Wednesday, April 24, 2013

~ ပြာလဲ့သော ရာသီသစ်များ ~


နွေဦးဟု ဆိုနိုင်ခဲ့သော ရာသီသည် ရက်သတ္တပတ် သုံးပတ်ခန့်သာ ရှင်သန်၍ ရုတ်တရက် ကွယ်ပျောက်သွားခဲ့သည်..။ ထူထဲအောင် ဝတ်ကာ အနွေးဓာတ်ကို ပျိုးယူရသည့် အအေးလွှမ်းသော နေ့ရက်ဆီသို့ ပြန်လည် ဦးလှည့်သည်မှာ သုံးရက်မြောက် ဖြစ်သည်..။


မည်းမှောင်သည့် တိမ်တိုက်များနှင့် နေခြည်ကို မှိုင်းတိုက်ထုတ်သော တိုကျိုသည် ငုတ်လျှိုးလျှိုး နိုင်လှသည် ထင်မိ၏..။ တဝေါဝေါနှင့် မာန်ပါသော လေကို အံတုရင်း ခေါင်းမာမာနှင့် အရွေ့နှေး သည်မှာလည်း ထိုတိမ်တိုက် မည်းများပင်..။


အပျိုမလေးသဖွယ် အရောင်စုံ ကူးပြောင်းလွယ်သော တိုကျို၏ ကောင်းကင်ပြင်သည် သုံးရက်တိတိ နေ့နေ့ညည အိုမင်းရင့်ရော်သည့် အသွင်ဆောင်နေ၏..။


* * * * * * * * * * 



ရာသီတစ်ခုသည် ရုပ်၊ နာမ်၊ ခန္ဓာ တွင်းပြင်သို့ လွယ်လင့်တကူ ဝင်ရောက် ပူးကပ်နိုင်သည့် အစွမ်းရှိသည်ကို သတိထားမိသည်မှာ ဆယ်စုနှစ် နှစ်ခုစာ ရှိပြီ..။ မည်သို့ဆိုစေ တစ်သားတည်း ထပ်တူကျရင်း စီးမျောလွယ်သည့် သဘောဆောင်သော စိတ်ကို မုန်းတီးခြင်း မဖြစ်..။ ကိုယ်တိုင် အမြတ်တနိုး နှစ်ခြိုက်မြဲ ဖြစ်သည်..။

ဥတုရာသီအချို့ကို ခပ်တည်တည်နှင့် ပိုင်ဆိုင်မှုပြုကာ မူပိုင်အဖြစ် အပိုင်စားသိမ်းမည်..။ မည်သူ့ ခွင့်ပြုချက်မျှ လိုအပ်မနေခဲ့..။

ကျွန်မ၏ ရာသီများကို ~~~

“နားလည်ရလွယ်ကူသော အရောင်များနှင့် ခြယ်သလို၏”
“ပန်းတစ်ပွင့်နှင့် ထပ်တူပြုလို၏”

“လူ- ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အသွင် အသက်သွင်းလို၏”
“နတ်ဘုရား တစ်ပါးအဖြစ် ရွှန်းရွှန်းလဲ့လဲ့ တင်စားလို၏”

“ချိုမြိန်သော ပန်းသီးတစ်ကိုက် အဖြစ် အရသာရှိရှိ စားသုံးလို၏”
“ငှက်ငယ်အသွင် ပေါ့ပေါ့ပါးပါး ပုံဖော်လို၏”

“ကူးခတ်မြူးပျော်နေသော ရွှေငါးလေး တစ်ကောင်ဖြစ် လှလှပပ ဖန်ဆင်းလို၏”
“နဂါးငွေ့တန်းအဖြစ် တခမ်းတနား ငေးမော မှင်တက်နေလို၏”

“ဆိုးပေပေ ဂျစ်ကန်ကန်နှင့် ခပ်မိုက်မိုက် ကောင်ကလေး၏ စူးရှရှ မျက်လုံးများထဲသို့ မွှေနှောက်သူအဖြစ် စိုက်ကြည့်လို၏”


* * * * * * * * * *

ကျွန်မ အပိုင်သိမ်းထားသော ရာသီများ အလိုအတိုင်း ခေါ်ဆောင်ရာသို့ ကောက်ကောက်ပါအောင် ချစ်ခင်စွာ ကျွန်မ လိုက်မည်..။ သူတို့အားလုံးသည် တစ်သီးတစ်သန့် ရှိနေသည်..။ အခြားသူများ ပိုင်ဆိုင်သော ရာသီများနှင့် တူ- မတူ “နိုင်းယှဉ်ခြင်း အမှုကို မည်သည့်အခါမှ ကျွန်မ မပြု..”

စိတ်နှလုံးအတွင်းသို့ ငုတ်လျှိုးတူးစွသော အခါ အတိတ်၌ မွေးမြူခဲ့ဖူးသည့် ပုတ်အက်နေ သယောင်ရှိသော ရာသီအချို့ကို ပြန်တွေ့၏..။ တည်ငြိမ်သော စိတ်ဖြင့် အသာတကြည်နှင့် ဖယ်ထုတ်သည်..။ လေထုကို ခိုတွယ်စီးရင်း သူတို့လာရာ လမ်းဆီဲသို့ တိုးဝင်ကွယ်ပျောက်သွားသည်..။ အရာအားလုံးသည် အသစ်အသစ်သာ ဖြစ်၏..။


* * * * * * * * * *

ကုတင်ခေါင်းရင်းရှိ ပန်းနုရောင် လိုက်ကာရှည်ကို ဆွဲဖွင့်မိသည်..။ ရက်အချို့တွင် မှိုင်းပြနေခဲ့သော တိုကျိုကောင်းကင်သည် ယနေ့ (တနလာင်္နေ့) နံနက်ခင်း၌် ရှင်းသန့်သော နေခြည်တို့ ငြိမ့်ငြိမ့်ညောင်းညောင်း ကခုန်နေသည်..။ နေခြည်နုတို့၏ ပျော့ပျောင်းလှသော သိမ်မွေ့မှုသည် ကျွန်မထံ ကူးစက်၏..။ ကျွန်မ၏ မျက်စံနက်များထဲတွင် ပြာလဲ့လဲ့ပုံရိပ်များ ထင်ဟပ်နေပါလျက် ပန်းနုရောင်သို့ ချစ်စဖွယ် ပြောင်းပြန်သည်..။

ဝင်သက်နှင့် ထွက်သက်သည် နှာဖြားဝတွင် စည်းချက်ညီညီ ရှိလှ၏..။ နဘေထပ်စရာ မလို- ကာရံညီနေသည့် ထို အဖြစ်သည် ကျွန်မ၏ ရာသီသစ် ဖြစ်သည်..။ တစ်စုံတစ်ရာ၏ ခွင့်ပြုချက် မလိုအပ်ခဲ့သော ကျွန်မပိုင်ဆိုင်မှု ပြုထားသည့် ဥတုရာသီများထံသို့ မည်သူမဆို အဆီးအတားမဲ့ ဝင်ထွက်လေ့လာ နိုင်သည်..။ သဘောတူ ခေါင်းညိတ်ထောက်ခံရန် မလို..။

တစ်ခုတော့ ရှိမည်...။

“ကျွန်မ၏ ဥတုရာသီတိုင်းထဲတွင် ကျွန်မ ချစ်မြတ်နိုးသော လူသားအချို့ ငြိမ်ဝပ်အေးချမ်းစွာ အတူတကွ ရှိနေကြ၏..”


* * * * * * * * * *


(ခင်လေးငယ်)
2013/ 04/ 22

No comments: