာကို တုန်ခါတဲ့အခါ ရွှေအိုရောင် ရွက်ခြောက်တွေက လွင့်ပြီး တစ်ဖွားဖွား ကြွေကျပေးရပေါ့..။ ရော်ရွက်ဝါတွေ ဖရို့ဖရဲ သက်ဆင်းလာပုံက အရိုင်းဆန်ဆန်နဲ့ ချစ်စရာကောင်းတယ်လို့ ကျွန်မထင်တယ်..။


ဒီကုန်းအတက် လမ်းသွယ်လေးကတော့ ထုံးစံအတိုင်း လူသူသိပ်မရှိ..။ ခပ်မှန်မှန် ခြေလှမ်းနဲ့ ဆယ်မိနစ်လောက် ဆက်လျှောက်သွားရင် ကျွန်မ ထိုင်နေကျ ခုံတန်းရှည်လေးဆီ ရောက်တော့မှာ ရယ်..။ လေအရှိန်က ပြင်းလာလိုက် ဖျော့တော့သွားလိုက် ရှိနေဆဲပဲ..။ ခေါက်တင်ထားတဲ့ အင်္ကျီလက်နှစ်ဖက်ကို ဆွဲချရင်း မော့ကြည့်မိတယ်..။ ငှက်အိမ်လေးတွေနဲ့ တူတဲ့ လမ်းဘေးမီးအိမ် အစိမ်းလေးတွေက မီးလုံးတွေတော့ ထွန်းညှိမထားသေး..။

ဟင်.. ဒီလိုမှိုင်းညို့နေပုံနဲ့ မြင်ရနေကျ ငှက်ကလေးတွေ ရှိမှနေပါ့မလား..!! လွှတ်ကနဲ ရေရွတ်မိပြီးမှ တစ်စုံတစ်ယောက် ကြားသွားမှာ စိုးရိမ်စိတ်ဖြစ်တယ်..။ ခြေစုံရပ်လို့ ရှေ့နောက်ဝဲယာကို သတိတထား ကြည့်မိမှ ဟိုးအရှေ့ အတော်လှမ်းလှမ်းမှာ လမ်းလျှောက်နေတဲ့ လူတစ်ယောက်ရဲ့ ကျောပြင်ကို လှမ်းမြင်ရတယ်..။ မှိုင်းညို့နေတဲ့ ရာသီဥတုကြောင့် အမျိုးသားလား အမျိုးသမီးလား မခွဲခြားနိုင်..။

တစ်ခါတလေ ဒီလမ်းလေးပေါ်မှာ လူတစ်ဦးစ နှစ်ဦးစတော့ တွေ့ရတတ်တယ် မဟုတ်လား..။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် အရေးလည်း ကြီးမှမနေပဲ..။ လားရာတူအတိုင်း အရှေ့ကနေ လျှောက်နေမှတော့ သူလည်း ဒီလမ်းသွယ်အဆုံးက ပန်းခြံဆီ ဦးတည်သွားနေသူပဲပေါ့..။ သူ့ခြေလှမ်းက နှေးကွေးလွန်းတာလား ကျွန်မကပဲ ခပ်သုတ်သုတ် လှမ်းမိလျက်သား ဖြစ်နေတာမျိုးလား မသိ..။ သတိထားမိချိန်မှာ သူနဲ့ကျွန်မ အတော်လေး နီးလာပြီ ဆိုရမယ်..။ အမျိုးသမီးတစ်ဦး ဆိုတာ ထင်ရှားလာတယ်..။

အညိုရောင် သူ့ဆံနွယ်တွေဟာ ကျောလယ်နီးနီးအထိ ရှည်တယ်..။ ဆံပင်အုံလည်း ထူပုံရတယ်..။ အရောင်ဖျော့ဖျော့ ပျော့အိအိ ဘလောက်စ်လေး ဝတ်ထားတယ်..။ သေးသွယ်ပါးလျတဲ့ ခန္ဓာကိုယ် ရှိတယ်..။ ပေါင်အလယ်လောက် ရှိတဲ့ ဘောင်းဘီအမည်းရောင် ဝတ်ထားတယ်..။ အသားဖြူသူ ဖြစ်တယ်..။ ဘယ်ဘက်ခြေကျင်းဝတ်မှာ အနက်ရောင်ချိန်းကြိုးလေး ရှိတယ်..။ သူဟာ ငယ်ရွယ်သူ အမျိုးသမီးတစ်ဦး ဖြစ်မယ်လို့ တစ်ထစ်ချ ကျွန်မ ခန့်မှန်းလိုက်တယ်..။

ညာဖက်လက်ထဲမှာ လမ်းဘေးက ကောက်ယူလာဟန်တူတဲ့ သစ်ခြောက်လေး တစ်ခက်ကို ကိုင်ထားတယ်..။ ခြေထောက်တွေကို မသယ်ချင့်သယ်ချင် ပုံစံမျိုးနဲ့ လေးလေးပင်ပင် သူလျှောက်နေတယ်..။ နောက်ကနေ လိုက်လျှောက်ရင်း တစ်ပါးသူကို စပ်စပ်စုစုနိုင်မိတဲ့ ကိုယ့်စိတ်ကို သိပ်တော့ ဘဝင်မကျ..။ ထားပါလေ.. မကြာခင်ပဲ သူ့ကို ကျော်တက်ပြီး ထားခဲ့တော့မှာပဲဟာ..။

သူ့အရှေ့ ရောက်သွားမယ့် ကျွန်မနောက်ကျောကို ကြည့်ရင်း သူလည်း စပ်စုနိုင်သေးတာပဲ မဟုတ်လား..။ အို... တော်ပါ ဘာဖြစ်ဖြစ်ပေါ့..!! အတွေးကို ဖြတ်ချ သူ့ကို ကျော်တက်ခဲ့ပြီး ပုံမှန်ပဲ ကျွန်မ ဆက်လျှောက်ခဲ့တယ်..။ ဒီနေ့ ရာသီဥတု မှုန်မှိုင်းပုံက မိုးရွာခါနီး တိမ်သားတွေ တက်နေသလိုမျိုး ဟုတ်မနေဘူး..။ မိုးရွာချလိမ့်မယ်လို့ ကျွန်မ မထင်..။ နေ့လည်က မိုးလေဝသ သတင်းမှာလည်း ရွာနိုင်ခြေ ရှိတယ်ရယ်လို့မှ ခန့်မှန်းမထားကြပဲ..။ လမ်းဘေးက အလေ့ကျ ပန်းပွင့်လေးတွေကို ငေး၊ ရွက်ဝါအိုတွေအကြောင်း တွေးရင်း ပန်းခြံအဝင်ဝ ရောက်လာခဲ့ပြီ..။

~ ( ၂ ) ~ 

 အရင်တွေက တစ်ပါတ်မှာ သုံး၊ လေး ခါလောက် ဒီပန်းခြံကို ကျွန်မ လာနေကျ..။ မရောက်ဖြစ်တာ ခုဆို တစ်လနီးပါး ရှိလောက်ပြီရယ်..။ ပန်းခြံကြီးဟာ အတော့်ကို ကြီးမားကျယ်ပြန့်တယ် ဆိုရမယ်..။ ပန်းခြံထဲက ခုံတန်းလျားရှည်ပေါ်မှာ ထိုင်ရင်း ထင်းရှုးပင်ကြီးတွေ အကြားထဲ ငုတ်လျှိုးသွားမယ့် နေလုံးကြီးကို ငေးကြည့်ရတဲ့ အရသာကို ကျွန်မ ချစ်တယ်..။ ပန်းခြံရဲ့ ညာဘက်အခြမ်းမှာရှိတဲ့ ထိုင်ခုံတန်းလေးလည်း ကျွန်မကို သတိတရ မျှော်နေနိုင်သေးတယ် မဟုတ်လား..။ သူ့အနားရောက်မှ “ဆောရီးကွယ် တို့ အလုပ်တွေသိပ်များပြီး မင်းကို ပစ်ထားမိတယ်..” ဘာညာနဲ့ ရုပ်ရှင်တွေထဲကလို ကျွန်မ ပြောချင်လည်း ပြောမှာပေါ့..။

ပန်းခြံရဲ့ ဘယ်ဘက်အခြမ်းမှာ ဘုံကျောင်းအသေးစား လိုလေးရှိတယ်..။ ဘေးမှာ ဒီနိုင်ငံရိုးရာ နတ်ကွန်းလေးတွေ၊ ရုပ်ထုလေးတွေ အစီအရီရှိတယ်..။ သူ့ပတ်ပတ်လည် တစ်ဝိုက်မှာ ရာသီမရွေး လှလှပပ ပွင့်နေတဲ့ ရောင်စုံပန်းရုံတွေ ရှိတယ်..။ အဲ့ဒီအခြမ်းမှာ လူလေး၊ ငါး၊ ဆယ်ယောက်လောက် အမြဲ ရှိနေတတ်တယ်..။ လူမပြတ်ဘူး ဆိုရမယ်..။ ညာဘက်ပိုင်း နေရာတွေမှာတော့ အသွားအလာ မရှိသလောက် ရှင်းတယ်..။ ပန်းခြံရဲ့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ လေးငါးနှစ်စာလောက် ကျွန်မ အလွတ်ရနေပြီးသား..။ ကျွန်မအတွက် အရာအားလုံးဟာ ထူးထူးထွေထွေ ဟုတ်မနေတော့..။ မြင်ရနေကျ မြင်ကွင်းတွေထဲမှာ ရိုးအီမသွားတာဆိုလို့ နေညိုချိန်တွေမှာ နေလုံးကြီးကို ထိုင်ကြည့်ရတာ တစ်ခုပဲ ကျွန်မမှာရှိတယ်..။

ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ညာဘက်ခြမ်းကိုပဲ ကွေ့လာခဲ့တယ်..။ အခြားသူတွေ ထိုင်လေ့မရှိတဲ့ ကျွန်မထိုင်နေကျ ခုံတန်းလေးမှာ ထိုင်မယ်..။ ခုံလေးနဲ့ အလွမ်းလေးဘာလေး သယ်မယ်..။ ခေါင်းတညိတ်ညိတ် တခါခါလုပ်ပြီး သူနဲ့စကားပြောချင် ပြောမယ်..။ အဖြူရောင် စာတစ်ရွက်ပေါ်မှာ ခြစ်ချင်တာလေးတွေ ကောက်ခြစ်မယ်..။ လမ်းထောင့်ဆိုင်က ဝယ်လာတဲ့ မုန့်ထုတ်ကို ဖောက်မယ်..။ ငါးမုန့်ကြော်လို အရသာမျိုးရှိတဲ့ အချောင်းလေးတွေကို ချေမယ်..။ ခိုလေးတွေ စားဖို့ မြက်ခင်းစပ်က ကွန်ကရစ်တုံးတွေပေါ် ချထားပေးမယ်..။ သူတို့ လာစားတာ ထိုင်ငေးရင်း နေဝင်ချိန်ကို စောင့်နေမယ်..။

တကယ်က သူတို့တွေကို အစာကျွေးခွင့် မရှိဘူးရယ်..။ “ငှက်များကို အစားမကျွေးရ၊ ဒဏ်ငွေဆောင်ရမည်..” လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ပန်းခြံထဲက နေရာအတော်များများမှာ ရှိတယ်..။ ဘာလို့ ဆိုတာကို ဆိုင်းဘုတ်တွေ အောက်နားမှာ အသေးစိပ် ရှင်းထားပါသေးတယ်..။ ငှက်ကလေးတွေ လာမစားရင် အစာတွေကျန်မယ်..။ အမှိုက်ဖြစ်မယ်..။ ရှင်းသန့် ဖွေးဖြူနေတဲ့ ခုံတန်းလျားတွေပေါ်မှာ ငှက်လေးတွေက အညစ်အကျေးစွန့်မယ်..။ ဒီတော့ သန့်ရှင်းမှု လျော့နည်းမယ် စသဖြင့်ပေါ့လေ..။ ဘယ်လို ရှင်းပြထားထား ကျွန်မကတော့ ခပ်တည်တည် လိုက်နာလေ့မရှိ..။

ခုချိန်ထိတော့ တစ်ခါမှ ဒဏ်ငွေ မဆောင်ရ ဖူးသေးဘူး..။ လုပ်ချင်တဲ့ အရာလေးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် လုပ်မယ်.။ စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် ခုံတန်းရှည်ပေါ်မှာပဲ ဒူးနှစ်ဘက်ကို အဝိုက်လိုက်ကွေး တင်ပလ္လင်ခွေထိုင်ရင်း မျက်လုံးတွေကို ၁၀မိနစ် ၁၅မိနစ်လောက် ခဏမှိတ်ထားမယ်..။ ကျောကို မတ်မတ်ထားရင်း အသက်ကို ဝအောင် ရှုမယ်- ပြန်ထုတ်မယ်..။ ဒါကလည်း ဒီနေရာလေး ရောက်လာတိုင်း ကျွန်မ လုပ်ဖြစ်နေကျ လုပ်ရိုးလုပ်စဉ် အကျင့်လေးတစ်ခုပဲရယ်..။

 ~ ( ၃ ) ~ 

 မျက်လုံးဖွင့်ဖွင့်ချင်း အရှေ့တည့်တည့်ကနေ ကျွန်မကို စူးစူးစိုက်စိုက် ကြည့်နေတဲ့ မျက်လုံးတစ်စုံကို ရုတ်တရက် မြင်လိုက်ရတယ်..။ အဲ့လို ရင်ဆိုင်လိုက်ရချိန်မှာ ဘယ်လိုခံစားရနိုင်လဲလို့ တခြားသူတွေ တွေးမိဖူးကြလားမသိ..။ ကျွန်မတော့ တစ်ခါမှ မတွေးဖူးခဲ့..။ အခု ကျွန်မလိုပဲ “ဆတ်” ကနဲ တစ်ခဏတော့ လန့်ဖျပ်တောင့်တင်း သွားမှာပဲ မဟုတ်လား..!!

ဟုတ်တယ်..။ လမ်းမှာ တွေ့ခဲ့တဲ့ အမျိုးသမီး..။ သူ ကျွန်မကို အဲ့လို စိုက်ကြည့်နေခဲ့တယ်..။ အသက် ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ရင်း သူ့ကို ပြုံးပြလိုက်တယ်..။ သူကတော့ ပြန်ပြုံးမပြခဲ့..။ ရှိစေပေါ့..။ ကျွန်မ အရှေ့မှာ မရပ်ရလို့ ဘယ်ဥပဒေမျိုးမှ ရှိမနေပဲ..။ ဒီနေရာမှာ သူလည်း လွတ်လွတ်လပ်လပ် ရပ်နေနိုင်ခွင့် ရှိတာပဲလေ..။ ကျွန်မ အကြည့် လွှဲလိုက်တယ်..။ ခပ်လှမ်းလှမ်းမှာ ခိုလေးတွေ အစာကောက်နေကြပြီ..။

 လေပြင်းပြင်း တစ်ချက်ဝှေ့တယ်..။ ဘယ်ဘက်ခုံတန်းရှည် နှစ်ခုံကျော်ဘေး အပင်ကြီးဆီက အဖြူရောင် ပန်းပွင့်တချို့ ကြွေကျသွားတယ်..။ ခဏလေး အတွင်းမှာ ကိုယ့်မွေးရပ်မြေက ခရေပင်ကြီးတွေကို လွမ်းဆွတ်စိတ်က လှပ်ကနဲ ဖြတ်ပြေးသေးတယ်..။ အရှေ့ကို ပြန်ကြည့်တော့ သူ့မျက်လုံးတွေက ကျွန်မဆီမှာ ရှိမနေတော့ဘူး..။ ကြွေသွားတဲ့ ပန်းပွင့်တွေကို သူလည်း ဆွေးဆွေးမြေ့မြေ့ ငေးလို့..။

သူ့ပုံစံက မျက်လုံးတွေဖွင့်ပြီး အိပ်မက်မက်နေသူ တစ်ယောက်လိုပဲ..။ ဖတ်ဖူးတဲ့ စာတွေထဲကလို အိပ်မက်ယောင်ပြီး လမ်းထလျှောက်သူ ဆိုတာ သူ့လိုမျိုးများလား..။ ဟင့်အင်း မဖြစ်နိုင်ဘူး..။ သူ့မျက်လုံးတွေက ဖွင့်ထားတာပဲဟာ..။ ပါးလှပ်နေတဲ့ နှုတ်ခမ်းနှစ်လွှာကို တင်းတင်းရင်းရင်း စေ့ထားတယ်..။ လေအဝှေ့မှာ ဆံနွယ်ညိုတွေ ဝဲလွင့်ပြီး သူ့ပုခုံးတွေပေါ် ပြန်ကျသွားတာ သိပ်လှတာပဲ..။ မျက်လုံးဝိုင်းဝိုင်းလေးတွေ သူ့မှာရှိတယ်..။ ညာလက်ထဲမှာ သစ်ခြောက်ခက်လေးကို အခုထိ သူကိုင်ထားနေတုန်း..။

အသက်အရွယ်အားဖြင့် ကျွန်မနဲ့ မတိမ်းမယိမ်း ဖြစ်နိုင်တယ်..။ သူနဲ့ကျွန်မ အကွာဝေးက လက်သုံးကမ်းစာ လောက်ပဲ ရှိလိမ့်မယ်..။


>>>>>>>>>>>>>>>>>>>>> (အပိုင်း- နှစ်) ဆက်ရေးပါမည်..။ 

 ခင်လေးငယ် ::: 2014/ 06/ 03 ::: 

Sunday, May 18, 2014

Tranquility (3) ~


တုပ်နှောင်၍လည်း မထား- အချည်နှောင်ခံ အဖြစ်နှင့်လည်း ရှိမနေပါ..။ 

ကျွန်မတို့၏ မလျော့မတင်း ဆုပ်ကိုင်ထားသော လက်ဖဝါးနှစ်စုံ အကြားတွင် မြဲမြံသောအရာတစ်ခု ရှိသည်မှာ အတိအကျ..။ ထိုအရာကို စကားလုံးအဖြစ် ဖော်ဆောင်ရပါလျင် အများက ကြိုး- ဟု ပမာပြု ကြပေလိမ့်မည်..။ 

ဟင့်အင်း... ဟု ကျွန်မ ငြင်းဆိုလိုပါသည်..!! 


 ★☆★ ☆★☆ ★☆★ ☆★☆ ★☆★ ☆★☆ 

 ( ၁ ) 

ညှိုးနွမ်း၍ သွေ့ခြောက်စပြုနေသော ပန်းကလေးတစ်ပွင့် အဖြစ်ကို မြင်မိသေး၏..။ ဝန်းကျင်တွင် ရှင်းသန့် ပါးလွှာသော လေထုမရှိ..။ တိမ်တိုက်တို့ မရှိ..။ မိုးသားတို့ မရှိ..။ ထို့ကြောင့် မိုးရနံ့ကိုမရ..။ ဤသို့ဖြင့် သူသည် တစ်ရိပ်ရိပ် မြင့်တက်လာသော အားငယ်စိတ်နှင့် မိမိကိုယ်ကို လှောင်ပိတ်ထားသူ ပန်းတစ်ပွင့် ဖြစ်လာခဲ့သည်..။ ခန္ဓာ တစ်ကိုယ်လုံး ရဲရဲနီ သွေးညှီစတို့နှင့် အညစ်ကြေးတို့ ဖုံးအုပ်နေသည်ဟု သူ ထင်သည်..။ နုပါးလွှာတွင် နွေးပူသော မြစ်နှစ်စင်း တို့ကို အရှိန်အဟုန်ဖြင့် စီးဆင်းခွင့် ပေးခဲ့သူလည်း ဖြစ်သည်..။ 

ထိုပန်းကလေးသည် အတိတ်ကို လျှောက်သည်..။ အနာဂါတ်ကို ကြောက်သည်..။ ပစ္စုပ္ပန်ကို မကြည့်..။ ခဏတိုင်းကို မမြင်..။ သူ့အတွက် နေခြည်သည် မနွေး..။ လရောင်သည်လည်း မအေး..။ ပန်းကလေးသည် ထွက်ပေါက် မသိ၍ သော့ပျောက်ခဲ့သူလည်း ဖြစ်ကောင်းဖြစ် ပါလိမ့်မည်..။ လောက၏ နာရီတို့သည်သာ တစ်ချတ်ချတ်နှင့် မြည်တွန်မြဲ မြည်တွန်လျက် အရှေ့သို့ ယွန်းသည်..။ သူသည်ကား အလျားအနံမဲ့၊ ကိုယ်ထည်မဲ့၊ ပုံသဏ္ဌာန်မဲ့၊ အရိပ်မဲ့ ရပ်မြဲရပ်လျက်သာ ရှိနေခဲ့၏..။

 နေ့၊ ရက်၊ လတို့ အနည်းငယ် အရောင်ပြောင်းခဲ့ပါပြီ..။ ရပ်တန့်နေပါလျက် သွားခဲ့သည်ဆိုကြောင်းကိုမူ နည်းနည်း ရှင်းရခက်ပါလိမ့်မည်..။ ပန်းကလေး သူကိုယ်တိုင်ပင် သတိမူမိခဲ့ဟန်မတူ..။ မှုန်ပြအေးမြသော အလင်းတစ်စသည် ပန်းကလေးကို ကွက်၍ တစ်ခဏတာမျှ အုပ်မိုးသည်..။ ငိုက်မြည်းကျနေသော လည်တိုင်ကလေး မဆိုသလောက် မော့လာနိုင်သောအခါ ပန်းကလေးသည် ခပ်ဖျော့ဖျော့ ပြုံးရိပ်သန်း ခဲ့သည်..။ သူသည် ထိုအဖြစ်လေးကို တမြတ်တနိုး ရှိသွားခဲ့၏..။ 

ရပ်တန့်နေသမျှ ဖွေရှာခဲ့သော အလင်းရောင် မျှင်မျှင်လေးကို မြင်တွေ့ချိန်၌ သူ ချစ်သည်..။ တစ်ခဏတာတွင် ရှင်သန်နေထိုင်ခြင်း မပြုခဲ့သော အချိန်အချို့ကို နှမျောတသဖြစ်မိ၏..။ နောင်တရိပ် သန်းလာသောအခါ ပြန်လည်ညှိုး ကျတော့မယောင် ဖြစ်သည်..။ ထိုအဖြစ်ကို ပန်းကလေးသည် သိမ်မွေ့ ညင်သာစွာ ကိုင်တွယ်တတ်စ ပြုလာခဲ့ပြီ..။ အကြိမ်ကြိမ် ညွတ်ကျသွားသော လည်တိုင်အား ဖေးကိုင် ဦးမော့ပေးသူ အလင်းရောင်လေးကို “တစ်ခဏ” ဟု ပန်းကလေးက အမည်နာမပြု၏..။ 

( ၂ )

 လောက၏လမ်းများ ဟိုဟိုသည်သည်၌ ပြန်လည် လန်းဆတ်ကာစ ပန်းတစ်ပွင့်ကို မြင်တွေ့ရသည်..။ တစ်ရံတစ်ခါတွင် ဒူးညွတ်ကျသည်..။ ငွေ့ရည်ကြည်တို့နှင့် လျှံပြည့်လာသော မျက်ဝန်းများ ရှိသည်..။ စိုးရိမ် ထိတ်လန့်မှုတွေ ရှိသည်..။ တွန့်ဆုတ်တွေဝေမှုများ ရှိသည်..။ ဆွံ့အ ဝမ်းနည်း ပြန်သည်..။ နာမကျန်းသော ခန္ဓာ၌လည်း အရှုံးပေးမတတ် အားငယ်တတ်သေးသည်..။ အခါခါ ကျရှုံး၍ အခါခါ မောပန်းပြန်သည်..။ 

ထိုသို့သော အချိန်တိုင်း၌ သူချစ်မြတ်နိုးသော တစ်ခဏပေါ်သို့ တက်၍ရပ်သည်..။ ခဏလေးကို သိခြင်းသည် သူ၏ ဆေးဖြစ်သည်..။ ခဏလေးကို မြင်ခြင်းသည် သူ၏ ချမ်းမြေ့အေးမြမှု ဖြစ်သည်..။ ထို ခဏတာသည်ပင် ပန်းကလေး ကိုယ်တိုင်၏ အပြုံးအရယ် စစ်စစ်များ ဖြစ်လာတော့၏..။ ခဏလေးတိုင်းတွင် နေထိုင်ခြင်းဟူသော နေခြည်ဖြင့် သူ့ကိုယ်ကို လွှမ်းခြုံနွေးထွေးစေသည်..။ တစ်ခဏတွင် နေထိုင်ခြင်း လရောင်ကို သောက်ချိုးယူရင်း သူ့ကိုယ်သူ အေးမြစေသည်..။ 

သူသည် အလင်းတန်း မျှင်မျှင်လေးကို တမ်းတမ်းမက်မက် လိုက်လံဖွေရှာသူ မဟုတ်တော့..။ ကာလရှည်ကြာ မွတ်သိပ်မှုများ မရှိတော့..။ အလင်းကို တမ်းတ၍ အမှောင်ကို ကြောက်မနေတော့..။ တစ်ပါးနေရာဆီမှ အလင်းကို တောင်းခံ မျှော်လင့်သူ မဟုတ်တော့..။ ပန်းကလေး ကိုယ်တိုင်သည် အလင်းရောင်ဖြစ်ခဲ့ပြီ..။ ခဏတာဆိုသည့် ပန်းရထားပေါ်၌ လိုက်ပါ စီးနင်းရင်း လောကခရီးထဲ ရဲရဲဝံ့ဝံ့ တိုးဝင်သူ ဖြစ်ခဲ့ပြီ..။ ထိုရထားပေါ် ရောက်နှင့်နေပြီးသား ခရီးသည်အားလုံးကိုလည်း ကြည်လင်လှပစွာ သူပြုံးပြနိုင်ခဲ့လေပြီ..။ အတိတ်တွင် ထင်ကျန်ရစ်ခဲ့သော ဒုက္ခအရိပ်ဆိုး အသွင်သဏ္ဌာန် အမျိုးမျိုးတို့ကို ပိတ်ကားထက်၌် ကြည့်နေသကဲ့သို့ သူ ပြန်ကြည့်တတ်ခဲ့ပြီ..။ 

ပန်းသည် ပွင့်ခြင်း၌ အဆုံးရှိလား..! ကြွေလွင့်ခြင်း၌ အဆုံး ရှိပါသလား..!! ကိုယ်တိုင် အကြိမ်ပေါင်းများစွာ အမေးပြုခဲ့သော ထိုမေးခွန်းကို သူ ပြန်လည် ရုပ်သိမ်းလိုက်တော့သည်..။ ပန်းတစ်ပွင့်၏ ဘဝခရီး၌ ပွင့်ခြင်း ကြွေလွင့်ခြင်း အားလုံးသည် ဥပါဒ်၊ ဌီ၊ ဘင်တို့၏ သဘာဝမျှသာဖြစ်ကြောင်း သူသိခဲ့ပြီ..။ ပွင့်လန်းခြင်းနှင့် ကြွေလွင့်ခြင်းအကြား တစ်ခဏတိုင်း၌ ပေါ့ပါးလွတ်မြောက်စွာ သူ နေထိုင်တတ်ခဲ့ပြီ..။ ဤသို့ နေထိုင်ခြင်းသည်သာ ဟိုမှာဘက်ကမ်းအတွက် အခရာကျသော သော့တစ်ချောင်း ဖြစ်ကြောင်း လည်း ပန်းကလေး ကောင်းစွာ နားလည်သွားပြီ ဖြစ်၏..။ 

★☆★ ☆★☆ ★☆★ ☆★☆ ★☆★ ☆★


 နေခြည်ဖြိုးဖြောက် တစ်မိုးသောက်မှာ 
ထမြောက်နိုးကြား ခရီးသွားတွက် 
ရထားဆိုက်ရောက်ခဲ့ပြီတကား....။ 

~ မာရေးသျှင် ~


ကျစ်လျစ်လှပသော ထိုကဗျာတိုလေးကို ကျွန်မချစ်သော အစ်ကိုတစ်ဦးထံမှ လက်ဆောင်အဖြစ် ရခဲ့ဖူးသည်..။ ထိုခဏ၌ လွတ်လပ်ပေါ့ပါးစွာနှင့် ကျေကျေနပ်နပ်လေးပင် ကျွန်မပြုံးခဲ့၏..။ ခဏတိုင်း၌ အရိုးရှင်းဆုံး သက်ဝင်လှုပ်ရှား နေထိုင်လျက်ရှိသော ဘဝလက်တွဲဖော် မောင့်ကိုလည်း ထိုခဏလေးများနှင့် အတူ မြတ်မြတ်နိုးနိုး ကျွန်မရခဲ့သည်..။ အင်မတန် ရိုးရှင်းလှပါသည်..။ ကျွန်မတို့၏ ဆုံဆည်းရာသည် “ခဏလေးများ” သာ ဖြစ်၏..။ 

 ကျွန်မနှင့် မောင်သည် ချည်နှောင်မထားပါဘဲ မြဲမြံသည်..။ တုပ်နှောင်မထားသော်ငြား တင်းကျပ်စွာ ရှိနေသည်..။ ကျွန်မတို့၏ မလျော့မတင်း ဆုပ်ကိုင်ထားသော လက်ဖဝါးနှစ်စုံ အကြားတွင် မြဲမြံသောအရာတစ်ခု ရှိသည်မှာ အတိအကျ..။ ထိုအရာကို စကားလုံးအဖြစ် ဖော်ဆောင်ရပါလျင် အများက ကြိုး- ဟု ပမာပြု ကြပေလိမ့်မည်..။ 

ဟင့်အင်း... ဟု ကျွန်မ ငြင်းဆိုလိုပါသည်..!! 

တုပ်နှောင်၍လည်း မထား- အချည်နှောင်ခံ အဖြစ်နှင့်လည်း ရှိမနေ..။ ကျွန်မတို့ကို မြဲမြံစေသော တင်းကျပ်စေပါသော ထိုအရာသည် ကြိုးတစ်ချောင်း မဟုတ်ပါ..။ 

ကြည်လင်အေးမြသော၊ ပေါ့ပါးရှင်းသန့်သော၊ ခိုင်မာကျစ်လျစ်သော၊ ပကတိ မြဲမြံသော၊ နူးညံ့သိမ်မွေ့သော၊ လွတ်လပ်ဖြူစင်သော “တစ်ခဏလေး” များသာ ဖြစ်၏..။ 


ခင်လေးငယ် ::: 2014/ 05/ 18 ::: 

Friday, April 18, 2014

“ပိတောက်၊ ကျီးကန်း၊ ချယ်ရီ၊ ပန်းနုရောင်၊ ဝိဉာဉ်၊ နာရီ၊ ကော်ဖီ၊ ငြိမ်ဆိတ်ခြင်း..”


ကော်ဖီတစ်ခွက်ဟာ နာရီသံချပ်ချပ်အောက်က ညမှာ
တိတ်တဆိတ် ငါ့ကို သောက်ဖို့ အရောက်လာခဲ့သတဲ့..။

ငါ့လိပ်ပြာက တခမ်းတနား ပြင်ဆင်တုန်း
အိပ်မက်မှာ ဝိဉာဉ်ခေါ်သံ သဲ့သဲ့ လှုပ်တယ်..။


မဖြစ်စလောက် ပန်းနုရောင်သန်းယုံလေးသန်းတဲ့ ချယ်ရီပွင့်လွှာတွေထက် 
ဖွဖွနင်းချလိုက်ဖို့ အားငယ်နေတုန်းလား မာရီယာ..?

မင်းလည်း “မင်း” မဟုတ်ဘူး ဆွေးမနေနဲ့တော့ မာရီယာ
ငါလည်း “ငါ” မဟုတ်ခဲ့တာ ရှင်းပြဖို့ နည်းနည်းခက်ဦးမယ်..။

အားလုံးဟာ အတူပါမလာတဲ့ နာမ်စားတွေနဲ့ ထင်ယောင်ထင်မှားတွေ သက်သက်
ဟော....
ငါတို့ လက်တွေမှာ ဗလာ
ဒါ လွမ်းစရာမှ မဟုတ်တာ..။

နေပါဦးကွယ်..!!
မကြာခင်ပဲ ကျီးတွေ အာတော့မယ်..
ပိတောက်တွေလည်း ကြွေဦးမယ်..

ဒီလိုနဲ့~~~
သံသရာတွေ အထပ်ထပ်လည်ခဲ့ကြတယ်..။


ခင်လေးငယ် :: 2014/ 04/ 16 ::

Tuesday, April 1, 2014

တစ်ဖန် ~


ရတောင့်ရခဲ လူသားတစ်ယောက်ရဲ့ အဖြစ်ကို ကျွန်မကပဲ သံသယတွေနဲ့ ရှိနေတာလား..! ဖြစ်နိုင်ချေနည်းပြီး လက်ဆုပ်လက်ကိုင် ပြမရတဲ့ တိုက်ဆိုင်မှုတွေကပဲ တစ္ဆေကောင်တွေကို မိုးလုံးပြည့် မွေးချလိုက်တာလား -

သေချာတာက မရေမရာနဲ့ တစ်ခုခု မှားယွင်းနေခဲ့ပြီ..။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို ကျွန်မ တအံ့တသြ ချစ်တယ်..။

~~~~~~~~~~~~~~~~

ဟောဟို ကမ်းစပ်မှာ လှိုင်းပုတ်သံတွေ တောခြောက်နေတယ်..။

“တစ္ဆေညတွေ ရောက်လာပြန်ပြီ..”


ဟိုမှာသဲ့သဲ့ ဒီမှာယဲ့ယဲ့နဲ့ တဆစ်ဆစ် ကြီးထွားလာလိုက်တာများ- ရွက်ဝါကြွေတွေတောင် ခိုနားရာမဲ့..။ လက်ပွန်းတတီး ရှိနေခဲ့ဖူးသူဟာ ကျွန်မပဲ..။ သူတို့ရဲ့ တွန့်လိပ်ကွေးကောက် ဆိုးဆိုးဝါးဝါး သဏ္ဌာန်တွေက ကျွန်မ မျက်လွှာတွေအကြား ပြေပြေပြစ်ပြစ် တိုးဝင်ပေါ့..။

ရုတ်ရုတ်သဲသဲ တစ္ဆေတွေရဲ့ပွဲမှာ ကောင်းကင်ယံက ကြယ်ပွင့်လေးအချို့ တုန်ရီစွာ စိုးရွံ့ကြရဲ့..။ ကြယ်လေးတွေ တစ်လုံးပြီး တစ်လုံး ခန္ဓာကိုချွေတော့ ပင်လယ်တစ်ပြင်လုံးဟာ ကြယ်တွေနဲ့ ဝေရ..။ ဒီလိုနဲ့ တရိပ်ရိပ်ဆိုသလို တစ္ဆေညဟာ မြိုင်မြိုင်ဆိုင်ဆိုင်ပဲ ကဗျာဆန်လာ တော့တာရယ်..။

သူတို့အားလုံးဟာ အဖြူရောင်ဖြစ်တယ်..။ အနီရောင်မှာ ပျော်မွေ့ကြောင်း ကျွန်မ ကောင်းကောင်း နားလည်ခဲ့ပြီးသား..။ စိမ့်ကနဲ့ တိုးဝင်စီးမျောလာတဲ့ သူတို့ရဲ့ပေါ့ပါးမှုကို ကျွန်မ သွေးကြောတွေကလည်း အလိုက်တသင့် လက်ခံလို့်.. လို့ ဆိုရမလို..။

တစ္ဆေတွေဆီမှာ ချစ်ခြင်းမေတ္တာနဲ့ သင်ကြားစရာတွေ မရှိဘူးလို့ ဘယ်အရာနဲ့ တိုင်းထွာ ကောက်ချက်ချမလဲ..! တွေးကြည့်ယုံလေးနဲ့ ညစ်ကျယ်မယ်လို့ ထင်မြင်လိုက်တာဟာ တစ်ဖက်သတ်ဆန်တာ မဟုတ်လားလို့ ကျွန်မဘာသာ နားချနေသံ ပြန်ကြားတယ်..။

ဘာလို့များ ထိတ်လန့်နေကြမှာလဲ..!! သူတို့ ရွေ့လျားမှုဟာ ရှုပ်ထွေးနေသယောင် ရှိပေမယ့် မာန်အဟုန် မပါဘူး..။ မာနကင်းတယ်..။ အလျားလိုက်- ဒေါင်လိုက်- အဝိုက်လိုက်- ထက်အောက်- အို~~ ပေါ့ပေါ့ပါးပါး ဖြူလွှလွှလေးတွေရယ်..။

ရှိကြပါစေ.. ရွေ့လျားနေကြပါစေ.. ကခုန်နေကြပါစေ.. အဲ့ဒီအရာ အားလုံးဟာ ကိုယ်စီကိုယ်စီရဲ့ ကြေကွဲမှုကို သရုပ်ဖော်နေခြင်း သက်သက်ပဲ..။ သူတို့မှာ အသံတိတ်တေးသွား လှလှတွေရှိရဲ့..။ အဆိပ်အတောက် ကင်းတဲ့ ကဗျာတွေလည်း ရှိရဲ့..။

သူတို့ ~ ငံ့လင့်နေကြတယ်..။ စောင့်စားနေကြတယ်..။ မွတ်မွတ်သိပ်သိပ် ဆာလောင်နေကြတယ်..။ တောင့်တနေကြတယ်..။ အဲ့ဒီအရာ အားလုံးရဲ့ ဦးတည်မှုက တစ်ခုတည်းသော မေတ္တာတရားထံပဲ ဖြစ်တယ်..။ ဘယ်လောက်များ ရိုးသားလဲ..! ဂရုဏာသက်စရာ ကောင်းလိုက်လဲကွယ်..!

မညီညာတဲ့ ရှည်မျောမျော လက်ကလေးတွေ ကမ်းလင့်နေတာ အန္တရာယ် ပြုဖို့ မဟုတ်ဘူး..။ ဖျော့တော့လွန်းလို့ ဘယ်လို လက်နက်မျိုးကိုမှ ထိကိုင်နိုင်စွမ်း မရှိသူဟာ သူတို့ပဲ မဟုတ်လား..။

~~~~~~~~~~~~~~~~

ဒါဆိုရင်.. ကျွန်မ..! အိုးးး.. ဒါဟာ ရှက်ရွံ့စရာ အဖြစ်ပဲ..!!

ငံ့လင့်မှုကို ဖြည့်စွမ်းနိုင်တယ်..။ စောင့်စားမှုကို ပေါ့ပေါ့ပါးပါး ကျော်ဖြတ်နိုင်တယ်..။ ဆာလောင်မှုကို ဖြည့်တင်းနိုင်တယ်..။ တောင့်တမှုကို သိစိတ်နဲ့ မြင်ကြည့်နိုင်တယ်..။ ကြည်ကြည်စင်စင် မေတ္တာတွေကို ဝေငှနိုင်တယ် မဟုတ်လား..။

အားငယ်စိုးရွံ့အထီးကျန်စိတ်နဲ့ တွေဝေငေးမောသူ- အသိနဲ့ သတိ လစ်ဟာမှုမှာ ပေါ့ပေါ့ဆဆ ပြုတ်ပြုတ်ကျတတ်သူ- ကျွန်မဟာ.. တကယ်တမ်း ဆိုရင် လှလှပပ မယောင်ရာ ဆီလူးသူ သက်သက်ရယ်ပေါ့..။

ဒီလိုနဲ့ ပဲ့တင်ထပ်နေတဲ့ အက်ကွဲသံ မှိန်မှိန်လေးတွေအကြား ကျွန်မကိုယ် ကျွန်မ ပြန်တွေ့တယ်..။ စက္ကန့်၊ မိနစ်၊ နာရီတွေ သိန်း- သန်းချီ ကာလရွေ့လျားလို့ နှစ်ချို့ခဲ့တဲ့ သက်ရှိ အရာဝတ္တုတစ်ခုဟာ ကျွန်မ ဖြစ်ခဲ့တယ်..။

အလိမ့်အလိမ့် အခေါက်ခေါက်နဲ့ အထပ်ထပ်ခါခါ ကျိုးကျဖူးတဲ့ ခြေထောက်တွေ ခိုင်မာနေအောင် ပြန်လည်ရပ်တည်နိုင်ဖို့ တစ္ဆေတွေဆီက ရှာတွေ့တယ်ဆိုတာ ရှင်းပြရ အခက်သား..။

ဒဏ္ဍာရီတစ်ပုဒ်လို ဖြစ်ကောင်းဖြစ်နေ နိုင်သေးတယ် မဟုတ်လား..! ကျွန်မမှာ အဲ့လိုညတွေ ခဏခဏရှိတယ်..။ ဘယ်လိုဖြစ်စေ မကြာမကြာ ဆိုသလို အလည် ရောက်ရောက်လာတတ်တဲ့ ကျွန်မ တစ္ဆေညတွေကို ကျွန်မ ချစ်တယ် ဆိုတာပဲ...။


ခင်လေးငယ် :: 2014/ 01/ 18 ::

လွမ်းရင့်ရော်ကြွေ



မြတ်နိုးစုံစွာ
ပန်းမွေ့ယာ၌
ပျော်ကာအိပ်စက်
မျှော်ရခက်..။

မောင့်လက်တူယှဉ်
စွဲယူစဉ်က
ကြင်နာအိပ်မက်
တွယ်ရခက်..။

သက်လျာမယ့်ကို
ခွန်းတုံ့ဆို၍
ညင်သာပွေ့ဖက်
ဖယ်ရခက်..။


ခင်လေးငယ် :: 2014/ 03/ 18 ::

“ If we know how to breath, no one will steal our peace.”

အသိခြင်း ပေါင်းစပ်
တရံမလပ်ဖို့ ကြိုးစားရှိခိုက်
တစ်ယူဇနာ မခြားစေ
အချိန်နာရီ မသိစေ
ကာရံတံတိုင်းလည်း မခံစေ..။


တရံတစ်ခါမယ်
မုန်တိုင်းရယ် ထန် ဒီရေက မာန်ကြွ
ဟိုနေရာ တို့တို့ ဒီနေရာ ထိထိ
ကလိတိတိ မြားမိုးတို့ သည်းရွာတော့
ကွယ်~~ လာစမ်းဟဲ့..!! တဲ့
မောင်က ရင်ကော့ ကျွန်မ ခေါင်းမော့လို့
ကြည်သာမွေ့မွေ့ တိုးဝှေ့လျှောက်ခိုက်
လမ်းဟာ ကြမ်းချင်တိုင်းလည်း ကြမ်းခဲ့တယ်..။

အဲ့ဒီ လမ်းထက်
ဟောသည် နှလုံးအစုံရဲ့
ဝင်သက် ထွက်သက်တိုင်း
ဟန်ချက်ညီညီ ကာရန်လည်းကျ
မရိုင်းမယဉ်ပေါ့ပါးသော မေတ္တာအားနှင့်
တစ်ယောက်အရိပ် တစ်ယောက်
ကောက်ယူပွေ့ထွေး နွေးအေးစေလျက်
ခြေတစ်လှမ်းချင်း သတိပန်း ချခင်း
ခဏတိုင်းမှာ ဖွဖွနင်းရင်း ဆက်လျှောက်တယ်..။

ဒီလိုနဲ့
လွတ်လပ်ခြင်းတေး သံပြိုင်ကြွေးလို့...
ကြည်လင်စိတ်နဲ့ မျက်လွှာတို့ မှိတ်လို့...

မြားအစင်းစင်းကို ရင်ဆိုင်ဖြိုခွင်း
အလင်းထံစူးစိုက် မြတ်နိုးစွာ ဦးခိုက်ရင်းပဲ
(ကျွန်မတို့)
တိတ်တဆိတ် လှမ်းလျှောက် နေကြဆဲ..။

ခင်လေးငယ် :: 2014/ 03/ 06 :: 

with my Beloved Husband..!! ♥♥

13 ~

:::::::::::::::: (၁) ::::::::::::::::

အခန်း နံပါတ် တစ်ဆယ့်သုံး..!! စေ့ယုံလေး စေ့ထားတဲ့ တံခါးကို ဖွဖွတွန်း ဝင်လိုက်တယ်..။ အပြုံးတစ်ချက် လက်ကနဲ ထတောက်သွားတာ မှန်တစ်ချပ်မှာ မြင်လိုက်ရသလိုပဲ..။ မျက်နှာလွှဲလိုက်ပြီးကာမှ မှန်ချပ်ထဲကို စူးစူးစိုက်စိုက် ပြန်ကြည့်တော့ မရှိတော့ဘူး..။ အဝိုင်းလိုက် ရှိနေတဲ့ ရှတတ မျက်ဝန်းတစ်စုံနဲ့ ပိပိရိရိ အနားသပ်သွားတဲ့ “ဟက်..” ဆိုတဲ့ ရယ်သံတစ်စ အဲ့ဒီမှန်မှာ တွေ့တယ်..။ တကယ့် ခဏလေးပဲ..။ ပြီးတော့ ပျောက်သွားတယ်..။


:::::::::::::::: (၂) ::::::::::::::::

ကဗျာမဆန်လိုက်တာကွယ်..! လေတိုးသံသဲ့သဲ့က သွဲ့သွဲ့ညင်သာ ဝေ့ဝဲနေပါလျက် ခပ်ပြင်းပြင်း လှမ်းခေါ်သံက စောင့်ကြီးအောင့်ကြီး နိုင်တယ်..။ “ကိုယ်ပိုင်နံပါတ် တစ်ဆယ့်သုံး..” တဲ့..။ အလုံပိတ် အခန်းတစ်ခန်းထဲမှာ မဟုတ်ဘူး..။ အရိုင်းဆန်ဆန် စိမ်းညို့နေတဲ့ တောအုပ်ပဲ..။ သူ့သဘောသူဆောင်တဲ့ အစိမ်းရင့်ရင့်တွေက ဝေ..။ အနားဖျားတွေ ကော့လိပ်တွန့်ကြေနေတဲ့ မညီမညာ ညိုဝါဝါတွေလည်း ကြွေလို့..။


စိမ်းလဲ့ခြင်းနဲ့ ညိုခြောက်ခြင်းတို့ရဲ့ ကြားခံဟာ ပါးပါးလွလွ ခဏလေးပဲ မဟုတ်လား..။ မီးခိုးရိပ် ကောင်းကင်ဟာ နီကျင်ကျင်နိုင် လာတယ်..။ တောတောင်ထဲမှာ ကြည့်မှန်တစ်ချပ် ထောင်ထားတာ မြင်ရတယ်..။ ဒီလိုနေရာမျိုးမှာ မှန်ကျယ်ကြီး တစ်ချပ်ရှိနေတာ သဘာဝ မကျဘူးလို့ ရှင်တို့ ထင်သလား..! မယုံ မရှိကြစမ်းပါနဲ့..။

ခပ်မတ်မတ် ခန္ဓာနဲ့ မျက်လုံးတွေကို ပြေလျော့လျော့ မှေးစင်းထားတဲ့ သန္တာန်..။ ဒီလို မူဟန်ကို ပိုင်ဆိုင်သူ ဘယ်သူမို့လဲ..? ပိုင်ရှင် မရှိဘူး..။ ကိုယ်တိုင်လည်း မပိုင် ဘယ်သူမှလည်း ပိုင်ဆိုင်မှု ပြုလို့မရ..။ ဒါကိုများ တစ်ဆယ့်သုံး အရှေ့မှာ “ကိုယ်ပိုင်နံပါတ်..” တဲ့..။ ဘယ်လောက် အပေါစားဆန်သလဲ..! ဘယ်ရင်အုံထဲ ဆစ်ကနဲ တစ်ချက် အောင့်ထင်ရဲ့..။

မှန်ချပ်ထဲကို စောင်းငဲ့ကြည့်ချင်လာတယ်..။ စိတ် (ဒါမှမဟုတ်) ခန္ဓာအင်အား ဘယ်လောက် သုံးရမှာပါလိမ့်..!

“စိတ်..”..?
“ခန္ဓာအင်အား..”..?

နှစ်ခုလုံး ထည့်တွေးဖို့ လိုမလို ဘယ်သူမှ ပြဌာန်းမထားဘူး မဟုတ်လား- လို့ ခပ်ရွတ်ရွတ်တွေးတယ်..။ ကွဲကွဲပြားပြား ရှိနေပါလျက် သဲကွဲဖို့ ဝေဝါးနေတာ ရှက်ဖို့ သိပ်ကောင်းတာပဲ..။

:::::::::::::::: (၃) ::::::::::::::::

“ဟယ်လို..” ဆိုတဲ့ ဖြူဖျော့ဖျော့ အသံတစ်စသာ မှန်ထဲမှာ ဖြတ်ပြေးသွားတာ မြင်ရမယ်..။ ခဏလေးနဲ့ ရိပ်ကနဲ ပျောက်သွားတာလည်း တွေ့ရမယ်..။ မယုံ မရှိစမ်းပါနဲ့..။ ကျန်တဲ့အရာတွေ ဘာမှ မရှိဘူး..။ တစ်ဆယ့်သုံး ဆိုတာလည်း ရှိမနေဘူး..။ မှန်တစ်ချပ်ပဲ တစ်ကယ်ရှိတယ်..။ သဘာဝလည်း ကျတယ် ဆိုတာပဲ..။

:::::::::::::::: (၄) ::::::::::::::::

ယုံ..။။


ခင်လေးငယ် :: 2014/ 03/ 08 ::

Tuesday, November 19, 2013

◀ အဟက်..!! ▶

ကိလေသာ တဏှာမှာ
သူကော ငါပါ
သာသာယာယာပဲ..။

ဒီလိုနဲ့...
.
.
.
သူမကြောက်- ငါမကြောက်
ငရဲတံခါးကို ခေါက်ကြတော့တယ်..။



ခင်လေးငယ် ::: 2013/ 09/ 14



Monday, November 18, 2013

နှင်းဆီငယ် (သို့မဟုတ်)

နှင်းဆီငယ် (သို့မဟုတ်) “လရိပ်” ဖတ်ဖြစ်ဖြစ် မဖြစ်ဖြစ် ရေးခဲ့တဲ့ ကဗျာ ~

ဝေချင်လည်းဝေ- ကြွေချင်လည်း ကြွေနေကောပေါ့..။

စားသုံးသူ မဟုတ်ဘူး
ရှုရှိုက်သူလည်း မဟုတ်ပြန်ဘူး
အလှကြည့်သူ သက်သက်ဆိုလည်း “မှားတယ်..” ။

အရာရာကို သိ- နေပေးယုံနဲ့
ကိုယ့်မှာ ပြည့်စုံနေခဲ့..။

ဆူးလည်း သူ့ အတိုင်း-
နူးညံ့မှုလည်း သူ့ အတိုင်း-
လန်းဖြာလည်း သူ့ အတိုင်း-
ညှိုးငယ်လည်း သူ့ အတိုင်း-

အလိုက်တသင့်ပေါ့ မနှင်းဆီ..။

ဘယ်သို့ နေနေ
ဘယ်လို ဝေဝေ
ဘယ်သူပဲ ခြွေခြွေ
ဖူး-
ပွင့်-
ဝေ-
ကြွေသက်ချိန်ထိ အစွမ်းကုန် “သိပ်လှတယ်”..။

ဘယ်လိုလဲ မနှင်းဆီ
ရှင်သန်သွားခဲ့တယ် မဟုတ်လား..?

ကြည့်နေယုံနဲ့
ရင်ခွင်လွှာ တစ်ကြော တစ်တောလုံး ဖြစ်တည်
ကိုယ့်အသိမှာတင် အရသာ ရှိခဲ့ပေါ့..။

ကိုယ့်မှာတော့~~

စဉ်ထာဝရ
ကျေးဇူးတင်လျက်ပဲ မနှင်းဆီ..။

(ခင်လေးငယ်)
2013/ 03/ 13 @10: 00 AM

~ Still missing you, BIRD ~

ငှက်ဟာ ငှက်ရဲ့ ဉာဉ်အတိုင်း အရှိန်ယူတုန်း
ကောင်းကင်ဟာ (ရုတ်တရက်) သူ့ဆီပျံလာတယ်..။

တောင်ပံတွေ ဖြန့်ကျက်
လိုလိုလားလား ဆီးကြိုဖက်ရင်း..
ကောင်းကင်ဘုံဆီ (အတူတကွ) ထိုးတက်သွားလိုက်တာ ~~~


ဒီကနေ့အထိ....

“သူ”
.
.
.
ပြန်မလာတော့ဘူး..။

မျှော်သူတွေ လည်ဆန့်နေဆဲ-- မင်းတွေ့လား “ငှက်”..။


ခင်လေးငယ် ~ 2013/ 08/ 14


ထူးအိမ်သင် နှစ်ပတ်လည်နေ့တွင် ကိုငှက်အား လွမ်းဆွတ်ခြင်းအားဖြင့် ရေးခဲ့သည်..။